အနိမ့်ဆုံး လုပ်ခလစာ ပြန်လည်သတ်မှတ်ရန် ရန်ကုန်တိုင်း စက်မှုဇုန်များအတွင်းရှိ အလုပ်သမားများအား စစ်တမ်းကောက်ယူခဲ့ရာ တစ်ရက် ကျပ် ၄၄၀၀ မှ ၆၄၀၀ အကြား ရရှိလို

အနိမ့်ဆုံး လုပ်ခလစာ ပြန်လည်သတ်မှတ်ရန် ရန်ကုန်တိုင်း စက်မှုဇုန်များအတွင်းရှိ အလုပ်သမားများအား စစ်တမ်းကောက်ယူခဲ့ရာ တစ်ရက် ကျပ် ၄၄၀၀ မှ ၆၄၀၀ အကြား ရရှိလို
Published 26 September 2017

အနိမ့်ဆုံး လုပ်ခ ကျပ် ၅၆၀၀ သတ်မှတ်ပေးရန် ၂၀၁၇ ခုနှစ် မတ်လတွင် လှိုင်သာယာမြို့နယ်အတွင်း အလုပ်သမားများ ဆန္ဒထုတ်ဖော်နေစဉ်

အနိမ့်ဆုံး လုပ်ခလစာ ပြန်လည်သတ်မှတ်ရန် ရန်ကုန်တိုင်းဒေသကြီး စက်မှုဇုန်များအတွင်းရှိ အလုပ်သမားများအား စစ်တမ်းကောက်ယူခဲ့ရာ တစ်ရက် ကျပ် ၄၄၀၀ မှ ၆၄၀၀ အကြား ရရှိလိုကြောင်း သိရသည်။

အနိမ့်ဆုံး လုပ်ခလစာ ပြန်လည်သတ်မှတ်ရန်အတွက် ရန်ကုန်တိုင်းဒေသကြီး အနည်းဆုံး အခကြေးငွေ သတ်မှတ်ရေး စာတမ်းကော်မတီမှ အဖွဲ့ခြောက်ဖွဲ့ခွဲကာ လှိုင်သာယာ၊ ရွှေပြည်သာ၊ တောင်ဒဂုံ၊ မြောက်ဥက္ကလာ၊ တောင်ဥက္ကလာ၊ ဒဂုံမြို့သစ် (အရှေ့ပိုင်း) နှင့် ဒဂုံမြို့သစ် (မြောက်ပိုင်း) စသည့် စက်မှုဇုန်များရှိ အလုပ်သမားများကို လုပ်သားထု အခြေခံကုန်ကျစရိတ်များအား သြဂုတ် ၂၉ ရက်က စတင်၍ ၁၀ ရက်ကြာ စစ်တမ်းကောက်ယူခဲ့ရာမှ အဆိုပါ တစ်ရက် ကျပ် ၄၄၀၀ မှ ကျပ် ၆၄၀၀ အကြား နှုန်းထားအား ရရှိခဲ့ခြင်း ဖြစ်သည်။

“နှုန်းထား တစ်ခုတည်းကို ဆုံးဖြတ်ပြီး ပြောခွင့်တော့ မရှိသေးဘူး။ အမျိုးသားအဆင့်ကို ဆက်တင်ရမှာလေ။ ရန်ကုန်တိုင်းအနေနဲ့ ဘယ်လောက်ကနေ ဘယ်လောက်ဆိုပြီး နှုန်းထားတော့ အတိအကျ ထွက်ပါပြီ။ အဲဒါကတော့ ၄၄၀၀ ကနေ ၆၄၀၀ ကြားထဲမှာ ရရှိတယ်။ ဒီနှုန်းထားက ရန်ကုန်တိုင်းမှာ စာရင်းကောက်ပြီး ရရှိတဲ့ အချက်အလက်တွေအရပေါ့။ အလုပ်သမားတွေကို စစ်တမ်းကောက်ယူပြီး ရရှိတဲ့ တစ်ရက်အနိမ့်ဆုံး လုပ်ခလစာ နှုန်းထားကို အမျိုးသားအဆင့်ကို အစောဆုံးက စက်တင်ဘာ နောက်ဆုံးအပတ်နဲ့ နည်းနည်းနောက်ကျမယ် ဆိုရင်တော့ အောက်တိုဘာ ပထမအပတ်လောက်မှာ တင်သွားဖို့ ရှိတယ်”ဟု ရန်ကုန်တိုင်း အနိမ့်ဆုံးလုပ်ခလစာ ပြန်လည်သတ်မှတ်ရေးကော်မတီမှ အလုပ်သမားကိုယ်စားလှယ် ဦးထွန်းဝေက ဆိုသည်။

ရန်ကုန်တိုင်းဒေသကြီး အနည်းဆုံး အခကြေးငွေ သတ်မှတ်ရေးစာတမ်းကော်မတီသည် လှိုင်သာယာ၊ ရွှေပြည်သာ၊ မြောက် ဥက္ကလာ၊ တောင်ဥက္ကလာ၊ တောင်ဒဂုံ၊ မြောက်ဒဂုံနှင့် ဒဂုံအရှေ့ စသည့် စက်မှုဇုန်များအတွင်း ရှိ စက်ရုံ၊ အလုပ်ရုံများမှ အလုပ်သမား ၄၀၀ အား လုပ်သားထု အခြေခံကုန်ကျစရိတ်စစ်တမ်း ကောက်ယူခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် တိုင်းဒေသကြီးနှင့် ပြည်နယ် ၁၄ ခုအပြင် နေပြည်တော်ကောင်စီတို့မှ အဆင့်အနိမ့်ဆုံး လုပ်ခလစာ ပြန်လည်သတ်မှတ်ရန်အတွက် သက်ဆိုင်ရာ တိုင်းဒေသကြီး နှင့် ပြည်နယ်အလိုက် အနိမ့်ဆုံးလုပ်ခလစာ နှုန်းထားများ ကောက်ယူပြီး အမျိုးသားအဆင့်ကို တင်ရမည်ဖြစ်သည်။

အမျိုးသားအဆင့်တွင် အလုပ်ရှင်နှင့် အလုပ်သမားတို့ နှစ်ဖက်အတွက် ဖြစ်နိုင်သည့် အနိမ့်ဆုံး လုပ်ခလစာနှုန်းထားတစ်ခုကို သတ်မှတ်မည်ဖြစ်ကြောင်း သိရသည်။

အမျိုးသားအဆင့်က သတ်မှတ်လိုက်သည့် ယင်းနှုန်းထားကို ပြည်ထောင်စုအဆင့်က အတည်ပြုပေးမည် ဖြစ်ကြောင်း သိရသည်။ ပြည်ထောင်စုအဆင့်က သတ်မှတ်လိုက်သည့် အနိမ့်ဆုံး လုပ်ခလစာနှုန်းကို အလုပ်ရှင် သို့မဟုတ် အလုပ်သမားများဘက်က ကျေနပ်မှုမရှိပါက ပြန်လည် ကန့်ကွက်နိုင်ကြောင်း သိရသည်။

၂၀၁၅ ခုနှစ်တွင် အနိမ့်ဆုံး လုပ်ခလစာကို တစ်ရက်လျှင် ကျပ် ၃၆၀၀ ဖြင့် သတ်မှတ်ခဲ့ပြီး နှစ်နှစ်အကြာတွင် တစ်ကြိမ် ပြန်လည်သုံးသပ်နိုင်သည် ဟူသော အနည်းဆုံးအခကြေးငွေ ဥပဒေအရ အလုပ်သမားများအား စစ်တမ်းများကောက်ယူ၍ မြန်မာနိုင်ငံ၏ ဒုတိယအကြိမ်မြောက် အနိမ့်ဆုံး လုပ်ခလစာနှုန်းထားကို ထပ်မံသတ်မှတ်ရန် လုပ်ဆောင်နေခြင်း ဖြစ်သည်။

လက်ရှိ သတ်မှတ်ထားသော အနိမ့်ဆုံး လုပ်ခလစာ ကျပ် ၃၆၀၀ ကို ကျေနပ်မှုမရှိသဖြင့် အလုပ်သမားများက လုပ်ခလစာ တိုးမြှင့်ပေးရန် ဆန္ဒထုတ်ဖော် တောင်းဆိုမှုများ ဖြစ်ပွားလျက် ရှိသည်။

၂၀၁၅ ခုနှစ်က အစိုးရသတ်မှတ်ထားသည့် အနိမ့်ဆုံး လုပ်ခလစာ တစ်ရက် ကျပ် ၃၆၀၀ သည် ကုန်ဈေးနှုန်းမြင့်တက်မှု၊ အိမ်ငှားစရိတ် မြင့်တက်မှု၊ အထွေထွေ ကုန်ကျစရိတ်မြင့်တက်မှု စသည်တို့ကြောင့် အလုပ်သမားများအတွက် လုံလောက်မှု မရှိတော့ကြောင်း သိရပြီး ဒုတိယအကြိမ်မြောက် ထပ်မံ သတ်မှတ်သည့် အနိမ့်ဆုံး လုပ်ခလစာအား တစ်ရက်လျှင် ကျပ် ၅၆၀၀ တိုးမြှင့်ပေးရန် အလုပ်သမားများ စုပေါင်း၍ ဆန္ဒထုတ်ဖော် တောင်းဆိုမှုများ ပြုလုပ်ခဲ့ဖူးသည်။

Most Read

Most Recent