Yangon Water Bus ပထမအဆင့် အနေဖြင့် ရေယာဉ်ငါးစင်း အင်းစိန်မှ ဗိုလ်တထောင်ဆိပ်ကမ်းသို့ စတင်ပြေးဆွဲ

Yangon Water Bus ပထမအဆင့် အနေဖြင့် ရေယာဉ်ငါးစင်း အင်းစိန်မှ ဗိုလ်တထောင်ဆိပ်ကမ်းသို့ စတင်ပြေးဆွဲ
Published 7 October 2017

အောက်တိုဘာ ၆ ရက်တွင် စတင်ပြေးဆွဲနေသည့် Yangon Water Bus အား ဖိတ်ကြားထားသူများ စီးနင်းနေသည်ကို တွေ့ရစဉ် (ဓာတ်ပုံ - ကြည်နိုင်)

Yangon Water Bus ပထမအဆင့် အနေဖြင့် ရေယာဉ်ငါးစင်းဖြင့် အင်းစိန်မှ ဗိုလ်တထောင် ဆိပ်ကမ်းသို့ ပြေးဆွဲနေပြီး ခရီးစဉ်များ တိုးချဲ့သွားမည်ဖြစ်ကြောင်း သိရသည်။

Yangon Water Bus ဖွင့်ပွဲ အခမ်းအနားအား အောက်တိုဘာ ၆ ရက်တွင် ဗိုလ်တထောင်ဆိပ်ကမ်းတွင် ပြုလုပ်ခဲ့ပြီး သယ်ယူပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ဝန်ကြီးများ တက်ရောက်ခဲ့ကြောင်း သိရသည်။

Yangon Water Bus အား စတင်အကောင်အထည်ဖော်ရာတွင် တင်ဒါအောင်သည့် ကုမ္ပဏီမှ ကိုယ့်သဘောကိုယ်ဆောင်ပြီး လုပ်ဆောင်မှုမျိုး မဖြစ်ရန် ရန်ကုန်တိုင်း အစိုးရအဖွဲ့မှ ကြီးကြပ်ဆောင်ရွက်ခဲ့ကြောင်း၊ ယခု ခရီးစဉ်ကြောင့် ရန်ကုန်မြို့အတွင်း ယာဉ်ကြောကျပ်တည်းမှုကို တစ်စုံတစ်ရာ ပြေလျော့သွားနိုင်မည့် အခြေအနေရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောကြားသည်။

“ဒီလုပ်ငန်းမှာ ပူးပေါင်းပါဝင်ကူညီမယ့် လုပ်ငန်းရှင်တွေဘက်ကလည်း စီးပွားရေးအရ တွက်ခြေကိုက်မှု ရှိ၊ မရှိ ဆိုတာကို စဉ်းစားကြရတဲ့ အခြေအနေတွေ ရှိပါတယ်။ ဒီအခြေအနေ အားလုံးထဲက ကျော်လွှားနိုင်ဖို့ အဆင့်မြင့် နည်းပညာတွေ အဆင့်မြင့်တဲ့ ယာဉ်တွေကို သုံးစွဲပြီး ကျွန်တော်တို့ရဲ့ အခက်အခဲတွေကို ကျော်လွှားနိုင်ဖို့အတွက် လူငယ်မျိုးဆက်သစ် တစ်ခုဖြစ်တဲ့ တင့်တင့်မြန်မာ ကုမ္ပဏီကနေ ဒီလုပ်ငန်းကို တင်ဒါအောင်မြင်ခဲ့ပါတယ်။ ဒီအောင်မြင်နဲ့အတူ ကျွန်တော်တို့ တိုင်းဒေသကြီး အစိုးရဘက်က အားပေးကူညီမှုတွေ ဆောင်ရွက်ခဲ့ပါတယ်။ ဘာကြောင့်လဲဆိုတော့ ယာဉ်ကြောကျပ်တည်းမှုကို တော်တော်လေး ရင်ဆိုင်နေရပါတယ်။ ဘတ်စ်ကားတွေ ယာဉ်ကြောကျပ်တည်းမှု အခက်အခဲကို ရင်ဆိုင်နေရတဲ့ အချိန်မှာ ကျွန်တော်တို့ ရေကြောင်းလမ်းက သွားမယ်ဆိုရင် ဒီယာဉ်ကြောကျပ်တည်းမှုကို တစ်စုံတစ်ရာ ပြေလျော့သွားနိုင်မယ့် အခြေအနေ ရှိပါတယ်။ ကျွန်တော်တို့ ရန်ကုန်မြို့က ပင်လယ်ဝမှာ ရှိနေတဲ့အတွက် ဒီရေအတက်အကျ ရှိတဲ့အတွက် တင်ဒါအောင်တဲ့ ကုမ္ပဏီက ကိုယ့်သဘောကိုယ်ဆောင်ပြီး ဆောင်ရွက်မှုမျိုး မဖြစ်အောင် ကြီးကြပ်မှုပေါင်းများစွာနဲ့ တင်းတင်းကျပ်ကျပ် ကြိုးပမ်းဆောင်ရွက်ပါတယ်။ ပထမအဆင့် အနေနဲ့ Yangon Water Bus ကို ဒီနေ့ စတင်မိတ်ဆက်ပြီးတော့ အောက်တိုဘာ ၇ ရက်မှာ ခရီးသည် တော်တော်များများကို အခမဲ့ပြေးဆွဲဖို့ ကုမ္ပဏီဘက်က ပြင်ဆင်နေတယ်လို့ ကြားသိရပါတယ်။ နောက်ရက်တွေမှာတော့ သုံးရာခရီးစဉ်နဲ့ ဒီလမ်းကြောင်းကို ပြေးဆွဲသွားမယ်လို့ ကြားသိရပါတယ်။ ဒါ့အပြင် သင်္ဘောပေါ်မှာ ဝန်ဆောင်ဖို့ အစားအသောက်တွေကစပြီး ဈေးနှုန်း သက်သက်သာသာ ရောင်းချပေးနိုင်ဖို့ အစီအစဉ်တွေအထိ ခရီးစဉ်လမ်းကြောင်းပေါ်မှာ ပြင်ဆင်ထားတာတွေ ရှိပါတယ်” ဟု ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောကြားသည်။

“ကျွန်မတို့ ဆက်ပြီးတော့ တိုးချဲ့ဖို့ ရှိပါတယ်။ ဒီရေကြောင်းပေါ်မှာ တိုးချဲ့ဖို့ ရှိပါတယ်။ အခုလောလောဆယ်မှာ ကျွန်မတို့ ရန်ကုန်တိုင်း ဝန်ကြီးချုပ်နဲ့ အစိုးရအဖွဲ့ ညွှန်ကြားထားတဲ့အတိုင်း ဒီ Phase 1 အနေနဲ့ ဖွင့်လှစ်တာ ဖြစ်ပါတယ်။ ပြီးတာနဲ့ ဒုတိယအနေနဲ့ ညောင်တန်း-မြောက်ဒဂုံမြစ်ကို စပြီး Jetty တွေဆောက်ဖို့ ပြင်ဆင်မှာ ဖြစ်ပါတယ်။ Star City သန်လျင်ဘက်ကိုလည်း Phase 3 အနေနဲ့ ချဲ့ထွင်သွားမှာ ဖြစ်ပါတယ်” ဟု တင့်တင့်မြန်မာ ကုမ္ပဏီ၏ ဥက္ကဋ္ဌ ဒေါ်တင့်တင့်လွင်က ပြောကြားသည်။

လက်ရှိအချိန်တွင် Yangon Water Bus ပြေးဆွဲရန် မှတ်တိုင် ခုနစ်မှတ်တိုင် ရှိကြောင်း၊ Jetty များတွင်လည်း မြေပုံကားချပ်များ ပြုလုပ်ထားပြီး ဆိုက်ရောက်မည့် အချိန်အား ကြေညာထားကြောင်း၊ လုံခြုံရေးဝန်ထမ်းများနေသည့် အဆောင်နားတွင်လည်း GPS System TV တစ်လုံး ထားရှိထားမည်ဖြစ်ပြီး အဆိုပါ TV မှ သင်္ဘောဆိုက်ရောက်မည့်ပုံကို အမြဲတမ်း ကြည့်ရှုနိုင်မည်ဖြစ်ကြောင်း ဒေါ်တင့်တင့်လွင်က ဆက်လက်ပြောကြားသည်။

“CCTV System ကို သင်္ဘောထဲမှာပဲ ဖြစ်စေ၊ Control Centre ဖြစ်စေ၊ Jetty တွေမှာဖြစ်စေ ထည့်သွင်းပြီး ရေးဆွဲခဲ့ပါတယ်။ သင်္ဘောနဲ့ သွားနေတဲ့ အချိန်မှာ မုန်တိုင်းကြောင့် ဖြစ်စေ၊ စက်ချို့ယွင်းလို့ ဖြစ်စေ၊ အမှား တစ်ခုခုကြောင့် Human Error ကြောင့်ဖြစ်စေ ဖြစ်လာတဲ့အခါမှာ အချိန်နဲ့ တစ်ပြေးညီ ထိန်းချုပ်လို့ရအောင် GPS System ကို ဟန်ဂေရီနိုင်ငံ GPS ကုမ္ပဏီနဲ့ ဆက်သွယ်တယ်။ ဒီ GPS ကလည်း သွားလာနေတဲ့ ယာဉ်တွေ အကုန်လုံးကို ကျွန်မဖုန်းထဲက ကြည့်လို့ရတယ်။ Control Centre ကနေလည်း ကြည့်လို့ရတယ်။ နောက်ဆုံး ခါးပိုက်နှိုက်တာကအစ မြင်ရမှာ ဖြစ်ပါတယ်” ဟု ၎င်းက ပြောကြားသည်။

သင်္ဘောတစ်စင်းတွင် ဝန်ထမ်းလေးယောက်ကနေ ရှစ်ယောက်အထိ ထားရှိသွားမည်ဖြစ်ပြီး ရေယာဉ်တစ်စင်းတွင် လူ ၁၄၀ မှ ၂၃၀ အထိ ဆံ့ကြောင်း၊ နံနက် ၆ နာရီ ၅၅ မိနစ်တွင် စတင်ပြေးဆွဲမည်ဖြစ်ပြီး အမြန်ရေယာဉ်နှင့် ရိုးရိုးဟူ၍ နှစ်မျိုးခွဲထားကြောင်း၊ အမြန်ရေယာဉ်သည် ပြည်ပမှ မှာယူထားခြင်းဖြစ်ပြီး ရိုးရိုးရေယာဉ်သည် ပြည်တွင်း၌ တည်ဆောက်ထားခြင်းဖြစ်ကြောင်း တစ်နေ့လျှင် ခေါက်ရေ ၁၂ ခေါက်ခန့် ပြေးဆွဲမည်ဖြစ်ကြောင်း သိရသည်။

Yangon Water Bus စီးနင်းမည့်သူများမှာ သင်္ဘောဆိပ်ရှိ Ticket Counter များတွင် Anypay Card များ ဝယ်ယူရမည်ဖြစ်ပြီး သင်္ဘောပေါ်၌ လက်မှတ်ရောင်းချမှု ပြုလုပ်မည် မဟုတ်ကြောင်း၊ Safety အတွက် Life Jacket များကို ထားရှိထားပြီး သင်္ဘောပေါ်တွင် အသက်ကယ်ဖောင်များလည်း ထားရှိကြောင်း သိရသည်။

Most Read

Most Recent