ရခိုင်အရေးနှင့် ပတ်သက်၍ နိုင်ငံတကာ၏ စစ်ဆေးမှုကို ကြောက်ရွံ့နေမည် မဟုတ်ကြောင်းနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးသွားသူများအား ပြန်လည်လက်ခံရေး စိစစ်မှုလုပ်ငန်းစဉ် စတင်နိုင်ရန် ပြင်ဆင်ထားကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ပြောကြား

ရခိုင်အရေးနှင့် ပတ်သက်၍ နိုင်ငံတကာ၏ စစ်ဆေးမှုကို ကြောက်ရွံ့နေမည် မဟုတ်ကြောင်းနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးသွားသူများအား ပြန်လည်လက်ခံရေး စိစစ်မှုလုပ်ငန်းစဉ် စတင်နိုင်ရန် ပြင်ဆင်ထားကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ပြောကြား
Published 20 September 2017

စက်တင်ဘာ ၁၉ ရက်က နေပြည်တော်တွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က မိန့်ခွန်းပြောကြားနေစဉ် (ဓာတ်ပုံ-စိုးမင်းထိုက်)

ရခိုင်အရေးနှင့် ပတ်သက်၍ နိုင်ငံတကာ၏ စစ်ဆေးမှုကို ကြောက်ရွံ့နေမည် မဟုတ်ကြောင်းနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးသွားသူများအား ပြန်လည်လက်ခံရေး စိစစ်မှုလုပ်ငန်းစဉ် စတင်နိုင်ရန် ပြင်ဆင်ထားကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က စက်တင်ဘာ ၁၉ ရက်တွင် ပြောကြားသည်။

ရခိုင်ပြည်နယ်တွင် အာစာဘင်္ဂါလီ အစွန်းရောက် အကြမ်းဖက်သမားများ၏ တိုက်ခိုက်မှုကြောင့် ဒေသခံ ရခိုင်တိုင်းရင်းသားများနှင့် ဘင်္ဂါလီများ ထွက်ပြေးတိမ်းရှောင်ရမှု ဖြစ်စဉ်များနှင့် စပ်လျဉ်း၍ အစိုးရနှင့် တပ်မတော်၏ ကိုင်တွယ်ဖြေရှင်းမှုများအပေါ် နိုင်ငံတကာက ဝေဖန်တိုက်တွန်းမှုများ ရှိနေချိန် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က နေပြည်တော်၌ သံတမန်များအား ဖိတ်ခေါ်ပြောကြားသည့် မိန့်ခွန်းတွင် ထည့်သွင်းပြောကြား ခဲ့ခြင်းဖြစ်သည်။

မိနစ် ၃၀ ကြာမြင့်ခဲ့သည့် အင်္ဂလိပ်ဘာသာစကားဖြင့် ပြောဆိုသော ဒေါ်အောင်ဆန်းစုကြည်၏ မိန့်ခွန်းကို ရုပ်သံအစီအစဉ်များမှလည်း တိုက်ရိုက်ထုတ်လွှင့်ခဲ့သည်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းတွင် မြန်မာပြည်သူများနှင့် အစိုးရက လက်မခံသည့် ရိုဟင်ဂျာဆိုသော အသုံးအနှုန်းအား ထည့်သွင်းအသုံးပြုခဲ့ခြင်း မရှိဘဲ မွတ်စလင်များဟုသာ သုံးနှုန်းခဲ့သည်။

မြန်မာနိုင်ငံသည် ရှုပ်ထွေးသည့် နိုင်ငံဖြစ်ပြီး ထိုသို့စိန်ခေါ်မှုများ အားလုံးကို အချိန်တိုတိုအတွင်း ဖြေရှင်းနိုင်ရန် အများက မျှော်လင့်နေကြောင်း၊ လက်ရှိတွင် မိမိတို့အစိုးရသည် အဆိုပါစိန်ခေါ်မှုများကို သက်တမ်း ၁၈ လဖြင့် ဖြေရှင်း၍ မရကြောင်းနှင့် ၁၈ လဖြင့် ဖြေရှင်းရန်မှာ အချိန်အရမ်း တိုတောင်းကြောင်း၊ သို့ရာတွင် အများက မျှော်လင့်ထားသည့် အရာများကို ဖြည့်ဆည်းပေးရန် မိမိတို့အဆင်သင့် မဖြစ်သေးဟု ဆိုလိုခြင်းလည်း မဟုတ်ကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က ပြောကြားသည်။

“အကြောင်းကတော့ နိုင်ငံတစ်နိုင်ငံဆိုတာ အဖွဲ့အစည်းတစ်ခု အနေနဲ့ ကျွန်မမိတ်ဆွေတွေကို ကျွန်မတို့ ကြုံတွေ့နေရတဲ့ အခက်အခဲတွေ၊ စိန်ခေါ်မှုတွေကို ပြန်လည်မျှဝေချင်ပါတယ်။ ဒီမိုကရေစီ အသွင်ကူးပြောင်းမှု၊ တည်ငြိမ်မှုနဲ့ ငြိမ်းချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေး စတာတွေနဲ့ ပတ်သက်လို့ ပြောပြချင်တာ ဖြစ်ပါတယ်။ ရခိုင်အရေးကိစ္စကို အသေအချာ စောင့်ကြည့်နေပါတယ်။ အရေးတယူ လုပ်ပါတယ်။ မနှစ်က ကုလသမဂ္ဂ အထွေထွေညီလာခံမှာ ကျွန်မပြောခဲ့သလိုပဲ နိုင်ငံတကာကနေ စစ်ဆေးမှုတွေ ရှိလာရင်လည်း မြန်မာနိုင်ငံ အနေနဲ့ ကြောက်ရွံ့နေမှာ မဟုတ်ပါဘူး။ ရခိုင်ပြည်နယ်မှာရှိတဲ့ အသိုင်းအဝန်း အားလုံးရဲ့ တည်ငြိမ်အေးချမ်းရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးအတွက် တည်တည်ငြိမ်ငြိမ် ဖြေရှင်းဆောင်ရွက်သွားမှာ ဖြစ်ပါတယ်” ဟု နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

ထို့ပြင် ဒေါ်အောင်ဆန်းစုကြည်က ရခိုင်ပြည်နယ်တွင် ဖြစ်ပွားခဲ့သည့် အကြမ်းဖက်တိုက်ခိုက်မှု ဖြစ်စဉ်ကြောင့် ထိခိုက်ခံစားရသူ အားလုံးအတွက်လည်း စိတ်မကောင်းဖြစ်ရကြောင်း၊ အိုးအိမ်များကို စွန့်ခွာပြီးထွက်ပြေးရသူ အများအပြားရှိကြောင်း၊ ထိုသို့ထွက်ပြေးရသူများတွင် မွတ်စလင်သာမကဘဲ ရခိုင်နှင့် အခြားလူနည်းစုများ ဖြစ်ကြသည့် ကမန်၊ မြို၊ သက်၊ မရမာကြီး၊ ဟိန္ဒူများလည်း ပါဝင်ကြောင်း ပြောကြားသည်။

“မြန်မာကနေ ဘင်္ဂလားဒေ့ရှ်ကို ထွက်ပြေးသွားတဲ့ ဒုက္ခသည်တွေကို ပြန်ပို့ဖို့ တောင်းဆိုမှုတွေလည်း ရှိနေပါတယ်။ နိုင်ငံသားအဖြစ် စိစစ်အတည်ပြုမှု လုပ်ငန်းစဉ်ကို အချိန်မရွေး စတင်နိုင်ဖို့ ကျွန်မတို့ ပြင်ဆင်ထားခဲ့ပါတယ်။ နိုင်ငံသား စိစစ်အတည်ပြုမှုကို ၁၉၉၃ ခုနှစ် လောက်က စတင်ဆောင်ရွက်ခဲ့ပြီး မြန်မာဘက်ကို ပြန်လာချင်တဲ့ ဒုက္ခသည်တွေကို စိစစ်အတည်ပြုရေးကို အဲဒီအချိန်က နှစ်နိုင်ငံ သဘောတူညီချက်ပေါ် အခြေခံ ဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။ အဲဒီအချိန်က သဘောတူညီမှုမှာပါတဲ့ သတ်မှတ်ချက်တွေအတိုင်း ကျွန်မတို့ လိုက်နာသွားမှာပါ။ ဒါ့ကြောင့် အဲဒီစိစစ် အတည်ပြုမှုကို အချိန်မရွေး စတင်ဖို့ အသင့်ရှိနေတယ်ဆိုတာ ကျွန်မအတည်ပြု ပြောလိုပါတယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

ထို့ပြင် နိုင်ငံသားဖြစ်ခွင့်နှင့် ပတ်သက်၍ အတည်ပြု စစ်ဆေးနိုင်သည့် လုပ်ငန်းစဉ် ဆောင်ရွက်နိုင်ရန် အတွက်လည်း ဒေသအသီးသီးမှ ပူးပေါင်းပါဝင်ကြရန် လိုအပ်ကြောင်း၊ သို့သော် မွတ်စလင်ခေါင်းဆောင် အချို့က အတည်ပြု စစ်ဆေးမည့် လုပ်ငန်းစဉ်အား မပူးပေါင်းရန် ဆုံးဖြတ်ထားကြောင်း၊ အကယ်၍ အဆိုပါ လုပ်ငန်းစဉ်တွင် ပူးပေါင်းပါဝင်လာရန် အားလုံးက ဖျောင်းဖျနိုင်မည် ဆိုပါက မိမိတို့က ကျေးဇူးတင်ရှိ သွားမည်ဖြစ်ကြောင်း၊ အဘယ့်ကြောင့်ဆိုသော် ၎င်းတို့အတွက် ဆုံးရှုံးစရာမရှိ၍ ဖြစ်ကြောင်းလည်း ဒေါ်အောင် ဆန်းစုကြည်က ပြောကြားသည်။

ထို့အတူ ဒေါ်အောင်ဆန်းစုကြည်က ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးသွားသူများနှင့် ပတ်သက်၍လည်း မည်သည့်အတွက်ကြောင့် ထွက်ပြေးသည် ဆိုသည်ကို ဖော်ထုတ်ချင်ကြောင်းနှင့် ထွက်ပြေးသွားသူ များနှင့်လည်း စကားပြောချင်ကြောင်း ပြောကြားသည်။

အစိုးရအနေဖြင့် ရခိုင်ပြည်နယ်ရှိ လူမှုအသိုင်းအဝန်းများကြား သဟဇာတဖြစ်ရေးနှင့် ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေး ပြန်လည်ရရှိရေးအတွက် ကြိုးစားဆောင်ရွက်နေကြောင်း၊ ထွက်မပြေးသည့် မွတ်စလင်ရွာ အများအပြား ရှိကြောင်းနှင့် နိုင်ငံတကာ အသိုင်းအဝန်း အနေဖြင့် ရခိုင်ဒေသသို့ လာရောက် ကြည့်ရှုရန် ဖိတ်ခေါ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က အကြမ်းဖက်မှုကို ပိုမိုဆိုးရွားစေသည့် မည်သည့် လူ့အခွင့်အရေး ချိုးဖောက်မှုကိုမဆို ရှုတ်ချကြောင်း၊ မြန်မာနိုင်ငံကို ဘာသာရေးယုံကြည်မှု၊ တိုင်းရင်းသားလူမျိုးပေါ် အခြေခံပြီး ခွဲခြားထားသည့် နိုင်ငံမျိုး မဖြစ်စေချင်ကြောင်း မိန့်ခွန်းတွင် ထည့်သွင်းပြောကြားသည်။

အလားတူ ဒေါက်တာကိုဖီအာနန် ဦးဆောင်သည့် ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင် အစီရင်ခံစာတွင် အချိန်တိုအတွင်း ရခိုင်ပြည်နယ် အခြေအနေ တိုးတက်ကောင်းမွန်အောင် လုပ်ဆောင်ရန် ပထမဦးစားပေး အနေဖြင့် အကြံပြု ထောက်ခံထားကြောင်း၊ ကျန်ရှိသည့် အကြံပြုချက်များသည်လည်း ရခိုင်ပြည်နယ်တွင် ငြိမ်းချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေးနှင့် သဟဇာတ ဖြစ်စေရန် အကျိုးကျေးဇူးများ ရှိနေသောကြောင့် တတ်နိုင်သမျှ အမြန်ဆုံး အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က မိန့်ခွန်းတွင် ထည့်သွင်းပြောကြားသည်။

Most Read

Most Recent