မောင်တောမြို့ မြောက်ပိုင်းရှိ ခမောင်းဆိပ်မြို့ အနီးပတ်ဝန်းကျင်မှ တိုင်းရင်းသားကျေးရွာများတွင် လုံခြုံရေး စိတ်မချရမှုကြောင့်ဟုဆိုကာ ဘူးသီးတောင်၊ မောင်တောနှင့် စစ်တွေမြို့များသို့ ဒေသခံများ ပြောင်းရွှေ့လျက် ရှိနေဆဲဖြစ်

မောင်တောမြို့ မြောက်ပိုင်းရှိ ခမောင်းဆိပ်မြို့ အနီးပတ်ဝန်းကျင်မှ တိုင်းရင်းသားကျေးရွာများတွင် လုံခြုံရေး စိတ်မချရမှုကြောင့်ဟုဆိုကာ ဘူးသီးတောင်၊ မောင်တောနှင့် စစ်တွေမြို့များသို့ ဒေသခံများ ပြောင်းရွှေ့လျက် ရှိနေဆဲဖြစ်
Published 15 September 2017

ကယ်ဆယ်ရေးယာဉ်များဖြင့် လိုက်ပါလာသည့် ခမောင်းဆိပ်ဒေသခံများ မောင်တောမြို့သို့ ရောက်ရှိလာသည်ကို တွေ့ရစဉ်

မောင်တောမြို့ မြောက်ပိုင်းရှိ ခမောင်းဆိပ်မြို့ အနီးပတ်ဝန်းကျင်မှ တိုင်းရင်းသား ကျေးရွာများတွင် လုံခြုံရေး စိတ်မချရမှုကြောင့်ဟု ဆိုကာ ဘူးသီးတောင်၊ မောင်တောနှင့် စစ်တွေမြို့များသို့ ဒေသခံများ ပြောင်းရွှေ့လျက် ရှိနေဆဲဖြစ်ကြောင်း ကယ်ဆယ်ရေးအဖွဲ့များနှင့် ရွှေ့ပြောင်းလာသည့် ကျေးရွာများမှ ဒေသခံများက ပြောကြားသည်။

စက်တင်ဘာ ၁၃ ရက်က မောင်တော မြောက်ပိုင်းသို့ ကူညီကယ်ဆယ်ရေး သွားသည့် အဖွဲ့များ၏ ယာဉ်များဖြင့် မင်းခမောင်းကျေးရွာသား သုံးဆယ်ကျော်မှာ ကြိမ်ချောင်းကျေးရွာမှ စောင့်ဆိုင်းကာ ဘူးသီးတောင်မြို့သို့ လိုက်ပါလာခဲ့ကြောင်း သိရသည်။

“မနေ့က ကျွန်တော်တို့အဖွဲ့ မင်းခမောင်းရွာကို ရောက်တယ်။ ကယ်ဆယ်ရေး ရိက္ခာပစ္စည်းတွေကို ချပြီး ပြန်ဖို့လုပ်တဲ့အခါ ရွာသားတွေ လိုက်ပါဖို့ တောင်းဆိုကြတယ်။ကျွန်တော်က နေလည်းဝင်တော့မယ်။ လမ်းခရီး အန္တရာယ်ရှိတဲ့ အကြောင်းပြောတော့ ကျန်နေခဲ့ကြတယ်။ ဒါပေမဲ့ ကြိမ်ချောင်းရွာမှာ ညအိပ်ပြီး မနက်မိုးလင်းပြီး ပြန်ဖို့ လုပ်တဲ့အခါ ကြိမ်ချောင်းရွာထိ ခြေလျင်လမ်းလျှောက်လာပြီး ကားစောင့်နေကြတဲ့ မင်းခမောင်း ရွာသား ၃၀ ကျော် လိုက်ပါလာခဲ့သေးတယ်။ လူတွေက တော်တော်ကြီး စိုးရိမ်နေကြတယ်။ အဲဒီရွာမှာ လုံခြုံရေးရှိပေမယ့် နေရပ်စွန့်ခွာဖို့ပဲ လူတွေ စိတ်ကူးနေကြတယ်။ သူတို့ရဲ့ကြောက်စိတ်ပျောက်အောင် လုပ်ပေးဖို့ အဓိက လိုအပ်တယ်။ ရွာကလူတွေ ကယ်ဆယ်ရေးကား မျှော်တာဟာ ရိက္ခာကို မျှော်တာ မဟုတ်ဘူး။ သူတို့ ကားကြုံလိုက်ဖို့အတွက် မျှော်တာဖြစ်တယ်။ အခုအချိန်မှာ ဘယ်လိုင်းကားမှ မထွက်တော့ လူတွေ ခြေလျင် ထွက်ပြေးနေကြတယ်”ဟု သင်္ဂဟကမ်းလက် ရက္ခိတအဖွဲ့မှ ကိုအမ်းသားကြီးက ပြောကြားသည်။

သြဂုတ် ၂၅ ရက်က တိုက်ခိုက်မှုအပြီးတွင် မောင်တောမြို့ ပတ်ဝန်းကျင်ကျေးရွာများမှ ဒေသခံ တိုင်းရင်းသားများမှာ နေရပ်စွန့်ခွာ ရွှေ့ပြောင်းလျက်ရှိပြီး အချို့သော ကျေးရွာများတွင် နေထိုင်သူများအား တပ်မတော်မှ လုံခြုံရေးပေးကာ နေရပ်သို့ ပြန်လည် ပို့ဆောင်ပေးလျက်ရှိကြောင်း သိရသည်။

သို့သော် အချို့သော နေရာများတွင် လုံခြုံရေး စိတ်မချရမှုကြောင့် မောင်တောမြို့၊ ဘူးသီးတောင်မြို့နှင့် စစ်တွေမြို့များသို့ ပြောင်းရွှေ့လျက်ရှိပြီး လက်ရှိတွင် စစ်တွေမြို့ပေါ်တွင် ကယ်ဆယ်ရေးစခန်းများ တိုးမြင့်လာကြောင်း သိရသည်။

လက်ရှိတွင် စစ်တွေမြို့သို့ တိမ်းရှောင်နေကြသူများထဲမှ မောင်တောမြို့ပေါ်တွင် တာဝန်ကျသည့် ဌာနဆိုင်ရာ ဝန်ထမ်းတချို့ နေရပ်ပြန်သော်လည်း ဘူးသီးတောင်မှ တစ်ဆင့် စစ်တွေမြို့သို့ နေရပ်စွန့်ခွာလာသူ တစ်နေ့လျှင် ၂၀၀ ကျော် ရှိနေသေးပြီး စစ်တွေမြို့ တစ်ခုတည်းတွင် ကယ်ဆယ်ရေးစခန်း ၃၀ အထိ ရှိသွားပြီဖြစ်ကြောင်း သိရသည်။

အဆိုပါ စခန်းများတွင် နေထိုင်သည့် နေရပ်စွန့်ခွာသူ ၅၀၀၀ ကျော် ရှိလာပြီဖြစ်ပြီး မောင်တောမြို့တွင် ၁၀၀၀ ကျော်နှင့် အခြားသော မြို့များဖြစ်သည့် ဘူးသီးတောင်မြို့၊ မင်းပြားမြို့များတွင်လည်း ၁၀၀၀ ခန့် ရှိကြောင်း ကယ်ဆယ်ကူညီရေး အဖွဲ့များထံမှ သိရသည်။

ရခိုင်ပြည်နယ်အတွင်း ARSA အစွန်းရောက် ဘင်္ဂါလီ အကြမ်းဖက်သမားများ၏ အကြမ်းဖက်တိုက်ခိုက်မှု လုပ်ရပ်များကြောင့် နေရပ်စွန့်ခွာ တိမ်းရှောင်နေရသည့် ဒေသခံ တိုင်းရင်းသားပြည်သူများအနက် ဘူးသီးတောင်မြို့ရှိ နယ်မြေခံ တပ်ရင်း၌ ပြောင်းရွှေ့ နေထိုင်လျက်ရှိသည့် ဒေသခံ တိုင်းရင်းသား ပြည်သူများသည် လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ နယ်မြေလုံခြုံရေးနှင့် နယ်မြေစိုးမိုးရေး လုပ်ငန်းများ စနစ်တကျ ဆောင်ရွက်မှုကြောင့် နယ်မြေ တည်ငြိမ်အေးချမ်းမှု ရှိလာသည့်အတွက် တချို့သည် ၎င်းတို့၏ မူလနေရပ်သို့ ပြန်လည်ပြောင်းရွှေ့လျက် ရှိကြကြောင်းနှင့် စက်တင်ဘာ ၁၂ ရက်တွင် ကြိမ်ချောင်း ကယ်ဆယ်ရေးစခန်း၊ တောင်ပြိုဝဲ ကယ်ဆယ်ရေးစခန်း၊ ငါးကျည်တောက်ရွာ ကယ်ဆယ်ရေးစခန်း၊ အင်းဒင်ကျေးရွာ ကယ်ဆယ်ရေးစခန်းနှင့် ဝါးခုတ်ချောင်း တပ်နယ်ရှိ နယ်မြေခံတပ်ရင်းတို့တွင် ခေတ္တပြောင်းရွှေ့ ရောက်ရှိနေသည့် ဒေသခံ တိုင်းရင်းသားပြည်သူ စုစုပေါင်း ၁၄၇၂ ဦးတို့ကို လုံခြုံရေးတပ်ဖွဲ့ဝင်များက အနီးကပ် လမ်းကြောင်း လုံခြုံရေးလိုက်ပါလျက် ၎င်းတို့၏ မူလနေရပ်များသို့ ပြန်လည်ပြောင်းရွှေ့ရာတွင် ကူညီ ဆောင်ရွက်ပေးခဲ့ကြောင်း တပ်မတော်မှ သတင်းထုတ်ပြန်ချက်အရ သိရှိရသည်။

■ မောင်တောမြောက်ပိုင်းတွင် တံတားများ ပျက်စီးနေသဖြင့် ခမောင်းဆိပ်မြို့အထိသာ ကယ်ဆယ်ရေးယာဉ်များ သွားလာနိုင်

မောင်တောမြောက်ပိုင်းတွင် တံတားများ ပျက်စီးနေသဖြင့် ခမောင်းဆိပ်မြို့အထိသာ သွားနိုင်သေးပြီး အောင်သပြေ၊ ဗန္ဓုလကျေးရွာ များသို့ ကူညီကယ်ဆယ်ရေးအဖွဲ့ကားများ မရောက်နိုင်သေးကြောင်း သင်္ဂဟကမ်းလက် ရက္ခိတပရဟိတအဖွဲ့ထံမှ သိရသည်။

အဆိုပါ သင်္ဂဟကမ်းလက် ရက္ခိတအဖွဲ့၏ ဆန်ရိက္ခာကားသည် မောင်တောမြောက်ပိုင်း သက်ကိုင်ညာကျေးရွာအနီးရှိ တံတားငယ်ကိုဖြတ်စဉ် တံတားပျက်စီးခဲ့သဖြင့် ပြင်ဆင်ခဲ့ရကြောင်း သိရသည်။

သို့ရာတွင် မင်းခမောင်းကျေးရွာသို့ ရောက်ရှိပြီးတွင် ထပ်မံသွားလာနိုင်ခြင်း မရှိနိုင်တော့သဖြင့် အောင်သပြေ၊ ဗန္ဓုလ စသည့် နယ်စပ်ကျေးရွာများသို့ သွားရောက် ပို့ဆောင်မည့် ရိက္ခာပစ္စည်းများကို မင်းခမောင်းကျေးရွာတွင် ထားခဲ့ရကြောင်း သင်္ဂဟကမ်းလက် ရက္ခိတအဖွဲ့မှ ကိုအမ်းသားကြီးက ပြောကြားသည်။

ပျက်စီးနေသည့် တံတားတစ်ခုအား ကယ်ဆယ်ရေးအဖွဲ့များက ပြင်ဆင်နေစဉ်

“လက်ရှိ အခြေအနေမှာ လမ်းတွေ ဆိုးဆိုးရွားရွား ပျက်နေတယ်။ တံတားတွေလည်း မခိုင်ဘူး။ ကူညီကယ်ဆယ်ရေးအဖွဲ့တွေက ခမောင်းဆိပ်မြို့အထိပဲ သွားလို့ရတဲ့ အနေအထားဖြစ်ပါတယ်”ဟု ၎င်းကပြောကြားသည်။

မောင်တော-ဗန္ဓုလလမ်းပိုင်း ကြိမ်ချောင်းကျေးရွာ အပေါ်ပိုင်းရှိ တံတားကြီးခြောက်စင်းကို ဘင်္ဂါလီ အစွန်းရောက် အကြမ်းဖက်သမားများက ဖျက်ဆီးခဲ့ကြောင်း သိရပြီး လက်ရှိတွင် အဆိုပါ ဖျက်ဆီးခံခဲ့ရသည့် တံတားများကို ပြန်လည် ပြုပြင်ထားကြောင်း မောင်တောခရိုင် ဆောက်လုပ်ရေးဦးစီးဌာနမှ သိရသည်။

■ မောင်တောခရိုင်ရှိ လုံခြုံရေး စိတ်ချရသည့် ကျေးရွာအချို့တွင် စာသင်ကျောင်းများ ဖွင့်လှစ်

ရခိုင်ပြည်နယ် မောင်တော၊ ဘူးသီးတောင်နှင့် ရသေ့တောင်မြို့နယ် မေယူကမ်း ဒေသတို့တွင် လုံခြုံစိတ်ချရသည့် ကျေးရွာအချို့တွင် စာသင်ကျောင်းများ ဖွင့်လှစ် သင်ကြားနေကြောင်း သိရသည်။

ဘင်္ဂါလီ အစွန်းရောက် အကြမ်းဖက်များ၏ တိုက်ခိုက်မှုများကြောင့် ပိတ်ထားရသည့် စာသင်ကျောင်းများအနက် လုံခြုံရေးစိတ်ချသည့် ကျေးရွာအချို့တွင် စက်တင်ဘာ ၁၄ ရက်တွင် ပြန်လည် ဖွင့်လှစ်ခြင်း ဖြစ်ကြောင်း ရသေ့တောင်မြို့နယ် လက်ထောက်ပညာရေးမှူးက ပြောကြားသည်။

“ရသေ့တောင်မြို့နယ် စေတီပြင်ကျေးရွာမှာတော့ အဖွင့်ပြတဲ့ သဘောအနေနဲ့ ဒေသခံ ဆရာ၊ ဆရာမတွေ စုပေါင်းပြီးတော့ ပြနေတယ်။ ကျောင်းသား/သူတွေကတော့ မစုံနိုင်လောက်သေးပါဘူး။ နောက်တော့လည်း တဖြည်းဖြည်း နယ်မြေလုံခြုံမှုအရ တိုးချဲ ဖွင့်လှစ်သွားမှာပါ” ဟု မြို့နယ် လက်ထောက်ပညာရေးမှူး ဦးသားလှက ပြောကြားသည်။

ဖွင့်လှစ်ခဲ့သည့် ကျောင်းများမှာ မောင်တောမြို့နယ်တွင် လေးကျောင်း၊ ရသေ့တောင်မြို့နယ်ရှိ စေတီပြင်ကျေးရွာတွင် တစ်ကျောင်း တို့ဖြစ်ပြီး စေတီပြင်နယ်မြေရှိ မော်ထက်၊ ကျောက်ရံ၊ သိမ်းတောင်၊ အောက်ကျောင်းတောင်၊ ဖက်လိပ် စသည့် ကျေးရွာများတွင် စက်တင်ဘာ ၂၅ ရက်တွင် ဆက်လက် ဖွင့်လှစ်မည် ဖြစ်သည်။

သို့သော် မေယုတောင်ခြေရင်းရှိ ချွတ်ပြင်၊ ပြင်ရှည်၊ ပိတောက်မြိုင်၊ သဇင်မြိုင်ကျေးရွာတို့တွင် နယ်မြေလုံခြုံရေး အင်အား လျော့နည်းခြင်းနှင့် စိုးရိမ်မှုများကြောင့် စာသင်ကျောင်းများ ဖွင့်နိုင်ခြင်း မရှိသေးကြောင်း ဒေသခံ ကျေးရွာသားများက ပြောကြားသည်။

“စေတီပြင်မှာတော့ ဒီနေ့ စဖွင့်တယ်။ ကျောင်းသား/သူတွေကတော့ အားလုံး မစုံနိုင်သေးဘူး။ ရွာနီးချင်း ကျေးရွာတွေကတော့ လာတက်တာ မတွေ့ရသေးဘူး။ နောက်တစ်ပတ်လောက် ဆိုရင်တော့ ကျောင်းသားတွေ စုံနိုင်တယ်” ဟု ကျောင်းသားမိဘ တစ်ဦးဖြစ်သူ ဦးမောင်စောသန်းက ပြောကြားသည်။

ဘင်္ဂါလီ အစွန်းရောက် အကြမ်းဖက်များကြောင့် မောင်တောခရိုင် တစ်ခုလုံးရှိ စာသင်ကျောင်း ၄၀၄ ကျောင်းနှင့် စစ်တွေခရိုင်တွင် စာသင်ကျောင်း၂၀၊ စုစုပေါင်း စာသင်ကျောင်း ၄၂၄ ကျောင်းအား ယာယီ ပိတ်ထားခဲ့ခြင်း ဖြစ်သည်။

ဘူးသီးတောင်မြို့သို့ ရောက်ရှိလာသည့် နေရပ်စွန့်ခွာသူများကို တွေ့ရစဉ်

■ ဘူးသီးတောင်နှင့် မောင်တောမြို့များတွင် နေ့တစ်ဝက်ခန့်သာ ဈေးဆိုင်များ၊ ဘဏ်များ ဖွင့်လှစ်

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နှင့် မောင်တောမြို့ပေါ်တွင် နေ့တစ်ဝက်ခန့်သာ ဈေးဆိုင်များနှင့် ဘဏ်များ ဖွင့်လှစ်ကြောင်း ဒေသခံများထံမှ သိရသည်။

“မြို့ပေါ်မှာ ဘာမှဖြစ်တဲ့အတွက် ဘင်္ဂါလီတွေကလည်း သွားလာလှုပ်ရှားမှုတွေ ရှိတယ်။ တိုင်းရင်းသားတွေကလည်း ပုံမှန် သွားလာလှုပ်ရှားမှုတွေ ရှိနေပေမယ့် ဈေးကတော့ နေ့တစ်ဝက်လောက်သာ ဖွင့်တာကို တွေ့ရတယ်။ ဘာကြောင့်လဲ ဆိုတာတော့ ကျွန်တော်လည်း မသိဘူး။ သူများတွေ ပိတ်တော့လိုက်ပြီး ပိတ်လိုက်ရတာပေါ့။ လူတွေရဲ့ မျက်နှာတိုင်းမှာတော့ စိုးရိမ်မှုတွေ ရှိနေတာကိုတော့ တွေ့နေရတယ်” ဟု ဘူးသီးတောင်ဈေးမှ ဦးထွန်းလှိုင်က ပြောကြားသည်။

ဘူးသီးတောင်မြို့နယ်အတွင်း ကျေးရွာအများစုတွင် ဘင်္ဂါလီ အကြမ်းဖက် တိုက်ခိုက်မှုများကြောင့် နေရပ်စွန့်ခွာမှုများ ရှိခဲ့သော်လည်း အချို့ကျေးရွာများတွင် နီးစပ်ရာရွာများမှ စုပေါင်းကာ နေထိုင်ခဲ့ကြသဖြင့် မြို့ပေါ်သို့ ရောက်ရှိလာခဲ့ခြင်း မရှိသည်ကိုလည်း တွေ့ရကြောင်းနှင့် နယ်တွင် အဓိကဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်းလည်း သိရှိရသည်။

သို့သော်လည်း ခရီးသည် အဝင်အထွက်များ ပုံမှန်လည်ပတ်နေပြီး နံနက်ပိုင်းတွင် ဈေးဆိုင်များ၌ စည်ကားနေသည်ကို တွေ့ရကာ ညနေ ၆ နာရီမှ နံနက် ၆ နာရီအတွင်း ညမထွက်ရအမိန့် ထုတ်ပြန်ထားကြောင်းလည်း သိရှိရသည်။

အကြမ်းဖက် တိုက်ခိုက်မှုခံခဲ့ရသည့် မောင်တောမြို့တွင် ပုဂ္ဂလိက ဘဏ်များမှာ နေ့တစ်ဝက်သာ ဖွင့်လှစ်ထားကြောင်း သိရပြီး ဈေးဆိုင်များမှာလည်း နံနက်ပိုင်းတွင်သာ ဖွင့်လှစ်ရောင်းချလျက် ရှိကြောင်း သိရသည်။

“ဘဏ်တွေကတော့ တစ်နေ့လုံး မဖွင့်ဘူး။ နေ့ဝက်လောက်ပဲ ဖွင့်တယ်။ ဈေးဆိုင်တွေကတော့ မနက် တစ်ပိုင်းလောက်ပဲ ဖွင့်တယ်”ဟု မောင်တောမြို့ခံတစ်ဦးက ပြောကြားသည်။

Most Read

Most Recent