ICRC မှ ဘူးသီးတောင်သို့ တင်ပို့ရန် ပြင်ဆင်နေသော ပစ္စည်းများအား ပွင့်လင်းမြင်သာမှု မရှိဟုဆိုကာ ဖွင့်ဖောက်စစ်ဆေးရန် တောင်းဆိုရာမှ လူစုလူဝေးဖြစ်ပေါ်နေ

ICRC မှ ဘူးသီးတောင်သို့ တင်ပို့ရန် ပြင်ဆင်နေသော ပစ္စည်းများအား ပွင့်လင်းမြင်သာမှု မရှိဟုဆိုကာ ဖွင့်ဖောက်စစ်ဆေးရန် တောင်းဆိုရာမှ လူစုလူဝေးဖြစ်ပေါ်နေ
Published 21 September 2017

စစ်တွေမြို့နယ်၊ ဆတ်ရိုးကျ ကယ်ဆယ်ရေးစခန်းအနီး ဆတ်ရိုးကျချောင်းအတွင်း ICRC မှ ဘူးသီးတောင်သို့ စက်လှေဖြင့် တင်ပို့ရန် ပြင်ဆင်နေသော ပစ္စည်းများအား ပွင့်လင်းမြင်သာမှု မရှိဟုဆိုကာ ဖွင့်ဖောက်စစ်ဆေးရန် တောင်းဆိုရာမှ လူစုလူဝေးဖြစ်ပေါ်လျက်ရှိနေပြီး ရဲတပ်ဖွဲ့ဝင်များက လူအုပ်ကြီးအား တားဆီးကာ လူစုခွဲရန် ပြင်ဆင်လျက်ရှိကြောင်း သိရသည်။

ညနေ ၄ ခွဲ အချိန်ခန့်တွင် ဆတ်ရိုးကျ ကယ်ဆယ်ရေးစခန်းအနီး ဆတ်ရိုးကျချောင်းအတွင်း စက်လှေပေါ်သို့ တင်နေသော ပစ္စည်းများအား ဒေသခံများ တွေ့ရှိရာမှ ပွင့်လင်းမြင်သာမှု မရှိဟု ပြောဆိုခဲ့ရာမှ လူစုလူဝေးများ ဖြစ်ပေါ်လာခဲ့ကြောင်း၊ ယင်းကြောင့် ရဲတပ်ဖွဲ့မှ အဆိုပါ စက်လှေအား မည်သည့်နေရာသို့မျှ မထွက်ခွာရန် ထိန်းထားခဲ့သော်လည်း ညပိုင်းတွင် လူစုလူဝေး ပိုမိုများပြား လာခဲ့သဖြင့် လူစုခွဲရန် ပြင်ဆင်နေကြောင်းလည်း စစ်တွေခရိုင်ရဲတပ်ဖွဲ့မှူးက ပြောသည်။

"ကျွန်တော်တို့ လောလောဆယ် လုစုခွဲဖို့ လုပ်ဆောင်နေပါတယ်၊ လောလောဆယ်တော့ ဒီလောက်သာ ပြောပါစေ" ဟုလည်း ပြောကြားခဲ့ပါသည်။

ည ၉ နာရီခန့်တွင် မီးသတ်ကားများဖြင့် လူအုပ်အားဖြိုခွင်းရန် စောင့်ဆိုင်းနေသည့် အနေအထားကိုလည်း တွေ့ရှိရကြောင်းနှင့် ၉ နာရီခွဲတွင် ရဲတပ်ဖွဲ့မှ လူစုခွဲရန် ပြောကြားနေပြီ ဖြစ်ကြောင်းလည်း ယင်းနေရာသို့ ရောက်ရှိနေသော ဒေသခံတစ်ဦးက ပြောသည်။

"လက်ရှိအချိန်မှာ နိုင်ငံတကာ အဖွဲ့တွေရဲ့ အကူအညီကို ရယူလိုခြင်း မရှိတဲ့အချိန် တစ်ပြည်နယ်လုံး ဆန္ဒထုတ်ဖော်ထားတဲ့ အချိန်မှာ ICRC အဖွဲ့က အခုလိုမျိုး လုပ်တာတော့ ခက်တာပေါ့။ ဘင်္ဂါလီတွေကို တစ်ဘက်သတ် အားပေးနေခဲ့တဲ့ နိုင်ငံတကာ အဖွဲ့အစည်းတွေကို ဒေသခံတွေ သဘောမကျ ဖြစ်နေချိန်မှာ စက်လှေနဲ့ ပစ္စည်းတွေတင်တော့ ဒေသခံတွေက စစ်ဆေးဖို့ တောင်းဆိုတာကနေ လူစုလူဝေး ဖြစ်နေတာပါ။ အခုဆိုရင် လူအုပ်က ရာနဲ့ချီပြီး ဖြစ်နေပြီ။ သုံးလေးရာလောက် ရှိမယ်ထင်တယ်။ ရဲကလည်း လူစုကိုခွဲဖို့ ပြင်ဆင်နေတာ တွေ့ရပါတယ်။ တားဆီးနေပါတယ်" ဟုလည်း ဦးသန်းဌေးကပြောသည်။

လက်ရှိတွင် ၁၀ နာရီ အချိန်ထိ လူစုလူဝေး များပြားနေဆဲ ဖြစ်ကြောင်း ယင်းနေရာသို့ ရောက်ရှိသူများက ပြောဆိုကြသည်။

စစ်တွေမြို့တွင် လွန်ခဲ့သည့် စက်တင်ဘာ ၁၆ ရက်နေ့ ညပိုင်းကလည်း ကြက်ခြေနီပစ္စည်းများ တင်ဆောင်လာသည့် ကားတစ်စီး လမ်းမှားပြီး ဟိုတယ်ဆင်းလမ်းအနီးသို့ ရောက်ရှိသွားသည့်အတွက် ဒေသခံများ အတင်အမြင် လွဲမှားကာ လူစုလူဝေး ဖြစ်ပေါ်ခဲ့ပြီး ဆရာတော်ကြီးများမှ ကြားဝင်ဖျန်ဖြေပေးကာ အဆိုပါကားပေါ်မှ ပစ္စည်းများကို ပြန်လည်ပေးအပ်ခဲ့ရသည့် ဖြစ်ရပ်လည်း ဖြစ်ပွားခဲ့ကြောင်း သိရသည်။

Most Read

Most Recent