မန္တလေးမြို့တွင် ဖြစ်ပွားခဲ့သည့် ဆိုင်ကယ်ပေါက်ကွဲမှုမှာ သာမန်ဖြစ်စဉ် မဟုတ်ဘဲ ကြိုတင်ဖန်တီးထားခြင်းသာဖြစ်ကြောင်း တိုင်းအစိုးရအဖွဲ့ အတွင်းရေးမှူး ပြောကြား

မန္တလေးမြို့တွင် ဖြစ်ပွားခဲ့သည့် ဆိုင်ကယ်ပေါက်ကွဲမှုမှာ သာမန်ဖြစ်စဉ် မဟုတ်ဘဲ ကြိုတင်ဖန်တီးထားခြင်းသာဖြစ်ကြောင်း တိုင်းအစိုးရအဖွဲ့ အတွင်းရေးမှူး ပြောကြား
Published 30 September 2017

စက်တင်ဘာ ၂၈ ရက် ည ၁၀ နာရီခန့်က ပေါက်ကွဲမှုဖြစ်ပွားခဲ့သော နေရာအား ရဲတပ်ဖွဲ့မှ စစ်ဆေးရှာဖွေနေစဉ် (ဓာတ်ပုံ-ရန်ပိုင်)

မန္တလေးမြို့တွင် စက်တင်ဘာ ၂၈ ရက် ည ၁၀ နာရီခန့်က ဖြစ်ပွားခဲ့သည့် ဆိုင်ကယ်ပေါက်ကွဲမှုမှာ သာမန်ဖြစ်စဉ် မဟုတ်ဘဲ တစ်စုံတစ်ယောက်က ပေါက်ကွဲစေရန် ဆောင်ရွက်ခဲ့ခြင်းသာဖြစ်ကြောင်း တိုင်းဒေသကြီး အစိုးရအဖွဲ့ အတွင်းရေးမှူးက မီဒီယာများကို ရှင်းလင်း ပြောကြားခဲ့သည်။

မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်၊ ၇၄ လမ်း ၂၈ လမ်းနှင့် ၂၉ လမ်းကြား စိတ္တရ မဟီရပ်ကွက် ဘုရားပွဲပြုလုပ်နေသည့် နေရာတွင် စက်တင်ဘာ ၂၈ ရက် ည ၁၀ နာရီခန့်က ဆိုင်ကယ်ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့သဖြင့် သက်ဆိုင်ရာ ရဲတပ်ဖွဲ့ ပါဝင်သော အဖွဲ့ပေါင်းစုံမှ စစ်ဆေးမှုများ ပြုလုပ်ခဲ့ရာ ဝိုင်ယာကြိုးနှစ်ပင် ပါဝင်သော Micro တံဆိပ် အဖြူအမည်းအရောင် ကီးပတ်ဖုန်း တစ်လုံးကို တွေ့ရှိခဲ့ရကြောင်း သိရသည်။

အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ “ပေါက်ကွဲမှုက သိပ်လည်း မကျယ်လိုက်ဘူး။ အနီးဝန်းကျင်ကို ရှာလိုက်တော့ ဝိုင်ယာကြိုးနီနက် တပ်လျက်သား ကီးပတ်ဖုန်းတစ်လုံးကို မသင်္ကာဖွယ် တွေ့ရပါတယ်။ ဒါကိုကြည့်ခြင်းအားဖြင့် ဖုန်းက သူ့အလိုလို ပေါက်ကွဲတာ မဟုတ်ဘဲ ပေါက်ကွဲစေဖို့ ဆောင်ရွက်ထားတာမှန်း သိပါတယ်။ ဖုန်းခေါ်လိုက်တာနဲ့ ပေါက်ကွဲအောင်ဖြစ်စေ၊ ဖုန်းမှာ နာရီပါတဲ့အတွက် Timer ပေးပြီး ပေါက်ကွဲအောင် လုပ်သလား ဆိုတာပဲ ရှိတယ်။ အခုလောလောဆယ်တော့ လိုအပ်တဲ့ စုံစမ်းစစ်ဆေးမှုတွေ ဆောင်ရွက်နေပါတယ်” ဟု တိုင်းဒေသကြီး အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးမြင့်တင်က ပြောကြားသည်။

ချမ်းအေးသာစံမြို့နယ်အတွင်း နေထိုင်သည့် ဇနီးမောင်နှံနှစ်ဦးက စီးလာသည့် ဆိုင်ကယ်ကို ရပ်ထားခဲ့ပြီး ဘုရားပွဲခင်းအတွင်း လမ်းလျှောက်နေခဲ့ရာ ပေါက်ကွဲမှုအသံ ကြားသောကြောင့် ကြည့်မှသာ မိမိဆိုင်ကယ်တွင် ပေါက်ကွဲမှု ဖြစ်ပွားခဲ့သည်ကို တွေ့ရှိရကြောင်း၊ ပေါက်ကွဲသံမှာ ဆိုင်ကယ်အိတ်ဇောပေါက်သံလောက်သာ ကျယ်သဖြင့် အများသိရှိခြင်း မရှိဘဲ အနားကပ်နေသူများသာ သိရှိခဲ့ကြောင်း၊ ဆိုင်ကယ်ပိုင်ရှင် ဇနီးမောင်နှံမှာ ထိခိုက်မှု မရှိသော်လည်း ဆိုင်ကယ်နားတွင် ရှိနေသည့် အမျိုးသားတစ်ဦးမှာ ထိခိုက်ဒဏ်ရာ အနည်းငယ် ရရှိခဲ့သော်လည်း စိုးရိမ်ရခြင်း မရှိကြောင်း၊ ထိုဖြစ်စဉ်နှင့် ပတ်သက်၍ အသေးစိတ် စုံစမ်းစစ်ဆေးမှုများ ပြုလုပ်လျက်ရှိပြီး မန္တလေးမြို့တွင် လုံခြုံရေး တိုးမြှင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အတွင်းရေးမှူးက ရှင်းလင်း ပြောကြားခဲ့သည်။

ယင်းပေါက်ကွဲမှု ဖြစ်စဉ်နှင့် ပတ်သက်ပြီး ချမ်းအေးသာစံ မြို့မရဲစခန်းတွင် (ပ) ၄၅၇/၂၀၁၇ ပေါက်ကွဲစေတတ်သောပစ္စည်းများ အက်ဥပဒေပုဒ်မ (၃) ဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။

မန္တလေးမြို့တွင် မကြာမီ ရပ်ကွက်အလိုက် ဘုရားပွဲတော်များ စတင်တော့မည် ဖြစ်သလို ပွဲမိန့်ပိတ်ခြင်း ဆောင်ရွက်မည် မဟုတ်သော်လည်း ပွဲတော်သွားလာသူများ အနေဖြင့် လုံခြုံရေးအသိ ရှိစေလိုကြောင်း ယင်းကဆိုသည်။

ထို့ပြင် လူအများအပြား စည်ကားလေ့ရှိသည့် ကျောက်တော်ကြီး ဘုရားပွဲတော်သည်လည်း အောက်တိုလဆန်းတွင် ကျင်းပမည် ဖြစ်သည်။

Most Read

Most Recent