ရခိုင်ပြည်နယ်အတွင်း အကြမ်းဖက်မှုများကို ရှုတ်ချကြောင်းနှင့် အစိုးရ၏ဆောင်ရွက်ချက်များကို ထောက်ခံကြောင်း တောင်ကိုရီးယားရောက် မြန်မာနိုင်ငံသား ရာနှင့်ချီ၍ ကုလသမဂ္ဂရုံးရှေ့တွင် ဆန္ဒထုတ်ဖော်

ရခိုင်ပြည်နယ်အတွင်း အကြမ်းဖက်မှုများကို ရှုတ်ချကြောင်းနှင့် အစိုးရ၏ဆောင်ရွက်ချက်များကို ထောက်ခံကြောင်း တောင်ကိုရီးယားရောက် မြန်မာနိုင်ငံသား ရာနှင့်ချီ၍ ကုလသမဂ္ဂရုံးရှေ့တွင် ဆန္ဒထုတ်ဖော်
Published 24 September 2017

 

ရခိုင်အရေးနှင့်ပတ်သက်၍ အကြမ်းဖက်မှုကိုရှုတ်ချကြောင်းနှင့် UN ၏မြန်မာနိုင်ငံအပေါ် ဖိအားပေးမှုကို ကန့်ကွက်ကြောင်း ဆိုးလ်မြို့ရှိ ကုလသမဂ္ဂရုံးရှေ့တွင် တောင်ကိုရီးယားရောက် မြန်မာများ ဆန္ဒထုတ်ဖော်နေစဉ် (ဓာတ်ပုံ-အောင်ကျော်ဇေယျ)

ရခိုင်ပြည်နယ်မြောက်ပိုင်း မောင်တောခရိုင်အတွင်း ARSA ဟုခေါ်သော ဘင်္ဂါလီအကြမ်းဖက်အဖွဲ့၏ အပြစ်မဲ့ပြည်သူများအား လက်နက်ကိုင် အကြမ်းဖက်လုပ်ရပ်အား ကန့်ကွက်ရှုတ်ချခြင်းနှင့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင် သော အစိုးရအဖွဲ့ကို ထောက်ခံခြင်းဆန္ဒပြပွဲ တစ်ရပ်ကို စက်တင်ဘာ ၂၄ ရက်က တောင်ကိုရီယားနိုင်ငံ ဆိုးလ်မြို့ရှိ ကုလသမဂ္ဂရုံးရှေ့တွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

ဆန္ဒပြပွဲအား စက်တင်ဘာ ၂၄ ရက် (တနင်္ဂနွေ) ဒေသစံတော်ချိန် မွန်းလွဲ ၂ နာရီမှ ညနေ ၃ နာရီခွဲအထိ တောင်ကိုးရီးယားနိုင်ငံ ဆိုးလ်မြို့ရှိ ကုလသမဂ္ဂရုံးရှေ့တွင် ပြုလုပ်ခဲ့ရာ ဆန္ဒပြပွဲသို့ ဆိုးလ်၊ ဘူချွန်း၊ အင်ချွန်း၊ ဘူဆန်၊ ဂင်မဲ၊ ဂွမ်ဂျူး၊ ဖျောင်းထက်၊ ယွီဂျွန်ဘူ၊ အန်ဆန်းမြို့များရှိ မြန်မာအသင်းအဖွဲ့များနှင့် နိုင်ငံတစ်ဝန်းမှ တက်ကြွသူများ အပါအဝင် ကိုရီးယားရောက် မြန်မာနိုင်ငံသား ရာနှင့်ချီ ပါဝင်ခဲ့ကြောင်း သိရသည်။

လက်ရှိအချိန်တွင် ARSA ဘင်္ဂါလီအကြမ်းဖက်အဖွဲ့၏ အကြမ်းဖက်လုပ်ရပ်ကို ကုလသမဂ္ဂနှင့် နိုင်ငံတကာအသိုင်းအဝိုင်းအများစုက အဖြစ်မှန်အတိုင်းမဟုတ်ဘဲ လွဲမှားစွာ သိရှိနေပြီး မိမိတို့နိုင်ငံအား ဖိအားပေးနေမှုအပေါ် တိုင်းရင်းနွယ်ဖွား မြန်မာနိုင်ငံသားတို့က ရဲဝံ့စွာပြန်လည်တုံ့ပြန်ခြင်းနှင့် ကိုရီးယား မီဒီယာများက သတင်းမှားထုတ်လွှင့်နေမှုအပေါ် ထောက်ပြရန် ဆန္ဒပြပွဲအားပြုလုပ်ရခြင်းဖြစ်ကြောင်း ရခိုင်အသင်း (ကိုရီးယား) မှ အထွေထွေအတွင်းရေးမှူး ဦးကိုကိုနိုင်က ပြောကြားသည်။

ဆန္ဒပြပွဲနေ့တွင် ရခိုင်အသင်း (ကိုရီးယား) အနေဖြင့် မြန်မာအသင်းအဖွဲ့များနှင့်အတူ ပူးပေါင်းဆောက်ရွက်ခဲ့ခြင်းဖြစ်ကာ 'ရိုဟင်ဂျာသည် မြန်မာပြည်တွင်မရှိ' စသော ကြွေးကြော်သံများအား ကြွေးကြော်ခြင်း၊ ဓာတ်ပုံ ဗီနိုင်းများ ကိုင်ဆောင် ဆန္ဒပြခဲ့ကြောင်း သိရသည်။

ကိုရီးယားရောက် မြန်မာနိုငိငံသားများ၏ သဘောထား ထုတ်ပြန်ကြေညာချက်နှင့် ပိုစတာကြွေးကြော်သံများကို ကိုရီးယား၊ အင်္ဂလိပ်၊ မြန်မာ သုံးဘာသာဖြင့် ရေးသား ဖြန့်ဝေခဲ့ပြီး ထုတ်ပြန်ကြေညာချက်ကို ကုလသမဂ္ဂရုံး တာဝန်ရှိသူထံ ပေးအပ်ခဲ့ကြောင်း သိရသည်။

ဆန္ဒပြပွဲအတွင်း ကိုရီးယားလူမျိုးတစ်ဦးက  Sanction on Myanmar, Call me Rohinja စာရွက်ကိုင်ပြီး လာရောက်နှောင့်ယှက်ခဲ့သော်လည်း အခြေအနေ ထိန်းနိုင်ခဲ့ပြီး ဆန္ဒပြပွဲကို အောင်မြင်စွာ ရုပ်သိမ်းလိုက်ကြောင်း ရခိုင်အသင်း (ကိုရီးယား) မှ အထွေထွေအတွင်းရေးမှူး ဦးကိုကိုနိုင်က ပြောကြားသည်။

ရခိုင်အရေးနှင့်ပတ်သက်၍ အကြမ်းဖက်မှုကိုရှုတ်ချကြောင်းနှင့် UN ၏ မြန်မာနိုင်ငံအပေါ် ဖိအားပေးမှုကို ကန့်ကွက်ကြောင်း ဆိုးလ်မြို့ရှိ ကုလသမဂ္ဂရုံးရှေ့တွင် တောင်ကိုရီးယားရောက် မြန်မာများ ဆန္ဒထုတ်ဖော်နေစဉ် (ဓာတ်ပုံ-အောင်ကျော်ဇေယျ)

“ကိုရီးယားနိုင်ငံသား ၅၀၀ လောက်  စက်တင်ဘာ ၂၄ ရက်မှာ ဆန္ဒပြကြတယ်။ အဓိက အကြောင်းရင်းက ရခိုင်မှာဖြစ်ပွားနေတာကို အစိုးရအနေနဲ့ အောင်မြင်စွာ ဖြေရှင်းနိုင်ဖို့ မျှော်လင့်တယ် ။ နောက်ထပ် ဒီလိုမဖြစ်အောင် ထိရောက်စွာ စိစစ်ကိုင်တွယ်ပေးစေချင်တယ်။ ဌာနေတိုင်းရင်းသားတွေ အေးချမ်းစွာ နေထိုင်လုပ်ကိုင် စားသောက်နိုင်ဖို့  ဖြစ်စေချင်လို့ ရည်ရွယ်ပြီး ဆန္ဒပြတာဖြစ်တယ်” ဟု ကိုရီးယားနိုင်ငံရောက် ကိုနေလင်းထွန်းက ပြောကြားသည်။

အဆိုပါ ဆန္ဒပြမူနှင့်ပတ်သက်ပြီး ထုတ်ပြန်ချက် တစ်စောင် ထုတ်ပြန်ခဲ့ရာ ထုတ်ပြန်ချက်တွင် ၂၀၁၇ ခုနှစ် သြဂုတ် ၂၅ ရက်၌ ARSA အကြမ်းဖက်သမားများက ရခိုင်ပြည်နယ် မောင်တောဒေသရှိ ရဲကင်းစခန်း ၄၀ကျော်ကို အကြမ်းဖက်တိုက်ခိုက်ခဲ့ကြောင်း၊ အကြမ်းဖက် သောင်းကျန်းသူများသည် ရဲစခန်းများသာမက ရခိုင်၊ မြို၊ သက်၊ မရမာကြီး၊ ဒိုင်းနက်လူမျိုးများနှင့် ဟိန္ဒူဘာသာဝင်များကိုလည်း သတ်ဖြတ်ခဲ့ကြောင်း၊ ARSA အကြမ်းဖက်သမားများသည် အဆိုပါဒေသရှိ နေရာများစွာကိုလည်း အကြမ်းဖက်မှုများ ဆက်လက်ပြုလုပ်သဖြင့် အပြစ်မဲ့လူပေါင်းများစွာ သေကျေပျက်စီး ဒဏ်ရာများရရှိခဲ့ကြောင်း၊ ထိုသို့အကြမ်းဖက်သမားများ၏ လုပ်ရပ်များကြောင့် မောင်တော၊ ဘူးသီးတောင်နှင့် ရသေ့တောင်ဒေသတို့တွင်နေထိုင်သော လူမျိုးများစွာသည် လုံခြုံရာဒေသများသို့ ပြောင်းရွှေ့ခဲ့ကြောင်း၊ ထိခိုက်မှုများအား ကမ္ဘာ့နိုင်ငံများက မသိရှိခဲ့ကြောင်း ဖော်ပြထားသည်။

ထို့ပြင် အကြမ်းဖက်သမားတို့၏အဓိက ရည်ရွယ်ချက်သည် ရခိုင်ပြည်နှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ နယ်နိမိတ်ချင်း ဆက်စပ်နေသော  နယ်စပ်စည်းကိုခိုးဝင်ပြီး တရားမဝင်ကျူးကျော်နေထိုင်သည့် ခိုးဝင်ဘင်္ဂါလီအများစု နေထိုင်ရာ ဘူးသီးတောင်၊ မောင်တောဒေသ ကို အပြီးအပိုင်သိမ်းပိုက်ရန် ကြိုးပမ်းမှုဖြစ်သဖြင့် ၎င်းငတို့၏လုပ်ရပ်သည် နိုင်ငံတော်၏ အချုပ်အခြာအာဏာကို ထိပါးကျူးကျော်ခြင်း ဖြစ်ကြောင်း၊ အဆိုပါသူများအနက်အချို့မှာ မြန်မာနိုင်ငံတွင် မျိုးဆက်ပေါင်းများစွာနေ ထိုင်ခဲ့ကြသူများဖြစ်သော်လည်း အများစုမှာ တစ်ဖက်နိုင်ငံမှ ပြောင်းရွှေ့နေထိုင်ကြသူ များဖြစ်သဖြင့် မြန်မာတိုင်းရင်းသားများ အစစ်အမှန် မဟုတ်ကြကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

ထို့ပြင် ကမ္ဘာမီဒီယာများနှင့် နိုင်ငံတကာ အသိုင်းအဝိုင်းတို့သည် သတ်ဖြတ်ခံတိုင်းရင်းသားများ၏ ခံစားမှုအား လျစ်လျူရှုပြီး အဆိုပါဘင်္ဂါလီများ၏ ဒုက္ခဆင်းရဲနှင့်ပတ်သက်သော  တစ်ဖက်သတ်မေးခွန်းများသာ ထုတ်ပြန်လာခြင်း၊  ကမ္ဘာ့ကုလသမဂ္ဂမှ လူမျိုးသုဉ်း သတ်ဖြတ်ခြင်းဟူသည့် ပြင်းထန်သည့်စကားလုံးအား စွပ်စွဲသတ်မှတ်ခြင်းများကို တွေ့မြင်ရကြောင်း၊ သို့သော် လက်ရှိအခင်းဖြစ်ပွားသောဒေသသည် အခင်းမဖြစ်ပွားမီကာလအတိုင်း ငြိမ်းချမ်းစွာနေထိုင်လျက်ရှိသော မွတ်စလင်ဘာသာဝင်များစွာ ဆက်လက်တည်ရှိနေခြင်းအား ထောက်ရှုပြီး ကုလသမဂ္ဂ၏ လူမျိုးသုဉ်းသတ်ဖြတ်ခြင်း အသုံးအနှုန်းသည် လွန်ကဲသည့် စွပ်စွဲချက်၊ တစ်ဖက်သတ်သုံးသပ်ချက်ဟု မှတ်ယူထားကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဆက်လက်ပြီး ထုတ်ပြန်ချက်တွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော မြန်မာအစိုးရအနေဖြင့် လူ့အခွင့်အရေးကို အလေးပေးသော ဆောင်ရွက်မှုများ၊ ဒေသတွင်းငြိမ်းချမ်းမှု၊ တည်ငြိမ်မှု၊ မတူကွဲပြားသော ဘာသာဝင်များနှင့် တိုင်းရင်းသားများအကြား သဟဇာတဖြစ်စွာ နေထိုင်ရေးသာမက ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် အစွမ်းကုန်ဖော်ဆောင်သွားမည်ဟု မိမိတို့ အပြည့်အဝယုံကြည်ကြောင်း၊ ထို့ပြင်ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားခဲ့သည့် အကြမ်းဖက် တိုက်ခိုက်မှုမျိုး ထပ်မံမပေါ်ပေါက်စေရန် ထိထိရောက်ရောက်တားဆီး ကိုင်တွယ်ပေးရန် မိမိတို့အနေဖြင့် မြန်မာအစိုးရနှင့်အတူ ရပ်တည်၍ လက်ရှိ ပြဿနာအား အမြန်ဆုံး ပြီးဆုံးစေရန် အထူးလိုလားပြီး သက်ဆိုင်ရာ အစိုးရများကိုလည်း မြန်မာပြည်၏ ဒီမိုကရေစီ ကူးပြောင်းရေးကာလအတွင်း စိန်ခေါ်မှုများ နှင့် အကဲဆတ်သည့် အခြေအနေများကို မိတ်ဆွေကောင်းပီသစွာဖြင့် အတူလက်တွဲပြီး ဝိုင်းဝန်းကူညီပေးခြင်းဖြင့် ငြိမ်းချမ်းသာယာဝပြောသော ဒီမိုကရေစီရရှိရေး ကြိုးပမ်းဆောင်ရွက်မှုကို ထောက်ခံပေးရန် ဖော်ပြထားသည်။

Most Read

Most Recent