မြစ်သာမြစ်ရေ စတင် ကျဆင်းလာသော်လည်း ရေဘေးကယ်ဆယ်ရေး စခန်းများတွင် ရေဘေးဒုက္ခသည် တစ်သောင်းနီးပါး ရှိလာပြီး ကလေးမြို့နှင့် ဆက်သွယ်ထားသော လမ်းအချို့ ပြတ်တောက်နေဆဲဖြစ်

မြစ်သာမြစ်ရေ စတင် ကျဆင်းလာသော်လည်း ရေဘေးကယ်ဆယ်ရေး စခန်းများတွင် ရေဘေးဒုက္ခသည် တစ်သောင်းနီးပါး ရှိလာပြီး ကလေးမြို့နှင့် ဆက်သွယ်ထားသော လမ်းအချို့ ပြတ်တောက်နေဆဲဖြစ်
Published 22 September 2017

ကလေးမြို့နယ် အနောက်မြောက်ဒေသရှိ ဆည်ကြီးချောင်း ရေကြီးနေ၍ ယာယီပြုပြင်ထားသော ဝါးတံတားတွင် ဖြတ်သန်းနေကြသူများအား တွေ့ရစဉ် (ဓာတ်ပုံ-အောင်သူထွန်း)

မြစ်သာမြစ်ရေသည် စက်တင်ဘာ ၂၁ ရက် တိုင်းထွာချက်များအရ စတင် ကျဆင်းလာပြီဖြစ်ပြီး ရေဘေးကယ်ဆယ်ရေး စခန်းများတွင် ရေဘေးဒုက္ခသည် တစ်သောင်းနီးပါးခန့် ရောက်ရှိနေပြီး ကလေးမြို့နှင့် ဆက်သွယ်ထားသော လမ်းအချို့လည်း ပြတ်တောက်နေဆဲဟု သိရသည်။

“ဒီနေ့ ရာသီဥတု လက်ရှိအခြေအနေအရဆိုရင် ချင်းတောင်ပေါ် မှာ မိုးကလည်း လျော့နည်းနေပြီ ။ လေဖိအားနည်းရပ်ဝန်းကလည်း အိန္ဒိယနိုင်ငံ သြရိသကမ်းခြေကို ဝင်ရောက်သွားပြီ ဖြစ်တဲ့အတွက် ဒီကနေ့ မနက် ၇ နာရီ ခန့်မှန်းချက်မှာလည်း ဘင်္ဂလား ပင်လယ်အော်မှာ မုတ်သုန်လေ အားအသင့်အတင့်ပဲ ရှိတယ်။ နေရာကွက်ပြီး မိုးကြီးနိုင်တာတွေ မရှိတော့တဲ့အတွက် ရာသီဥတု အခြေအနေက ကောင်းမွန်နေပါတယ်။ မြစ်သာမြစ်ရေ ဒီနေ့ အခြေအနေကလည်း မနက် ၁၀ နာရီခွဲက စပြီးတော့ မြစ်ရေက အနည်းငယ် ကျဆင်းလာပြီ။ အခုဆို နေ့လယ်၂ နာရီခွဲအထိ တိုင်းထွာချိန် ၄ နာရီအတွင်းမှာ ခြောက်စင်တီမီတာ (၂ လက်မ) ကျော် ကျဆင်းနေတာ တွေ့ရပါတယ်။ နောက်ရက် အခြေအနေအရတော့ ဒီနေ့ နေ့လယ်၂ နာရီ ခန့်မှန်းချက်မှာလည်း မြစ်သာမြစ်ရေဟာ ကလေးမြို့၊ ပြင်သာမှာ စိုးရိမ်ရေမှတ်အထက်မှာ ခုနစ်ပေလောက် ရောက်နေတယ်။ နောက်နှစ်ရက်အတွင်းမှာ သုံးပေလောက် ကျဆင်းနိုင်ပြီးတော့ ဒီမြို့ရဲ့ စိုးရိမ်ရေမှတ်အထက်မှာ ဆက်လက် တည်ရှိနိုင်တယ်ဆိုပြီး ခန့်မှန်းချက် ထုတ်ပြန်ထားပါတယ်။ ရာသီဥတု ဆိုတာကတော့ အချိန်မရွေး ပြောင်းလဲနိုင်တာဖြစ်လို့ စောင့်ကြည့် တိုင်းထွာ ထုတ်ပြန်သွားမှာပါ” ဟု ကလေးခရိုင် မိုးဇလဌာနမှ ဦးစီးအရာရှိ ဦးတင်စိုးက ပြောကြားသည်။

ရေကြီးရေလျှံမှုကြောင့် ရေဘေးဒုက္ခသည်များကို ဒုက္ခသည်စခန်း ၁၇ ခု ဖွင့်လှစ်ထားပြီး ဒုက္ခသည် တစ်သောင်းနီးပါးခန့် ရှိသည်ဟု သိရသည်။

“ဒီနေ့ ၁၀ နာရီ အထိကတော့ လူဦးရေ စုစုပေါင်း ၉၈၅၈ ယောက်၊ အိမ်ခြေ ၂၀၈၉၊ အိမ်ထောင် စု ၂၁၇၃၊ ကျွန်တော်တို့ ဌာနကတော့ လောလောဆယ်တော့ လူတစ်ယောက်ကို ကျပ် ၂၁၀၀ ထောက်ပံ့တာပေါ့။ လူပေါင်း ၅၀၀၀ ကျော်တော့ ထောက်ပံ့ပြီးပြီ။ ထောက်ပံ့တာကတော့ သိန်း ၁၂၆ သိန်း ငါးသောင်းလောက် ရှိပါပြီ” ဟု ကလေးမြို့ လူကယ်ပြန်ဌာနမှ ဦးမြတ်ဇော်ထွန်းက ပြောကြားသည်။

“မြစ်သာမြစ် ရေလျှံတာက ၁၈ ရက် လောက်က စလျှံတာ။ မြို့ပေါ်ကိုတော့၂၀ ရက်လောက်က ရောက်လာတာ။ မြစ်သာမြစ်နဲ့ တစ်မိုင်နဲ့ တစ်ဖာလုံ ဝန်းကျင်လောက်အထိ မြစ်သာမြစ်ရေ ရောက်လာတာပေါ့။ အခုဆိုရင် ကတ္တရာလမ်းပေါ် တစ်ပေကျော်ကျော် ရှိနေပါတယ်။ ကျွန်တော်တို့ အိမ်ကလည်း ရေဝင်ပါတယ်။ ပြောင်းတာရွှေ့တာ မရှိပါဘူး။ အောက်ထပ်ကတော့ ရေဝင်ပါတယ်။ ရေကတော့ အကျဘက်ကို ရောက်နေပါတယ်။ မနက်ဖြန်ဆိုရင်တော့ ကတ္တရာလမ်းပေါ်က အားလုံး လျော့သွားမယ် ထင်ပါတယ်” ဟု အောင်မြေမာန်ရပ်ကွက်မှ ကိုဝင်းဆွေက ပြောကြားသည်။

ကလေးမြို့ အနောက်မြောက် ဒေသတွင်လည်း တောင်ကျချောင်းရေကြောင့် တံတားများ မျောပါပျက်စီးခဲ့ပြီး သွားလာရေးများလည်း ပြတ်တောက်လျက်ရှိကာ စက်တင်ဘာ ၂၀ ရက်မှ စ၍ ကိုယ်ထူကိုယ်ထ ပြုပြင်နေသည်ဟု သိရသည်။

“ဒီတံတား ပျက်စီးတာ စက်တင်ဘာ ၁၉ ရက်ကစပြီး ပျက်စီးတာပါ။ အခုဆိုရင် သုံးရက်ရှိပါပြီ။ သာရေး၊ နာရေးမှာပဲ ဖြစ်ဖြစ်၊ လူသွားလာရတာ ကျောင်းသားတွေရော အကုန်ဒုက္ခရောက်တာ။ တံတားကို ကိုယ်ထူကိုယ်ထနဲ့ လုပ်တာ။ နောက်ပိုင်းမှာတော့လင်းခေါဂရုက လာကူညီပေးတယ်။ လိုအပ်တာလေးတွေ ဖြစ်ဖြစ် စားဖို့ သောက်ဖို့ပဲ ဖြစ်ဖြစ်။ ကျွန်တော်တို့က သံကြိုးဝယ်တယ်။ တာယာကြိုးဝယ်တယ်။ ရွာကနေ တစ်အိမ်ကို ဝါးတစ်လုံး စုထားပြီး စလာတာပါ။ တံတားမရှိတော့ ရွာပေါင်း ၂၀ လောက် ဒုက္ခရောက်ပါတယ်။ ဒီတံတားက ဒီကနေ့ ညနေပိုင်းဆို ပြီးလောက်မှာပါ ။ ဆည်ကြီးချောင်း အခြေအနေက တော်တော်လေး ကျသွားပါပြီ။ အခက်အခဲကတော့ လူပန်းတာ တစ်ခုပါပဲ။ ဝါးလုံးတွေ တန်းတာကတော့ တော်တော်လေး စွန့်စွန့်စားစား လုပ်ကြရပါတယ်” ဆည်ကြီးကျေးရွာမှာ ဦးဗွိုက်ထွမ်းက ပြောကြားသည်။

ကလေးမြို့နယ် မြောက်စည်းကျေးရွာတွင်လည်း နန်းကသည်းချောင်း (မဏိပူရ်မြစ်) ကမ်းထိန်းနံရံသည် ပေ ၂၀၀ ခန့် ပြိုကျ ပျက်စီးခဲ့ပြီး ကလေး - ကလေး၀ - တမူး ကားလမ်းဖြစ်သော ကလေး - ကျီကုန်းလမ်းပေါ်သို့ ရေတက်နေမှုကြောင့် နယ်စပ် ကုန်သွယ်ရေးလမ်းကြောင်းပါ ပြတ်တောက်နေသည်ဟု သိရသည်။

ကလေးမြို့ အနောက်မြောက်ဒေသ လမ်းပန်းဆက်သွယ်ရေးနှင့် ပတ်သက်၍ ဆည်ကြီးတံတား ပြန်လည်ပြုပြင်ရေး လုပ်ဆောင်ရာတွင် ပါဝင်ခဲ့သူ ကိုဂျေကေက “ကျွန်တော်တို့ အဖွဲ့က လူအခွင့်အရေးနဲ့ ငြိမ်းချမ်းရေးအဖွဲ့ကပါ။ အရေးပေါ် ကယ်ဆယ်ရေးတွေ လုပ်ပေးတယ်။ ကျွန်တော်တို့ ဝါးတန်းလေးတွေအပေါ်ကို တန်းရတာ တစ်ဆင့်ချင်းစီ တန်းရတာ မြင့်ကလည်း မြင့်တယ်ဆိုတော့ တော်တော် စွန့်စားရတယ်။ ခက်လည်းခက်ခဲတယ်။ ဝါးတန်းလေးတွေ တန်းပြီး လူကိုင်လို့ ရအောင် အောက်ဘက်ကို တစ်ဆင့် ပြန်တန်းပေးတယ်။ ဒီဟာလုပ်ပြီးရင် ကြိုးတန်းလေးတွေ ချပြီး ဝါးတန်းလေးတွေနဲ့ လူကူးလို့ရအောင် လုပ်မယ်။ ဒီဘက်ပြီးသွားရင်တော့ ဟိုဘက်ခြမ်းမှာလည်း ရေစီးနေတယ်။ အစိုးရကတော့ ရေမစီးအောင်ဆိုပြီး ရေလမ်းကို ဖယ်နေတယ်။ တကယ်လို့ ရေက စီးနေတုန်းပဲဆိုရင်တော့ ဟိုတစ်ဖက်ခြမ်းကိုလည်း ဒီဘက်လိုပဲ လုပ်ဖို့လိုတယ် ။ ဒီတံတားတွေကို ချောင်းအကျယ်ထက်ပိုတဲ့ တံတားတွေကို ဆောက်ပေးစေချင်တယ်။
အခုဆိုရင် အရေးပေါ် ဆေးရုံပြရတာတို့၊ မနေ့ကဆို ဟိုဘက်က လှေနဲ့သွားရတယ်။ လူနဲ့ကယ်ပြီး ဆွဲရတာတွေရှိတယ်။ စားနပ်ရိက္ခာ ကုန်ခြောက်တွေ မြို့နဲ့ အဆက်သွယ်ပြတ်တဲ့အချိန်မှာ အခက်အခဲရှိတယ်။ ဒီဆည်ကြီးချောင်းကတော့ လူက နှစ်တိုင်းလိုလို မျောတယ်။ ဒီနှစ်တော့ မမျောဘူးသေးဘူး။ ဒီလမ်းကြောင်းက ကလေးမြို့ အနောက်မြောက်ဘက်ရယ် ချင်းပြည်နယ် တီးတိန်မြို့နယ် ရွာကလူတွေ အသုံးပြုတဲ့လမ်း ဖြစ်တယ်။ ဒီတံတား အသုံးပြုလို့မရတော့ ရွာကလူတွေ အခက်အခဲ အများကြီးရှိတယ်”ဟု သိရသည်။

ကလေးမြို့ပေါ်ရှိ ပရဟိအသင်းအဖွဲ့များကလည်း ခေါက်ဆွဲခြောက်များ ပေးဝေခြင်း၊ ရေသန့်များ လှူဒါန်းခြင်းနှင့် ထမင်းထုပ်များ ဝေခြင်းများကို လုပ်ဆောင်ပေးလျက် ရှိသည်ဟု သိရသည်။

Most Read

Most Recent