မြစ်သာမြစ်ရေ စိုးရိမ်ရေမှတ်သို့ ကျော်လွန်နေပြီး ကလေးမြို့နယ် အတွင်းရှိ ကျေးရွာများ၊ ရပ်ကွက်များတွင် ရေကြီးရေလျှံကာ တံတားအချို့ မျောပါပျက်စီးမှုကြောင့် လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်ပြီး ရေဘေးဒုက္ခသည် ၅၀၀၀ ကျော်အထိ ရှိနေ

မြစ်သာမြစ်ရေ စိုးရိမ်ရေမှတ်သို့ ကျော်လွန်နေပြီး ကလေးမြို့နယ် အတွင်းရှိ ကျေးရွာများ၊ ရပ်ကွက်များတွင် ရေကြီးရေလျှံကာ တံတားအချို့ မျောပါပျက်စီးမှုကြောင့် လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်ပြီး ရေဘေးဒုက္ခသည် ၅၀၀၀ ကျော်အထိ ရှိနေ
Published 21 September 2017

မြစ်သာမြစ်ရေ စိုးရိမ်ရေအမှတ် ကျော်လွန်ရောက်ရှိမှုနှင့်အတူ ကလေးမြို့နယ်အတွင်းရှိ ရပ်ကွက်များတွင် ရေကြီးရေလျှံမှု ဖြစ်ပေါ်နေသည်ကို စက်တင်ဘာ ၂၀ ရက်က တွေ့ရစဉ် (ဓာတ်ပုံ-ချစ်ဇော်ဦး)

မြစ်သာမြစ်ရေ စိုးရိမ်ရေမှတ်သို့ကျော်လွန်နေပြီး ကလေးမြို့နယ်အတွင်းရှိ ကျေးရွာများ၊ ရပ်ကွက်များတွင် ရေကြီးရေလျှံကာ တံတားအချို့ မျောပါပျက်စီးမှုကြောင့် လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်ပြီး ရေဘေးဒုက္ခသည် ၅၀၀၀ ကျော်အထိ ရှိနေကြောင်း သိရသည်။

“ကလေးနယ်မြောက်ပိုင်း နတ်တံခါးချောင်း၊ ဆယ်ကြီးချောင်းနံဘေးမှာရှိတဲ့ တံတားဆည်ကြီး တံတားကတော့ ချဉ်းကပ်လမ်း ပါသွားပြီ။ အောင်မြင်သာ တံတားက တံတားပါသွားပြီ။ နတ်တံခါး တံတားလည်း ပါသွားပြီ။ အဓိက အနောက်မြောက်ဒေသကို ဆက်သွယ်တဲ့လမ်းက ပြတ်တောက်သွားပြီ။ အနောက်မြောက်ဒေသ အဝင်အထွက် ယာယီပြတ်တောက်သွားပြီး ကလေးဝ-တမူး-ကလေး လမ်းလည်း ယာယီပြတ်တောက်နေတယ်။ မိုးရွာမယ်ဆိုတော့ ရေက တရိပ်ရိပ်တော့ တိုးနေမယ်။ ဒါပေမဲ့ ဖလမ်းမှာ နေသာနေတယ်လို့ သတင်းရထားပါတယ်။ မနက်ဖြန်လောက်အထိ တိုးပြီးရင် ပြန်ကျမယ့်အနေအထား ရှိပါတယ်” ဟု စစ်ကိုင်းတိုင်းဒေသကြီး တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်သန့် ဝေကျော်က ပြောကြားသည်။

ထို့ပြင် ရေလွှမ်းမိုးမှုကြောင့် ကလေးမြို့ ပတ်ဝန်းကျင်ရှိ ကျေးရွာများကို ပြောင်းရွှေ့ပေးရလျက်ရှိပြီး လက်ရှိတွင် ကယ်ဆယ်ရေး စခန်းအချို့ကိုလည်း ဖွင့်လှစ်ထားကြောင်း သိရသည်။

“ကလေးမြို့က မနေ့ကစပြီးတော့ နယ်ဘက်တွေမှာစပြီး မြစ်သာမြစ်ကမ်းပါးမှာ ရှိတဲ့ရွာတွေ၊ ကလေးဝ-ကလေး-တမူး သွားတဲ့ လမ်းပေါ်က နေရဉ္စရာ မြစ်နံဘေးက ရွာတွေ၊ မြစ်နံဘေးက ရွာတွေ တော်တော်များများ ရေက အတိုးမြန်တဲ့အတွက် တချို့ရွာတွေ ရွှေ့ပြောင်းလိုက်ပြီ။ မနေ့ကအထိတော့ အခြေအနေ ကြည့်ချင်သေးတယ်ဆိုလို့ မရွှေ့ကြပါဘူး ။ ၂၀၁၅ ခုနှစ် ရေကြီးရေလျှံ ဖြစ်ပြီးတဲ့နောက်မှာ ဇုန်အလိုက် တာဝန်ခွဲဝေပြီး အုပ်ချုပ်ရေးအဖွဲ့က တာဝန်ယူ စီမံခန့်ခွဲကြတာပါ။ ဇုန်အလိုက် တာဝန်ခံတွေက တာဝန်ယူကြတယ်။ မနေ့ကဆို ဖောင်ကူးကျေးရွာက လူတွေ ရွှေ့ပြောင်းနေတယ်ဆိုတော့ ပြောင်းရွှေ့လိုက်ပါတယ်။ ဒီကနေ့ ပြင်သာ၊ တောင်အူ၊ နတ်နန်း၊ အင်းစိန်၊ ထိုမာ စတဲ့ ရွာတွေ ရွှေ့လိုက်ပါပြီ” ဟု ဒေါ်သန့်ဝေကျော်က ပြောကြားသည်။

ကလေးမြို့နှင့် ပတ်ဝန်းကျင်ကျေးရွာများ ရေကြီးရေလျှံမှု ဖြစ်ပွားနေသည်ကို အပေါ်စီးမှ မြင်တွေ့ရစဉ် (ဓာတ်ပုံ-ချစ်ဇော်ဦး)

မြစ်သာမြစ်ရေမှာ ဆက်လက်တက်နေပြီး စက်တင်ဘာ ၂၀ ရက် မွန်းလွဲ ၁ နာရီခွဲတွင် မိုးလေဝသက ထုတ်ပြန်ချက်အရ ၁၂၅၀ စင် တီမီတာအထိ ရောက်ရှိနေပြီး အဆိုပါ မြစ်သာမြစ်၏ စိုးရိမ်ရေအမှတ်မှာ ၁၁၀၀ စင်တီမီတာ ဖြစ်ကြောင်းသိရပြီး စိုးရိမ်ရေမှတ်ထက် မြင့်တက်နေခြင်းဖြစ်သည်။

“မြစ်ရေအခြေအနေက ၂၀၁၅ ခုနှစ် သြဂုတ်မှာ အမြင့်ဆုံး ၂၀၆၇ စင်တီမီတာအထိ ရောက်ခဲ့တယ်။ အဲဒီနောက်မှာ ၂၀၁၁ ခုနှစ် အောက်တိုဘာမှာ ၁၂၉၇ စင်တီမီတာ နဲ့ ၂၀၁၃ ခုနှစ် အောက်တိုဘာမှာ ၁၂၄၅ စင်တီမီတာတွေ ရောက်ခဲ့ဖူးပါတယ်။ လက်ရှိ မွန်းလွဲ ၁ နာရီခွဲ တိုင်းထွာချက်အရ မြစ်သာ မြစ်ရေ (ပြင်သာ) မှာ ၁၂၅၀ စင်တီမီတာ ကို ရောက်နေပြီး ရေက ဆက်တက်နေပါတယ်။ ကလေးမြို့ ရေတက်မှု အခြေအနေက ချင်းတောင်ရဲ့ မိုးရွာသွန်းမှု အခြေအနေရယ်၊ နန်းကသည်းချောင်း၊ နေရဉ္စရာချောင်းတွေ နဲ့ ဆက်စပ်နေတော့ ရေတက်နှုန်းက မြန်နေပါတယ်။ လက်ရှိ ရေတက်တဲ့ ပုံစံက စက်တင်ဘာ ၁၇ ရက်ကနေ ၁၈ ရက်အထိ ၂၄ နာရီ တစ်ရက်အတွင်းမှာ ရှစ်ပေလောက် (၂၄၁ စင်တီ မီတာ) ပထမဆုံး စတက်တယ်။ ၁၈ ရက်က နေ ၁၉ ရက် တစ်ရက်အတွင်း ၁၈၁ စင်တီမီတာ (ခြောက်ပေလောက်) ဆက်တက်တယ်။ ၁၉ ရက်က နေ ၂၀ ရက် တစ်ရက်အတွင်းမှာ ၁၇၁ စင်တီမီတာ (ခြောက်ပေခန့်) နဲ့ သုံးရက်အတွင်းမှာ ပေ ၂၀ လောက် ဆက်တက်ခဲ့ပါ တယ်။ ဒေသခံတွေအနေနဲ့ ရေအခြေအနေနဲ့ မိုးလေဝသ အခြေအနေတွေကို စောင့်ကြည့်သင့်ပါတယ်။ ကျွန်တော်တို့အနေနဲ့လည်း အချိန်နဲ့တစ်ပြေးညီ ထုတ်ပြန်ပေးနေပါတယ်။ ကျွန်တော်တို့ရုံးချုပ်ရဲ့ ဒီကနေ့ ၁၀ နာရီမှာ ခန့်မှန်းတာမှာ နောက် နှစ်ရက်မှာ နှစ်ပေလောက် ဆက်တက်ပြီး စိုးရိမ်ရေမှတ်အထက် ဆက်လက်ရှိနိုင်သေးတယ်လို့ ခန့်မှန်းထားပါတယ်။ အဓိက ချင်းတောင်ရဲ့ မိုးရေချိန်အခြေအနေနဲ့ ကလေးဝဘက်မှာရှိတဲ့ မြစ်ရေရဲ့ အခြေအနေကို ဆက်လက်စောင့်ကြည့်သွားမှာပါ” ဟု ကလေးခရိုင် မိုးဇလဌာနမှ ဦးစီးအရာရှိ ဦးတင်စိုးက ပြောကြားသည်။

ကျေးရွာများမှ ပြောင်းရွှေ့လာသူများကို တွေ့ရစဉ်

မိုးရွာသွန်းမှုများခြင်းနှင့် တောင်ကျရေများ တိုက်စားမှုများကြောင့် ကလေးမြို့နယ်အတွင်း တံတားနှစ်စင်း မျောပါခဲ့ပြီး တစ်စင်းမှာ ချဉ်းကပ်လမ်း တိုက်စားခံရမှုကြောင့် ပျက်စီးခဲ့ပြီး ကလေး-ကလေးဝ-တမူးကားလမ်းတွင်လည်း ရေကျော်နေသည့်အတွက် စက်လှေများဖြင့် သွားလာနေကြရကြောင်း သိရသည်။

မြစ်သာမြစ်ရေမြင့်တက်မှုကြောင့် ရေဘေးဒုက္ခသည်များကိုလည်း သက်ဆိုင်ရာအဖွဲ့အစည်းများက ရေဘေးကယ်ဆယ်ရေး စခန်းများသို့ ပြောင်းရွှေ့ပေးနေရကြောင်း သိရသည် ။

“မြောက်စည်းကျေးရွာက ကလေးနယ်တောင်ပိုင်း မဏိပူရ်မြစ်ခေါ် နန်းကသည်း ချောင်းနံဘေးမှာ ရှိတာပါ။ ပုံမှန် နှစ်စဉ်ကတော့ ချောင်းက ရေထိုးလာတယ်ဆိုရင် ရွာက နေပြီး တစ်ပိုင်တစ်နိုင်ကာကြတယ်။ မနှစ်က ဝန်ကြီးချုပ်လာတဲ့အချိန်မှာ သူတို့လုပ်နေတာ တွေ့သွားတော့ ရွာကို ရေထိုးတော့မယ်ဆိုပြီး မဖြစ်မနေ ခေါင်းစဉ်ပြောင်းပြီးတော့ ကမ်းထိန်းနံရံ အလျား ၈၅၀ ပေ နီးပါး ( သိန်း ၁၄၀၀ နီးပါး) သုံးစွဲပြီးတော့ လုပ်ထားတယ်။ ကမ်းထိန်းနံရံ လုပ်ထားတဲ့ဟာက မဏိပူရ်မြစ်က ရေတကယ်လာတော့ လုံးဝကမ်းနဖူးကို ဝင်တိုက်ပြီးတော့ ကနေ့မနက်ဆိုရင် ပေ ၂၀၀ ကျော် ပါသွားပြီဖြစ်တယ်။ ပါသွားတာက ထိပ်ဦးပိုင်းနဲ့ ဘေးနှစ်ဖက်မဟုတ်ဘဲ အလယ်ကို ထိုးခွဲသွားတာဆိုတော့ လက်ရှိ အနေအထားမှာတော့ ရွာဦးထိပ်က အိမ်တချို့ အန္တရာယ်ရှိတဲ့ အနေအထားပါ။ ဒါကိုလည်း ရွှေ့ပြောင်းနေတယ်လို့ သိရပါတယ်။ ဒီကနေ့ မနက်မှာ ရွှေ့ပြောင်းပြီးပါပြီ။ ဒီအခြေအနေကလည်း ရွာလုံးကျွတ် စိုးရိမ်ရတဲ့ အနေအထား ဖြစ်ပါတယ်။ ဒီကနေ့ ရွှေ့ပြောင်းနေတာ ဟာကလည်း ပြည်သူလူထုနဲ့ ဇုန်တာဝန်ခံတွေ ချိတ်ဆက်ကြတယ်။ ဇုန်တာဝန်ခံတွေကနေ ကယ်ဆယ်ရေးမှာ ပါတဲ့ တပ်မတော်၊ ကျေးလက်ဖွံ့ဖြိုးရေး၊ လူကယ်ပြန်၊ မီးသတ်၊ လဝကနဲ့ NLD ရပ်ကျေးတွေလည်း ဝိုင်းကူကြတယ်။ ချင်းရေးရာ ဝန်ကြီးလည်းပါတယ်။ ပြောင်းရွှေ့နေတာကို အဓိက ကားတွေကတော့ တပ်မတော်က ကားတွေနဲ့ ရွှေ့ပြောင်းပေးနေပါတယ်” ဟု   တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်သန့်ဝေကျော်က ဆက်လက်ပြောကြားသည်။

အချို့သော ကျေးရွာများတွင် မြစ်ရေ မြင့်တက်မှုကြောင့် ဒေသခံများ ပြောင်းရွှေ့လျက်ရှိသော်လည်း အချို့ကျေးရွာများတွင်မူ ဆက်လက်နေထိုင်သူများလည်း ရှိကြောင်း သိရပြီး အခြေအနေများအား ဆက်လက် စောင့်ကြည့်လျက်ရှိကြောင်း ဒေသခံများထံမှ သိရသည်။

ရေဘေးသင့်ပြည်သူများကို တာဝန်ရှိသူများက ကူညီနေစဉ်

ရေဘေးကယ်ဆယ်ရေးစခန်းသို့ ပြောင်းရွှေ့မှုနှင့် ပတ်သက်၍ ဒေသခံတစ်ဦးကို မေးမြန်းခဲ့ရာ “ကျွန်မတို့က ပြောင်းပြီးပါပြီ။ ရွာမှာ တချို့တစ်ဝက်ကတော့ ရှိပါသေးတယ်။ အိမ်မြင့်တဲ့ သူတွေက ရှိပါသေးတယ်။ ပြောင်းရတာ အဆင်ပြေပါတယ်။ ကျွန်မတို့ ပြောင်းခဲ့တာ လှေနဲ့ ပြောင်းခဲ့တာပါ။ ဒီရောက်တော့ ( ရေ စပ်အရောက်) စစ်တပ်က ကားတွေနဲ့ ကြိုပါတယ်။ အမှတ် (၇) ကျောင်းမှာ နေပါတယ်။ နေရတာလည်း အဆင်ပြေပါတယ်” ဟု ပြင်သာကျေးရွာမှ မညိုညိုအေးက ပြောကြား သည်။

ရေကြီးရေလျှံမှုကြောင့် ကလေးမြို့နယ် အတွင်းရှိ စိုက်ခင်း ၁၁၈၃၈ ဧက ရေဝင်နစ်မြုပ်လျက် ရှိကြောင်း စိုက်ပျိုးရေးဌာနမှ သတင်းများအရ သိရသည်။

“ဒုက္ခသည်စခန်းရောက်တဲ့သူဦးရေက မွန်းလွဲ ၁ နာရီအထိ စာရင်းအရ ပြောင်းရွှေ့ အိမ်ထောင်စုဦးရေ ၁၁၈၂ စု ဖြစ်ပြီး ရေဘေး ဒုက္ခသည်ဦးရေ ၅၃၀၃ ဦး ဖြစ်ပါတယ်။ လက်ရှိမှာတော့ ဒုက္ခသည်စခန်း ၁၇ ခု ဖွင့်လှစ်ထားပါတယ်။ လူကယ်ပြန်ကနေ ဆန်ဖိုးငွေ တစ်ပတ်စာ တစ်ယောက်ကို ကျပ် ၂၁၀၀ ထောက်ပံ့ပါတယ်။ ခရိုင်၊ မြို့နယ် စီခန့်ကနေပြီး ခေါက်ဆွဲခြောက်နဲ့ ကြက်ဥ ပေးပါတယ်”ဟု ကလေးမြို့ လူကယ်ပြန်ဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ရေဘေးကြောင့် ပြောင်းရွှေ့လာသူများကို ကလေးမြို့ပေါ်တွင် ယာယီကယ်ဆယ်ရေး စခန်းများ ဖွင့်လှစ်ထားခြင်းဖြစ်ပြီး လက်တလောတွင် လူမှုအဖွဲ့များက ကုညီပေးလျက်ရှိကြောင်း သိရသည်။

စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့မှာ ၂၀၁၅ ခုနှစ်ကလည်း စံချိန်တင်ရေကြီးမှု ဖြစ်ပွားခဲ့ပြီး လက်ရှိအခြေအနေထက် ပိုမိုဆိုးရွားခဲ့ကြောင်း၊ အဆိုပါ ၂၀၁၅ ခုနှစ်က ချင်းတောင်တွင် စံချိန်တင်မြေပြိုမှုများ ဖြစ်ပွားခဲ့ခြင်းကြောင့် တောင်ကျရေများမှာ မြစ်ချောင်းများအတွင်း ဝင်ရောက်ကာ ရေပြည့်ရေလျှံမှုများ ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

Most Read

Most Recent