တရုတ်-မြန်မာ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုဇုန် တည်ထောင်ရန် နှစ်နိုင်ငံညှိနှိုင်းနေပြီး လက်ရှိတွင် ယူနန်ပြည်နယ်က မြန်မာနိုင်ငံ၌ ဒေါ်လာ ၁၀ ဘီလျံ မြှုပ်နှံထားသကဲ့သို့ မြန်မာလုပ်ငန်းရှင်များကလည်း ယူနန်ပြည်နယ်၌ ဒေါ်လာသန်း ၁၀၀ မြှုပ်နှံထား

တရုတ်-မြန်မာ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုဇုန် တည်ထောင်ရန် နှစ်နိုင်ငံညှိနှိုင်းနေပြီး လက်ရှိတွင် ယူနန်ပြည်နယ်က မြန်မာနိုင်ငံ၌ ဒေါ်လာ ၁၀ ဘီလျံ မြှုပ်နှံထားသကဲ့သို့ မြန်မာလုပ်ငန်းရှင်များကလည်း ယူနန်ပြည်နယ်၌ ဒေါ်လာသန်း ၁၀၀ မြှုပ်နှံထား
Published 20 September 2017

တရုတ်-မြန်မာနယ်စပ် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုဇုန် တည်ထောင်ရန် နှစ်နိုင်ငံအစိုးရအကြား ညှိနှိုင်းနေပြီး လက်ရှိတွင် တရုတ်နိုင်ငံ ယူနန်ပြည်နယ်မှ လုပ်ငန်းရှင်များက မြန်မာနိုင်ငံ၌ ဒေါ်လာ ၁၀ ဘီလျံ မြှုပ်နှံထားသကဲ့သို့ မြန်မာနိုင်ငံမှ လုပ်ငန်းရှင်များကလည်း ယူနန်ပြည်နယ်တွင် ဒေါ်လာသန်း ၁၀၀ မြှုပ်နှံမှုပြုထားကြောင်း ကုန်သည်စက်မှုအသင်းချုပ် (UNFCCI) နှင့် တရုတ်နိုင်ငံ ယူနန်ပြည်နယ် ကုန်သည်ကြီးများအသင်း (Yannan Provincial General Chamber of Commerce-YPGCC) တို့ ပုံမှန်တွေ့ဆုံမှုအပြီး ထုတ်ပြန်ချက်အရ သိရသည်။

မြန်မာနိုင်ငံနှင့် ယူနန်ပြည်နယ်တို့အကြား ၂၀၁၆ ခုနှစ်တွင် ကုန်သွယ်မှုတန်ဖိုး ဒေါ်လာ ၆ ဒသမ ၁ ဘီလျံရှိခဲ့ပြီး မြန်မာနိုင်ငံမှ ပို့ကုန် ၃ ဒသမ ၆ ဘီလျံ၊ နှင့် သွင်းကုန် ၂ ဒသမ ၅ ဘီလျံရှိခဲ့သည်။ ရင်းနှီးမြှုပ်နှံမှုများတွင် ၂၀၁၇ ခုနှစ် ဇွန်လအထိ မြန်မာနိုင်ငံအတွင်း ဒေါ်လာ ၁၀ ဘီလျံမြှုပ်နှံထားပြီး အဓိကအားဖြင့် ရေအားလျှပ်စစ်၊ သတ္တုတွင်းနှင့် စိုက်ပျိုးရေးကဏ္ဍများတွင်ဖြစ်ကာ အဆိုပါပမာဏဟာ ယူနန်ပြည်နယ်မှ ပြည်ပတွင် ရင်းနှီးမြှုပ်နှံမှု စုစုပေါင်း၏ ၂၁ ရာခိုင်နှုန်းရှိနေကြောင်း ယူနန်ပြည်နယ်အစိုးရ ကုန်သွယ်ရေးဌာနမှ Deputy Counsel-Director Mr. Ren Guanghua ကပြောကြားသည်။ ထို့ပြင် မြန်မာလုပ်ငန်းရှင်များကလည်း ယူနန်ပြည်နယ်တွင် ရင်းနှီးမြှုပ်နှံထားပြီး ၂၀၁၇ ခုနှစ်တွင် စုစုပေါင်းပမာဏ ဒေါ်လာသန်း ၁၀၀ ရှိကာ အဓိကအားဖြင့် အိမ်ခြံမြေလုပ်ငန်း၊ စက်မှုကုန်ထုတ်လုပ်ငန်း၊ လက်လီလက်ကား ရောင်းဝယ်ဖောက်ကားရေးနှင့် ဟိုတယ်လုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံထားကြောင်း သိရသည်။

တရုတ်- မြန်မာ နယ်စပ်ဒေသ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုဇုန် ဖော်ဆောင်နိုင်ရေးအတွက် အသေးစိတ် လုပ်ငန်းဆိုင်ရာများကို နှစ်နိုင်ငံတာဝန်ရှိသူများအကြား ညှိနှိုင်းနေဆဲဖြစ်ပြီး ဇုန်အကောင်အထည်ပေါ်လာပါက ဇုန်အတွင်း၌ပင် ကုန်ကြမ်းများကို ကုန်ချောအဖြစ် ပြောင်းလဲထုတ်လုပ်နိုင်ရုံ သာမက နှစ်ဖက်နိုင်ငံများမှ လုပ်ငန်းရှင်များကပါ စက်မှုကုန်ထုတ်လုပ်ငန်းများကို လာရောက်တည်ထောင်နိုင်မည်ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးတိုးအောင်မြင့်က ပြောကြားသည်။

UNFCCI နှင့် YPGCC တို့ တစ်နှစ်တစ်ကြိမ် ပုံမှန်တွေ့ဆုံကာ နှစ်နိုင်ငံအကြား စီးပွားဆက်ဆံမှု မြှင့်တင်နိုင်ရေးနှင့် နှစ်ဖက်အဖွဲ့အစည်းများအကြား ပူးပေါင်းလုပ်ဆောင်မှု မြှင့်တင်နိုင်ရေး ဆွေးနွေးမှုခြောက်ကြိမ်ရှိခဲ့ပြီး လက်ရှိဆွေးနွေးမှုတွင် အခြေခံအဆောက်အအုံ ဆောက်လုပ်ရေး၊ လျှပ်စစ်နှင့် စွမ်းအင်၊ ကျွမ်းကျင်လုပ်သား မွေးထုတ်ရေး၊ စိုက်ပျိုးရေး၊ သယ်ယူပို့ဆောင်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ဥပဒေရေးရာကဏ္ဍများ ဆွေးနွေးခဲ့ကြောင်း သိရသည်။

ထို့ပြင် အဓိကဆွေးနွေးမှုများအဖြစ် ၂၀၁၆ ခုနှစ် မေလအတွင်း နှစ်ဖက်အစိုးရများ သဘောတူလက်မှတ် ရေးထိုးခဲ့သည့် နယ်စပ်ဒေသ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုဇုန် အကောင်အထည်ဖော်ဆောင်နိုင်ရန်၊ ဆန်နှင့် ပြောင်းအပါအဝင် မြန်မာ့လယ်ယာထွက်ကုန်များ တရုတ်နိုင်ငံသို့ ပမာဏကန့်သတ်ချက် (Quota) ကင်းလွတ်စွာ တင်ပို့နိုင်ရန်၊ ကျောက်ဖြူ အထူးစီးပွားရေးဇုန်တွင် ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်နိုင်ရန်နှင့် One-Belt-One-Road စီမံကိန်းတွင် ထိထိရောက်ရောက် ပူးပေါင်းလုပ်ဆောင်နိုင်ရန် ဆွေးနွေးခဲ့ကြောင်း သိရသည်။

အဆိုပါ တွေ့ဆုံပွဲရလာဒ်များနှင့် အကြံပြုချက်များကို စနစ်တကျ မှတ်တမ်းပြုစုကာ အစိုးရသို့ တင်ပြသွားမည်ဖြစ်ကြောင်း ကုန်သည်စက်မှု အသင်းချုပ်ဥက္ကဋ္ဌ ဦးဇော်မင်းဝင်းက ပြောကြားသည်။

Most Read

Most Recent