လုံခြုံရေးတပ်ဖွဲ့ဖြင့် နေရပ်ပြန်သွားသည့် ဘူးသီးတောင်မြို့နယ် တောင်ဘဇာကျေးရွာမှ ဒေသခံများ ထပ်မံ နေရပ်စွန့်ခွာ

လုံခြုံရေးတပ်ဖွဲ့ဖြင့် နေရပ်ပြန်သွားသည့် ဘူးသီးတောင်မြို့နယ် တောင်ဘဇာကျေးရွာမှ ဒေသခံများ ထပ်မံ နေရပ်စွန့်ခွာ
Published 26 September 2017

ပရဟိတပျိုးခင်း ဘုန်းကြီးကျောင်းတွင် ဖွင့်လှစ်ထားသော ကယ်ဆယ်ရေးစခန်းသို့ ရောက်ရှိလာသည့် တောင်ဘဇာကျေးရွာမှ ဒေသခံများအား တွေ့ရစဉ်

နေရပ်စွန့်ခွာနေရာမှ လုံခြုံရေးတပ်ဖွဲ့ဖြင့် နေရပ်ပြန်သွားသည့် ဘူးသီးတောင်မြို့နယ် တောင်ဘဇာကျေးရွာမှ ဒေသခံများ ထပ်မံနေရပ် စွန့်ခွာလာကာ စစ်တွေမြို့သို့ ရောက်ရှိနေကြကြောင်း သိရသည်။

ဘူးသီးတောင်မြို့နယ်၊ တောင်ဘဇာကျေးရွာမှ ဒေသခံ တိုင်းရင်းသားပြည်သူ ၂၇၃ ဦးတို့ကို လုံခြုံရေးတပ်ဖွဲ့ဝင်များက အနီးကပ် လမ်းကြောင်းလုံခြုံရေး လိုက်ပါလျက် စက်တင်ဘာ ၈ ရက်က ၎င်းတို့၏ မူလနေရပ်သို့ ပြန်လည်ကူညီ ပြောင်းရွှေ့ပေးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

အဆိုပါ တောင်ဘဇာကျေးရွာမှ ဒေသခံများသည် သြဂုတ် ၂၆ ရက်က ဘင်္ဂါလီများ၏ ဝိုင်းဝန်း တိုက်ခိုက်ခြင်းကို ခံခဲ့ရပြီးနောက် လုံခြုံရေး အစောင့်အရှောက်ဖြင့် ဘူးသီးတောင်နယ်မြေခံ ၅၅၂ တပ်ရင်းသို့ တစ်ရွာလုံး ပြောင်း ရွှေ့လာခဲ့ကြပြီး ဒေသ တည်ငြိမ်လာသဖြင့် နေရပ်သို့ ပြန်သွားခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။

သို့ရာတွင် ကျေးရွာတွင် လုံခြုံသည်ဟု မခံစားရဘဲ ရခိုင်တိုင်းရင်းသား အိမ်ထောင်စုများမှာလည်း နည်းပါးသည့်အတွက် ကျေးရွာတွင် ဆက်လက် မနေရဲတော့ဘဲ ထပ်မံ နေရပ်စွန့်ခွာ လာကြခြင်းဖြစ်ကြောင်း သိရသည်။

စစ်တွေမြို့ စက်ရုံစုရပ်ကွက် ပရဟိတပျိုးခင်း ဘုန်းကြီးကျောင်းတွင် ဖွင့်လှစ်ထားသည့် ကယ်ဆယ်ရေးစခန်းတွင် ရောက်ရှိနေသည့် တောင်ဘဇာကျေးရွာသား မသန်းသန်း က “ကျွန်မတို့ရွာကနေ လုံခြုံရေးတပ်ဖွဲ့ဝင်တွေနဲ့ ထွက်ပြေးပြီးတော့ ၅၅၂ တပ်ရင်းမှာ ၁၅ ရက်လောက် နေခဲ့ရပါတယ်။ ကျွန်မတို့ကို တောင်ဘဇာကို ပြန်မယ်လို့ တောင်းဆိုကြပါတယ်။ အဲဒီအချိန်မှာ ၅၅၂ တပ်ရင်းကနေ ဘူးသီးတောင်ကို ရောက်သူတွေလည်း ရောက်သွားကြပါပြီ။ ကားပေါ်ကို အတင်း တက်လိုက်ကြတာ ဖြစ်ပါတယ်။ ကျွန်မတို့ကတော့ ကျန်နေခဲ့ကြပါတယ်။ ၅၅၂ ကနေ ရွာကို ပြန်ပို့တဲ့အခါ အိမ်ခြေ ၂၀ လောက် ဖြစ်ပါတယ်။ သက်ကြီးရွယ်အိုတွေကို သွားမရောက်လို့ စစ်သားတွေက ထမ်းလို့ပို့ရတယ်။ တောင်ဘဇာကို ရောက်သွားတော့လည်း ရခိုင်ရွာမှာ ရခိုင်တွေ မရှိတော့ဘူး။ အိမ်ခြေ ၉၀ ရှိတဲ့ရွာမှာ အိမ်ခြေ ၂၀ သာ ကျန်ပြီဆိုတော့ ကျွန်မတို့ကလည်း မနေရဲတော့လို့ အတင်းလာကြတာပါ။ လုံခြုံရေးအဖွဲ့ကတော့ မလွှတ်ပါဘူး။ တောင်ဘဇာရွာမှာက နေလို့ အဆင်မပြေတော့ဘူး။ ကြောက်ဖို့ကောင်းပါတယ်။ ဘင်္ဂါလီတွေက အများကြီးရှိနေတော့ ကြောက်လို့မနေရဲတော့လို့ ပြောင်းရွှေ့လာကြတာပါ။ ဘူးသီးတောင်မှာ တစ်ညနေခဲ့ပြီးတော့ ဒီကိုရောက်လာကြတာပါ” ဟု ပြောကြားသည်။

တောင်ဘဇာ ကျေးရွာသား ကိုဂျပန်က “အခုရွာကို လူဦးရေ သုံးပုံနှစ်ပုံ ပြန်ရောက်ကြပါပြီ။ ၅၅၂ တပ်ရင်းကနေ လုံခြုံရေးနဲ့ ပြန်ပို့တဲ့ထဲက ထပ်ပြီးရွာက ထွက်သွားသူတွေက နည်းပါတယ်။ အခုဆို ရွာကိုပြန်လာသူတွေ ရှိနေပါပြီ။ ကျွန်တော့်သားတွေ သမီးတွေတော့ ကျန်းမာရေးကိစ္စကြောင့် စစ်တွေမှာ ရှိနေပါတယ်။ ရွာမှာ လုံခြုံရေးလည်း ရှိတယ်။ အဆင်ပြေပါတယ်။ အိမ်ထောင်စု ၉၀ ရှိရာမှာ ၆၀ လောက်တော့ ရွာပြန်ရောက်ကြပါပြီ။ ဒါပေမဲ့ အားလုံးတော့ မစုံသေးဘူး” ဟု ဆိုသည်။

တောင်ဘဇာကျေးရွာမှ ထွက်ပြေးခဲ့ရပုံကို တောင်ဘဇာကျေးရွာမှ မလှငယ်ဌေးက “သမီးတို့က တောင်ဘဇာရွာကနေ ပြေးလာတာပါ။ ဘင်္ဂါလီတွေ ဝိုင်းလာတော့ သမီးတို့က ထွက်ပြေးပြီး ကျောင်းမှာ နေရတယ်။ အဲဒီအချိန်မှာ ၅၅၂ တပ်ရင်းကို အကြောင်းကြားလို့ စစ်သားတွေက ရောက်လာတယ်။ လုံခြုံရေးအဖွဲ့ ရောက်လာတာ မိနစ် ၂၀ လောက် နောက်ကျရင် သမီးတို့အားလုံး သေမှာ။ သမီးတို့ စပါးတောတွေကို ဖြတ်ပြီးပြေးလာရတယ်။ အခက်အခဲတွေ အများကြီးကြုံခဲ့ရတယ်။ ဝတ်စရာတောင်ယူဖို့ မရခဲ့ဘဲ ကလေးတစ်ယောက်နဲ့ ထွက်ပြေးခဲ့ရတယ်။ ကုလားတွေက လိုက်လာတော့ ငိုသူငို၊ အော်သူအော် ပြေးခဲ့ရတာ။ ၅၅၂ တပ်ရင်းကို ရောက်တော့ နှစ်ပတ်လောက် နေခဲ့ရတယ်။ အဲဒီကနေရွာကို ပြန်ပို့မယ် ဆိုတော့လည်း သမီးတို့က မသွားဘူး။ ရွာမှာဆိုရင် သေဖို့ပဲ ရှိတော့တယ်။ ဘင်္ဂါလီတွေ ရှိနေသရွေ့ ရွာကို မပြန်ရဲတော့ဘူး။ သမီးကတော့ ရွာကို မပြန်တော့ဘဲ ၅၅၂ တပ်ရင်းထဲမှာ ကျန်ခဲ့တယ်။ အဲဒီကနေ ဘူးသီးတောင်ကို ရောက်တယ်။ ပြီးမှ စစ်တွေကို ရောက်လာတာ ငါးရက်လောက် ရှိပြီ” ဟု ပြောကြားသည်။

စစ်တွေမြို့ စက်ရုံစုရပ်ကွက် ပရဟိတပျိုးခင်း ဘုန်းတော်ကြီးကျောင်းတွင် ဖွင့်လှစ်ထားသည့် ကယ်ဆယ်ရေးစခန်းသည် ၃၂ ခုမြောက် စခန်းဖြစ်ပြီး စစ်တွေသို့ နောက်ဆုံးမှ ရောက်ရှိလာသူများ ဖြစ်သည့် ဘူးသီးတောင်မြို့နယ် မြောက်ပိုင်း တောင်ဘဇာကျေးရွာ၊ မောင်တောမြို့နယ် မြောက်ပိုင်း အောင်သာယာ၊ ခြံပြင် ကျေးရွာမှ နေရပ်စွန့်ခွာသူများအား နေရာချထားပေးခြင်း ဖြစ်ပြီး အိမ်ထောင်စု ၄၈ စု၊ လူဦးရေ ၁၀၄ ဦး ခိုလှုံနေကြကြောင်း သိရသည်။

လက်ရှိတွင် စစ်တွေမြို့ အပါအဝင် အခြားမြို့နယ်များသို့ နေရပ်စွန့်ခွာ ခဲ့ကြသူများမှာ ဘူးသီးတောင်၊ မောင်တောသို့ နေရပ်ပြန်နေသူများလည်း ရှိနေပြီဖြစ်သော်လည်း ဝန်ထမ်းမိသားစုများနှင့် သွားလာရ လွယ်ကူသည့် ကျေးရွာများမှ ဒေသခံအချို့သာ နေရပ်ပြန်ခြင်းဖြစ်ကြောင်းနှင့် စစ်တွေမြို့ပေါ်တွင် ကယ်ဆယ်ရေးစခန်း ၃၂ ခု၊ လူဦးရေ ငါးထောင်ခန့် ရှိနေသေးကြောင်း သိရသည်။

Most Read

Most Recent