အကြမ်းဖက် တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့သည့် မောင်တောမြို့ပေါ်တွင် တည်ငြိမ်လာပြီ ဖြစ်သော်လည်း ဒေသခံများ ပြန်လည် အခြေချနေထိုင်ရန် အဆင်သင့် မဖြစ်သေး

အကြမ်းဖက် တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့သည့် မောင်တောမြို့ပေါ်တွင် တည်ငြိမ်လာပြီ ဖြစ်သော်လည်း ဒေသခံများ ပြန်လည် အခြေချနေထိုင်ရန် အဆင်သင့် မဖြစ်သေး
Published 12 September 2017

မောင်တောမြောက်ပိုင်း တောင်ပြိုလက်ဝဲမြို့တွင် ပိတ်မိနေခဲ့သော နံ့သာတောင် ပရဟိတကျောင်းမှ ကျောင်းသား၊ကျောင်းသူများ မောင်တောမြို့သို့ စက်တင်ဘာ ၁၀ ရက် ညနေပိုင်းက ရောက်ရှိလာစဉ်

အကြမ်းဖက် တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့သည့် မောင်တောမြို့ပေါ်တွင် တည်ငြိမ်လာပြီ ဖြစ်သော်လည်း ဒေသခံများ ပြန်လည်အခြေချ နေထိုင်ရန် အဆင်သင့် မဖြစ်သေးကြောင်း ဒေသခံများထံမှ သိရသည်။

သြဂုတ် ၂၅ ရက်မှစ၍ မောင်တောမြို့နှင့် မောင်တောမြို့ ပတ်ဝန်းကျင်ရှိ ကျေးရွာများအား ဘင်္ဂါလီ အစွန်းရောက် အကြမ်းဖက်သမားများက ဝင်ရောက် တိုက်ခိုက်ခဲ့ပြီး ဒေသခံများမှာ စစ်တွေမြို့နှင့်  ဘူးသီးတောင်မြို့ပေါ်သို့ ထွက်ပြေး တိမ်းရှောင်ခဲ့ခြင်း ဖြစ်သည်။

လက်ရှိတွင် မောင်တောမြို့ပေါ်၌ တည်ငြိမ်နေပြီ ဖြစ်သော်လည်း ဒေသခံများ ပြန်လည်အခြေချ နေထိုင်ရန်အတွက် အဓိက အခက်အခဲမှာ လုံခြုံရေး စိတ်မချရသည့် အနေအထားများကြောင့် ဒေသခံ တိုင်းရင်းသားများမှာ ထွက်ခွာလျက် ရှိကြောင်း သိရသည်။

ဘူးသီးတောင်မြို့မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်သောင်းရွှေက “ကျွန်တော်တို့က နယ်မြေတစ်ခုကို စွန့်လွှတ်လိုက်ရတယ်လို့ ခံစားရတယ်။ အစိုးရအနေနဲ့တော့ အရင် ၂၀၁၂ ခုနှစ် တုန်းကလည်း ဒီလိုမျိုး သူတို့ လုပ်ခဲ့တယ်။ အေးချမ်းပြီ ဘာညာ ဆိုပြီးတော့ အတင်းအဓမ္မ နေခိုင်းတဲ့ပုံစံမျိုးတော့ မဖြစ်သင့်ဘူး။ အခုအနေအထားက သူတို့ခံစားနေရတဲ့ လက်တွေ့ကျကျ ခံစားခဲ့ရတဲ့သူတွေ ဖြစ်တယ်။ အဲဒါကြောင့် ထွက်ပြေးလာရတယ်။ အဲဒါကို နေရာချထားတဲ့အခါမှာ ဗြုန်းစားကြီး လုပ်လို့တော့ မသင့်တော်ဘူး။ အချိန်ယူပြီးတော့ စနစ်တကျ နေရာချဖို့ လိုပါတယ်။ ဒီဒေသမှာ အခြေချနေထိုင်ဖို့၊ ဒီဒေသမှာ ပြန်လည် ထူထောင်ရေး လုပ်ဖို့ဆိုတာက ဒီဘင်္ဂါလီ အကြမ်းဖက်တွေကို နှိမ်နှင်းပြီးမှ အမြစ်ပြတ် ချေမှုန်းနိုင်မှ ဒီဒေသရဲ့ ရေရှည်တည်တံ့မှုကို လုပ်သင့်တယ်လို့ ပြောလိုပါတယ်။ အခုက လုံခြုံရေးတော့ အသင့်အတင့် ရှိတာပေါ့နော်။ ဒါပေမဲ့ ဘယ်နေ့ ဘယ်အချိန် ဘယ်လိုဖြစ်လာမလဲ ဆိုတာကို တစ်ယောက်မျှ အာမခံလို့မရဘူး။ အဲဒီလိုအနေအထား ရှိပါတယ်”ဟု ပြောကြားသည်။

စစ်တွေမြို့သို့ ရောက်ရှိကာ ရေပိုက်ဆုံ ဘုန်းတော်ကြီးကျောင်း ကယ်ဆယ်ရေးစခန်းတွင် ခိုလှုံနေသူ မောင်တောမြို့နယ် ရွှေဇားကျေးရွာအုပ်စု အောင်ဗလကျေးရွာမှ ဒေါ်သန်းမေက “အဒေါ်တို့ ဒီလိုပြေးခဲ့ရပေါင်း များပြီ။ ၂၀၁၂ ခုနှစ်ကနေ အခုထိ ပြေးလာရတာ သုံးခါလောက် ရှိတယ်။ ဒီကြားကာလတွေမှာလည်း အဒေါ်တို့ တိုင်းရင်းသားတွေကို ရန်ရှာတယ်။ သတ်ဖြတ်တယ်။ ဒါကြောင့် သူတို့လို အကြမ်းဖက်သမားတွေနဲ့ အဒေါ်တို့ ဘယ်လိုမှ နေလို့ မရတော့ဘူး။ အဲဒါကြောင့် နိုင်ငံတော်အစိုးရအနေနဲ့ အဒေါ်တို့ကို လုံခြုံအောင် သင့်တင့်တဲ့ လုံခြုံရေးနဲ့ ချထားပေးစေချင်တယ်။ အခုလည်း အဒေါ်တို့မှာ ရွာမှာကျန်ခဲ့တဲ့ အိမ်တွေ၊ မြေတွေ ဘယ်လိုအနေအထားမှာ ရှိနေလဲ မသိရပါဘူး။ ဒီမှာနေတော့လည်း စိတ်မချမ်းသာပါဘူး။ အမြဲတမ်း ကိုယ့်အိမ်ကိုယ့်ယာကို သတိရနေပါတယ်။ အဲဒါကြောင့် နိုင်ငံတော်အစိုးရအနေဖြင့် ရခိုင်ဒေသမှာ နေထိုင်တဲ့ ရခိုင်လူမျိုးတွေကို အတတ်နိုင်ဆုံး လုံခြုံရေးနဲ့ ကူညီစောင့်ရှောက်မှု ပေးပြီးတော့ အဒေါ်တို့ ကိုယ့်ရပ်ကိုယ့်ရွာမှာ အေးအေးချမ်းချမ်း လုပ်ကိုင်စားသောက်လိုပါတယ်” ဟု ပြောကြားသည်။

မောင်တောမြို့ ပတ်ဝန်းကျင် ကျေးရွာများမှ ပြောင်းရွှေ့လာသည့် ဒေသခံ တိုင်းရင်းသားများကို စက်တင်ဘာ ၁၁ ရက်က တွေ့ရစဉ်

လက်ရှိတွင် အကြမ်းဖက် သတင်းများနှင့် ဖြစ်စဉ်များကြောင့် ရခိုင်ပြည်နယ်တွင် လုံခြုံရေး တိုးမြှင့်ထားကြောင်း၊ ပြည်သူများအနေဖြင့် ထူးခြားဖြစ်စဉ်များကို ဆက်သွယ် သတင်းပေးပို့နိုင်ကြောင်း ရခိုင်ပြည်နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး အောင်မြတ်မိုးက ပြောကြားသည်။

“မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ရဲ့ ရည်မှန်းချက် တာဝန်တွေဖြစ်တဲ့ ပြည်တွင်းလုံခြုံရေးနဲ့ ရပ်ရွာအေးချမ်းသာယာရေး၊ တရားဥပဒေစိုးမိုးရေး၊ မူးယစ်ဆေးဝါး အန္တရာယ် တားဆီးကာကွယ်ရေး၊ ပြည်သူ့အကျိုးပြု လုပ်ငန်းများ ဆောင်ရွက်ရေး စတဲ့ တာဝန်လေးရပ် ချမှတ်ပြီး အထူးသဖြင့် ရခိုင်ပြည်နယ် မြို့တော် စစ်တွေ အပါအဝင် အားလုံးမြို့နယ်ပေါင်း ၁၇ မြို့နယ် ခရိုင် ငါးခရိုင်အတွင်းမှာ ပြည်သူလူထု အေးအေးချမ်းချမ်းနဲ့ ရှာဖွေ စားသောက်နိုင်ရေးအတွက် မြန်မာနိုင်ငံရဲတပ်ဖွဲ့က လုံခြုံရေးတာဝန်များကို ဆောင်ရွက်လျက် ရှိပါတယ်” ဟု ရဲမှူးကြီး အောင်မြတ်မိုးက ပြောကြားသည်။

ပြည်သူများအနေဖြင့် ထူးခြားဖြစ်စဉ်နှင့် သတင်းများ ရရှိပါက ရဲတပ်ဖွဲ့သို့ ဆက်သွယ် သတင်းပေးပို့နိုင်ကြောင်း၊ လုံခြုံရေးတပ်ဖွဲ့များ အနေဖြင့် အရပ်ဝတ်များဖြင့်လည်း လုံခြုံရေးလုပ်ငန်းများ ဆောင်ရွက်လျက် ရှိကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

“ရခိုင်ပြည်နယ်အတွင်းမှာ နေထိုင်တဲ့ ပြည်သူလူထု ဖြစ်ပေါ်နေတဲ့ သတင်းတွေအပေါ်မှာ စိုးရိမ်ထိတ်လန့်မှု မရှိဘဲနဲ့ နေနိုင်အောင် ပုံမှန်လုံခြုံရေး ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ ထွက်ပေါ်နေတဲ့ သတင်းတွေနဲ့ ပတ်သက်လို့ ပြည်သူလူထုဟာ ကြောက်ရွံ့မှု မရှိပါနဲ့။ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဟာ ကိုယ်စွမ်းဉာဏ်စွမ်း ရှိသရွေ့ ပြည်သူထုထု လုံခြုံရေးအတွက်ကို ကာကွယ်စောင့်ရှောက်လျက် ရှိပါတယ်။ လုံခြုံရေးဆောင်ရွက်တာမှာ ယူနီဖောင်းဝတ်၊ သေနတ်ကိုင်ပြီးသွားမှ မဟုတ်ဘဲနဲ့ အရပ်ဝတ် ကင်းတွေလည်း မြို့အနှံ့မှာ ချထားပါတယ်။ ပြည်သူလူထု အနေနဲ့လည်း မြို့လုံခြုံရေးကို ပူးပေါင်းဆောင်ရွက်စေချင်ရင် မိမိပတ်ဝန်းကျင်မှာ မသင်္ကာဖွယ်ရာ ထူးခြားလှုပ်ရှားမှုတွေရှိရင် ရဲတပ်ဖွဲ့ကို သတင်းပေးပို့နိုင်ပါတယ်” ဟု ရဲမှူးကြီး အောင်မြတ်မိုးက ပြောကြားသည်။

စက်တင်ဘာ ၁၁ ရက် မွန်းလွဲပိုင်းက မောင်တောမြို့နယ် တောင်ပိုင်း သရေကုန်ဘောင်ကျေးရွာဘက်မှ ဘင်္ဂါလီကျေးရွာများတွင် မီးလောင်မှုအချို့ ဖြစ်ပွားခဲ့ပြီး မောင်တောမြို့ပေါ်တွင် တည်ငြိမ်နေကြောင်း သိရသည်။

■ မောင်တောမြို့မြောက်ပိုင်း ကျေးရွာများမှ ဒေသခံများ စစ်တွေနှင့် ဘူးသီးတောင်မြို့များသို့ ဆက်လက် ထွက်ခွာလျက်ရှိ

မောင်တောမြို့ပေါ်တွင် မီးရှို့မှုများ ထပ်မံဖြစ်ပွားမှု မရှိတော့သော်လည်း မောင်တော မြောက်ပိုင်းမှ ပိတ်မိနေသည့် ကျေးရွာများမှ ဌာနေ တိုင်းရင်းသားများ နေရပ်စွန့်ခွာလျက်ရှိရာ စစ်တွေမြို့ပေါ်တွင် ကယ်ဆယ်ရေးစခန်း ၂၇ ထိ တိုးချဲ့ ဖွင့်လှစ်ထားရပြီး နေရပ်စွန့်ခွာသူဦးရေ ငါးထောင်ဝန်းကျင်ထိ ရောက်ရှိလာကြောင်း သိရသည်။

စစ်တွေမြို့သို့ မောင်တောဒေသမှ နေရပ်စွန့်ခွာ ထွက်ပြေး တိမ်းရှောင်လာခဲ့သည့်သူများအတွက် နေရာထိုင်ခင်း ဆောင်ရွက်ပေးနေသူ ဦးအောင်ဌေးက “ကျွန်တော်တို့ ဒီကနေ့ မနက်ပိုင်းထိဆိုရင် ဒီမရာမာကြီး ဘုန်းတော်ကြီးကျောင်း တစ်ကျောင်း၊ ဟိန္ဒူဘာသာကျောင်း သုံးကျောင်း အပါအဝင် ဗုဒ္ဓဘာသာ ဘုန်းကြီးကျောင်း အားလုံးစုစုပေါင်း ၂၇ ခုကို ဖွင့်ထားတာ ဖြစ်ပါတယ်။ အဲဒီမှာ လူဦးရေကတော့ ငါးထောင်ပတ်ဝန်းကျင် ရောက်ရှိနေထိုင်နေကြပါတယ်။ အဓိက နေရပ်စွန့်ခွာလာသူတွေထဲမှာ တိုင်းရင်းသားမျိုးစုံ ပါတယ်။ မရာမာကြီး ပါတယ်။ ခမီး၊ သက်၊ ဒိုင်းနက်၊ ရခိုင် စတဲ့ တိုင်းရင်းသား မျိုးနွယ်စုတွေ အကုန်ပါတယ်။ အခုဆိုရင် မောင်တောမြောက်ပိုင်းက လမ်းပွင့်လို့ ရောက်လာတဲ့ သူတွေထဲမှာဆိုရင် သက်လူမျိုးတွေ အများကြီးပါလာတာ တွေ့ရတယ်။ သက်လူမျိုးတွေကို အောင်မြေကုန်း ဘုန်းကြီးကျောင်းမှာ လောလောဆယ် ထားတယ်။ ဒိုင်းနက်လူမျိုးတို့ ပါလာတာ တွေ့ရတယ်။ တချို့ဒိုင်းနက်လူမျိုးတွေက ပုဏ္ဏားကျွန်းအထိ သွားတာရှိနေတယ်။ အိန္ဒိယနွယ်ဖွား ဟိန္ဒူတွေ ပါလာတယ်” ဟု ပြောကြားသည်။

ထို့ပြင် မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ် တောင်ပြိုလက်ဝဲမြို့တွင် ခိုလှုံနေသည့် နံံ့သာတောင် ပရဟိတကျောင်းမှ ကျောင်းသား ကျောင်းသူများ၊ ကျေးရွာသားများ၊ ဌာနဆိုင်ရာ မိသားစုများသည် စက်တင်ဘာ ၁၀ ရက်မှ စကာ တပ်မတော်လုံခြုံရေး ယာဉ်တန်းဖြင့် တောင်ပြိုလက်ဝဲမြို့မှ မောင်တောနှင့် ဘူးသီးတောင်မြို့များသို့ ထွက်ခွာလာခဲ့ကြောင်း သိရသည်။

နံ့သာတောင် ပရဟိတကျောင်း ဆရာတော် ဦးစာရဏက “ဦးဇင်းကျောင်းက ကလေးတွေကို အခုတပ်မတော် လုံခြုံရေးနဲ့ မောင်တောမြို့ကို ခေါ်လာတာ မောင်တောမြို့ မြို့မဘုန်းတော်ကြီးကျောင်းမှာ ယာယီနေရာ ချထားပါတယ်။ ဒီကလေးတွေကို မောင်တောမြို့မှာပဲ ပညာဆက်သင်နိုင်အောင် စီစဉ်ထားပါတယ်။ အခု လိုအပ်ချက်တွေကတော့ စားသောက်ရေး၊ အဝတ်အထည်တွေပဲ ဖြစ်ပါတယ်။ ကလေးတွေက ကိုးတန်း၊ ၁၀ တန်း ကျောင်းသားတွေ အပါအဝင် သုံးရာကျော် ရှိပါတယ်” ဟု မိန့်ကြားသည်။ ARSA အစွန်းရောက် ဘင်္ဂါလီ အကြမ်းဖက်သမားများက  တောင်ပြိုလက်ဝဲမြို့နယ်စပ်ရှိ နံ့သာတောင်ကျေးရွာ တစ်ရွာလုံးကို သြဂုတ် ၂၈ ရက်က မီးရှို့ဖျက်ဆီးခဲ့ပြီး နံ့သာတောင် ပရဟိတ ဘုန်းတော်ကြီးကျောင်းမှ ကျောင်းဆောင်များကိုလည်း မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဆရာတော်က မိန့်ကြားသည်။ လက်ရှိ အနေအထားတွင် နံ့သာတောင် ကျေးရွာသို့ မပြန်နိုင်သေးဘဲ တစ်ရွာလုံး နေရပ်စွန့်ခွာကာ မောင်တောမြို့သို့ ရောက်ရှိလာကြခြင်း ဖြစ်ကြောင်း သိရသည်။ နံ့သာတောင်ကျေးရွာတွင် နေအိမ် ၄၂ လုံး၊ ဈေးဆိုင် ၁၃ ဆိုင်၊ ဘုန်းတော်ကြီး ကျောင်းတစ်ကျောင်း၊ အခမဲ့ ပညာဒါနပရဟိတ ကျောင်းဆောင် တစ်ဆောင်နှင့် ကျောင်းသားကျောင်းသူများ နေထိုင်သည့် အဆောက်အအုံများ မီးရှို့ဖျက်ဆီး ခံခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။

နံ့သာတောင် ပရဟိတကျောင်းမှ ကျောင်းသား ကျောင်းသူများ မောင်တောမြို့သို့  ရောက်ရှိလာစဉ်

အလားတူ မောင်တောမြောက်ပိုင်းဖျား မင်းခမောင်း၊ တမန်းသားစသည့် ကျေးရွာများမှလည်း ကြိမ်ချောင်းကျေးရွာသို့ ခြေကျင်လျှောက်လာကြပြီး ကြိမ်ချောင်းကျေးရွာမှ ရ ရာကားများ၊ ဆိုင်ကယ်များဖြင့် ဘူးသီးတောင်မြို့သို့ ပြောင်းရွှေ့နေကြကြောင်း သိရသည်။

စက်တင်ဘာ ၁၁ ရက်တွင် ဘူးသီးတောင်မြို့မှ စစ်တွေမြို့သို့ ထွက်ခွာလာသည့် ပြည်တွင်းရေကြောင်း သင်္ဘောနှင့် အမြန်ရေယာဉ်များတွင် လိုက်ပါသူ အရေအတွက်များပြားပြီး လက်မှတ်မရသဖြင့် ကျန်ခဲ့သူများ၊ လက်မှတ်ဝယ်ယူရန် ငွေကြေးအခက်အခဲ ရှိသူများသည် ဘူးသီးတောင်မြို့ပေါ်ရှိ ကယ်ဆယ်ရေးစခန်းများတွင် ခိုလှုံနေကြကြောင်း သိရသည်။

Most Read

Most Recent