NLD လွှတ်တော်ကိုယ်စားလှယ်အချို့ တာဝန်ထမ်းဆောင်ရာတွင် တာဝန်မကျေကြောင်းနှင့် ၎င်းထက် ပိုဆိုးသည်မှာ အချို့လွှတ်တော်ကိုယ်စားလှယ်များက ကိုယ်ကျိုးအတွက်ရည်ရွယ်ပြီး လုပ်သောကိစ္စများရှိကြောင်း ပါတီဗဟိုအလုပ်အမှုဆောင်အဖွဲ့ အတွင်းရေးမှူးအဖွဲ့ဝင် ပြောကြား

NLD လွှတ်တော်ကိုယ်စားလှယ်အချို့ တာဝန်ထမ်းဆောင်ရာတွင် တာဝန်မကျေကြောင်းနှင့် ၎င်းထက် ပိုဆိုးသည်မှာ အချို့လွှတ်တော်ကိုယ်စားလှယ်များက ကိုယ်ကျိုးအတွက်ရည်ရွယ်ပြီး လုပ်သောကိစ္စများရှိကြောင်း ပါတီဗဟိုအလုပ်အမှုဆောင်အဖွဲ့ အတွင်းရေးမှူးအဖွဲ့ဝင် ပြောကြား
Published 24 September 2017

 

NLD လွှတ်တော်ကိုယ်စားလှယ်အချို့ ကိုယ်စားလှယ်လုပ်ငန်းတာဝန်ကို ထမ်းဆောင်ရာတွင် တာဝန်မကျေကြောင်းနှင့် ၎င်းထက် ပိုဆိုးသည်မှာ အချို့လွှတ်တော် ကိုယ်စားလှယ်များက ကိုယ့်အကျိုးအတွက် ရည်ရွယ်ပြီး လုပ်သောကိစ္စများရှိကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) ဗဟိုအလုပ်အမှုဆောင်အဖွဲ့ အတွင်းရေးမှူးအဖွဲ့ဝင် ဦးဝင်းထိန်က ပြောကြားသည်။

ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ်ရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံး၌ စက်တင်ဘာ ၂၃ ရက်ကပြုလုပ်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်အဖွဲ့၊ ရန်ကုန်တိုင်းအလုပ်အမှုဆောင်အဖွဲ့၊ ရန်ကုန်တိုင်းအတွင်းရှိ လွှတ်တော်ကိုယ်စားလှယ်များနှင့် ရန်ကုန်တိုင်းအစိုးရအဖွဲ့တို့  ဒုတိယအကြိမ် တွေ့ဆုံညှိနှိုင်း အစည်းအဝေးတွင် ဦးဝင်းထိန်က အမှာစကားပြောရာတွင် အထက်ပါကဲ့သို့ ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။

တိုင်းနှင့်ပြည်နယ် အားလုံးနီးပါးသို့ သွားရောက်ခဲ့ပြီး အစိုးရအဖွဲ့၊ လွှတ်တော်ကိုယ်စားလှယ်များ တွေ့ဆုံခဲ့ကြောင်း၊ တစ်နှစ်ခွဲ ကာလအတွင်း အဖွဲ့ချုပ်လွှတ်တော်ကိုယ်စားလှယ်အချို့က ကိုယ့်ဘဝကိုယ် မေ့ကုန်ကြကြောင်း၊ ကိုယ်ဘာကြောင့် လွှတ်တော်ကိုယ်စားလှယ် ဖြစ်လာတယ်ဆိုတာကိုလည်း မဆန်းစစ်တော့ကြောင်း NLD ပါတီ ဗဟို အလုပ်အမှုဆောင်အဖွဲ့ အတွင်းရေးမှူးအဖွဲ့ဝင် ဦးဝင်းထိန်က ပြောကြားသည်။

“နောက်တစ်ချက်က တချို့လွှတ်တော်ကိုယ်စားလှယ်တွေက လွှတ်တော်ကိုယ်စားလှယ် လုပ်ငန်းတာဝန်ကို ထမ်းဆောင်တဲ့အခါမှာ တာဝန်မကျေကြဘူး။ ဒါလည်း ကျွန်တော်က ဒီလွှတ်တော် ကိုယ်စားလှယ်အားလုံးနဲ့ အရည်အချင်းနဲ့ပတ်သက်၍ သုံးသပ်တဲ့အဖွဲ့ မှာ ပါတဲ့အတွက်ကြောင့်မို့လို့ ဒီလိုပြောနိုင်တာ။ အဲဒီထက်ပိုဆိုးတာက တချို့လွှတ်တော် ကိုယ်စားလှယ်တွေက ဒါအကုန်လုံးလို့ဆိုလိုတာ မဟုတ်ဘူးနော် ကိုယ့်အကျိုးအတွက် ရည်ရွယ်ပြီးတော့မှ လုပ်တဲ့ကိစ္စလေးတွေပေါ် လာတယ်။ ပေါ်လာလို့ပဲ ဒီလိုအသံတွေ အမျိုးမျိုး ထွက်တဲ့အချိန်မှာ ကျွန်တော်တို့ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ လမ်းညွှန်ချက်အရ လွှတ်တော်ကိုယ်စားလှယ်များနဲ့ ပတ်သက်ပြီးတော့မှ တိုင်ကြားရေးအဖွဲ့ဖွဲ့ လိုက်ပြီးတော့မှ ဒေါက်တာမျိုးညွန့်ကို တာဝန်ပေးတယ်။ တာဝန်ပေးတော့ တိုင်စာတွေတက်လာတဲ့ အခါမှာ တိုင်စာတွေတော်တော်များများကတော့ အခြေအမြစ်မရှိဘူး။ မကျေနပ်လို့၊ မနာလိုလို့၊ ကိုယ့်အတ္တနဲ့ယှဉ်ပြီးတော့ တိုင်တာတွေများတယ်။ တကယ်တမ်း မှန်တဲ့ အမှုကတော့ အနည်းစုပါ။ ကျွန်တော်ထင်တယ်။ ငါးရာခိုင်နှုန်းတောင်မရှိဘူး။ သို့သော်လည်းပဲ ငါးရာခိုင်နှုန်းဆိုရင်လည်း ကျွန်တော်တို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အတွက်ကတော့ များတယ်လို့ပြောရမယ်”ဟု ဦးဝင်းထိန်က ပြောကြားသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ရည်မှန်းချက်များကို မျက်ကွယ်ပြုပြီး အချို့ပုဂ္ဂိုလ်များက ထင်ရာစိုင်းနေကြသည်မှာ ရန်ကုန်တိုင်းသာမက အခြားတိုင်းနှင့်ပြည်နယ်များတွင် အများကြီးရှိကြောင်းလည်း ဦးဝင်းထိန်က ဆက်လက်ပြောကြားသည်။

ထို့ပြင် ဦးဝင်းထိန်က “သို့သော်လည်းပဲ ကျွန်တော်တို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က အဖွဲ့ဝင်တွေပဲဆိုတဲ့ စိတ်နဲ့ စိတ်ရှည်ရှည်ထားပြီးတော့ ပြုပြင်ပြောင်းလဲပြီးတော့ ကိုယ်တို့လိုတဲ့ နိုင်ငံရေးလမ်းကြောင်းကို ရောက်အောင်ကြိုးစားပြီးတော့ ဆောင်ရွက်နေတယ်။ အဲဒီတော့ ဘယ်သူကို ရည်ရွယ်ပြီးပြောတယ် ဆိုတာကတော့ ကိုယ့်ကိုဆန်းစစ်ကြပါ။ တချို့က ပြဿနာတစ်ခုရှိတယ်။ ဒီဘက်သွားရင်တော့မှန်မယ်။ ဒီဘက်သွားရင် မှားမယ်။ အဲဒီလို မဟုတ်ဘဲနဲ့ ကြားခံလုပ်ပြီးတော့မှ မှန်သ လိုလို မှားသလိုလိုနဲ့ အမြတ်ထုတ်တဲ့ လွှတ်တော် ကိုယ်စားလှယ်တစ်ယောက်၊ နှစ်ယောက်ရှိတယ်။ ဒါတွေနဲ့ပတ်သက်လို့လည်း လိုအပ်သလို စုံစမ်းပြီးတော့ သတိပေးဖို့ရှိတယ်။ ပေးလည်းပေးမှာပါ” ဟု ဆိုသည်။

ရန်ကုန်တိုင်းအစိုးရအဖွဲ့၊ လွှတ်တော် ကိုယ်စားလှယ်များ၊ တာဝန်ရှိသည့်ပုဂ္ဂိုလ်များ တွေ့ဆုံပြီး ပုံမှန်အစည်းအဝေးပြုလုပ်ကာ ညှိနှိုင်းဆောင်ရွက်ခြင်းသည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် တည်တံ့ရေး၊ စည်းလုံးညီညွတ်ရေး၊ မြန်မာနိုင်ငံ ဒီမိုကရေစီထွန်းကားရေးတို့အတွက် အားပေးအားမြှောက်ဖြစ်မည် ဖြစ်ကြောင်း ဦးဝင်းထိန်က ပြောကြားသည်။

ထို့ပြင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ရွေးကောက်ပွဲကြေညာစာတမ်းကို လွှတ်တော်ကိုယ်စားလှယ်များ ပြန်ဖတ်ရန်နှင့် မဲ ဆန္ဒရှင်ပြည်သူလူထုအတွက် ဘယ်လောက်အထိ ဆောင်ရွက်ပေးနိုင်မလဲဆိုသည်ကို ပြန်လည်ဆန်းစစ်ရန် ဦးဝင်းထိန်က တိုက်တွန်းပြောကြားသည်။

Most Read

Most Recent