ရခိုင်အရေးနှင့် ပတ်သက်၍ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ပြောကြားမှုများအား ထပ်လောင်းပြောကြားပြီး နိုင်ငံတကာ အသိုက်အဝန်းအနေဖြင့် မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေး၊ သာယာဝပြောရေးနှင့် ဒီမိုကရေစီရရှိရေး ကြိုးပမ်းဆောင်ရွက်မှုများကို ဆက်လက် ထောက်ခံပေးရန် ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ ကုလသမဂ္ဂ အထွေထွေညီလာခံတွင် ပြောကြား

ရခိုင်အရေးနှင့် ပတ်သက်၍ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ပြောကြားမှုများအား ထပ်လောင်းပြောကြားပြီး နိုင်ငံတကာ အသိုက်အဝန်းအနေဖြင့် မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေး၊ သာယာဝပြောရေးနှင့် ဒီမိုကရေစီရရှိရေး ကြိုးပမ်းဆောင်ရွက်မှုများကို ဆက်လက် ထောက်ခံပေးရန် ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ ကုလသမဂ္ဂ အထွေထွေညီလာခံတွင် ပြောကြား
Published 22 September 2017

ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ စက်တင်ဘာ ၂၀ ရက်က (၇၂) ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံ အထွေထွေမူဝါဒရေးရာ ဆွေးနွေးပွဲသို့ တက်ရောက် မိန့်ခွန်းပြောကြားစဉ် (Photo: Myanmar President office)

ရခိုင်အရေးနှင့် ပတ်သက်၍ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ပြောကြားမှုများအား ထပ်လောင်းပြောကြားပြီး နိုင်ငံတကာ အသိုက်အဝန်းအနေဖြင့် မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေး၊ သာယာဝပြောရေးနှင့် ဒီမိုကရေစီရရှိရေး ကြိုးပမ်းဆောင်ရွက်မှုများကို ဆက်လက် ထောက်ခံပေးရန် ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူက (၇၂) ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံ အထွေထွေမူဝါဒရေးရာ ဆွေးနွေးပွဲ၌ မိန့်ခွန်းပြောကြားရာတွင် ထည့်သွင်းပြောကြားသည်။

(၇၂) ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံ အထွေထွေမူဝါဒရေးရာ ဆွေးနွေးပွဲ ဒုတိယနေ့ကို စက်တင်ဘာ ၂၀ ရက်တွင် အမေရိကန်နိုင်ငံ နယူးယောက်မြို့ ကုလသမဂ္ဂ ဌာနချုပ်ရှိ အထွေထွေညီလာခံခန်းမ (General Assembly Hall) ၌ ကျင်းပရာ ဒေသစံတော်ချိန် ည ၈ နာရီတွင် ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ တက်ရောက်၍ အထွေထွေမူဝါဒရေးရာ မိန့်ခွန်းပြောကြားရာတွင် ထိုသို့ပြောကြားခဲ့ခြင်း ဖြစ်သည်။

ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ၏ ၁၈ မိနစ်ခန့် ကြာမြင့်သည့် အဆိုပါ အထွေထွေမူဝါဒ မိန့်ခွန်းတွင် မြန်မာနိုင်ငံအနေဖြင့် ကမ္ဘာ့ရာသီဥတု ပြောင်းလဲမှုဆိုင်ရာ အပြည်ပြည်ဆိုင်ရာ ပါရီသဘောတူညီချက်တွင် အတည်ပြု ပါဝင်ခဲ့သည့် ကိစ္စရပ်၊ နိုင်ငံအတွင်း အမျိုးသားပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး တည်ဆောက်မှုဆိုင်ရာ ကိစ္စရပ်များ နှင့် ရခိုင်ပြည်နယ်တွင် ရေရှည်တည်တံ့သော အဖြေရရှိရေးအတွက် မြန်မာအစိုးရ၏ ကြိုးပမ်းဆောင်ရွက်မှုဆိုင်ရာ ကိစ္စရပ်အခြေအနေများကို ထည့်သွင်းပြောကြားသည်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်သည် နိုင်ငံအတွင်း အမျိုးသားပြန်လည် ရင်ကြားစေ့ရေးနှင့် ငြိမ်းချမ်းရေး ရရှိရေးအတွက် မြန်မာအစိုးရ၏ ကြိုးပမ်းဆောင်ရွက်နေမှု အခြေအနေများကို နိုင်ငံခြား သံတမန်များအား စက်တင်ဘာ ၁၉ ရက်က ဖိတ်ခေါ်ပြောကြားသည့် အခြေအနေများကို ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူက ရှင်းလင်းပြီးနောက် ၎င်း၏မိန့်ခွန်းတွင် ရခိုင်ပြည်နယ် အရေးကိစ္စအား နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ပြောကြားခဲ့သည့် အချက်အလက်များအပေါ် ဒုတိယသမ္မတက ထပ်လောင်း ရှင်းလင်းပြောကြားသည်။

ဒုတိယသမ္မတက ရခိုင်ပြည်နယ်တွင် မကြာသေးမီက ဖြစ်ပွားခဲ့သည့် ဖြစ်စဉ်များသည် ငြိမ်းချမ်းရေး၊ သာယာဝပြောရေးနှင့် ဒီမိုကရေစီရေးအတွက် မိမိတို့ လျှောက်လှမ်းရမည့် ခရီးရှည်ကြီးတွင် ကြုံတွေ့ရမည့် ခက်ခဲသည့် စိန်ခေါ်မှုများ ဖြစ်ကြောင်းကို ထိခိုက်နာကျင်စေရသော သတိပေးချက် တစ်ခုပင်ဖြစ်ကြောင်း၊ သို့သော် ပြီးခဲ့သည့်နှစ်က ယခုစင်မြင့်ထက်တွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ပထမအကြိမ် မိန့်ခွန်းပြောကြားခဲ့စဉ်ကအတိုင်း မိမိတို့၏ ငြိမ်းချမ်းရေး ကတိကဝတ်ဟာ မယိမ်းမယိုင် ခိုင်ခိုင်မာမာ ဆက်လက် တည်ရှိနေသည်ကို ထပ်လောင်း ပြောကြားလိုကြောင်း၊ အဆိုပါ ကတိကဝတ်ကို အကောင်အထည်ဖော်ရာတွင် အမျိုးသားပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို အဓိကဦးစားပေးအဖြစ် သတ်မှတ် ဆောင်ရွက်လျက် ရှိပါကြောင်း နှင့် လွတ်လပ်ခြင်း၊ တရားမျှတခြင်း၊ သာတူညီမျှ အခွင့်အရေးရှိခြင်းနှင့် ကိုယ့်ကြမ္မာကိုယ် ဖန်တီးနိုင်ခြင်းဆိုသည့် မူများအပေါ် အခြေခံသော ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံ ဖြစ်ပေါ်လာရေးသည် မိမိတို့၏ ရှင်းလင်းပြတ်သားသည့် မျှော်မှန်းချက်ပင် ဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစုပင်လုံ ဒုတိယအစည်းအဝေးကို မေလအတွင်းက ကျင်းပနိုင်ခဲ့ပြီး အခြေခံမူ ၃၇ ချက်အား ပြည်ထောင်စု သဘောတူစာချုပ်၏ အစိတ်အပိုင်းအဖြစ် လက်မှတ် ရေးထိုးနိုင်ခဲ့သည့် အခြေအနေများကို ဒုတိယသမ္မတက ရှင်းလင်းပြောကြားသည်။

“အဲဒီလို စစ်မှန်တဲ့တိုးတက်မှုများ ရရှိလျက် ရှိနေသော်လည်း ကျွန်တော်တို့ ရှေ့ဆက်လျှောက်ရမယ့် လမ်းဟာ ရှည်လျားပြီး ရှုပ်ထွေးခက်ခဲတယ် ဆိုတာကို သိထားပါတယ်။ ကျွန်တော်တို့ရဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းမှုဟာ အကဲဆတ်တဲ့ အနေအထားမှာ ရှိပါတယ်။ ယခုလို နိုင်ငံတော်ရဲ့သမိုင်းမှာ အရေးပါတဲ့ အနေအထားကို ရောက်နေတဲ့အချိန်မှာ နိုင်ငံတကာ အသိုက်အဝန်းအနေနဲ့ ကျွန်တော်တို့ရဲ့ ငြိမ်းချမ်းရေး၊ သာယာဝပြောရေးနဲ့ ဒီမိုကရေစီရရှိရေး ကြိုးပမ်းဆောင်ရွက်မှုတွေကို ဆက်လက်ပြီး ထောက်ခံပေးကြဖို့ကို ပန်ကြားလိုပါတယ်” ဟု ဒုတိယသမ္မတက ပြောကြားသည်။

ထို့ပြင် ဒုတိယသမ္မတက ရခိုင်ပြည်နယ် အရေးကိစ္စသည် လက်ရှိ မြန်မာအစိုးရ နိုင်ငံ့တာဝန်များကို စတင် ထမ်းဆောင်ခဲ့သည့် အချိန်မှစပြီး အစိုးရ၏ ထိပ်တန်းဦးစားပေး ကိစ္စတစ်ရပ်ဖြစ်ကြောင်း၊ ရခိုင်ပြည်နယ်တွင် ငြိမ်းချမ်းမှုနှင့် တည်ငြိမ်မှု ပြန်လည်ဖော်ဆောင်ရေး၊ ဒေသတွင်း နေထိုင်ကြသည့် လူမှုအသိုက်အဝန်းများအကြား သဟဇာတမျှတမှု မြှင့်တင်နိုင်ရေးအတွက် အစိုးရအနေဖြင့် ကြိုးပမ်းဆောင်ရွက်လျက် ရှိနေကြောင်း ပြောကြားသည်။

ထို့အတူ ၂၀၁၇ ခုနှစ် သြဂုတ် ၂၄ ရက်တွင် မစ္စတာ ကိုဖီအာနန် ဦးဆောင်သည့် ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်၏ အပြီးသတ် အစီရင်ခံစာကို ထုတ်ပြန်ခဲ့ကြောင်း၊ ယခု ညီလာခံကြီးသည် အကြံပေးကော်မရှင်၏ အရေးကြီးသည့် သုံးသပ်ချက်များကို အကောင်အထည်ဖော်ရာတွင် မိမိတို့ ရရှိခဲ့သော တိုးတက်မှုများကို ကမ္ဘာကသိအောင် ပြောကြားရန် အခွင့်အလမ်းတစ်ရပ် ဖြစ်မည်ဟု မူလက မျှော်လင့်ထားခဲ့သော်လည်း ARSA ဟုခေါ်သည့် အကြမ်းဖက်အုပ်စု၏ တိုက်ခိုက်မှုများ စတင်ပြုလုပ်ခဲ့ပြီး နောက်ပိုင်း ရခိုင်ပြည်နယ်တွင် ဖြစ်ပေါ်နေသည့် လက်ရှိ အခြေအနေများကိုသာ အလေးထားပြောကြားရမည့် အနေအထား ဖြစ်လာခဲ့ကြောင်း ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူက ပြောကြားသည်။

ယင်းကဲ့သို့ ARSA အဖွဲ့၏ အကြမ်းဖက်တိုက်ခိုက်မှုများကြောင့် ဒေသတွင်းရှိ အသိုက်အဝန်းအားလုံး အစုလိုက်အပြုံလိုက် နေရပ်စွန့်ခွာမှုများ ဖြစ်ပေါ်လာစေခဲ့ပြီး မိမိတို့၏ နေအိမ်များကို စွန့်ခွာ ထွက်ပြေးမှုများသည် မွတ်စလင်များနှင့် ရခိုင်တိုင်းရင်းသားများ သာမကဘဲ လူနည်းစု တိုင်းရင်းသားများဖြစ်သည့် ဒိုင်းနက်၊ မြို၊ သက်၊ မရမာကြီးနှင့် ဟိန္ဒူဘာသာဝင်များလည်း အပါအဝင်ဖြစ်ကာ ထိုသို့ တိုင်းရင်းသား လူနည်းစုတွေ ရှိနေခြင်းနှင့် ထိခိုက်ခံစားခဲ့ကြရသည်ကို ကမ္ဘာ့နိုင်ငံ အတော်များများမှ မသိရှိကြကြောင်း ၎င်းက ပြောကြားသည်။

“ မြန်မာနိုင်ငံအစိုးရက ရခိုင်ပြည်နယ်ရဲ့ လက်ရှိ အခြေအနေအပေါ် လွန်စွာ စိုးရိမ်လျက်ရှိတယ် ဆိုတာကို ရှင်းလင်းစွာ သိစေလိုပါတယ်။ အသက်ဆုံးရှုံးခဲ့ရတဲ့ ရဲနှင့်လုံခြုံရေး တပ်ဖွဲ့ဝင်တွေနဲ့ အပြစ်မဲ့ ပြည်သူတွေရဲ့ မိသားစုဝင်နဲ့ မိတ်ဆွေတွေအတွက် များစွာ ဝမ်းနည်းမိပါတယ်။ ဒါဟာ အလွန်ကြီးမားတဲ့ သက်ရောက်မှုရှိတဲ့ ပြဿနာတစ်ရပ်ဆိုတာ အငြင်းပွားစရာ မရှိပါဘူး” ဟု ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူက ပြောကြားသည်။

ရခိုင်ပြည်နယ် အခြေအနေသည် ရှုပ်ထွေးပြီး မိမိကြုံတွေ့ရသည့် စိန်ခေါ်မှုများသည်လည်း ကြီးမားကြောင်း၊ သို့သော် စိန်ခေါ်မှုများကို ကိုင်တွယ်ဖြေရှင်းနိုင်ရန် ဘက်စုံ အမျိုးသား မဟာဗျူဟာတစ်ရပ်ကို ချမှတ်ထားပြီး ဖြစ်ကြောင်း၊ အစိုးရအနေဖြင့် ရခိုင်ပြည်နယ်၏ စိန်ခေါ်မှုများကို ဖြေရှင်းနိုင်ရန် လိုအပ်သည့် ရေရှည်မဟာဗျူဟာစီမံချက် ချမှတ်ဆောင်ရွက်မှု လုပ်ငန်းစဉ်များကို အကြမ်းဖက် လှုပ်ရှားမှုများက ဟန့်တားနှောင့်ယှက်နိုင်မှု မရှိစေရေးအတွက် ကြိုးပမ်း ဆောင်ရွက်လျက်ရှိကြောင်း ဒုတိယသမ္မတက ပြောကြားသည်။

အလားတူ ဒုတိယသမ္မတက ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်၏ အကြံပြုချက်များကို အကောင်အထည်ဖော်ရေးကော်မတီ ဖွဲ့စည်းထားသည့်အပြင် ပြည်တွင်းနှင့် နိုင်ငံတကာက ထင်ရှားသည့်ပုဂ္ဂိုလ်များ ပါဝင်သော အကြံပေး ဘုတ်အဖွဲ့ ဖွဲ့စည်းသွားရန်လည်း ရှိကြောင်း၊ ကော်မရှင်၏ အကြံပြုချက်များသည် မိမိတို့အတွက် ရှင်းလင်းသည့် လမ်းပြမြေပုံ တစ်ခုဖြစ်ကြောင်း၊ ကော်မရှင်၏ အကြံပြုချက်များအား အကောင်အထည်ဖော်ရေးကော်မတီ အနေဖြင့် ပြီးခဲ့သည့် ရက်သတ္တပတ်မှ စတင်ကာ လုပ်ငန်းတာဝန်များကို စတင်ဆောင်ရွက်နေပြီ ဖြစ်ကြောင်းနှင့် မိမိတို့၏ လုပ်ငန်းအစီအစဉ် အချို့ကို မျက်မြင်လာရောက် ကြည့်ရှုရန် လေ့လာသူများကိုလည်း ဖိတ်ကြားသွားမည် ဖြစ်ကြောင်း ပြောကြားသည်။

ဒုတိယသမ္မတက ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်သို့ မွတ်စလင်အများအပြား ထွက်ပြေးနေကြဆဲ ဖြစ်ကြောင်း သတင်းများအပေါ် စိုးရိမ်မှုဖြစ်မိပြီး ထိုသို့ ရွှေ့ပြောင်းတိမ်းရှောင်ခြင်း၏ အကြောင်းရင်းကို ရှာဖွေဖို့ လိုအပ်သလို မရွှေ့ပြောင်းဘဲ ဆက်လက် နေထိုင်ကြသည့် မွတ်စလင်အများအပြား ရှိနေသည်ကို လူသိနည်းနေကြကြောင်း ပြောကြားသည်။

ယင်းအပြင် ရခိုင်ပြည်နယ်မှာ လူသားချင်းစာနာမှု အကူအညီပေးအပ်ရေးအတွက် အကူအညီ လိုအပ်နေကြသည့် ပြည်သူများအားလုံး ခွဲခြားဆက်ဆံမှုမရှိဘဲ အကူအညီများအား လက်ခံရရှိစေရေးအတွက် ဆောင်ရွက်သွားရန် ဆုံးဖြတ်ချက် ချမှတ်ထားကြောင်း နှင့် လူသားချင်း စာနာထောက်ထားရေး လုပ်ငန်းများအတွက် နိုင်ငံတော်က ရန်ပုံငွေနှင့် အရင်းအမြစ် အများအပြားကို ခွဲဝေချမှတ်ထားပြီး ဖြစ်ကြောင်း ဒုတိယသမ္မတက ရှင်းလင်းပြောကြားသည်။

မည်သည့်ပုံစံနှင့် အသွင်သဏ္ဌာန်ဖြင့် ကျူးလွန်သည့် အကြမ်းဖက်မှုကို ပြစ်တင်ရှုတ်ချရာတွင် မြန်မာနိုင်ငံအနေနှင့် ကျန်ကမ္ဘာ့နိုင်ငံများ အားလုံးနှင့်အတူ တစ်သားတည်း ရပ်တည်လျက်ရှိကြောင်းနှင့် မည်သည့် အကြမ်းဖက်မှုကိုမဆို မိမိတို့အနေဖြင့် ခွင့်လွှတ်ရန် မဖြစ်နိုင်ကြောင်း ဒုတိယသမ္မတက ပြောကြားသည်။

Most Read

Most Recent