၂၀၁၆ အောက်တိုဘာနှင့် ၂၀၁၇ သြဂုတ် အကြမ်းဖက်မှုများအပြီး ဘင်္ဂလားဒေ့ရှ်သို့ ဝင်ရောက်ခဲ့သူများကိုသာ မြန်မာနိုင်ငံက ပြန်လက်ခံရန် စဉ်းစားမည်

၂၀၁၆ အောက်တိုဘာနှင့် ၂၀၁၇ သြဂုတ် အကြမ်းဖက်မှုများအပြီး ဘင်္ဂလားဒေ့ရှ်သို့ ဝင်ရောက်ခဲ့သူများကိုသာ မြန်မာနိုင်ငံက ပြန်လက်ခံရန် စဉ်းစားမည်
Published 4 October 2017

အောက်တိုဘာ ၂ ရက်က ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဂျာဒီပါရာတွင် အသစ်ရောက်ရှိလာသည့် ဘင်္ဂါလီမွတ်စလင်များက ရိက္ခာများလက်ခံရန် ကွင်းပြင်တစ်ခု၌ စုဝေးနေကြစဉ် (Photo : AP)

၂၀၁၆ ခုနှစ် အောက်တိုဘာလအတွင်း ရခိုင်ပြည်နယ်တွင် အကြမ်းဖက်မှုများ ဖြစ်ပွားပြီးနောက်ပိုင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးခဲ့သည့် ဘင်္ဂါလီ (မူရင်း၌ ရိုဟင်ဂျာဟု ဖော်ပြ) မွတ်စလင်ပေါင်းသည် ၆၀၀,၀၀၀ ရှိရာ၌ လွန်ခဲ့သည့် သီတင်းငါးပတ်အတွင်း ရောက်ရှိလာသည့် ၅၀၇,၀၀၀ ပါဝင်သည်ဟု ဆိုသည်။

သို့သော် ဘင်္ဂလားဒေ့ရှ်နိုင်ငံက ယခင်အကြမ်းဖက်မှုများ ဖြစ်ပွားပြီးနောက် ရခိုင်ပြည်နယ်မှ ထွက်ပြေးလာသည့် ဘင်္ဂါလီမွတ်စလင် ဒုက္ခသည် နောက်ထပ် ၃၀၀,၀၀၀ ကို လက်ခံထားရသေးကြောင်းနှင့် ယင်းတွင် ၁၉၉၀ ပြည့်လွန်နှစ်များ အတွင်းက ရောက်ရှိလာခဲ့သူ သောင်းနှင့်ချီလျက်လည်း ပါဝင်ကြောင်း သိရသည်။

သြဂုတ် ၂၅ ရက်တွင် စတင်ဖြစ်ပွားသည့် နောက်ဆုံး အကြမ်းဖက်မှုများနောက်ပိုင်း ပထမဆုံးအဖြစ် ဘင်္ဂလားဒေ့ရှ် အာဏာပိုင်များနှင့် အပြန်အလှန် ဆွေးနွေးခဲ့ပြီးနောက် မြန်မာနိုင်ငံတော် အတိုင်ပင်ခံရုံး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေက သူ၏အစိုးရအဖွဲ့သည် ဘင်္ဂါလီမွတ်စလင်များကို ပြန်လည်လက်ခံရန် အသင့်ရှိကြောင်း အောက်တိုဘာ ၂ ရက်တွင် ပြောကြားခဲ့သည်။

ဦးကျော်တင့်ဆွေသည် ဒါကာမြို့၌ ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီး မာမွတ်အလီနှင့် တွေ့ဆုံဆွေးနွေးစဉ် အတွင်း ယင်းကမ်းလှမ်းချက်ကို ပြောကြားခဲ့သော်လည်း ထိုအချိန်က အသေးစိတ် အချက်အလက်များ ဖော်ပြခဲ့ခြင်း မရှိပေ။

အောက်တိုဘာ ၂ ရက်က ဘင်္ဂလားဒေ့ရှ်တွင် မှတ်ပုံတင်စင်တာ၌ လက်ဗွေနှိပ်နေသော ဘင်္ဂါလီမွတ်စလင် တစ်ဦး (Photo : AFP)

သို့သော် ယင်းတွေ့ဆုံဆွေးနွေးပွဲသို့ တက်ရောက်ခဲ့သည့် ဘင်္ဂလားဒေ့ရှ် အကြီးတန်း အာဏာပိုင်တစ်ဦးက မြန်မာနိုင်ငံသည် လွန်ခဲ့သည့်နှစ်အတွင်း ထွက်ပြေးခဲ့ကြသည့် ဘင်္ဂါလီမွတ်စလင်များကိုသာ လက်ခံလိမ့်မည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံ အနေဖြင့်မူ ယခုအခါ ဘင်္ဂလားဒေ့ရှ်နိုင်ငံ အရှေ့တောင်ပိုင်း နယ်စပ်ဒေသတွင် နေထိုင်နေသည့် မြန်မာနိုင်ငံမှ ဒုက္ခသည် ၉၀၀,၀၀၀ စလုံးကို ပြန်လည်လက်ခံရန် တောင်းဆိုသည့် ရပ်တည်ချက်အတိုင်း ဆက်ရှိသွားမည် ဖြစ်ကြောင်း အဆိုပါ အာဏာပိုင်က ပြောကြားခဲ့သည်။

ဒါကာမြို့ ဆွေးနွေးပွဲတွင် ပါဝင်ခဲ့သည့် မြန်မာအာဏာပိုင်များသည် အစောပိုင်းတွင် ရောက်ရှိနေသည့် ဒုက္ခသည်များ၏ ကံကြမ္မာနှင့် ပတ်သက်၍ ဆွေးနွေးရန် အခွင့်အာဏာ မရှိခဲ့ဟု ဘင်္ဂလားဒေ့ရှ် အာဏာပိုင်က ပြောကြားခဲ့သည်။

မြန်မာနိုင်ငံမှ ဒုက္ခသည်များသည် နယ်စပ်တစ်လျှောက်ရှိ ပြည့်ကျပ်နေသော ဒုက္ခသည်စခန်းများ၌ တိုးဝှေ့နေထိုင်နေရပြီး ရောဂါဖြစ်ပွားမှုများ မြင့်တက်နိုင်သည့် အန္တရာယ်နှင့် ရင်ဆိုင်နေရသည်ဟု ဆိုသည်။

Ref : AFP

Most Read

Most Recent