အစိုးရကို ဆန္ဒပြသည့် မန္တလေး အမျိုးသားသပိတ် ဦးဆောင်သံဃာများအား ငါးကြိမ်မြောက် ရုံးထုတ်စစ်ဆေးပြီး တရားလိုများကို စစ်ဆေးမှု ပြီးစီးပြီဖြစ်၍ လာမည့်ရုံးချိန်းတွင် တရားလိုပြသက်သေ ကိုးဦးအား စတင်စစ်ဆေးမည်

အစိုးရကို ဆန္ဒပြသည့် မန္တလေး အမျိုးသားသပိတ် ဦးဆောင်သံဃာများအား ငါးကြိမ်မြောက် ရုံးထုတ်စစ်ဆေးပြီး တရားလိုများကို စစ်ဆေးမှု ပြီးစီးပြီဖြစ်၍ လာမည့်ရုံးချိန်းတွင် တရားလိုပြသက်သေ ကိုးဦးအား စတင်စစ်ဆေးမည်
Published 29 September 2017

အစိုးရကို ဆန္ဒပြသည့် မန္တလေး အမျိုးသားသပိတ် ဦးဆောင်သံဃာများအား စက်တင်ဘာ ၂၈ ရက်က ငါးကြိမ်မြောက် ရုံးထုတ်စဉ်

အစိုးရကို ဆန္ဒပြသည့် မန္တလေး အမျိုးသားသပိတ် ဦးဆောင်သံဃာများအား ငါးကြိမ်မြောက် ရုံးထုတ်စစ်ဆေးပြီး တရားလိုများကို စစ်ဆေးမှု ပြီးစီးပြီဖြစ်၍ လာမည့်ရုံးချိန်းတွင် တရားလိုပြသက်သေ ကိုးဦးအား စတင်စစ်ဆေးမည် ဖြစ်ကြောင်း သိရသည်။ ငါးကြိမ်မြောက် ရှိပြီဖြစ်သည့် ထိုနေ့ရုံးချိန်းတွင် တရားလိုများအား စစ်ဆေးမှု ပြီးစီးသွားပြီ ဖြစ်သောကြောင့် တစ်မှုစီအတွက် တရားလိုပြသက်သေ ကိုးဦးစီအား လာမည့် အောက်တိုဘာ ၁၁ ရက်တွင် စတင်စစ်ဆေးရန် ပြန်လည် ရုံးချိန်းလိုက်ကြောင်း သိရသည်။

လက်ရှိ တရားစွဲဆိုထားသောအမှုမှာ နှစ်မှုဖြစ်ပြီး သပိတ်စခန်းတွင် ပါဝင်သော သံဃာများအား ခရိုင်သာသနာရေးဦးစီးမှူးက တရားလိုလုပ်ပြီး စွဲဆိုထားသည့်အမှုနှင့် လူပုဂ္ဂိုလ်များကို မြို့နယ်ထွေအုပ်က တရားလိုပြု စွဲဆိုထားသည့် အမှုတို့ဖြစ်ပြီး အဆိုပါ ဖြစ်စဉ်ကို မြင်ကြားသိလိုက်သည့် သက်သေ ကိုးဦးစီအား လာမည့် ၁၁ ရက်တွင် စစ်ဆေးသွားမည် ဖြစ်ကြောင်း၊ တရားခံပြေးအဖြစ် သက်မှတ်ထားသည့် သံဃာနှစ်ပါးနှင့် လူပုဂ္ဂိုလ်များအား ဝရမ်းထုတ်ထားဆဲသာ ဖြစ်ပြီး ရဲတပ်ဖွဲ့က ဖမ်းဆီးရမိနိုင်ရေး ဆက်လက် ဆောင်ရွက်နေဆဲသာဖြစ်ကြောင်း ချမ်းမြသာစည် တရားရုံး သတင်းပြန်ကြားရေး အရာရှိ ဦးဇင်လင်းသန့်က ပြောကြားသည်။

“တရားလိုတွေက ဘာတွေ ထွက်ဆိုတယ်။ ဘာတွေပြောကြသလဲ ဆိုတာတော့ ကျွန်တော်တို့အနေနဲ့ မီဒီယာကို သတင်းထုတ်ပြန်ခွင့် မရှိပါဘူး”ဟု သတင်းပြန်ကြားရေးအရာရှိ ဦးဇင်လင်းသန့်က ပြောကြားသည်။

အစိုးရကို ကန့်ကွက်ကြောင်း ဆန္ဒပြသည့် မန္တလေး အမျိုးသားသပိတ် ဦးဆောင်သံဃာနှင့် လူပုဂ္ဂိုလ်များအား ငါးကြိမ်မြောက် ရုံးထုတ် စစ်ဆေးချိန်တွင် ဥပဒေကို လက်နက်သဖွယ် အသုံးချနေခြင်း၊ ဒီမိုကရေစီစံညွှန်း၊ စံနှုန်းနှင့် မညီညွတ်ဘဲ လူ့အခွင့်အရေး ချိုးဖောက်သည်ဆိုကာ ဦးဆောင်သံဃာ ငါးပါးက နှာခေါင်းစည်းများ တပ်ဆင်ကာ ရုံးချိန်းသို့ လာရောက် စစ်ဆေးခံခဲ့ကြောင်း သိရသည်။

“ဥပဒေကို လက်နက်သဖွယ် အသုံးချနေတဲ့ ပုဂ္ဂိုလ်အချို့ ရှိနေခြင်းကြောင့် တစ်နည်းအားဖြင့် ဒီမိုကရေစီစံညွှန်း၊ စံနှုန်းနဲ့ မညီညွှတ်ဘဲ လူ့အခွင့်အရေးကို ချိုးဖောက်နေတာတွေ အများကြီးရှိတယ်။ အဲဒီလူ့အခွင့်အရေး ချိုးဖောက်တာကို အားလုံးသိစေချင်တဲ့ ဆန္ဒနဲ့ စကားမပြောဘူးဆိုတဲ့ သင်္ကေတနဲ့ Mask စွပ်တာ ဖြစ်ပါတယ်။ ဥပဒေကို လက်နက်သဖွယ် အသုံးမချဘူးဆိုရင်၊ လူ့အခွင့်အရေးကို လူ့အခွင့်အရေးအတိုင်း ပြည့်ပြည့်၀၀ ပေးမယ်ဆိုရင် ဦးဇင်းတို့သည် Mask စွပ်စရာ အကြောင်းမရှိဘူးလို့ ပြည်သူအများသိအောင် ဒီနေရာကနေ ပြောချင်တယ်” ဟု ဦးဆောင်သံဃာများက ပြောကြားသည်။

မည်သူက ဥပဒေကို လက်နက်ဖွယ် အသုံးချသည်၊ မည်သည့် လူ့အခွင့်အရေးများ ချိုးဖောက်ခံရသလဲ ဆိုသည်တို့ကို မေးမြန်းရန် ကြိုးစားခဲ့သော်လည်း ရဲတပ်ဖွဲ့ဝင်များက အဆိုပါ သံဃာများအား အချုပ်ကားပေါ်သို့ အမြန်တက်ခိုင်းသဖြင့် မေးမြန်းခွင့် မရခဲ့ပါ။

ယခင်ရုံးချိန်းများက လူဦးရေ ၁၀၀ ခန့် လာရောက် ဝန်းရံလေ့ ရှိသော်လည်း စက်တင်ဘာ ၂၈ ရက် ပြုလုပ်သည့် ရုံးချိန်းတွင်မူ လာရောက်ဝန်းရံသူ ၅၀ ခန့်သာ ရှိသည်ကို တွေ့ရသည်။

သပိတ်စခန်း ဦးဆောင်သံဃာ ရှစ်ပါးအား ခရိုင်သာသနာရေး ဦးစီးမှူးက တရားလိုလုပ်ကာ စွဲဆိုထားခြင်းဖြစ်ပြီး ဦးကျော်မျိုးရွှေ ပါဝင်သည့် လူပုဂ္ဂိုလ် ငါးဦးအား မြို့နယ်ထွေအုပ်က တရားလိုလုပ်ကာ တရားစွဲဆိုထားခြင်း ဖြစ်သည်။

သြဂုတ် ၅ ရက် နံနက် ၂ နာရီ သပိတ်စခန်း ဖြိုခွဲချိန်က ဖမ်းဆီးခံရပြီး လူဝတ်လဲကာ ပုဒ်မ ၅၀၅ (ခ) ဖြင့် အမှုဖွင့်ခံထားရသည့် သံဃာခြောက်ပါးမှာ ဦးအဂ္ဂဓဇ (၃၅ နှစ်၊ ၁၄ ဝါ၊ သာသနာဝင်အမှတ် ၉/မထလ (သ) ၀၀၂၇၅၃ မိတ္ထီလာမြို့နယ် မဘသအတွင်းရေးမှူး၊ အောင်သာကျောင်း၊ ဝန်ဇင်းရပ်၊ မိတ္ထီလာမြို့)၊ ဦးဝိဝေကာနန္ဒ (၂၉ နှစ်၊ ၁၀ ဝါ၊ သာသနာဝင်အမှတ် ၇/ပခန (သ) ၀၁၁၁၁၄ မျိုးချစ်မြန်မာရဟန်းတော်များသမဂ္ဂ၊ ချမ်းသာကြီး ချမ်းရကျောင်း၊ တံခွန်တိုင်ရပ်၊ ပြည်ကြီးတံခွန်မြို့နယ်၊ မန္တလေးမြို့)၊ ဦးဣန္ဒက (၂၆ နှစ်၊ ငါးဝါ၊ သာသနာဝင်အမှတ် ၉/ခမစ (သ) ၀၀၄၇၄၅၊ မျိုးချစ်မြန်မာရဟန်းတော်များသမဂ္ဂ၊ ဓမ္မသုခကျောင်း၊ နှမ်းကြဲကျေးရွာ၊ ပုသိမ်ကြီးမြို့နယ်၊ မန္တလေးမြို့)၊ ဦးပဏ္ဍိတ (၄၈ နှစ်၊ ၂၈ ဝါ၊ သာသနာဝင်အမှတ် ၉/ ညဥန (သ) ၀၀၁၂၁၈၊ (မည်သည့်အဖွဲ့ဝင်မှ မဟုတ်) ကြံခင်းဝန်ကျောင်း၊ ညောင်ဦးမြို့နယ်)၊ ဦးအာစာရ (၂၂ နှစ်၊ နှစ်ဝါ၊ သာသနာဝင်အမှတ် ၉/ပကခ (သ) ၀၀၂၃၉၁၊ ဓမ္မသုခကျောင်း၊ နှမ်းကြဲကျေးရွာ ပုသိမ်ကြီးမြို့နယ်) နှင့် ဦးအရိယာဝံသ (၃၀ နှစ်၊ ၁၀ ဝါ၊ သာသနာဝင်အမှတ် (မသိရသေး) မျိုးချစ်မြန်မာ ရဟန်းတော်များသမဂ္ဂ၊ ငါးဆူကျောင်းတိုက်၊ ပလိုင်းရပ်၊ ချမ်းအေးသာစံမြို့နယ် မန္တလေးမြို့) တို့ဖြစ်ကာ သပိတ်စခန်း ဦးဆောင်သည့် သံဃာဖြစ်ပြီး လက်ရှိ ဖမ်းဆီးမခံရသေးသည့် နှစ်ပါးမှာ ဦးဣန္ဒောဘာသ (ရခိုင်ဘုန်းကြီး) (၄၅ နှစ်၊ ၁၆ ဝါ၊ မျိုးချစ်မြန်မာ ရဟန်းတော်များသမဂ္ဂ၊ သာသနာဝင်အမှတ် ၉/ပကသ (သ) ၀၀၂၁၀၀၊ ဓမ္မသုခကျောင်း၊ နှမ်းကြဲကျေးရွာ၊ ပုသိမ်ကြီးမြို့နယ်၊ မန္တလေးမြို့) နှင့် ဦးစန္ဒာသီရိ (၄၁ နှစ် ၂၀ ဝါ၊ သာသနာဝင် အမှတ် ၉/မဟမ (သ) ၀၀၁၂၉၁၊ မျိုးချစ်မြန်မာရဟန်းတော်များ သမဂ္ဂဓမ္မသုခကျောင်း၊ နှမ်းကြဲကျေးရွာ၊ ပုသိမ်ကြီးမြို့နယ် မန္တလေးမြို့) တို့ဖြစ်ကြောင်း သိရသည်။

Most Read

Most Recent