ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်သို့ ထွက်ခွာရန် ဘူးသီးတောင်မြို့နယ်အတွင်းရှိ ဘင်္ဂါလီ ၁၀၀၀၀ ခန့် နယ်စပ်အနီးသို့ ထပ်မံရောက်ရှိ

ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်သို့ ထွက်ခွာရန် ဘူးသီးတောင်မြို့နယ်အတွင်းရှိ ဘင်္ဂါလီ ၁၀၀၀၀ ခန့် နယ်စပ်အနီးသို့ ထပ်မံရောက်ရှိ
Published 3 October 2017

ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်သို့ ထွက်ခွာရန် စုပြုံရောက်ရှိနေသော ဘင်္ဂါလီများအား တာဝန်ရှိသူများ သွားရောက် တွေ့ဆုံညှိနှိုင်းနေစဉ် (ဓာတ်ပုံ - Information Committee)

ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်သို့ ထွက်ခွာရန် ဘူးသီးတောင်မြို့နယ်အတွင်းရှိ ဘင်္ဂါလီ ၁၀၀၀၀ ခန့် နယ်စပ်အနီးသို့ ထပ်မံရောက်ရှိလာသဖြင့် တာဝန်ရှိသူများက သွားရောက်ညှိနှိုင်းခဲ့ရကြောင်း သတင်းထုတ်ပြန်ရေးကော်မတီက ယနေ့ (အောက်တိုဘာ ၂ ရက်) ညပိုင်းက ထုတ်ပြန်ကြေညာခဲ့သည်။

အဆိုပါ ထုတ်ပြန်ချက်တွင် ဘူးသီးတောင်မြို့နယ်အတွင်းရှိ ကျေးရွာများမှ ဘင်္ဂါလီများသည် စားဝတ်နေရေး အခက်အခဲကြောင့် လည်းကောင်း၊ လုံခြုံရေး အခြေအနေအရ ကျေးရွာတွင် လုံခြုံမှုမရှိဟုယူဆ၍ လည်းကောင်း၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ရောက်ရှိနေသည့် ဘင်္ဂါလီများက ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ခွာရန် ဆက်သွယ်ပြောဆိုခြင်းများကြောင့် လည်းကောင်း၊ ၎င်းတို့အုပ်စုသည် လူနည်းစုဖြစ်မည်ကို စိုးရိမ်သဖြင့် တစ်ဖက်နိုင်ငံရှိ ၎င်းတို့မျိုးနွယ်စုများထံ သွားရောက်လိုခြင်းကြောင့် လည်းကောင်း၊ မိမိနေထိုင်သည့် ကျေးရွာများမှ တစ်ဖက်နိုင်ငံသို့ သွားရောက်ရန် စက်တင်ဘာ ၂၆ ရက်မှ စတင်၍ ထွက်ခွာခဲ့ကြပြီး နှစ်နိုင်ငံနယ်စပ်အနီးသို့ စုပြုံရောက်ရှိလျက်ရှိကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

ယင်းထုတ်ပြန်ချက်အရ မောင်တောမြို့နယ်၊ သင်္ဘောလှကျေးရွာနှင့် သာယာကုန်းကျေးရွာကြားတွင် ဘူးသီးတောင်မြို့နယ်အတွင်းမှ တစ်ဖက်နိုင်ငံသို့ တိမ်းရှောင်မည့် ဘင်္ဂါလီများ ရောက်ရှိနေကြောင်း သတင်းရရှိသဖြင့် မောင်တောခရိုင်အတွင်း တရားဥပဒေစိုးမိုးရေး လုပ်ငန်းများ ဆောင်ရွက်နေသည့် အုပ်ချုပ်ရေးအဖွဲ့များနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များသည် အောက်တိုဘာ ၁ ရက် နေ့လည် ၁၁ နာရီက သွားရောက် တွေ့ဆုံခဲ့ကြောင်း သိရသည်။

ထိုကဲ့သို့ သွားရောက် တွေ့ဆုံခဲ့ရာတွင် တိမ်းရှောင်ရောက်ရှိနေသည့် ဘင်္ဂါလီများအား စားဝတ်နေရေး အခက်အခဲရှိပါက ဆန်၊ ဆီ၊ ဆား၊ ပဲ (၄) မျိုးကို ဒေသအတွင်းမှ နှစ်ဖက်လူအဖွဲ့အစည်းများအား လူမျိုးဘာသာမရွေး ထောက်ပံ့ပေးနေကြောင်း၊ လုံခြုံရေးနှင့် ပတ်သက်၍လည်း ဒေသအတွင်း၌ အေးချမ်းတည်ငြိမ်ရေးအတွက် ဆောင်ရွက်နေမှုများအား ရှင်းလင်းပြောကြားပြီး မိမိတို့ဒေသ ရပ်ရွာဒေသများ၌ အေးချမ်းစွာ ပြန်လည်နေထိုင်၍ လုပ်ကိုင် စားသောက်ကြရန်၊ အခက်အခဲရှိသည်များကို တတ်နိုင်သလောက် ပူးပေါင်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပြေကြားခဲ့ပြီး တွေ့ဆုံ ရှင်းလင်းပြောကြားခဲ့မှုအပေါ် ၎င်းတို့ဘက်မှ နားလည် သဘောပေါက်သော်လည်း တစ်ဖက်နိုင်ငံသို့သာ ၎င်းတို့ ကိုယ်ပိုင်ဆန္ဒဖြင့် သွားရောက်လိုကြောင်း ပြန်လည်တင်ပြခဲ့ကြသည်ဟု သတင်းထုတ်ပြန်ရေးကော်မတီမှ ထုတ်ပြန်ထားသည်။

နှစ်နိုင်ငံ နယ်စပ်အနီးသို့ စုပြုံရောက်ရှိသူများမှာ စက်တင်ဘာ ၂၆ ရက်တွင် ဘူးသီးတောင်မြို့နယ်အတွင်းရှိ ဂူတာပြင်ကျေးရွာမှ ဘင်္ဂါလီ ၁၆၈ ဦးသည် ရွာသစ်ကေကျေးရွာအနီး၌ လည်းကောင်း၊ ရွှေထားကျေးရွာနှင့် ဇင်ခါးမကျေးရွာတို့မှ ဘင်္ဂါလီ ၂၅၅ ဦး၊ တောင်ချောင်းကျေးရွာနှင့် ပေါက်တောကျေးရွာမှ ဘင်္ဂါလီ ၂၈၁ ဦး၊ သိမ်တောင်ပြင်ကျေးရွာနှင့် ကာလီကျေးရွာတို့မှ ဘင်္ဂါလီ ၂၀၀ ဦးနှင့် ဒုအိုးသည်မကျေးရွာတို့မှ ဘင်္ဂါလီ ၃၅ ဦးတို့သည် စက်တင်ဘာ ၂၇ ရက်တွင် လေယာဉ်ကွင်းကျေးရွာအနီး ကမ်းစပ်၌ လည်းကောင်း၊ တောင်ချောင်းကျေးရွာ၊ ဇင်ခါးမကျေးရွာ၊ ဘိုလီကျေးရွာနှင့် ငွေတောင်ကျေးရွာတို့မှ ဘင်္ဂါလီ ၈၉၅ ဦးတို့သည် စက်တင်ဘာ ၂၈ ရက်တွင် လေယာဉ်ကွင်းကျေးရွာအနီး ကမ်းစပ်၌ လည်းကောင်း၊ ဂူတာပြင်ကျေးရွာမှ ဘင်္ဂါလီ ၅၃၀ ဦးတို့သည် စက်တင်ဘာ ၂၉ ရက်တွင် ပညောင်ပင်ကြီးနှင့် နယ်စပ်ခြံစည်းရိုးကြားတွင် လည်းကောင်း၊ ယခု ထပ်မံ ရောက်ရှိလာသည့် ဘင်္ဂါလီ ၁၀၀၀၀ ခန့်သည် လက်ဖွဲ့ကျကျေးရွာနှင့် ကွမ်းသီးပင်ကျေးရွာကြား အနောက်ဖက် တောစပ်တို့တွင်လည်းကောင်း တစ်ဖက်နိုင်ငံသို့ ထွက်ခွာရန် စုပြုံရောက်ရှိနေကြောင်း သတင်းထုတ်ပြန်ရေးကော်မတီမှ ထုတ်ပြန်ကြေညာခဲ့သည်။

Most Read

Most Recent