ရခိုင်အရေးနှင့် ပတ်သက်၍ 'လူသားမျိုးနွယ်စုအပေါ် ကျူးလွန်သည့်ပြစ်မှု၊ လူမျိုးသုဉ်း သတ်ဖြတ်မှု'ဟု ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး၏ ပြောဆိုသုံးနှုန်းသည့် စကားရပ်များကို လုံး၀ လက်မခံကြောင်းနှင့် ပြင်းထန်စွာ ကန့်ကွက်ကြောင်း ဂျီနီဗာမြို့ရှိ မြန်မာ အမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ပြန်လည်ချေပ

ရခိုင်အရေးနှင့် ပတ်သက်၍ 'လူသားမျိုးနွယ်စုအပေါ် ကျူးလွန်သည့်ပြစ်မှု၊ လူမျိုးသုဉ်း သတ်ဖြတ်မှု'ဟု ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး၏ ပြောဆိုသုံးနှုန်းသည့် စကားရပ်များကို လုံး၀ လက်မခံကြောင်းနှင့် ပြင်းထန်စွာ ကန့်ကွက်ကြောင်း ဂျီနီဗာမြို့ရှိ မြန်မာ အမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ပြန်လည်ချေပ
Published 14 September 2017

ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့၌ စက်တင်ဘာ ၁၁ ရက်က ကျင်းပသည့် ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ၏ (၃၆) ကြိမ်မြောက် အစည်းအဝေးအား တွေ့ရစဉ်

ရခိုင်အရေးနှင့်ပတ်သက်၍ “လူသားမျိုးနွယ်စုအပေါ် ကျူးလွန်သည့်ပြစ်မှု၊ လူမျိုးသုဉ် းသတ်ဖြတ်မှု”ဟု ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး Zeid Ra'ad Al Hussein ၏ ပြောဆိုသုံးနှုန်းသည့် စကား ရပ်များကို လုံးဝလက်မခံကြောင်းနှင့် ပြင်းထန်စွာကန့်ကွက်ကြောင်း ဂျီနီဗာမြို့ရှိ မြန်မာ အမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးထင်လင်းက ပြန်လည်ချေပခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန၏ စက်တင်ဘာ ၁၃ ရက် က သတင်း ထုတ်ပြန်ချက်အရ သိရသည်။

ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့၌ စက်တင် ဘာ ၁၁ ရက်က ကျင်းပသည့် လူ့အခွင့်အရေး ကောင်စီ၏ (၃၆) ကြိမ်မြောက် အစည်းအဝေးတွင် ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးက ရခိုင်ပြည်နယ်တွင် ဖြစ်ပေါ် နေသည့် အခြေအနေများကို “လူသားမျိုးနွယ်စုအပေါ် ကျူးလွန်သည့်ပြစ်မှု” “လူမျိုးသုဉ်း သတ်ဖြတ်မှု”စသည့် စကားလုံးများအား အသုံးပြုကာ တစ်ဖက်သတ် ပြောကြားခဲ့ခြင်း နှင့် ပတ်သက်၍ ဂျီနီဗာမြို့ မြန်မာအမြဲတမ်း ကိုယ်စားလှယ် သံအမတ်ကြီးက မိန့်ခွန်းတစ်ရပ်ပြောကြားခဲ့ပြီး ကန့်ကွက်ကာ ပြန်လည်တုံ့ ပြန်ခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။

မြန်မာ သံအမတ်ကြီးက “လူသားမျိုးနွယ်စုအပေါ် ကျူးလွန်သည့်ပြစ်မှု” “လူမျိုးသုဉ်း သတ်ဖြတ်မှု”ဆိုသည့် စကားရပ်များတွင် ဆိုးရွားပြင်းထန်သည့် နောက်ဆက်တွဲ အဓိပ္ပာယ်များ ရှိကြောင်း၊ ၎င်းတို့မှာ အလွယ်တကူ သုံး နှုန်းသင့်သည့် စကားလုံးများ မဟုတ်ဘဲ အထူး သတိထား သုံးနှုန်းသင့်သည့် စကားများဖြစ်ပါကြောင်း၊ ဥပဒေကြောင်းနှင့် တရားရေးရာဆိုင်ရာ လေ့လာသုံးသပ် ဆန်းစစ်မှုများအပေါ်တွင်သာ မူတည်ပြီး အသုံးပြုသင့်သည့် စကားရပ်များဖြစ်ကြောင်း၊ ဒီမိုကရေစီနိုင်ငံ တစ်နိုင်ငံဖြစ်သည့် မြန်မာနိုင်ငံအနေဖြင့် အဆိုပါ ကိစ္စရပ်မျိုးဖြစ်ပေါ်လာမည်ကို မည်သို့မျှ လက်ခံမည် မဟုတ်ကြောင်း ပြန်လည်ချေပခဲ့သည်ဟု ထုတ်ပြန်ထားသည်။

ထို့ပြင် မြန်မာနိုင်ငံအနေဖြင့် အဆိုပါ စကားရပ်များ သုံးနှုန်းမှုကို လုံး၀ လက်မခံကြောင်း၊ ပြင်းထန်စွာ ကန့်ကွက်ကြောင်း၊ ထိုကဲ့သို့သော စကားလုံးများကို မဆင်မခြင် အထောက်အထားမဲ့ အသုံးပြုမှုမျိုးသည် လူ့ အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံး၏ ဂုဏ်သိက္ခာကို ထိခိုက်စေကြောင်း၊ မီးလောင်ရာ လေပင့်ဖြစ်စေကြောင်း၊ ဒုက္ခအခက်အခဲများ နှင့် တကယ်တမ်းရင်ဆိုင်နေရသည့် လူ့အသိုက်အဝန်းများအကြား ပိုမိုစိတ်ဝမ်းကွဲပြားမှု ကိုဖြစ်စေကြောင်း၊ နိုင်ငံတကာ အသိုက်အဝန်းမှလည်း မြန်မာနိုင်ငံအပေါ် နားလည်မှု လွဲမှားစေကြောင်း မြန်မာသံအမတ်ကြီး ဦး ထင်လင်းက ထည့်သွင်းပြောကြားခဲ့သည်ဟု နိုင်ငံခြားရေး ဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။

ထိုသို့ စကားရပ်များအပေါ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ပြုံးကေသီနိုင် က “ကျွန်မတို့အနေနဲ့ကတော့ ဒီလိုသုံးစွဲတဲ့ အပေါ်မှာ ပြတ်ပြတ်သားသား ကန့်ကွက်ပါတယ်။ နောက်တစ်ခုက ဒီလိုပြောဆိုကြမယ့် နိုင်ငံတကာ အဖွဲ့အစည်းတွေဆိုရင်လည်း တကယ်ဖြစ်နေတဲ့ အခြေအနေမှန်ကို သိ အောင်ကြိုးစားနိုင်တဲ့ နည်းလမ်းတွေလည်း ရှိပါတယ်။ ကျွန်မတို့ နိုင်ငံတော် အစိုးရကနေ လက်ခံထားတဲ့ ဘောင်အတွင်းကနေလေ။ အဲဒါတွေအပေါ်မှာလည်း စိတ်ဝင်တစားနဲ့ လေ့လာသင့်ပါတယ်။ ဒီလို ကွဲလွယ်၊ ရှလွယ်တဲ့ အခြေအနေမျိုးမှာ တကယ်လည်းပဲ လက်တွေ့ ရင်ဆိုင်ဖြေရှင်းနေရတဲ့ အစိုးရတစ်ရပ်အနေနဲ့ နောက်တစ်ခါ ဒီကိစ္စရပ်တွေမှာ တကယ်လက်တွေ့မြေပြင်မှာ လုံခြုံရေး တာဝန် ထမ်းဆောင်နေရတဲ့ ပုဂ္ဂိုလ်တွေအတွက် ဒီလို တစ်ဖက်စောင်းနင်း ဝေဖန်မှုတွေဆိုတာတော့ အနည်းနဲ့အများတော့ အကျိုးသက်ရောက်မှု ရှိတာပေါ့။ အဲဒီအတွက်ကြောင့်မို့လို့ ကျွန်မတို့အနေနဲ့ကလည်းပဲ တစ်ဖက်က ဒီလို စွပ်စွဲမှုတွေအပေါ်မှာ သံသယ ကင်းသွားစေနိုင်တဲ့ နည်းလမ်းတွေ အများကြီး ကြံပြီးတော့ အသုံးပြုသင့်တယ်လို့ ထင်ပါတယ်”ဟု ပြော ကြားသည်။

“ပြောရရင်တော့ လူမျိုးသုဉ်း သတ်ဖြတ်တယ် ဆိုတာကတော့ ဒီလိုမျိုး မတွေ့ဘူးပေါ့နော်။ ဘာလဲဆိုရင် ဒီဖြစ်တဲ့ပြဿနာက ဘင်္ဂါလီတွေက စတာလေ။ ဘင်္ဂါလီတွေကနေ ကင်းစခန်း ၃၀ ကို ဝင်ရောက် တိုက်ခိုက်မှုပေါ့လေ။ အုပ်ချုပ်ရေးအပိုင်းကို နယ်မြေသိမ်းတဲ့ သဘောမျိုးနဲ့ လုပ်တယ်ပေါ့။ အခုလောလော ဆယ်မှာတော့ အန်တီတို့က လူမျိုးသုဉ်း သတ်ဖြတ်တယ်ဆိုတာတော့ အန်တီတို့တော့ ဘယ် လိုမှ လက်ခံလို့မရဘူး။ ဒါသူတို့ဘက်က ကျူးလွန်ခဲ့လို့သာ ဒီလိုပြဿနာတွေဖြစ်စေတယ်လို့ အန်တီပြောချင်တယ်။ အဓိကအားဖြင့် မောင်တောက နေရပ်စွန့်ခွာထွက်ပြေးလာတဲ့ ဒေသခံ တိုင်းရင်းသားတွေအကုန်လုံး တော် တော်ဒုက္ခရောက်တယ်။ ကိုယ့်အိမ်ကိုယ့်ရွာမှာ မနေရဘဲနဲ့ သူတို့က သူများမြို့ပေါ်မှာ ဒီလိုမျိုးနေနေရတာက သူတို့ လူ့အခွင့်အရေး ဆုံးရှုံးတယ်လို့ ပြောချင်တယ်”ဟု ရခိုင်ပြည်နယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်စောဝေက ပြောကြားသည်။

Most Read

Most Recent