မောင်တောဒေသသည် တိုင်းရင်းသားတို့၏ မူရင်းဒေသ အမှန်ဖြစ်သဖြင့် အကြမ်းဖက်မှု ဖြစ်စဉ်ကြောင့် နေရပ် စွန့်ခွာလာကြသည့် တိုင်းရင်းသားများ မိမိနေရပ်သို့ ပြန်လည်အခြေချရန် တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တိုက်တွန်း

မောင်တောဒေသသည် တိုင်းရင်းသားတို့၏ မူရင်းဒေသ အမှန်ဖြစ်သဖြင့် အကြမ်းဖက်မှု ဖြစ်စဉ်ကြောင့် နေရပ် စွန့်ခွာလာကြသည့် တိုင်းရင်းသားများ မိမိနေရပ်သို့ ပြန်လည်အခြေချရန် တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တိုက်တွန်း
Published 22 September 2017

တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် စက်တင်ဘာ ၂၁ ရက် မွန်းလွဲက စစ်တွေမြို့ ဦးဥတ္တမခန်းမတွင် ဒေသခံပြည်သူများနှင့် တွေ့ဆုံစဉ် (ဓာတ်ပုံ- ဝင်းမောင်)

မောင်တောဒေသသည် တိုင်းရင်းသားတို့၏ မူရင်းဒေသ အမှန်ဖြစ်သဖြင့် အကြမ်းဖက်မှု ဖြစ်စဉ်ကြောင့် နေရပ်စွန့်ခွာလာကြသည့် တိုင်းရင်းသားများ မိမိနေရပ်ဒေသသို့ ပြန်လည် သွားရောက်အခြေချရန် တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တိုက်တွန်း ပြောဆိုခဲ့သည်။

ရခိုင်ပြည်နယ်အတွင်း နိုင်ငံတော်လုံခြုံရေးနှင့် ကာကွယ်ရေးတာဝန်များကို သက်စွန့်ကြိုးပမ်း ထမ်းဆောင်နေသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် ARSA အစွန်းရောက် ဘင်္ဂါလီအကြမ်းဖက်သမားများ၏ အကြမ်းဖက်တိုက်ခိုက်မှု ဖြစ်စဉ်များကြောင့် နေရပ်စွန့်ခွာ တိမ်းရှောင်နေကြသည့် ဒေသခံပြည်သူများအား ထောက်ပံ့ပစ္စည်း ပေးအပ်ခြင်းနှင့် နယ်စပ်ခြံစည်းရိုး ကာရံရန်အတွက် တတိယအကြိမ် အလှူငွေပေးအပ်ခြင်း အခမ်းအနားကို ရခိုင်ပြည်နယ် စစ်တွေမြို့ ဦးဥတ္တမခန်းမတွင် စက်တင်ဘာ ၂၁ ရက် မွန်းလွဲ ၂ နာရီက ပြုလုပ်ခဲ့ပြီး တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက် အမှာစကားပြောကြားရာတွင် ထိုသို့ ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။

“ဒီနေရာမှာလည်း တိုင်းရင်းသားရွာတွေကို ပြန်လည် ထူထောင်ရေးနဲ့ ပတ်သက် ပြီးတော့ ကျွန်တော်တို့ မဖြစ်မနေ လုပ်ရမယ့် ကိစ္စရပ်တွေက ဘာလဲဆိုတော့ နေရပ်စွန့်ခွာလာတဲ့ တိုင်းရင်းသားတွေ နံပါတ် (၁) အချက် မိမိနေရပ်ဒေသကို ပြန်ပြီးတော့ သွားရောက်ဖို့ ဖြစ်ပါတယ်။ မနက်ကလည်း ကျွန်တော် မောင်တောမှာ ဒါကို ကျယ်ကျယ်ပြန့်ပြန့် အချိန်ကြာကြာယူပြီးတော့ ရှင်းပြပါတယ်။ အဓိက ကတော့ ကိုယ့်နယ်မြေထဲမှာ ကျွန်တော်တို့ လူတွေရှိနေဖို့ နံပါတ် (၁) အချက် အရေးကြီးပါတယ်။ ပြီးရင် ကျွန်တော်တို့ နယ်မြေကို ကျွန်တော်တို့ တိုင်းရင်းသားတွေနဲ့ ထိန်းချုပ်နိုင်တဲ့ အနေအထားမျိုး ရှိနေဖို့လိုပါတယ်။ ကျွန်တော်တို့ လူမရှိဘဲနဲ့ ဘာမှလုပ်လို့မရဘူး။ ကျွန်တော်တို့ တိုင်းရင်းသားမရှိဘဲ ဘာမှလုပ်လို့မရဘူး။ တိုင်းရင်းသားရှိဖို့ လိုတယ်။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့ တိုင်းရင်းသားတွေက မူရင်းဒေသအမှန်ပဲ ဖြစ်ပါတယ်။ ကျွန်တော်ဒီမှာ တိုင်းမှူးတာဝန် ထမ်းဆောင်တဲ့အခါ ဒီမှာရှိတဲ့ ကျွန်တော့်ဆွေမျိုးတွေ ရှိပါတယ်။ သူတို့ ဘယ်လို ဒုက္ခရောက်ကြသလဲဆိုတာ ပြောပြတယ်။ ပြောပြတဲ့အခါမှာ တချို့ဆိုရင် ဘူးသီးတောင် မှတ်ပုံတင် ကိုင်တဲ့လူတွေ ရှိပါတယ်။ ဆိုလိုတာကတော့ လက်ရှိအနေအထားမှာ အဲဒီဒေသမှာ မဟုတ်ဘဲ ဒီပြင်ဒေသကို ရောက်ရှိနေကြတဲ့ အထဲက ဖြစ်နိုင်မယ် ဆိုလို့ရှိရင် သက်ဆိုင်ရာနေရာကို ပြန်ပြီးတော့ ကိုယ့်နေရာမှာ တိုးတက်ရာ တိုးတက်ကြောင်း အဲဒီမှာ ရင်းနှီးမြှုပ်နှံပြီးတော့ စီးပွားရေးအရ ရင်းနှီးမြှုပ်နှံပြီး လုပ်မယ်ဆိုလို့ရှိရင် လုပ်ဖို့အတွက် တိုက်တွန်းလိုတယ်။ ကိုယ့်နိုင်ငံ တိုးတက်ဖို့ဆိုရင် ကိုယ့်ပြည်သူပြည်သားတွေ လုပ်ရပါမယ်။ ကျွန်တော် တစ်နေ့က ပြင်ဦးလွင်မှာ စစ်ဘက်ဥပဒေ တက်ရောက်နေတဲ့ အရာရှိကြီးတွေကို ဗိုလ်မှူးကြီးတွေ ၂၀ လောက် ရှိပါတယ်။ ကျွန်တော် တွေ့ပါတယ်။ သူတို့ကို ကျွန်တော်ပြောပြတယ်။ တပ်မတော် ကောင်းဖို့ဆိုရင် တပ်မတော်က လုပ်ရလိမ့်မယ်။ ကိုယ့်တိုင်းပြည် ကောင်းဖို့ဆိုရင် ကိုယ့်တိုင်းပြည်မှာ ရှိတဲ့လူတွေကပဲ ကောင်းအောင် လုပ်ရလိမ့်မယ်။ ကိုယ့်ဒေသ ကောင်းအောင် လုပ်ချင်လို့ဆိုရင် ကိုယ့်ဒေသမှာရှိတဲ့ လူတွေကပဲ လုပ်ရလိမ့်မယ်။ သူများဒေသက လုပ်မယ်ဆိုတာ သူ့အတွက် အကျိုးအမြတ် ရှိမယ့်သူက သွားပြီးလုပ်တာ။ သူ့အတွက် အကျိုးအမြတ် မရှိဘူးဆိုရင် သွားပြီး လုပ်ဖို့အတွက် ခဲယဉ်းလိမ့်မယ်။ ဒီလို ပြောပါတယ်။ ပြည်ပနိုင်ငံများက လာပြီးတော့ ကျွန်တော်တို့ တိုင်းပြည်ကို ကူညီပေးတယ်ဆိုရင် ကူညီတဲ့လူတွေ ရှိသလိုပဲ တချို့လည်း သူတို့တွေ အကျိုးစီးပွားဖြစ်ထွန်းဖို့ လာလုပ်တဲ့သူတွေ ရှိပါတယ်။ ဒါကိုလည်း မျှော်လင့်ပြီး လုပ်နေလို့ မရဘူး။ ဥစ္စာလိုရင် ဥစ္စာရင်းခဲ ကိုယ့်လည်း ကြိုးစားပြီး လုပ်ဖို့ လိုလိမ့်မယ်။ ကျွန်တော် ဒီလိုပဲပြောခဲ့တယ်။ တကယ်စေတနာနဲ့ ပြောခဲ့တဲ့စကား ဖြစ်ပါတယ်။ ရခိုင်ပြည်နယ်ပဲ တိုးတက်စေချင်တယ်ဆိုရင် ရခိုင်ပြည်နယ်မှာရှိတဲ့ လူတွေက ရခိုင်ပြည်နယ် တိုးတက်ရာ တိုးတက်ကြောင်းကို အဓိကထားပြီး လုပ်စေချင်ပါတယ်။ အကြမ်းဖက်မှုကြောင့် ထွက်ပြေး တိမ်းရှောင်လာရတဲ့ ဘူးသီးတောင်၊ မောင်တောဒေသ ဆိုရင်လည်း ဒီဒေသ ပြန်လည်ထူထောင်ရေး ပြန်လည်ဖွံ့ဖြိုး တိုးတက်ရေး ဆိုလို့ရှိရင် အဲဒီဒေသမှာနေတဲ့ တိုင်းရင်းသားတွေကပဲ အဓိကထားပြီးတော့ လုပ်ဖို့လိုလိမ့်မယ်။ အဲဒီလို လုပ်နိုင်ဖို့အတွက် ကျွန်တော်တို့ ကူညီပေးရလိမ့်မယ်။ ဘာတွေ ကူညီပေးမလဲ။ နံပါတ်(၁) အချက်က နေရေး၊ အခုနက ပြောတဲ့ ပျက်စီးသွားတဲ့ နေရာတွေမှာနေရေး ကူညီပေးရမယ်။ သွားရေး လာရေးကောင်းဖို့အတွက် လမ်းပန်း ဆက်သွယ်ရေးကောင်းအောင် လုပ်ပေးရလိမ့်မယ်။ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ဖို့အတွက် နည်းလမ်းရှာပေးရမယ်။ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုရှိမှ ကုန်ထုတ်လုပ်ငန်း ရှိမယ်။ ကုန်ထုတ်လုပ်ငန်းရှိမှပဲ အရောင်းအဝယ် ကောင်းမယ်။ အရောင်းအဝယ် ဖွံ့ဖြိုးတိုးတက်မှုရှိမှပဲ ရောင်းလို့ရတဲ့ပစ္စည်း ရှိမယ်။ ရောင်းလို့ရမယ့် ပစ္စည်းတွေကလည်း အသိပညာ အတတ်ပညာ လိုမယ်။ အသိပညာ၊ အတတ်ပညာအတွက် ဆိုရင်လည်း ပညာရေးကောင်းအောင် လုပ်ရမယ်။ ဒါတွေကြောင့် ကျောင်းတွေ ဖွင့်ဖို့အတွက် ကြိုးစားနေတာ ဖြစ်ပါတယ်။ ရခိုင်ပြည်နယ် အစိုးရကလည်း ကျောင်းတွေ မြန်မြန်ဖွင့်ဖို့အတွက် ကြိုးစားနေပါတယ်။ ကျောင်းသူကျောင်းသားတွေ မပျက်မကွက် တက်နိုင်အောင် ကြိုးစားရမယ်။ ဒီနေ့ ပညာရေးမှာ တာဝန်ရှိတဲ့ ဆရာ၊ ဆရာမတွေ တော်တော်များများ လာကြပါတယ်။ သူတို့ပြောကြပါတယ်။ ပြောကြတဲ့အခါကျတော့ ကျွန်တော်တို့လည်း တတ်နိုင်သလောက် ကူညီပေးမယ်။ နယ်မြေဒေသ မတည်ငြိမ်ရင် တည်ငြိမ်အောင် တပ်အင်အားရအောင် ထည့်ပေးမယ်။ တပ်တွေ ထည့်တယ် ဆိုတာကလည်း တပ်တွေ ထည့်ချင်တိုင်း ထည့်လို့မရဘူး။ ကျွန်တော်တို့အပေါ် မျက်စိဒေါက်ထောက် ကြည့်နေတဲ့ ပြဿနာရှာဖို့ လုပ်နေတဲ့လူတွေ အများကြီးရှိတယ်။ သူတို့ ပြဿနာမရှာနိုင်ဖို့ ကျွန်တော်တို့မှာ ဥပဒေနဲ့ညီအောင် ထိန်းထိန်းသိမ်းသိမ်း လုပ်ရတယ်။ တစ်ဆိတ်ကို တစ်အိတ်ဖြစ်အောင် လုပ်မယ့်လူတွေက အဆင်သင့်ရှိတယ်။ ဒါတွေကိုလည်း ကျွန်တော်တို့ သတိထားရမယ်။ ကိုယ့်အချင်းချင်း ပြဿနာရှာဖို့ ကြိုးစားနေတဲ့သူတွေလည်း ရှိတယ်။ ပြည်ပကလည်း ပြဿနာရှာဖို့ ကြိုးစားနေတဲ့သူတွေ ရှိတယ်။ ဒါကြောင့် ကျွန်တော်တို့အနေနဲ့ တော်တော်လေး သတိတရားထားပြီးတော့ လုပ်ရတဲ့အခြေအနေ ရှိပါတယ်။ ဒါကြောင့် ကျန်တဲ့ ဒေသတည်ငြိမ် အေးချမ်းအောင် လုပ်တဲ့အချိန်မှာ တပ်မတော် တစ်ခုတည်း၊ လုံခြုံရေးတပ်ဖွဲ့တွေ တစ်ခုတည်း လုပ်လို့မရဘူး။ ပြည်သူလူထုကလည်း ပါဖို့လိုပါတယ်။ ပြည်သူကလည်း ပါပြီး လုပ်ပေးကြပါ။ ဝိုင်းဝန်း ကူညီပေးဖို့ မေတ္တာရပ်ခံခဲ့ပါတယ်”ဟု တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားသည်။

ထို့ပြင် တည်ငြိမ်အေးချမ်းမှုရှိလျှင် ကိုယ့်ဒေသကို ပြန်ပြီး ဒေသဖွံ့ဖြိုး တိုးတက်ရေးအတွက် ဝိုင်းဆောင်ရွက်ပေးကြရန် တိုက်တွန်းခဲ့ပြီး အနိဋ္ဌာရုံများကို မြန်မြန်ပျောက်သွားရေး ဆောင်ရွက်ရန် လိုအပ်သလို မူလအခြေအနေ ပြန်လည်ဖြစ်အောင် လုပ်ရမည်ဟု ကာကွယ်ရေးဦးစီးချုပ်က ပြောကြားသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် မင်းအောင်လှိုင်က “ကျွန်တော်ပြောချင်တာကတော့ သင့်တင့်လျောက်ပတ်တဲ့ အချိန်ရောက်ပြီ ဆိုလို့ရှိရင် တည်ငြိမ်အေးချမ်းမှု ရှိပြီဆိုလျှင် ကိုယ့်နေရာဒေသကို ပြန်ပြီးတော့ ကိုယ့်နေရာဒေသ ဖွံ့ဖြိုး တိုးတက်ရေးအတွက် ဝိုင်းဝန်း လုပ်ဆောင်ပေးကြဖို့ ကျွန်တော် ပြောလိုပါတယ်။ မေတ္တာရပ်ခံလိုပါတယ်။ တိုက်တွန်းလိုပါတယ်။ ကျွန်တော်တို့ ဒီဒေသမှာ ရှိတဲ့လူတွေကလည်း ပျက်စီးဆုံးရှုံးသွားတဲ့ နေရာတွေမှာ ပြန်လည်ထူထောင်ရေး လုပ်တဲ့အချိန်မှာ အကျိုးဖြစ်နိုင်ဖို့အတွက် ဝိုင်းဝန်းအားပေး ကူညီပေးဖို့ ပြောလိုပါတယ်။ လမ်းပေါ်မှာလည်း ကြည့်ပြီးတော့ ကျွန်တော်နဲ့ပါလာတဲ့ ဝန်ကြီးတွေကိုပြောပြတယ်။ တို့ ဒါတွေကို ပြန်လုပ်မှ ရမယ်။ ပြန်ရောက်လို့ရှိရင် ဒီလိုတင်ပြပြီး ဆောင်ရွက်မှ ရမယ်။ ဒီလိုပြောခဲ့တာ ရှိပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် အနိဋ္ဌာရုံတွေ မြန်မြန်ပျောက်သွားဖို့ လိုပါတယ်။ ကျွန်တော်တို့ မူအခြေအနေ ပြန်လည်ပြီး ဖြစ်အောင်လုပ်ကြဖို့ လိုပါတယ်လို့ ပြောလိုပါတယ်။ ကျွန်တော်တို့ သွားကြည့်တဲ့ အချိန်မှာ တချို့လူတွေ ဘုန်းကြီးကျောင်းတွေ ဖျက်ဆီးခံရတာ ရှိပါတယ်။ တချို့ရွာတွေမှာ ဘုရားကျောင်းကန်တွေ ဖျက်ဆီးခံခဲ့ရတာ ရှိပါတယ်။ အိမ်တွေ မီးလောင်တာတွေတော့ ပြောမနေနဲ့ တော့ အများကြီးပဲ”ဟု ပြောကြားသည်။

တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေ၊ နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယ ဗိုလ်ချုပ် ကြီး ရဲအောင်၊ ကာကွယ်ရေးဦးစီးချုပ် (လေ) ဗိုလ်ချုပ်ကြီး ခင်အောင်မြင့်နှင့် ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ လိုက်ပါပြီး ရခိုင်ပြည်နယ် စစ်တွေမြို့သို့ စက်တင်ဘာ ၁၉ ရက်က ရောက်ရှိခဲ့ပြီး ဘူးသီးတောင်၊ မောင်တောဒေသများသို့ သွားရောက်ခဲ့ကြောင်း သိရသည်။

Most Read

Most Recent