မြန်မာအစိုးရအနေဖြင့် ရခိုင်ပြည်နယ် အကျပ်အတည်း၏ နောက်ဆက်တွဲ အကျိုးဆက်နှင့် အရင်းအမြစ်ကို ကိုင်တွယ်ဖြေရှင်းရန် လိုအပ်သောခြေလှမ်းများ ယခုသီတင်းပတ်အတွင်း စတင်လိမ့်မည်ဟု ဥရောပသမဂ္ဂ မျှော်လင့်

မြန်မာအစိုးရအနေဖြင့် ရခိုင်ပြည်နယ် အကျပ်အတည်း၏ နောက်ဆက်တွဲ အကျိုးဆက်နှင့် အရင်းအမြစ်ကို ကိုင်တွယ်ဖြေရှင်းရန် လိုအပ်သောခြေလှမ်းများ ယခုသီတင်းပတ်အတွင်း စတင်လိမ့်မည်ဟု ဥရောပသမဂ္ဂ မျှော်လင့်
Published 13 September 2017

ဥရောပသမဂ္ဂ နိုင်ငံခြားရေး မူဝါဒအကြီးအကဲ Federica Mogherini က မြန်မာအစိုးရအနေဖြင့် ရခိုင်ပြည်နယ် အကျပ်အတည်း၏ နောက်ဆက်တွဲအကျိုးဆက်နှင့် အရင်းအမြစ်ကို ကိုင်တွယ်ဖြေရှင်းရန် လိုအပ်သော ခြေလှမ်းများကို ယခုသီတင်းပတ်အတွင်း စတင်လိမ့်မည်ဟု မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။

ရခိုင်ပြည်နယ်တွင် အာစာဘင်္ဂါလီ အစွန်းရောက် အကြမ်းဖက်သမားများ၏ တိုက်ခိုက်ဖျက်ဆီးမှုကြောင့် သြဂုတ် ၂၅ ရက်မှ စက်တင်ဘာ ၅ ရက်အထိ လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် အာစာဘင်္ဂါလီ အစွန်းရောက်အကြမ်းဖက်အဖွဲ့များ ထိတွေ့တိုက်ခိုက်မှုပေါင်း ၉၇ ကြိမ်ဖြစ်ပွားခဲ့ပြီး လုံခြုံရေးတပ်ဖွဲ့ဝင် ၁၃ ဦး၊ နိုင်ငံ့ဝန်ထမ်းနှစ်ဦး၊ စုစုပေါင်း ၁၅ ဦး ကျဆုံးခဲ့ရကြောင်း၊ အလားတူ အာစာဘင်္ဂါလီ အစွန်းရောက် အကြမ်းဖက်သမားများ၏ အကြမ်းဖက်တိုက်ခိုက်မှုကြောင့် ဒေသခံတိုင်းရင်းသား ၁၄ ဦး၊ ဒေသခံဟိန္ဒူဘာသာဝင် ခုနစ်ဦး၊ ဘင်္ဂါလီခုနစ်ဦး စုစုပေါင်း၂၈ ဦးသေဆုံးခဲ့ရကြောင်း၊ အာစာဘင်္ဂါလီ အစွန်းရောက် အကြမ်းဖက်သမား ၃၇၁ ဦး (ဇာစ်မြစ်-တပ်မတော်) အသေရရှိခဲ့ကာ ၃၈ ဦးဖမ်းဆီးရမိခဲ့ကြောင်း သတင်းထုတ်ပြန်ရေး ကော်မတီက စက်တင်ဘာ ၅ ရက်က ထုတ်ပြန်ခဲ့သည်။

လွန်ခဲ့သော ရက်အနည်းငယ်က ပြောကြားခဲ့သလို လက်ရှိဦးစားပေးမှာ လူသားချင်း စာနာထောက်ထားမှုအကူအညီများ ချက်ချင်းရရှိစေရေးနှင့် အကျပ်အတည်း၏ အရင်းအမြစ် ဖြေရှင်းရေးအတွက် ကိုဖီအာနန် အကြံပေးကော်မရှင်၏ အကြံပြုချက်များကို တစ်ပြိုင်တည်း အကောင်အထည်ဖော်ရေး ဖြစ်ကြောင်း၊ ယခုသီတင်းပတ်အတွင်း အဆိုပါ အကောင်အထည်ဖော်ရေး ခြေလှမ်းများကို စတင်လိမ့်မည်ဟု မျှော်လင့်ကြောင်း Mogherini က စက်တင်ဘာ ၁၁ ရက်က ထုတ်ပြန်သော ကြေညာချက်တွင် ပြောကြားခဲ့သည်။

ဥရောပကော်မရှင် ဒုတိယဥက္ကဋ္ဌနှင့် အဆင့်မြင့် ကိုယ်စားလှယ်လည်းဖြစ်သူ Federica Mogherini က စက်တင်ဘာ ၆ ရက်က ကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့ရာတွင် ဥရောပသမဂ္ဂသည် မြန်မာအစိုးရနှင့် ဘက်ပေါင်းစုံမှ တာဝန်ရှိသူများကို ပြည်သူတစ်ရပ်လုံးအတွက် အကျိုးဖြစ်ထွန်းစေရန် ငြိမ်းချမ်းရေး၊ တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် ရေရှည်ပြဿနာ ဖြေရှင်းရာတွင် ပံ့ပိုးကူညီပေးရန် ကတိပြုပါကြောင်း၊ ဥရောပသမဂ္ဂအနေဖြင့် ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် သြဂုတ် ၂၅ ရက်က ဖြစ်ပွားခဲ့သည့် မြန်မာ့လုံခြုံရေးတပ်များအပေါ် စီးနင်းတိုက်ခိုက်ခဲ့မှုများနှင့် ဆက်တိုက်ဖြစ်ပေါ်ခဲ့သော အကြမ်းဖက်မှုများကို ပြစ်တင်ရှုတ်ချပါကြောင်း၊ ကျူးလွန်ခဲ့သူများကိုလည်း တရားဥပဒေနှင့်အညီ စစ်ဆေးစီရင်နိုင်လိမ့်မည်ဟု မျှော်လင့်ပါကြောင်း၊ ယခုဆက်လက် လုပ်ဆောင်နေသည့် စစ်ဆင်ရေးများတွင် ပါဝင်နေကြသည့် လုံခြုံရေးတပ်ဖွဲ့များအနေဖြင့် အတတ်နိုင်ဆုံး သည်းခံကိုင်တွယ် ဖြေရှင်းကြရန်နှင့် လက်နက်မဲ့ပြည်သူများကို ကာကွယ်စောင့်ရှောက်ကြရန် တာဝန်ရှိပါကြောင်း ဖော်ပြထားသည်။

ထို့ပြင် အရေးပေါ်အခြေအနေ ကြုံတွေ့နေကြရသူများအတွက် ကယ်ဆယ်ရေး လုပ်သားများအပါအဝင် ကန့်သတ်တားမြစ်ချက်မရှိသည့် လူသားချင်း စာနာထောက်ထားမှု အထောက်အပံ့များရရှိစေရေးမှာ မရှိမဖြစ် အရေးကြီးလှပါကြောင်း၊ ဥရောပသမဂ္ဂသည် လာရောက်ခိုလှုံကြသည့် ဒုက္ခသည်များအပေါ် ကြိုဆိုလက်ခံထားပြီး လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အခန်းကဏ္ဍတွင် ပါဝင်လှုပ်ရှားနေသည့် ဘင်္ဂလားဒေ့ရှ် အာဏာပိုင်များနှင့်အတူ မားမားမတ်မတ် ရပ်တည်လျက်ရှိပါကြောင်း၊ မြန်မာအစိုးရအနေဖြင့် ရခိုင်ပြည်နယ်အရေး အကြံပေးကော်မရှင်အဖွဲ့၏ အကြုံပြုသုံးသပ်ချက်များကို အကောင်အထည်ဖော်မည်ဟု ကတိပြုခဲ့ပြီးဖြစ်ပါကြောင်း၊ အကောင်အထည်ဖော်မှုများကို နှောင့်နှေးကြန့်ကြာခြင်းမရှိစေဘဲ အထူးအလေးအနက်ထား လုပ်ဆောင်သင့်ပါကြောင်း၊ ဥရောပသမဂ္ဂသည် ပိုမိုဆိုးရွားလာမည့် အခြေအနေကို ရှောင်ရှားနိုင်ရန်နှင့် ရှေ့ဆက်နိုင်စေရန်အတွက် အကြုံပြုသုံးသပ်ချက်များကို အကောင်အထည်ဖော်မည့် အစိုးရ၏လုပ်ငန်းစဉ်တွင် အပြည့်အ၀ ပံ့ပိုးကူညီပေးပါကြောင်းလည်း ကြေညာချက်တွင် ဖော်ပြထားသည်။

မြန်မာနိုင်ငံ ရခိုင်ပြည်နယ်တွင် ဒုက္ခသည်များအား လူသားချင်း စာနာထောက်ထားမှု အကူအညီများပေးရန်အတွက် အာဆီယံနှင့် ပူးပေါင်းဆောင်ရွက်ရန် ကမ်းလှမ်းကြောင်း စင်ကာပူနိုင်ငံက စက်တင်ဘာ ၈ ရက်တွင် ပြောကြားခဲ့သည်။

ထို့ပြင် မြန်မာနိုင်ငံ ရခိုင်ပြည်နယ်မှ ထွက်ပြေးလာသည့် ဘင်္ဂါလီများ (မူရင်းသတင်းတွင် ရိုဟင်ဂျာဟု သုံးနှုန်းထား) အားကာကွယ်ရန် နယ်စပ်အနီးတွင် ကုလသမဂ္ဂက ထောက်ခံသည့် ဘေးကင်းဇုန်တစ်ခု တည်ထောင်ရန် နိုင်ငံတကာ အသိုင်းအဝိုင်းကို ဘင်္ဂလားဒေ့ရှ်သမ္မတ မတ်အက်ပ်ဒူဟာမစ်က စက်တင်ဘာ ၁၀ ရက်တွင် ပြောကြားခဲ့သည်။

Most Read

Most Recent