အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က မြန်မာနိုင်ငံမှ ဘင်္ဂါလီဒုက္ခသည်များနှင့် ပတ်သက်၍ မှတ်ချက်ပေးမှု မရှိခဲ့ကြောင်း ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် ရှိတ်ဟာဆီနာ ပြောကြား

အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က မြန်မာနိုင်ငံမှ ဘင်္ဂါလီဒုက္ခသည်များနှင့် ပတ်သက်၍ မှတ်ချက်ပေးမှု မရှိခဲ့ကြောင်း ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် ရှိတ်ဟာဆီနာ ပြောကြား
Published 20 September 2017

အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က မြန်မာနိုင်ငံမှ ဘင်္ဂါလီဒုက္ခသည်များနှင့် ပတ်သက်၍ မှတ်ချက်တစ်စုံတစ်ရာ ပြောကြားခြင်း မရှိခဲ့ကြောင်း ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် ရှိတ်ဟာဆီနာက ပြောကြားခဲ့သည်ဟု ရိုက်တာသတင်းတွင် ဖော်ပြထားချက်အရ သိရသည်။

စက်တင်ဘာ ၁၈ ရက်က အမေရိကန်နိုင်ငံ နယူးယောက်မြို့ရှိ ကုလသမဂ္ဂဌာနချုပ်တွင် ပြုလုပ်သော ကုလသမဂ္ဂ အထွေထွေ ညီလာခံ အစည်းအဝေးအပြီး အမေရိကန်သမ္မတ ဒေါ်နယ်ထရန့် ပြန်လည်ထွက်ခွာစဉ် အမေရိကန်သမ္မတအား ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် ရှိတ်ဟာဆီနာက နှုတ်ဆက်စကား ပြောကြားခဲ့သည်။

ထိုသို့ မိနစ်အနည်းငယ်ခန့် နှုတ်ဆက်စကား ပြောကြားရာတွင် ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် ရှိတ်ဟာဆီနာက မြန်မာနိုင်ငံမှ ဘင်္ဂါလီများ အကြောင်းကို ထည့်သွင်းပြောကြားခဲ့သည်။

“သူက ဘင်္ဂလားဒေ့ရှ် အခြေအနေ ဘယ်လိုလဲလို့ ကျွန်မကို မေးပါတယ်။ ကျွန်မက ဘင်္ဂလားဒေ့ရှ် အခြေအနေကတော့ အရမ်းကောင်းပါတယ်။ ဒါပေမဲ့ ကျွန်မတို့မှာရှိတဲ့ ပြဿနာ တစ်ခုကတော့ မြန်မာနိုင်ငံက ဒုက္ခသည်တွေပါပဲလို့ ပြန်ဖြေလိုက်တယ်။ သူက ဒုက္ခသည်တွေနဲ့ ပတ်သက်လို့ မှတ်ချက်တစ်စုံတစ်ရာ မပြောသွားပါဘူး” ဟု ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ် ရှိတ်ဟာဆီနာက ရိုက်တာနှင့် အင်တာဗျူးတွင် ပြောကြားခဲ့သည်။

အမေရိကန် အိမ်ဖြူတော် အကြီးတန်း အရာရှိတစ်ဦးက အဆိုပါ စကားပြောဆိုမှုနှင့် ပတ်သက်၍ သတိမမူမိကြောင်း ပြောကြားခဲ့သည်။

ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် ရှိတ်ဟာဆီနာသည် (၇၂) ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံတွင် စက်တင်ဘာ ၂၁ ရက်၌ မိန့်ခွန်းပြောကြားရာတွင် ဘင်္ဂါလီအရေးကို ထည့်သွင်းပြောကြား သွားရန်ရှိသည်။

အဆိုပါညီလာခံတွင် ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ်အနေဖြင့် ဘင်္ဂါလီအရေးနှင့် ပတ်သက်၍ တစ်ကမ္ဘာလုံး၏ ထောက်ခံမှု အားကောင်းလာရန်နှင့် မြန်မာအစိုးရအပေါ် ပိုမိုဖိအားပေးရန် ရည်ရွယ်ပြောကြား သွားမည်ဖြစ်ကြောင်း သိရသည်။ ထို့ပြင် ဘင်္ဂလားဒေ့ရှ်တွင် ရောက်ရှိနေသော ဘင်္ဂါလီဒုက္ခသည်များ မြန်မာနိုင်ငံသို့ ပြန်သွားနိုင်ရေးဖြစ်ကြောင်း သိရသည်။

ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ်သည် ကော့ပဇားရှိ ဒုက္ခသည်စခန်းသို့ စက်တင်ဘာ ၁၂ ရက်က သွားရောက် ကြည့်ရှုခဲ့သည်။

ထို့ပြင် ၎င်းသည် ဒုက္ခသည်စခန်းမှ အတွေ့အကြုံများနှင့် နောက်ဆုံးအခြေအနေများကို ကုလသမဂ္ဂ အထွေထွေ ညီလာခံတွင် ရှင်းလင်းပြောကြားသွားရန် စီစဉ်ထားကြောင်း သိရသည်။

ရခိုင်ပြည်နယ်၌ သြဂုတ် ၂၅ ရက်မှ စတင်ဖြစ်ပွားလျက်ရှိသော အကြမ်းဖက်မှုများကြောင့် ရခိုင်ပြည်နယ်၊ မောင်တောဒေသတွင် နေထိုင်သူများသည် နေရပ်စွန့်ခွာ၍ နယ်စပ်ဧရိယာ အပါအဝင် လုံခြုံရာနေရာများတွင် ခိုလှုံနေထိုင်ရလျက် ရှိကြောင်းနှင့် အကြမ်းဖက်မှုကြောင့် ပြည်တွင်းနေရပ်စွန့်ခွာရသူ တိုင်းရင်းသား ၂၆၇၄၇ ဦး ရှိနေပြီ ဖြစ်ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

ထို့အတူ ဘင်္ဂါလီများလည်း အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးတိမ်းရှောင်မှုများ ရှိသည်။

ထိုသို့ မြန်မာနိုင်ငံမှ ထွက်ပြေးလာသော ဘင်္ဂါလီဒုက္ခသည် ဦးရေသည် လေးသိန်းကျော် ရှိလာပြီဖြစ်ကြောင်း ကုလသမဂ္ဂက စက်တင်ဘာ ၁၆ ရက်က ပြောကြားခဲ့သည်။

ဘင်္ဂါလီဒုက္ခသည်များ (မူရင်းသတင်းတွင် ရိုဟင်ဂျာဟု သုံးနှုန်းထား) ကို ပြန်လည်လက်ခံရန် ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ် ရှိတ်ဟာဆီနာက မြန်မာနိုင်ငံကို ပြောကြားထားသည်။

အမျိုးသား လုံခြုံရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ် ဦးသောင်းထွန်းက “ယခင် ဘင်္ဂလားဒေ့ရှ်ကို ရောက်နေတာတွေ ရှိပါတယ်။ ကျွန်တော်တို့နိုင်ငံအနေနဲ့ မိမိတို့နိုင်ငံသားဖြစ်တယ်လို့ အထောက်အထား ပြနိုင်ရင်သော် လည်းကောင်း၊ ဒီဘက်နိုင်ငံမှာ ဘယ်နှနှစ်နေခဲ့ဖူးတယ်လို့ အထောက်အထား ပြနိုင်ရင်သော်လည်းကောင်း အဲဒါကို စိစစ်ပါတယ်။ အဲဒီစိစစ်မှုပြီးတော့မှ တစ်ဦးချင်း စိစစ်ပြီးတော့မှ မှန်ကန်တယ် ဆိုရင်တော့ ပြန်ခေါ်ခဲ့တဲ့ သာဓကတွေ ရှိပါတယ်။ အဲဒီအတိုင်း လုပ်ဖို့ ရှိပါတယ်။ သူတို့အနေနဲ့ သာဓကပြနိုင်ရင် မြန်မာနိုင်ငံသားလား၊ မြန်မာနိုင်ငံသား မဟုတ်ဘူး ဆိုရင်တော့လည်း ပြန်ခေါ်ဖို့ ဆိုတာကတော့ မဖြစ်နိုင်ဘူးပေါ့” ဟု သတင်း ထောက်များအား ပြောကြားထားသည်။

ရခိုင်ပြည်နယ် အစိုးရအဖွဲ့၏ တင်ပြချက်အရ အာစာဘင်္ဂါလီ အစွန်းရောက် အကြမ်းဖက်သမားများ၏ တိုက်ခိုက်ဖျက်ဆီးမှုကြောင့် သြဂုတ် ၂၅ ရက်မှ စက်တင်ဘာ ၅ ရက်အထိ လုံခြုံရေး တပ်ဖွဲ့ဝင်များနှင့် အာစာဘင်္ဂါလီ အစွန်းရောက် အကြမ်းဖက်အဖွဲ့များ ထိတွေ့တိုက်ခိုက်မှုပေါင်း အကြိမ် ၉၀ ကျော် ဖြစ်ပွားခဲ့ပြီး လုံခြုံရေးတပ်ဖွဲ့ဝင် ၁၃ ဦး ၊ နိုင်ငံ့ဝန်ထမ်းနှစ်ဦး၊ စုစုပေါင်း ၁၅ ဦး ကျဆုံးခဲ့ရကြောင်း၊ အလားတူ အာစာဘင်္ဂါလီ အစွန်းရောက် အကြမ်းဖက်သမားများ၏ အကြမ်းဖက် တိုက်ခိုက်မှုကြောင့် ဒေသခံတိုင်းရင်းသား ၁၄ ဦး၊ ဒေသခံ ဟိန္ဒူဘာသာဝင် ခုနစ်ဦး၊ ဘင်္ဂါလီ ခုနစ်ဦး စုစုပေါင်း၂၈ ဦး သေဆုံးခဲ့ရကြောင်း၊ အာစာဘင်္ဂါလီ အစွန်းရောက် အကြမ်းဖက်သမား ၃၇၁ ဦး (ဇာစ်မြစ်- တပ်မတော်) အသေရရှိခဲ့ကာ ၃၈ ဦး ဖမ်းဆီးရမိခဲ့ကြောင်း သတင်းထုတ်ပြန်ရေး ကော်မတီက စက်တင်ဘာ ၅ ရက်က ထုတ်ပြန်ခဲ့သည်။

Most Read

Most Recent