ဟိန္ဒူဘာသာဝင်တို့၏ အလောင်းများ တွေ့ရှိသည့်နေရာနှင့် အသတ်ခံရသူများ၏ မိသားစုဝင်များအား CNA၊ AFP စသည့် ပြည်ပမီဒီယာများ အပါအဝင် ပြည်တွင်းမီဒီယာများကို ခေါ်ယူပြသပြီး ဖြစ်စဉ်များနှင့်ပတ်သက်၍ အစိုးရ ရှင်းလင်း

ဟိန္ဒူဘာသာဝင်တို့၏ အလောင်းများ တွေ့ရှိသည့်နေရာနှင့် အသတ်ခံရသူများ၏ မိသားစုဝင်များအား CNA၊ AFP စသည့် ပြည်ပမီဒီယာများ အပါအဝင် ပြည်တွင်းမီဒီယာများကို ခေါ်ယူပြသပြီး ဖြစ်စဉ်များနှင့်ပတ်သက်၍ အစိုးရ ရှင်းလင်း
Published 28 September 2017

 

မောင်တောမြို့နယ်တောင်ပိုင်းရှိ ကျေးရွာများအား ဝေဟင်မှ တွေ့ရစဉ် (ဓာတ်ပုံ-သားရွှေဦး)

ဟိန္ဒူဘာသာဝင်များ၏ အလောင်းများ တွေ့ရှိသည့်နေရာများနှင့် အသတ်ခံရသူများ၏ မိသားစုဝင်များအား CNA၊ AFP စသည့် ပြည်ပမီဒီယာများအပါအဝင် ပြည်တွင်းမီဒီယာများကို ခေါ်ယူပြသကာ ဖြစ်စဉ်များနှင့် ပတ်သက်၍ အစိုးရက ရှင်းလင်းခဲ့သည်။

စက်တင်ဘာ ၂၇ ရက်က ပြည်ပမီဒီယာများဖြစ်သော CNA , AFP, TBS, EPA,VOA, BBC,Xiuhua, TV Asahi, Nippon TV, Frontier Myanmar, Reuters နှင့် Asahi Shimbum တို့ပါဝင်ပြီး ပြည်တွင်းမီဒီယာများ ဖြစ်သော RFA, DVB, DMG, SKYNET, ELEVEN, MYANMAR NOW, THE VOICE,  MRTV, MITV, MCN,  MIZZIMA  နှင့် နိရဉ္ဇရာနှင့် ဧရာဝတီသတင်းဌာနမှ သတင်းထောက် ၃၀ ကျော် ပါဝင်ကြသည်။

အဆိုပါသတင်းမီဒီယာများသည် ရဟတ်ယာဉ်များဖြင့် မောင်တောမြို့နယ်မြောက်ပိုင်း ခမောင်းဆိပ်မြို့အနီးရှိ ရဲဘော်ကျကျေးရွာ အနောက်မြောက်ဘက်တွင် ဟိန္ဒူဘာသာဝင် ရုပ်အလောင်းများ တွေ့ရှိသည့်နေရာသို့ သွားရောက်ကာ ရုပ်အလောင်းများကို မှတ်တမ်း ရယူကြပြီး  အလောင်းများတွေ့ရှိမှုနှင့်ပတ်သက်ပြီး သမီးတစ်ဦးနှင့်အတူ ဆွေမျိုးလေးဦး အသတ်ခံခဲ့ရသည့် ဟိန္ဒူဘာသာဝင် မောင်ဘ၊ ဟိန္ဒူဘာသာရေးခေါင်းဆောင် ဦးနီမောလ်၊ အမှတ် (၁၁) လုံခြုံရေးရဲကွပ်ကဲမှု အဖွဲ့ခွဲမှူး ရဲမှူးကြီး ဥက္ကာကိုတို့က သတင်းမီဒီယာများ၏ မေးမြန်းမှုများကို ဖြေကြားခဲ့ကြသည်။

“တစ်ဖက်ကပြောတဲ့ သတင်းအရ လိုက်ရှာတဲ့အခါ တဲလေးကို ပထမတွေ့ပါတယ်။ ပြီးမှဖြန့်ရှာတဲ့အခါ မြေကြီးပုံစံပျက်နေတာကို တွေ့လို့ တူးဆွရင်း အနံ့တွေထွက်လာပြီးတော့ ဒီမှာတော့ အားလုံး ၂၈ လောင်း ရရှိတာဖြစ်ပါတယ်။ သတင်းအရ ထပ်ရှာပါတယ်။ ရှေ့က ကောင်မလေးတွေကို ထားတဲ့တဲရဲ့ နောက်ကြောင်းကို ပြန်ပြီးတော့ ယောက်ျားလေးတွေကို သတ်ခဲ့တယ်လို့ ပြောတဲ့အတွက် နောက်ကြောင်းကို ပြန်ရှာတဲ့အခါ တောင်ရဲ့အနောက်ဘက်လောက်မှာ ထပ်ပြီးကျင်းနှစ်ကျင်း ထပ်ရတယ်။ အဲဒီကျင်းနှစ်ကျင်းမှာတော့ ယောက်ျားလေးအလောင်း ၁၇ လောင်း ဆက်ရပါတယ်။ ဖော်တဲ့အခါ အလောင်း ၂၈ လောင်း ကို ပထမတွေ့တာပါ” ဟု အမှတ် (၁၁) လုံခြုံ ရေးရဲကွပ်ကဲမှုအဖွဲ့ခွဲမှူး ရဲမှူးကြီးဥက္ကာကို က ပြောကြားသည်။

ထို့ပြင် သတင်းမီဒီယာများသည် ARSA အစွန်းရောက်အကြမ်းဖက်သမားများ၏ ရက်စက်ကြမ်းကြုတ်စွာ သတ်ဖြတ်မှုကြောင့် သေဆုံးခဲ့သည့် ဟိန္ဒူဘာသာဝင် မိသားစုများအား မေးမြန်းခဲ့ကြသည်။ ယင်းမှတစ်ဆင့် သတင်းမီဒီယာများ အဖွဲ့များကို မောင်တောမြို့နယ်တောင်ပိုင်း ပန်းတောပြင်ဘင်္ဂါလီကျေးရွာသို့ ခေါ်ကာ ကျေးရွာသား ဘင်္ဂါလီလူမျိုးများနှင့် တွေ့ဆုံမေးမြန်းခဲ့ကြသည်။

ပန်းတောပြင်ကျေးရွာတွင် မည်သည့် ဖြစ်စဉ်မျိုး မဖြစ်ခဲ့ကြောင်းနှင့် သက်ဆိုင်ရာက ရိက္ခာထောက်ပံ့မှုများရှိကြောင်း ကျေးရွာသားများက ဖြေကြားကြသည်။

ထို့နောက် သတင်းမီဒီယာအဖွဲ့များ၏ မေးမြန်းမှုများကို ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေး ညွှန်ကြားရေးမှူး ဗိုလ်ချုပ်အောင်ရဲဝင်းနှင့်  မောင်တောခရိုင်အုပ်ချုပ်ရေးမှူး ဦးရဲထွဋ်တို့က ပြန်လည်ဖြေကြား ရှင်းလင်းခဲ့ကြသည်။

တွေ့ရှိအလောင်းများကို မှုခင်းဆရာဝန်၊ ဥပဒေအရာရှိ၊ ရပ်ကျေးအဆင့် အုပ်ချုပ်ရေး အဖွဲ့များ၊ ရပ်မိရပ်ဖများနှင့် ရင်ခွဲစစ်ဆေးပြီး မည်သူမည်ဝါဖြစ်ကြောင်း အသေးစိတ်စုံစမ်း စစ်ဆေးကာ DNA စစ်ဆေးချက် ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ယင်းနှင့်ပတ်သက်ပြီး မောင်တောခရိုင် အုပ်ချုပ်ရေးမှူး ဦးရဲထွဋ်က “ဒါနဲ့ပတ်သက်လို့ ရဲဘော်ကျရပ်ကွက်မှာ ပျောက်ဆုံးတာ ၇၀၊ နောက် အိုးထိန်းကျေးရွာမှာ ၁၄၄ ယောက်၊ ပျောက်ဆုံးနေပါတယ်ဆိုပြီး ကျွန်တော် ပြည်နယ် အစိုးရအဖွဲ့ကို တင်ပြထားတယ်။ အဲဒီ ပျောက်ဆုံးတဲ့ အင်ဖော်မေးရှင်း စရတဲ့နေ့က စပြီး ကျွန်တော်တို့ ဒီသတင်းနဲ့ပတ်သက်ပြီး မြေပြင်မှာရှိတဲ့ လုံခြုံရေးအဖွဲ့အစည်းတွေနဲ့ ပူးပေါင်းပြီး ရှာတယ်။ နောက် ဟိန္ဒူဘာသာဝင်တွေနဲ့ လိုက်ဆက်စပ်တယ်။ ကျေးရွာအုပ်ချုပ်ရေးမှူးတွေနဲ့ လိုက်ဆက်စပ်တယ်။ ဒါကို အတည်ပြုနိုင်ဖို့ စုံစမ်းနေတာကြာနေပါပြီ။ ဒါနဲ့ပတ်သက်လို့ မီဒီယာအဖွဲ့တွေအားလုံး ရဲဘော်ကျမှာ မေးခဲ့တဲ့ ဦးနီမောလ်က သတင်းဆက်ရပြီးတော့မှ လုံခြုံရေးအဖွဲ့တွေက မြေပြင်ကို ကွင်းဆင်းပြီးတော့မှ တောက်လျှောက် လိုက်နေတာ။ အဲဒီအချိန်အထိ အစောဆုံးကတည်းက ကျွန်တော်တို့ရှာခဲ့ပါတယ်။ ဒါပေမဲ့ နယ်မြေရှင်းလင်းရေးကိစ္စ ဆောင်ရွက်နေတဲ့အတွက် ဒီကိစ္စကို နယ်ခြားစောင့်က သီးခြား လုပ်နေတာပါ။ အခုကျမှ သွားတဲ့လမ်းကြောင်း အခြေအနေအပေါ်မူတည်ပြီးတော့မှ မျက် မြင်သက်သေ၊ ပါသွားတဲ့သက်သေ အကုန်လုံးက နယ်မြေဒေသ အခြေအနေအပေါ်မူတည်ပြီးတော့ စိုးရိမ်လို့ စစ်တွေကို ထွက်ပြေးသွားတာနဲ့။ နောက်ပြီးရင် ဘူးသီးတောင်သွားတာနဲ့ သူတို့နဲ့ ကျွန်တော်တို့ ပြန်ပြီး မေးရတယ်။ ဒီသတင်းရအောင် ပြန်တည်ဆောက်ရတယ်။ သေချာပြီဆိုတော့မှ ကျွန်တော်တို့ မြေပြင်ကို ကွင်းဆင်းပြီးတော့မှ အသေအချာရှာရတာပါ။ နောက်ဆက်တွဲ ကျန်တဲ့ဟာတွေကိုလည်း ကျွန်တော်တို့ ရှာပါမယ်။ ဒီဖြစ်စဉ်နဲ့ပတ်သက်လို့ စတွေ့တဲ့ စက်တင်ဘာ ၂၄ ရက်က ခရိုင်မှာ ဒု ခရိုင်အုပ်ချုပ်ရေးမှူးအဖွဲ့ခေါင်းဆောင်နဲ့ အဖွဲ့ဖွဲ့ပေးထားပါတယ်။ အဲဒီမှာ မှုခင်းဆရာဝန်ပါတယ်။ ဥပဒေပါတယ်။ နောက်ပြီးရင် မျက်မြင်သက်သေပါတယ်။ ရပ်ကျေးပါတယ်။နောက်ပြီးရင် ကျေးရွာနဲ့ပတ်သက်တဲ့ ရပ်မိ ရပ်ဖပါမယ်။ အဲဒီအဖွဲ့ကိုဖွဲ့ပြီး မြေပြင်ကွင်း ဆင်းပြီးတော့မှ အလောင်းနဲ့ပတ်သက်ပြီး ရင်ခွဲ စစ်ဆေးချက် ဆောင်ရွက်တယ်။ ပြီးတော့မှ ကာယကံရှင်မိသားစုတွေရဲ့ သူတို့ရဲ့အလောင်း ပိုင်ရှင်ဟုတ် မဟုတ် ကျွန်တော်တို့ ခေါ်မေးတယ်။ တွေ့ရှိတဲ့မျက်နှာအနေအထား မှတ်မိတာ ရှိတယ်။ တချို့ဟာဆိုရင် ရုပ်ပျက်ဆင်း ပျက်ဖြစ်တဲ့အတွက် မမှတ်မိတာလည်း ရှိတယ်။တော်တော်များများ ကျွန်တော်တို့က ဒါကို  နာမည်စာရင်းအသေးစိတ်ကောက်ပြီးတော့မှ  ပျောက်ဆုံးစာရင်းထဲကနေ နုတ်ပြီးမှ သေဆုံးစာရင်းထဲ ပြန်သွင်းမယ်။ အဲဒီအဖွဲ့မှာလည်း မှုခင်းဆရာဝန်ပါတယ်။နောက် ဥပဒေအရာရှိ ပါတဲ့အတွက် ကျွန်တော် အဖွဲ့ဖွဲ့ပြီး စနစ်တကျ လုပ်တဲ့အတွက် DNA စစ်ဆေးချက်ကို ကျွန်တော်တို့ ဆက်ပြီးတော့ ဆောင်ရွက်ဖို့ရှိ ပါတယ်”ဟု ပြောကြားသည်။

ရက်စက်စွာသတ်ဖြတ်ခံရသော ဟိန္ဒူဘာသာဝင်များ၏ရုပ်အလောင်းများ ရှာဖွေတွေ့ရှိခဲ့သည့်နေရာသို့ ရောက်ရှိနေသော ကျန်ရစ်သူဟိန္ဒူဘာသာဝင်မိသားစုများအား တွေ့ရစဉ်

ဟိန္ဒူဘာသာဝင်များ သတ်ဖြတ်ခံရခြင်း နှင့်ပတ်သက်ပြီး မြန်မာအစိုးရက လုပ်ဇာတ် တစ်ခုဖန်တီးနေသည်ဟု ပြောလာခဲ့လျှင် ပြန်ပြီး မည်သို့တုံ့ပြန်ချင်ပါသလဲဆိုသည့် နိုင်ငံ ခြားသတင်းမီဒီယာတစ်ခုက မေးမြန်းသည့် မေးခွန်းနှင့်ပတ်သက်ပြီး ခရိုင်အုပ်ချုပ်ရေးမှူး ဦးရဲထွဋ်က “အဲဒါနဲ့ပတ်သက်လို့ အမှန်တရားကို သိစေလိုတဲ့အတွက် နိုင်ငံတော်အနေနဲ့ ဒီခရီးစဉ်ကို စီစဉ်ပေးလိုက်တယ်လို့ ကျွန်တော် ယူဆတယ်။ အမှန်တရားကို ဖုံးကွယ်လို့မရပါဘူး”ဟု ပြောကြားသည်။

ထို့ပြင် သတင်းမီဒီယာများအား ခေါ်ယူ ရှင်းလင်းရခြင်းနှင့်ပတ်သက်ပြီး ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေး ညွှန်ကြားရေးမှူး ဗိုလ်ချုပ်အောင်ရဲဝင်းက “ကျွန်တော်တို့ ဒီခရီးစဉ်ကို စီစဉ်ပေးတယ်။ စီစဉ်ပေးတယ်ဆိုတာက ကျွန်တော်တို့နိုင်ငံနဲ့ပတ်သက် ပြီးတော့မှ ကျွန်တော်တို့ မြန်မာနိုင်ငံမှာ ဘင်္ဂါလီဆိုတဲ့လူမျိုး လူနည်းစုတွေကိုပေါ့။ကျွန်တော်တို့ လူမျိုးသုဉ်းသတ်ဖြတ်နေတယ်။အခုနက ပြောသလိုပေါ့။ ကျွန်တော်တို့က နေပြီးတော့ အစုလိုက်အပြုံလိုက် သတ်ဖြတ်တယ်ဆိုတဲ့ စွပ်စွဲချက်တွေရှိတယ်။ အခုဒီဖြစ် စဉ်ကတော့ ခင်ဗျားတို့ သတင်းမီဒီယာများအားလုံးကို ခေါ်ပြတဲ့ရည်ရွယ်ချက်က ကြည့်ပါ။ ဘယ်လိုတွေဖြစ်တာလဲ။ ဘယ်သူတွေသေနေတာလဲ။ သူတို့ရဲ့ ဆွေမျိုးသားချင်းတွေက ခင်ဗျားတို့ကို ဘယ်လိုမျိုးပြောပါသလဲ။ ဒါကို ကျွန်တော်တို့က သိစေချင်ပါတယ်။ ဒါနဲ့ပတ်သက်ပြီး အခုနက ခရိုင်အုပ်ချုပ်ရေးမှူးလည်း ရှင်းပြသွားပါတယ်။ စနစ်တကျပဲ ဒီဟာနဲ့ ပတ်သက်ပြီး စိစစ်ပြီးတော့မှ စစ်ရေးနဲ့ပတ်သက်လို့ ကျွန်တော်တို့ စစ်ဆေးနေတာရှိတယ်။ ပြန်ပြီးတော့မှ အဖွဲ့တွေနဲ့ စိစစ်နေတာလည်း ရှိပါတယ်။ အဓိကသိစေချင်တာက ကျွန်တော်တို့နိုင်ငံမှာ ကျွန်တော်တို့ လူမျိုးသုဉ်း သတ်ဖြတ်နေတာ မဟုတ်ဘူး။ နောက်ပြီးတော့ ဘယ်သူက လူများစုဖြစ်လဲ။ ဘယ်သူက လူနည်းစုဖြစ်လဲ။ ဒါလေးကိုလည်း ခင်ဗျားတို့ မှန်မှန်ကန်ကန် မျှမျှတတ သိဖို့လိုပါတယ်။ ဒီနယ်မြေမှာတော့ အခုနက ပြောသလို ဘင်္ဂါလီလူဦးရေက သိန်းနဲ့ချီရှိပါတယ်။ ဒေသခံတိုင်းရင်းသားတွေရောဟိန္ဒူတွေရောက လူနည်းစုဖြစ်ပါတယ်။ ဘယ်သူက ဘယ်သူ့ကို သတ်နေတာလဲ။မြေပြင်မှာ မျက်ဝါးထင်ထင် ကျွန်တော်တို့ မြင်စေချင်ပါတယ်။ သိစေချင် ပါတယ်။ ဒါကြောင့်မို့လို့လည်း ကျွန်တော်တို့က သတင်းမီဒီယာများကို ခေါ်လာခြင်းဖြစ်ပါတယ်။ သတင်းမီဒီယာများအပိုင်းကတော့ မှန်မှန်ကန်ကန်ပဲမေးပါ၊ မြန်းပါ။ တွေ့တဲ့ အရှိအတိုင်း ရေးပဲစေချင်ပါတယ်။ ကျွန်တော်တို့ ရည်ရွယ်ချက်ကတော့ ဒီဟာပါပဲ”ဟု ပြောကြားသည်။

တစ်ဖက်ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ရောက်ရှိနေသည့် ဟိန္ဒူဘာသာဝင်အမျိုးသမီးများ ခြိမ်းခြောက်ခံနေရသည်ဟု သတင်းများထွက်ပေါ်နေပြီး ၎င်းတို့၏ လုံခြုံရေးအခြေအနေနဲ့ ပတ်သက်ပြီး နှစ်ဖက်ညှိနှိုင်းဆောင်ရွက်ထားသည့် အခြေအနေနှင့် ၎င်းဟိန္ဒူဘာသာဝင်အမျိုးသမီးများအား ပြန်ခေါ်မည့်အစီစဉ်နှင့် ပတ်သက်ပြီး မေးမြန်းရာ “မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ရဲချုပ်ရုံးကလည်း အဲဒါနဲ့ပတ်သက်ပြီး ဆောင်ရွက်နေတယ်လို့ ကျွန်တော်တို့ သိရပါတယ်”ဟု မောင်တောခရိုင်အုပ်ချုပ်ရေးမှူး ဦးရဲထွဋ်က ပြောကြားသည်။

ဟိန္ဒူဘာသာဝင်များ၏ ကိုယ်တွေ့ပြော ကြားချက်အရ ပျောက်ဆုံးနေသည့် ဟိန္ဒူ ဘာသာဝင် ရုပ်အလောင်း စုစုပေါင်း ၄၅ လောင်း တူးဖော်တွေ့ရှိခဲ့သည်။

Most Read

Most Recent