မြိုင်ကြီးငူ စစ်ဘေးဒုက္ခသည်စခန်းတွင် ဆန်နှင့် စားနပ်ရိက္ခာ နှစ်ရက်စာသာ ကျန်ရှိ၍ အလှူရှင် အရေးတကြီး လိုအပ်နေဟု သိရ

မြိုင်ကြီးငူ စစ်ဘေးဒုက္ခသည်စခန်းတွင် ဆန်နှင့် စားနပ်ရိက္ခာ နှစ်ရက်စာသာ ကျန်ရှိ၍ အလှူရှင် အရေးတကြီး လိုအပ်နေဟု သိရ
Published 23 September 2017

မြိုင်ကြီးငူ စစ်ဘေးဒုက္ခသည်စခန်းရှိ စစ်ဘေးဒုက္ခသည်များအား တွေ့ရစဉ် (ဓာတ်ပုံ-ကိုစောဝင်းစိုး)

ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ် မြိုင်ကြီးငူသာသနာ့နယ်မြေ စစ်ဘေးဒုက္ခသည်စခန်းတွင် ဆန်နှင့် စားနပ်ရိက္ခာ နှစ်ရက်စာသာ လုံလောက်တော့မည်ဖြစ်၍ အလှူရှင် အရေးတကြီး လိုအပ်နေကြောင်း ကူညီကယ်ဆယ်ရေးလုပ်သူများထံမှ သိရသည်။

ကရင်ပြည်နယ်၊ မဲသဝေါဒေသတွင် ယခင်နှစ်က ဖြစ်ပွားခဲ့သည့် တိုက်ပွဲများကြောင့် ဒေသခံကျေးရွာပေါင်း ၃၀ ကျော်မှ ဒေသခံတိုင်းရင်းသား ၅၀၀၀ ကျော် အိုးအိမ်စွန့်ခွာကာ မြိုင်ကြီးငူသာသနာ့နယ်မြေသို့ ရှောင်ပြေးခဲ့ရသော်လည်း ယခုထိ အိမ်မပြန်ရသေးကြောင်း သိရသည်။

ယခုနှစ်တွင် တစ်ကျော့ပြန် ဖြစ်ပွားလာသည့် ချုံခိုတိုက်ခိုက်မှုများကြောင့် မြိုင်ကြီးငူ မဲသဝေါသွား ကားလမ်းသွားလာမှု မဲ့ခဲ့ကာစစ် ဘေးဒုက္ခသည်ပြည်သူများ စားသောက်ရေး ဆန်နှင့်ရိက္ခာများလည်း နောက်နှစ်ရက်စာခန့်သာ ရှိတော့သည်ဟု ဆိုသည်။

လူမှုကူညီရေးနှင့် ပရဟိတလုပ်ငန်းများ ဆောင်ရွက်နေသူ ကိုစောဝင်းစိုးက “မြိုင်ကြီးငူ စစ်ဘေးဒုက္ခသည်စခန်းမှာ ဆန်နဲ့စားနပ်ရိက္ခာ နှစ်ရက်စာလောက်ပဲ ကျန်ရှိပါတော့တယ်။ သက်ကြီးရွယ်အိုနဲ့ ကလေးငယ်တွေအတွက် ရတက်မအေး ဖြစ်နေရပါတယ်၊၊ ရိက္ခာအတွက် အလှူရှင် အရေးကြီး လိုအပ်နေပါတယ်” ဟု ဆိုသည်။

ဇူလိုင်လဆန်းပိုင်းက ရင်းမှိုင်းတံတားတွင် ဆွဲမိုင်းခွဲခံပြီး ရဲဘော်သုံးယောက်မိုင်းထိကာ တစ်ယောက်သေသွားခဲ့သည့်နောက်ပိုင်း မြိုင်ကြီးငူ-မဲသဝေါ သွားကားလမ်း၌ အသွားအလာ ရပ်ထားခဲ့ကြောင်းလည်း သိရသည်။

“မကြာခဏ ချုံခိုတိုက်ခိုက်တာတွေ ရှိနေတော့ ကျုံထော်ရေတံခွန်လည်း အသွားအလာ ပိတ်ထားတယ်။ အခုဆိုရင် စစ်ဘေးဒုက္ခသည် ပြည်သူတွေလည်း စားသောက်ရေး ပိုမိုခက်ခဲလာပြီး စိတ်ပူနေမိတယ်” ဟု ၎င်းက ဆက်လက်ပြောကြားသည်။

ယခင်နှစ်က ဖြစ်ပွားခဲ့သည့် တိုက်ပွဲများကြောင့် မြိုင်ကြီးငူဒေသတွင် ခိုလှုံနေရသူ ၅၁၂၆ ဦး ရှိနေသေးပြီး စားနပ်ရိက္ခာအတွက် ပြည်သူလူထု လှူဒါန်းမှုများကိုသာ မျှော်လင့်နေရကြောင်း သိရသည်။

မြေမြှုပ်မိုင်းရှင်းလင်းရေးကို မဆောင်ရွက်နိုင်သေးသည့်အတွက် မိမိကျေးရွာများသို့ ပြန်ရန်ခက်ခဲလျက်ရှိသည်။

စစ်ဘေးဒုက္ခသည်များ၏ သားသမီးငယ်များ ပညာရေး မလစ်ဟင်းစေရေးအတွက် သက်ဆိုင်ရာက စီစဉ်ဆောင်ရွက်မှုဖြင့် သူငယ်တန်းမှ စတုတ္ထတန်းထိ ကျောင်းသူကျောင်းသား ၅၀၀ ကျော်အား ပညာသင်ကြားပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါ စစ်ဘေးဒုက္ခသည် ပြည်သူများ၏ သားသမီးငယ်များ ပညာရေးအတွက် အေးလင်းသာ ကျောက်စာကွင်းရှိ ကားရုံတွင် သူငယ်တန်းမှ စတုတ္ထတန်းထိ ကျောင်းသားသူ ၄၁၃ ဦးအား ဆရာဆရာမရှစ်ဦးဖြင့် ပညာသင်ကြားပေးလျက်ရှိပြီး မြတ်ပန်းဝတ်မှုံ ဓမ္မာရုံအတွင်း၌ ဆရာဆရာမခြောက်ဦးဖြင့် ပညာသင်ကြားပေးလျက်ရှိသည်။

၂၀၁၆ ခုနှစ် သြဂုတ် ၃၁ ရက် DKBA မှ ကြေညာချက်ထုတ်ပြီးနောက် စက်တင်ဘာ ၂ ရက် ည ၆ နာရီခွဲ မဲသဝေါအနီး ဘယ်လာရွတ်ရှိ BGF တပ်ရင်း (၁၀၁၂) လုံခြုံရေးယူထားသော စခန်းများကို RPG လောင်ချာများဖြင့် စတင်ပစ်ခတ် တိုက်ပွဲဖြစ်ပွားပြီး စက်တင်ဘာ ၉ ရက်တွင် ပြီးဆုံးခဲ့သော်လည်း ယနေ့အချိန်အထိ နယ်မြေအေးချမ်းမှု၊ လုံခြုံမှုမရှိသေးဘဲ ဒေသခံစစ်ဘေးဒုက္ခသည်ပြည်သူများမှာ မြိုင်ကြီးငူတွင် ခိုလှုံနေရဆဲဖြစ်ကာ ယခုအခါ ဆန်နှင့်စားနပ်ရိက္ခာ အခက်အခဲ ဖြစ်လျက်ရှိကြောင်း သိရသည်။

Most Read

Most Recent