မြန်မာနိုင်ငံကိစ္စနှင့် ပတ်သက်၍ ကုလသမဂ္ဂလုံခြုံရေး ကောင်စီက စက်တင်ဘာ ၂၈ ရက်တွင် စည်းဝေးမည်

မြန်မာနိုင်ငံကိစ္စနှင့် ပတ်သက်၍ ကုလသမဂ္ဂလုံခြုံရေး ကောင်စီက စက်တင်ဘာ ၂၈ ရက်တွင် စည်းဝေးမည်
Published 27 September 2017

စက်တင်ဘာ ၂၁ ရက်က ကုလသမဂ္ဂလုံခြုံရေး ကောင်စီတွင် နျူကလီးယား မပြန့်ပွားရေး ဆွေးနွေးပွဲ၌ စကားပြောနေသော အမေရိကန်နိုင်ငံခြားရေးဝန်ကြီး တေလာဆင်(လယ်) (Photo : AFP)

ကုလသမဂ္ဂလုံခြုံရေး ကောင်စီသည် မြန်မာနိုင်ငံမှ အကြမ်းဖက်မှုများနှင့် ပတ်သက်၍ ဆွေးနွေးရန် စက်တင်ဘာ ၂၈ ရက်တွင် စည်းဝေးမည်ဖြစ်ပြီး ယင်းပဋိပက္ခနှင့် ပတ်သက်၍ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတာရက်ထံမှ အမှာစကားကို နားထောင်မည်ဖြစ်သည်ဟု သံတမန်များက ပြောကြားခဲ့သည်။

မကြာသေးမီ သီတင်းပတ်များအတွင်း က မြန်မာတပ်မတော်၏ စစ်ဆင်ရေးတစ်ရပ်အတွင်း ဘင်္ဂါလီ (မူရင်း၌ ရိုဟင်ဂျာဟု ဖော်ပြ) မွတ်စလင်အများစု ပါဝင်သည့် လူပေါင်း ၄၃၀,၀၀၀ နေအိမ်များကို စွန့်ခွာကာ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးခဲ့ကြပြီးနောက် ဗြိတိန်၊ ပြင်သစ်၊ အမေရိကန်နှင့် အခြားလေးနိုင်ငံက ယခုအစည်းအဝေးကို တောင်းဆိုခဲ့ခြင်းဖြစ်သည်။

ကုလသမဂ္ဂက တပ်မတော်၏ စစ်ဆင်ရေးကို လူမျိုးစုလိုက် သုတ်သင်မှုဟု ဖော်ပြခဲ့ပြီး ပြင်သစ်သမ္မတ အီမန်နျူယယ်မက်ခရွန်က လွန်ခဲ့သည့်သီတင်းပတ်အတွင်း လူမျိုးတုံးသတ်ဖြတ်မှုဟု ထပ်မံခေါ်ဆိုခဲ့သည်။

ဘင်္ဂါလီမွတ်စလင်များ၏ အတိဒုက္ခနှင့် ပတ်သက်၍ ရှုတ်ချခဲ့သော တူရကီသမ္မတ ရီဆပ်တေယစ်အာဒိုဂန်က မွတ်စလင်လူ နည်းစုအပေါ် ဗုဒ္ဓဘာသာဝင်များက အကြမ်းဖက်ခြင်းဟု စွပ်စွဲခဲ့ပြီး လူမျိုးတုံးသတ်ဖြတ်မှုဟူ၍ ရှုတ်ချခဲ့သည်။

သြဂုတ် ၂၅ ရက်တွင် ရဲစခန်းများအား ဘင်္ဂါလီမွတ်စလင် အကြမ်းဖက်သမားများက တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ခြင်းကြောင့် မြန်မာတပ်မတော်က စစ်ဆင်ရေး ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။

လုံခြုံရေးကောင်စီ အစည်းအဝေး ခေါ်ယူရန် တောင်းဆိုခဲ့သည့် အခြားလေးနိုင်ငံမှာ လုံခြုံရေးကောင်စီ အမြဲတမ်း အဖွဲ့ဝင်နိုင်ငံများ မဟုတ်သည့် အီဂျစ်၊ ကာဇက်စတန်၊ ဆီနီဂေါနှင့် ဆွီဒင်နိုင်ငံတို့ဖြစ်သည်။

တံခါးဖွင့်ဆွေးနွေးမှုအဖြစ် ပြုလုပ်မည့် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်၏ အမှာစကား မတိုင်မီ စက်တင်ဘာ ၂၆ ရက်တွင် မြန်မာနိုင်ငံမှ အခြေအနေရပ်များနှင့် ပတ်သက်၍ နောက်ဆုံးအနေအထားကို လုံခြုံရေးကောင်စီ အဖွဲ့ဝင်များ ရရှိမည်ဖြစ်သည်။

ယခုလအစောပိုင်းတွင် လုံခြုံရေးကောင်စီက တံခါးပိတ်ဆွေးနွေးမှုတစ်ရပ် ပြုလုပ်ခဲ့ပြီးနောက် အကြမ်းဖက်မှုများကို အဆုံးသတ်ရေးအတွက် ခြေလှမ်းများကို ချက်ချင်းလုပ်ဆောင်ရန် တောင်းဆိုခဲ့သည်။

စက်တင်ဘာ အစောပိုင်းတွင် ဂူတာရက်သည် ရှားပါးသည့် ခြေလှမ်းတစ်ရပ်အဖြစ် လုံခြုံရေးကောင်စီသို့ စာတစ်စောင် ပေးပို့ခဲ့ရာတွင် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ကပ်ဘေးကြီးနှင့်ပတ်သက်၍ စိုးရိမ်မှုကို ဖော်ပြကာ ယင်းသည် မြန်မာနယ်နိမိတ်ကို ကျော်လွန်လျက် ငြိမ်းချမ်းရေးနှင့် လုံခြုံရေးအတွက် ဆိုးကျိုးများ ဖြစ်နိုင်သည်ဟူသော စိုးရိမ်မှုများ မြင့်တက်လာကြောင်းလည်း ရေးသားခဲ့သည်။

လူ့အခွင့်အရေးဆိုင်ရာ အဖွဲ့များက မြန်မာအစိုးရအား ပိတ်ဆို့မှုများ ပြုလုပ်မည်ဟု ခြိမ်းခြောက်ရန် လုံခြုံရေးကောင်စီကို တွန်းအားပေးခဲ့ပြီး စစ်ဘက်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုကို ပြန်လည်စဉ်းစားရန် ကမ္ဘာ့နိုင်ငံများကို တောင်းဆိုခဲ့သည်။

မြန်မာအရပ်သား အစိုးရအဖွဲ့ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် စစ်အစိုးရ၏ နေအိမ်အကျယ်ချုပ် ချထားမှုကို ၁၅ နှစ်ကြာ ခံနေရစဉ်အတွင်း ငြိမ်းချမ်းရေး နိုဘယ်ဆုရှင် လွတ်မြောက်ရေးအတွက် လှုပ်ရှားဆောင်ရွက်ခဲ့ကြသော လူ့အခွင့်အရေး အဖွဲ့များကို စိတ်ပျက်စေခဲ့သည်ဟု ဆိုသည်။

Ref : AFP

Most Read

Most Recent