နိုင်ငံလုံးဆိုင်ရာ ရွှေဝါရောင်တော်လှန်ရေး ၁၀ နှစ်ပြည့် အခမ်းအနား ရန်ကုန်နှင့် မန္တလေးတို့တွင် ကျင်းပ

နိုင်ငံလုံးဆိုင်ရာ ရွှေဝါရောင်တော်လှန်ရေး ၁၀ နှစ်ပြည့် အခမ်းအနား ရန်ကုန်နှင့် မန္တလေးတို့တွင် ကျင်းပ
Published 26 September 2017

ရွှေဝါရောင်တော်လှန်ရေး (၁၀) နှစ်ပြည့် အခမ်းအနားကျင်းပရန် ရွှေတိဂုံစေတီတော်သို့ ရောက်ရှိလာသော သံဃာတော်များနှင့် ဝန်းရံသူများအား အရှေ့ဘက်မုခ်၌ တွေ့ရစဉ် (ဓာတ်ပုံ - စည်သူ)

နိုင်ငံလုံးဆိုင်ရာ ရွှေဝါရောင်တော်လှန်ရေး (၁၀) နှစ်ပြည့် အခမ်းနားများအား ရန်ကုန် နှင့် မန္တလေးမြို့တို့တွင် စက်တင်ဘာ ၂၅ ရက်က ကျင်းပခဲ့ပြီး သဘောထားကြေညာချက်များ ထုတ်ပြန်ခဲ့ကြကြောင်း သတင်းရရှိသည်။

■ အမျိုးသားပြန်လည် ရင်ကြားစေ့ရေး ခိုင်မာစွာ ဖြစ်ပေါ်လာရန် ပို၍ပြတ်သား လက်တွေ့ကျသော အစီအစဉ်သစ်များ ချမှတ်ဆောင်ရွက်ရန် အစိုးရအား တိုက်တွန်းကြောင်း ရွှေဝါရောင်တော်လှန်ရေး (၁၀) နှစ်ပြည့် အခမ်းအနားမှ သဘောထား ထုတ်ပြန်

အမျိုးသား ပြန်လည်ရင်ကြားစေ့ရေး ခိုင်မာစွာ ဖြစ်ပေါ်လာရန် ပို၍ပြတ်သား လက်တွေ့ကျသော အစီအစဉ်သစ်များ ချမှတ်ဆောင်ရွက်ရန် အစိုးရအား တိုက်တွန်းကြောင်း ရွှေဝါရောင်တော်လှန်ရေး (၁၀) နှစ်ပြည့် အခမ်းအနားမှ သဘောထား ထုတ်ပြန်ခဲ့သည်။

စက်တင်ဘာ ၂၅ ရက်က ရန်ကုန်မြို့ရှိ ဓမ္မပိယသာသနာ့ရိပ်သာတွင် ရွှေဝါရောင်တော်လှန်ရေး (၁၀) နှစ်ပြည့် အခမ်းအနား ပြုလုပ်ကာ သဘောထား ထုတ်ပြန်ကြေညာချက် ထုတ်ပြန်ရာတွင် ထိုသို့ ထည့်သွင်းတိုက်တွန်းခဲ့ခြင်း ဖြစ်သည်။

မျက်မှောက် မြန်မာ့နိုင်ငံရေး ဖြစ်စဉ်များအရ အရပ်သားအစိုးရ အနေဖြင့် နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုများကို ကြိုးပမ်းဆောင်ရွက်လျက် ရှိသော်လည်း ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကြောင့် အကျပ်အတည်းများနှင့်သာ ရင်ဆိုင်ကြုံတွေ့လျက် ရှိနေပြီး စိန်ခေါ်မှုများကို ရင်ဆိုင်ကျော်လွှားနိုင်ရန် ကြိုးစား အားထုတ်နေသည်ကို တွေ့မြင်ရကြောင်း၊ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ တပ်မတော်၏ အဘက်ဘက်မှ လွှမ်းမိုးချုပ်ကိုင်ထားမှုကြောင့် အမျိုးသားပြန်လည် ရင်ကြားစေ့ရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေးတို့မှာ ပိုမို အလှမ်းဝေးကွာလာပြီး အထွေထွေ အကျပ်အတည်းများဖြင့် ရင်ဆိုင်ကြုံတွေ့လျက် ရှိနေကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့ကြောင့် လက်ရှိ အစိုးရအနေဖြင့် ပို၍ ပြတ်သားသော ပို၍လက်တွေ့ကျသော အစီအစဉ်သစ်များ ချမှတ် ဆောင်ရွက်သွားရန် ပြည်သူ့အစိုးရအား ရွှေဝါရောင် သံဃာတော်များက တိုက်တွန်းကြောင်း၊ ပြည်သူ့ အကျိုးစီးပွားကို အခြေခံထား၍ တပ်မတော်ဘက်မှလည်း ဖွဲ့စည်းပုံ အခြေခံဥပဒေအသစ် ပြန်လည် ရေးဆွဲနိုင်ရေးအတွက် နိုင်ငံရေးအရ စေ့စပ်ညှိနှိုင်းမှုကို လက်ခံ ဆောင်ရွက်သွားရန် တပ်မတော်အား ရွှေဝါရောင်သံဃာတော်များက တိုက်တွန်းကြောင်းနှင့် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို တစ်နည်းနည်းဖြင့် ဖျက်သိမ်းပြီး အခြေခံဥပဒေအသစ် ပြန်လည်ရေးဆွဲနိုင်ရေးအတွက် ပြည်သူတစ်ရပ်လုံးမှလည်း နိုင်ငံရေးအသိဖြင့် ပါဝင်ကြိုးပမ်း ဆောင်ရွက်ကြရန်လည်း ရွှေဝါရောင် သံဃာတော်များက တိုက်တွန်းကြောင်း သဘောထားကြေညာချက် ထုတ်ပြန်ခဲ့သည်။

■ ရွှေဝါရောင်တော်လှန်ရေး အခမ်းအနားပြုလုပ်ရန် ရွှေတိဂုံစေတီတော်ပေါ်သို့ တက်ရောက်ခွင့် ပိတ်ပင်ခံခဲ့ရပြီး ရန်ကုန်တိုင်းအစိုးရအဖွဲ့ဝင် လာရောက်ညှိနှိုင်းသဖြင့် ပြေလည်မှုရရှိ

ရွှေဝါရောင်တော်လှန်ရေး (၁၀) နှစ်ပြည့် အခမ်းအနား ပြုလုပ်ရန် ခွင့်ပြုချက် မယူသောကြောင့် သံဃာတော်များနှင့် ဝန်းရံသူများကို ရွှေတိဂုံစေတီတော်ပေါ်သို့ တက်ရောက်ခွင့် ပိတ်ပင်ခံခဲ့ရပြီး ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် လာရောက် ညှိနှိုင်းသောကြောင့် ပြေလည်မှုရရှိကာ အောက်မေ့ဖွယ်အခမ်းအနား ကျင်းပနိုင်ခဲ့ကြောင်း သိရသည်။

၂၀၀၇ ခုနှစ်က ဖြစ်ပွားခဲ့သော ရွှေဝါရောင်တော်လှန်ရေး (၁၀) နှစ်ပြည့် အခမ်းအနားအား တော်လှန်ရေးတွင် ပါဝင်ခဲ့သည့် သံဃာတော်များ အပါအဝင် သံဃာတော်အပါး ၃၀ ခန့်နှင့် ဝန်းရံသူများက စက်တင်ဘာ ၂၅ ရက် မွန်းလွဲပိုင်းက ရွှေတိဂုံစေတီတော်၏ အောင်မြေနေရာ၌ ပြုလုပ်ရန် စေတီတော် အရှေ့ဘက်မုခ်ရှိ ကြေးသွန်းဘုရားမှ စတင် ချီတက်လာခဲ့ရာ အရှေ့မုခ်ဦးတံခါးကို ပိတ်၍ တားဆီးထားခဲ့ခြင်း ဖြစ်သည်။

ထိုသို့ တားဆီးထားခြင်းကြောင့် သံဃာတော်များနှင့် ဝန်းရံသူများက ၎င်းနေရာ၌ပင် မေတ္တာပို့ခြင်းများ ပြုလုပ်ခဲ့ပြီး သက်ဆိုင်ရာ တာဝန်ရှိသူများ လာရောက်ညှိနှိုင်းရန် အော်ဟစ်ပြောဆိုကာ မိနစ် ၃၀ အချိန်ပေး၍ စောင့်ဆိုင်းခဲ့ရကြောင်း သိရသည်။

ရွှေဝါရောင်တော်လှန်ရေး (၁၀) နှစ်ပြည့် အခမ်းအနား ပြုလုပ်မည့် သံဃာတော်များနှင့် ဝန်းရံသူများ စောင့်ဆိုင်းနေရာ နေရာသို့ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်၊ လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်း လာရောက်ကာ ညှိနှိုင်းခဲ့ပြီး ပြေလည်မှု ရရှိခဲ့သောကြောင့် စေတီတော်ပေါ်သို့ တက်ရောက်ကာ အောင်မြေနေရာ၌ အခမ်းအနားပြုလုပ်နိုင်ခဲ့ခြင်း ဖြစ်သည်။

“၂၀၀၇ တော်လှန်ရေးအတွင်းမှာ ကျဆုံးသွားတဲ့ ရဟန်း၊ ရှင်လူ၊ ကျောင်းသားပြည်သူအပေါင်းတို့ကို ဒီနေ့ ဦးဇင်းတို့က မေတ္တာပို့ အမျှဝေခြင်းကိစ္စကို ဆောင်ရွက်ဖို့ ကြေးသွန်းဘုရားကြီးကနေပြီးတော့ ရွှေတိဂုံဘုရားကို တက်ဖို့၊ မမျှော်လင့်ဘဲ ရွှေတိဂုံဘုရား အပေါက်ဝမှာ တံခါးပိတ်ပင်ခြင်းကို ခံခဲ့ရတယ်။ ဒီလို ပိတ်ပင်ခံရတာတွေက တိုင်းပြည်အတွက် မကောင်းဘူး။ အုပ်ချုပ်ရေးပိုင်းမှာရှိတဲ့ တာဝန်ရှိသူတွေအတွက်လည်း ပုံရိပ်တွေ ပျက်စီးစေတယ်။ တာဝန်ရှိတဲ့သူတွေ လာရောက် ညှိနှိုင်းလို့ ဘုရားပေါ်မှာ မေတ္တာပို့ အမျှဝေခွင့် ရခဲ့တယ်” ဟု ရွှေဝါရောင်တော်လှန်ရေး (၁၀) နှစ်ပြည့်အခမ်းအနား ဦးဆောင်ဆရာတော် တစ်ပါးဖြစ်သူ ဦးစန္ဒာသီရိက မိန့်ကြားသည်။

ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်၊ လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်း အနေဖြင့် လာရောက်ညှိနှိုင်းရာတွင် ခွင့်ပြုချက် မယူထားသောကြောင့် ပိတ်ပင်ခံရခြင်း ဖြစ်ကြောင်းနှင့် သာသနာ့အလံကို လွှင့်ထူကိုင်ဆောင်ခြင်း မပြုရန် ပြောဆို ညှိနှိုင်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

■ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကြောင့် အကျပ်အတည်းများနှင့် ကြုံတွေ့နေရဆဲဖြစ်ဟု မန္တလေးမြို့၌ ပြုလုပ်သည့် ရွှေဝါရောင် သံဃာ့လှုပ်ရှားမှု အခမ်းအနား၌ သဘောထားထုတ်ပြန်

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကြောင့် အကျပ်အတည်းများနှင့်သာ ရင်ဆိုင်ကြုံ တွေ့ရဆဲဖြစ်ကြောင်း ရွှေဝါရောင် သံဃာ့လှုပ်ရှားမှု (၁၀) နှစ်ပြည့် အခမ်းအနားတွင် နိုင်ငံလုံးဆိုင်ရာ ရွှေဝါရောင် သံဃာ့ကွန်ရက် (အထက်မြန်မာပြည် မန္တလေး) က သဘောထားကြေညာချက် ထုတ်ပြန်ခဲ့သည်။

အောက်မေ့ဖွယ် အခမ်းအနားကို မန္တလေးမြို့တွင် စက်တင်ဘာ ၂၅ ရက် နံနက် ၉ နာရီက မဟာမင်းထင်တိုက်၊ ဓမ္မဒီပကျောင်းတွင် ပြုလုပ်ခဲ့ပြီး နံနက်အစောပိုင်းတွင် မန္တလေးမြို့ ၈၄ လမ်းရှိ လူထုစာအုပ်တိုက်ရှေ့တွင် သံဃာတော်များအား ဘုံဆွမ်း လောင်းလှူကာ နံနက် ၉ နာရီ ၌ ၂၀၀၇ ရွှေဝါရောင် လှုပ်ရှားမှုကာလအတွင်း ကျဆုံးခဲ့ရသည့် ရဟန်း၊ ရှင်လူ၊ ကျောင်းသား ပြည်သူများအား ရည်စူး၍ လှူဖွယ်ဝတ္ထုပစ္စည်းများကို သံဃာတော်များအား ဆက်ကပ်ခြင်း၊ အမျှပေးဝေခြင်းများ ပြုလုပ်ခဲ့ကြသည်။

မန္တလေးမြို့တွင် ပြုလုပ်သည့် ရွှေဝါရောင် သံဃာလှုပ်ရှားမှု (၁၀) နှစ်ပြည့် အခမ်းအနားသို့ ရွှေဝါရောင် သံဃာ့လှုပ်ရှားမှုအတွင်း ပါဝင်ခဲ့ကြသည့် သံဃာတော်များ၊ လူပုဂ္ဂိုလ်များ၊ နိုင်ငံရေး လှုပ်ရှားသူများနှင့် ကျောင်းသားများ တက်ရောက်ခဲ့ကြသည်။

အဆိုပါ ကြေညာချက်တွင် (၁) မျက်မှောက် မြန်မာ့နိုင်ငံရေး ဖြစ်စဉ်များအရ အရပ်သားအစိုးရ အနေဖြင့် နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုများကို ကြိုးပမ်းဆောင်ရွက်လျက် ရှိသော်လည်း ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကြောင့် အကျပ်အတည်းများနှင့်သာ ရင်ဆိုင်ကြုံတွေ့ရလျက် ရှိနေပြီး စိန်ခေါ်မှုများကို ရင်ဆိုင်ကျော်လွှားနိုင်ဖို့ ကြိုးစား အားထုတ်နေသည်ကို တွေ့ မြင်ရသည်။ (၂) ၂၀၀၈ အခြေခံဥပဒေအရ တပ်မတော်၏ အဘက်ဘက်မှ လွှမ်းမိုး ချုပ်ကိုင်ထားမှုကြောင့် အမျိုးသားပြန်လည် ရင်ကြားစေ့ရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေးတို့မှာ ပိုမိုအလှမ်းကွာဝေးလာပြီး အထွေထွေ အကျပ်အတည်းများဖြင့် ရင်ဆိုင်ကြုံတွေ့ရလျက် ရှိနေပါသည်။ (၃) သို့ဖြစ်ပါ (က) တိုင်းပြည်နှင့် ပြည်သူလူထု၏ အကျိုးစီးပွားကို အစဉ်တစိုက် ရှေးရှုဆောင်ရွက်လျက် ရှိသော လက်ရှိ ပြည်သူ့အစိုးရအနေဖြင့် အမျိုးသား ပြည်လည်ရင်ကြားစေ့ရေး ခိုင်မာစွာ ဖြစ်ပေါ်လာဖို့အတွက် ပိုမိုပြတ်သားသော လက်တွေ့ကျသော အစီအစဉ်သစ်များ ချမှတ် ဆောင်ရွက်သွားရန် ပြည်သူ့ အစိုးရအား ရွှေဝါရောင်သံဃာတော်များမှ တိုက်တွန်းလိုက်သည်။ (ခ) ပြည်သူ့အကျိုးစီးပွားကို အခြေခံထား၍ တပ်မတော်ဘက်မှလည်း အခြေခံဥပဒေအသစ် ပြန်လည်ရေးဆွဲနိုင်ရေးအတွက် နိုင်ငံရေးအရ စေ့စပ်ညှိနှိုင်းမှုကို လက်ခံဆောင်ရွက်သွားရန် တပ်မတော်အား ရွှေဝါရောင်သံဃာတော်များမှ တိုက်တွန်းလိုက်သည်။ (ဂ) ၂၀၀၈ အခြေခံဥပဒေကို တစ်နည်းနည်းဖြင့် ဖျက်သိမ်းပြီး အခြေခံဥပဒေအသစ် ပြန်လည်ရေးဆွဲနိုင်ရေးအတွက် ပြည်သူလူထု တစ်ရပ်လုံးမှ နိုင်ငံရေးအသိဖြင့် ပါဝင်ကြိုးပမ်း ဆောင်ရွက်သွားကြရန် ရွှေဝါရောင် သံဃာတော်များမှ တိုက်တွန်းလိုက်သည်။ ဖော်ပြပါ တိုက်တွန်းချက်များအား ပြည်သူ့ အစိုးရ နှင့် တပ်မတော်တို့မှ ပြည်သူတို့ ရင်ဆိုင်ကြုံတွေ့ ခံစားနေရသော အထွေထွေအကြပ်အတည်းများမှ လွတ်မြောက်နိုင်ရေး ရှေးရှုပြီး ရွှေဝါရောင် သံဃာတော်များ၏ တိုက်တွန်းချက်များကို အလေးအနက်ထား အမြန်ဆုံး ဆောင်ရွက်ကြရန် ထပ်မံ တိုက်တွန်းလိုက်သည်ဟု နိုင်ငံလုံးဆိုင်ရာ ရွှေဝါရောင် သံဃာ့ကွန်ရက် (အထက်မြန်မာပြည် မန္တလေး) ၏ သဘောထားကြေညာချက်တွင် ဖော်ပြထားသည်။

Most Read

Most Recent