ရခိုင်အရေး၊ နိုင်ငံတကာဖိအားနဲ့ ထောင်ချောက်များ

ရခိုင်အရေး၊ နိုင်ငံတကာဖိအားနဲ့ ထောင်ချောက်များ
Published 11 September 2017

မောင်တောဒေသမှ လုံခြုံရေးတပ်ဖွဲ့ဝင်တစ်ဦး၊ နေရပ်စွန့်ခွာထွက်ပြေးနေကြသော ရခိုင်တိုင်းရင်းသားများနှင့် ဟိန္ဒူဘာသာဝင်များ (ဓာတ်ပုံ-လူမော်နိုင်)၊ ရခိုင်ပြည်နယ်အရေးနှင့်ပတ်သက်၍ ဘင်္ဂလားဒေ့ရှ်နှင့် ပါကစ္စတန်တို့တွင် မွတ်စလင်များ ဆန္ဒပြနေစဉ် (Photo: AFP)

ယနေ့ နိုင်ငံတကာသတင်းစာ မျက်နှာတွေမှာ ရခိုင်အရေးနှင့်ပတ်သက်ပြီး အသံအကျယ်ဆုံးနဲ့ အရေးကြီးသော Issue အဖြစ် စောင့်ကြည့်မှုများရှိနေပြီ ဖြစ်သည်။

What's Happening in Myanmar? နိုင်ငံတကာသတင်း ကဏ္ဍတွေကိုကြည့်ရင်  မြန်မာနိုင်ငံတွင် ဘာတွေဖြစ်နေပြီလဲ။ ရခိုင်အရေးအကြောင်း အရာများနှင့်ပတ်သက်ပြီး ပြည်တွင်းအခြေအနေနှင့် ကွဲပြားခြားနားမှုများ လက်တွေ့ မြေပြင်အနေအထားနှင့် ကွာခြားချက်များ၊ မွတ်စလင်ကမ္ဘာ၏ Agenda များဟု ဆိုနိုင်သည့် အချက်အလက်များ၊ သတင်းအကြောင်းအရာများစွာ ပေါ်ထွက်နေသည်ကို တွေ့ရပေလိမ့်မည်။

မြန်မာနိုင်ငံအနေဖြင့် ဘင်္ဂါလီဟုသာ လက်ခံခေါ်ဝေါ်သုံးစွဲမှုများ အတိအလင်း လုပ်ဆောင်ထားသော်လည်း နိုင်ငံတကာစာမျက်နှာများတွင် ရိုဟင်ဂျာဟူသော အသုံးအနှုန်းသာ ဗုံးပေါလအော တွေ့ရ မည်ဖြစ်ပြီး မြန်မာနိုင်ငံမှ လူနည်းစုဆိုသည့် အသုံးအနှုန်းမျိုးဖြင့် ဇောင်းပေးထားကြသည်ကို မြင်တွေ့ရပေလိမ့်မည်။

ယနေ့ ကမ္ဘာ့သတင်းစာမျက်နှာများတွင် ရခိုင်အရေးနှင့်ပတ်သက်ပြီး What's behind Rohingya exodus from Myanmar ၊ Rohingya Crisis ၊ What's behind these 1 . 2 Million tweets? ခေါင်းကြီးသတင်းများ နေရာယူထားသည်။  တစ်ဆက်တည်းတွင် ရခိုင်ဒေသ၌  ဘင်္ဂါလီတို့၏ အကြမ်းဖက်တိုက်ခိုက်မှုများ၊ သတ်ဖြတ်မီးရှို့မှုများ ဖြစ်ပေါ်ခဲ့သည့်နောက်တွင် ဒေသခံရခိုင်တိုင်းရင်းသားများ၊ ဟိန္ဒူဘာသာဝင်များ ဘေးလွတ်ရာသို့ အိုးအိမ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်ကြရသည်။

ဘင်္ဂါလီများ ရာနှင့်ထောင်နှင့်ချီ ဘင်္ဂလားဒေ့ရှ်ဘက်သို့ ထွက်ပြေးကြသည်ဟု ဆိုကြသည်။ သို့သော်လည်း တစ်ဖက်တွင် နယ်မြေဒေသ လုံခြုံရေးအတွက် လုံခြုံရေးအဆင့် တဖြည်းဖြည်းတိုးမြှင့်ပြီး စစ်တပ်က လုံခြုံရေး၊ နယ်မြေရှင်းလင်းရေး လုပ်ဆောင်လိုက်သည်နှင့် တစ်ပြိုင်နက် နိုင်ငံတကာ အထူးသဖြင့် မွတ်စလင်နိုင်ငံအချို့က ဆန္ဒပြမှုတွေ၊ ရခိုင်ဒေသမှာ လူမျိုးသုဉ်းသတ်ဖြတ်မှုတွေ ရပ်တန့်ပေးရေးဆိုသည့် အချက်များဖြင့် မြန်မာနိုင်ငံအပေါ် ဆန့်ကျင်ကန့်ကွက် ဖိအားပေးမှုများ လုပ်ဆောင်လာတော့သည်။

ယင်းကဲ့သို့ ရခိုင်အရေး ကမ္ဘာ့အလယ်တွင် လျင်မြန်စွာဖြင့် ကြီးကျယ်သည့် အကြောင်းအရာတစ်ခု ဖြစ်ခဲ့ရခြင်းမှာ ကိုဖီအာနန်၏ ရခိုင်အရေးနှင့်ပတ်သက်သည့် အစီရင်ခံစာ ထွက်ပေါ်ပြီးချိန်နှင့် အချိန်ကိုက်ဖြစ်ပွားသွားခဲ့သည်ကို တွေ့ရသည်။

ကိုဖီအာနန်၏ အစီရင်ခံစာအပြီး

ကိုဖီအာနန်၏ ရခိုင်အရေးနှင့် ပတ်သက်သည့် အစီရင်ခံစာ ထွက်ပေါ်လာပြီး သြဂုတ် ၂၅ ရက် တွင် မြန်မာနိုင်ငံ၏ အနောက်ဘက်ဆုံးမြို့ဖြစ်သော ရခိုင်ပြည်နယ် မောင်တောမြို့တွင် အကြမ်းဖက်မှုများ စတင်ဖြစ်ပွားခဲ့သည်။ သြဂုတ် ၂၅ ရက် နံနက် အရုဏ်တက်ချိန်တွင် မောင်တောမြို့နယ်အတွင်းရှိ ရဲကင်းစခန်း ၃၀ အား ဘင်္ဂါလီအစွန်းရောက် အကြမ်းဖက်များက တစ်ပြိုင်နက်တည်း ဝင်ရောက်တိုက်ခိုက်ခဲ့သည်။

ဘင်္ဂါလီအစွန်းရောက် အကြမ်းဖက်များက အလစ်အငိုက်ဝင်ရောက် တိုက်ခိုက်မှုကြောင့် ကနဦးတွင် ရဲတပ်ဖွဲ့ဝင် ကိုးဦး၊ တပ်မတော်သားတစ်ဦးနှင့် ဒုလဝကမှူးတစ်ဦး ကျဆုံးခဲ့သည်။

အစွန်းရောက် ဘင်္ဂါလီအကြမ်းဖက်သမားများသည် ရဲကင်းစခန်းများကို လူအင်အားဖြင့် အကွက်ကျကျ ဝင်ရောက်တိုက်ခိုက်မှုများမှာ နယ်မြေလုတိုက်ပွဲများ အသွင်ဆောင်နေခဲ့သည်။

သြဂုတ် ၂၅ ရက်မှ စတင်ဖြစ်ပွားခဲ့သော တိုက်ခိုက်မှုများအပြီးတွင် ဌာနေရခိုင်တိုင်းရင်းသားများမှာ နေရပ်စွန့်ခွာထွက်ပြေးမှုများ ယနေ့အထိရှိနေဆဲ ဖြစ်သည်။ တိုက်ခိုက်မှုများကြောင့် မောင်တောမြို့နယ်အတွင်းရှိ စာသင်ကျောင်းပေါင်း ၁၈၀ ကျော်၊ ဘူးသီးတောင်မြို့နယ်ရှိ ကျောင်းပေါင်း ၂၂၀ ကျော်နှင့် ရသေ့တောင်မြို့နယ်ရှိ ကျောင်းပေါင်း ၃၀ ကျော် စုစုပေါင်း အခြေခံပညာစာသင်ကျောင်း ၄၀၀ ကျော် ရက်အကန့်အသတ်မရှိ ပိတ်ထားခဲ့ရသည်။

နေရပ်စွန့်ခွာ ထွက်ပြေးရသည့် ဌာနေရခိုင်တိုင်းရင်းသားများမှာ ဘူးသီးတောင်၊ စစ်တွေမြို့များသို့ ထွက်ပြေးတိမ်းရှောင်လျက်ရှိပြီး အစိုးရမှ ထုတ်ပြန်သည့် စာရင်းများအရ မောင်တောဒေသတွင် နေရပ်စွန့်ခွာသူ စုစုပေါင်း ၂၂၆၇၄၇ ဦးရှိကြောင်း သိရသည်။

အကြမ်းဖက်တိုက်ခိုက်မှုများ ဖြစ်ပွားသည့် မောင်တောမြို့နယ်တွင် ဘင်္ဂါလီများမှာ ရခိုင်တိုင်းရင်းသားများထက် သိသာစွာများပြားပြီး ၂၀၁၆ ခုနှစ် စက်တင်ဘာ ၂၂ ရက်က ပြုလုပ်သည့် ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ဘူးသီးတောင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်သောင်းရွှေ၏ အဆိုအရ ဘင်္ဂါလီအကြမ်းဖက်များ တိုက်ခိုက်လျက်ရှိသည့် မောင်တောမြို့နယ်တွင် လူဦးရေ ၅၂၀၀၀၀ ကျော်အနက် တိုင်းရင်းသားဦးရေမှာ ၄၉၀၀၀ နှင့်အခြား ၄၇၀၀၀၀ ကျော်၊ ဘူးသီးတောင်မြို့နယ်တွင် လူဦးရေ ၃၄၀၀၀၀ ကျော်အနက် တိုင်းရင်းသားမှာ ၅၅၀၀၀ ကျော်နှင့် အခြား ၂၈၅၀၀၀ ကျော်ရှိကြောင်း သိရသည်။

လက်ရှိအချိန်ထိလည်း မောင်တောမြို့ပေါ်တွင် နေထိုင်သူ အနည်းငယ်သာရှိပြီး ဒေသခံတိုင်းရင်းသားများမှာ ဘူးသီးတောင်နှင့် စစ်တွေမြို့များသို့ ထွက်ပြေးတိမ်းရှောင်လျက်ရှိသည်။

အကြမ်းဖက်တိုက်ခိုက်မှုများ ဖြစ်ပွားလျက်ရှိသည့် မောင်တောမြို့နှင့် မောင်တောမြို့မြောက်ပိုင်းရှိ ကျေးရွာများတွင် အများစုမှာ ဘင်္ဂါလီများ နေထိုင်လျက်ရှိသည့် ကျေးရွာများဖြစ်ခြင်းကြောင့် အချို့သော ရခိုင်ကျေးရွာများမှာ မောင်တောမြို့ပေါ်သို့ လာရောက်နိုင်ခြင်းမရှိဘဲ သြဂုတ် ၂၅ ရက်မှ စတင်ကာ ပိတ်မိခဲ့သည့် ကျေးရွာများလည်းရှိပြီး ရိက္ခာအခက်အခဲများ ပြတ်လပ်မှုများ ကြုံတွေ့ရလျက်ရှိသည်။ အဆိုပါ မောင်တောမြို့မြောက်ပိုင်းရှိ ကျေးရွာများသို့ ကယ်ဆယ်ရေးသွား ရောက်ရာတွင်လည်း လက်လုပ်မိုင်းအန္တရာယ်ကြောင့် ကယ်ဆယ်ရေးနှင့် အကူအညီပေးရေးအဖွဲ့များမှာ ရောက်ရှိခဲ့ခြင်း မရှိပေ။ သွားရောက်ခဲ့သည့် ကယ်ဆယ်ရေးဆောင်ရွက်သည့် အချို့အဖွဲ့များမှာ လမ်းမှလှည့်ပြန်လာရသည့် ဖြစ်စဉ်များရှိခဲ့သည်။

ထို့ပြင် ဘင်္ဂါလီအစွန်းရောက် အကြမ်းဖက်သမားများက ဒေသခံ တိုင်းရင်းသားများ၏ နေအိမ်များကို မီးရှို့ခြင်း၊ ရခိုင်တိုင်းရင်းသားများ အပါအဝင် ဟိန္ဒူဘာသာဝင်များကိုလည်း အကြမ်းဖက်သတ်ဖြတ်ခြင်းများ ရှိခဲ့သည်။ ဒေသခံတိုင်းရင်းသား ၁၄ ဦးနှင့် ဟိန္ဒူဘာသာဝင် ခုနစ်ဦး၊ လုံခြုံရေးတပ်ဖွဲ့ဝင် ၁၃ ဦး၊ နိုင်ငံ့ဝန်ထမ်းနှစ်ဦး သေဆုံးခဲ့ရကြောင်း သတင်းထုတ်ပြန်ရေးကော်မတီ၏ စက်တင်ဘာ ၃ ရက်က ထုတ်ပြန်သည့် စာရင်းများအရ သိရသည်။ ဘင်္ဂါလီအစွန်းရောက် အကြမ်းဖက်သမား ၃၇၁ ဦး၏ အလောင်းများကို ရရှိခဲ့ပြီး ၃၈ ဦး ဖမ်းဆီးရမိထားသည်။

အကြမ်းဖက်မှုအပေါ်  ကိုင်တွယ်ဆောင်ရွက်

အကြမ်းဖက်တိုက်ခိုက်မှု ဖြစ်စဉ်စတင်ဖြစ်ပွားခဲ့သည့် အချိန်မှစ၍ အကြမ်းဖက်သမားများကို ပြန်လည်တိုက်ခိုက်ခဲ့ပြီး နောက်ပိုင်းတွင် အစိုးရ၏ ခွင့်ပြုချက်ဖြင့် တပ်မတော်က မောင်တောဒေသအား စစ်ဆင်ရေးနယ်မြေအဖြစ်သတ်မှတ် ဆောင်ရွက်ခဲ့သည်။

သြဂုတ် ၂၇ ရက်တွင် နိုင်ငံတော်အတိုင်ပင်ခံရုံးက ထုတ်ပြန်ချက်တစ်ခုကို ထုတ်ပြန်ခဲ့ပြီး အဆိုပါ ထုတ်ပြန်ချက်တွင် အစွန်းရောက် ဘင်္ဂါလီအကြမ်းဖက်သမားများနှင့်  ARSA အကြမ်းဖက်အုပ်စုနှင့် ပတ်သက်ဆက်နွှယ်သော ပြည်ပနိုင်ငံများမှ ငွေကြေးထောက်ပံ့မှုများ၊ ဆက်သွယ်ဆောင်ရွက်နေသော လူပုဂ္ဂိုလ်များ၊ အားပေးကူညီမှုများကို လိုအပ်သလို အရေးယူဆောင်ရွက်ပေးရန် နိုင်ငံတကာရဲတပ်ဖွဲ့မှတစ်ဆင့် နိုင်ငံတကာအစိုးရများထံ အသိပေးအကြောင်းကြားနိုင်ရေးကိုလည်း မြန်မာအစိုးရဘက်က လုပ်ဆောင်ခဲ့သည်။

အစွန်းရောက် ဘင်္ဂါလီအကြမ်း ဖက်သမားများနှင့် ARSA အကြမ်းဖက်အုပ်စုအား ထောက်ခံခြင်း၊ အားပေးကူညီရာ ရောက်စေသော ပြုမူလုပ်ဆောင်ချက်များ လုပ်ဆောင်ခြင်း၊ ထောက်ပံ့ခြင်း၊ မီဒီယာများမှ ထောက်ခံရေးသားခြင်း စသည်တို့ မပြုလုပ်ရန်နှင့် အကြမ်းဖက်အားပေး လုပ်ဆောင်ချက်များ တွေ့ရှိပါက အကြမ်းဖက်တိုက်ဖျက်ရေး ဥပဒေနှင့်အညီ အရေးယူသွားမည်ဖြစ်ပြီး ပြည်ပမှ လုပ်ဆောင်ချက်များ တွေ့ ရှိရပါက နိုင်ငံတကာရဲတပ်ဖွဲ့သို့ အသိပေးဆောင်ရွက်သွားမည်ဖြစ်ကြာင်း အစိုးရ၏ ထုတ်ပြန်ချက်တွင် အတိအလင်း ဖော်ပြခဲ့သည်။

ထို့ပြင် နေရပ်စွန့်ခွာရသည့် တိုင်းရင်းသားများနှင့် အကြမ်းဖက်ဖြစ်စဉ်များတွင် ပါဝင်ခြင်းမရှိသည့် ဘင်္ဂါလီများအား ထောက်ပံ့မှုများ အစိုးရက ပြုလုပ်ခဲ့သည်။

တပ်မတော်က ရဟတ်ယာဉ်များကို အသုံးပြုပြီး ပိတ်မိနေသည့် ဒေသခံတိုင်းရင်းသားများကို ကယ်တင်ခြင်းနှင့် ပိတ်မိနေသော ကျေးရွာများမှ ဒေသခံများကို လုံခြုံရေးဖြင့် ဘေးလွတ်ရာသို့ ခေါ်ဆောင်မှုများ လုပ်ဆောင်ခဲ့ကြသည်။

ရခိုင်အရေးနဲ့ ပတ်သက်ပြီး နိုင်ငံတကာ၏ အသံများ

အခြားတစ်ဖက်တွင်မှု ရခိုင်ဒေသပဋိပက္ခအပေါ် အစိုးရ၏ ကိုင်တွယ်ဖြေရှင်းမှုနှင့်ပတ်သက်ပြီး နိုင်ငံတကာ၏ ဝေဖန်မှုများနှင့် ကြုံတွေ့ခဲ့ရသည်။ မွတ်စလင်နိုင်ငံ အချို့က ဝေဖန်တိုက်ခိုက်မှုများ စတင်ချိန်မှာပင် ရခိုင်အရေးနှင့်ပတ်သက်ပြီး ကုလသမဂ္ဂလုံခြုံရေး ကောင်စီအရေးပေါ် အစည်းအဝေး ခေါ်ယူပေးရန် ဗြိတိန်အစိုးရက တောင်းဆိုလိုက်သည်။ ထိုသို့တောင်းဆိုမှုကြောင့် ရခိုင်အရေးနှင့် ပတ်သက်ပြီး တံခါးပိတ် အစည်းအဝေးကျင်းပခဲ့သော်လည်း အဆိုပါအစည်းအဝေးနှင့် ပတ်သက်ပြီး တိကျသောအဖြေ မရရှိခဲ့ပေ။

သို့သော်လည်း နိုင်ငံတကာမှ ဖိအားပေးမှုများတွင် ဘင်္ဂါလီများအား လူမျိုးသုဉ်းသတ်ဖြတ်မှုများ ရှိနေသည်ဟူသည့် စွပ်စွဲချက်များမှာ ပိုမိုများပြားလာခဲ့သည်။ ပါကစ္စတန်နိုင်ငံတွင် ရခိုင်ပြည်နယ်ရှိ ဘင်္ဂါလီအရေးနှင့် ပတ်သက်၍ မြန်မာအစိုးရအား မွတ်စလင် ထောင်ပေါင်းများစွာက စက်တင်ဘာ ၈ ရက်တွင် ဆန္ဒပြခဲ့ကြသည်။ ဆန္ဒပြသူ ပါကစ္စတန် မွတ်စလင် ထောင်ပေါင်းများစွာက မြန်မာနိုင်ငံတွင် ဘင်္ဂါလီများအား အကြမ်းဖက် ဖိနှိပ်မှုများနှင့် ပတ်သက်၍ မြန်မာအစိုးရကို ရှုတ်ချဆန္ဒပြခြင်းဖြစ်ကြောင်း ပြောဆိုကြသည်။ ရခိုင်အရေးနှင့်ပတ်သက်ပြီး မွတ်စလင်နိုင်ငံများထဲမှ ပါကစ္စတန်၏ ဖိအားပေးသည့်ပုံစံ ဆန့်ကျင်ကန့်ကွက်မှုများမှာ စိုးရိမ်စရာအနေအထားမျိုး ဖြစ်စေခဲ့သည်။

အခြားနိုင်ငံများတွင်လည်း ဘင်္ဂါလီအရေးနှင့် စပ်လျဉ်း၍ စက်တင်ဘာ ၈ ရက်က ဆန္ဒပြပွဲများ ကျယ်ကျယ်ပြန့်ပြန့် ပြုလုပ်ခဲ့ကြသည်။ မလေးရှား၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်၊ အီရန်၊ အိန္ဒိယ၊ အာဖဂန်၊ ဘင်္ဂလားဒေ့ရှ်၊ ဂျပန် အစရှိသည့် နိုင်ငံများတွင် ဆန္ဒပြခဲ့ကြခြင်း ဖြစ်သည်။ ထို့ပြင် မြန်မာနိုင်ငံမှ ဘင်္ဂါလီများအား ဖိနှိပ်မှုများနှင့် ပတ်သက်၍ ဆန္ဒပြရန် အမေရိကန်နိုင်ငံ ဝါရှင်တန်ရှိ မြန်မာသံရုံးရှေ့တွင် လူ ၁၀၀ ခန့် စက်တင်ဘာ ၈ ရက်က စုဝေးခဲ့ပြီး အမေရိကန်-အစ္စလာမ္မစ် ဆက်ဆံရေးကောင်စီ (CAIR) က စီစဉ်သည့် ယင်းဆန္ဒပြပွဲတွင် ဘင်္ဂါလီများအား ကျူးလွန်သည့်ရာဇဝတ်မှုများကို ရှုတ်ချသည့် ပိုစတာ၊ ဆိုင်းဘုတ်များ ကိုင်ဆောင်၍ကန့်ကွက်ဆန္ဒ ပြခဲ့ကြသည်။

ထို့ပြင် ရုရှားနိုင်ငံ မော်စကိုမြို့ရှိ မြန်မာသံရုံးအနီးတွင် မွတ်စလင်ဆန္ဒပြသူ ရာပေါင်းများစွာသည် ခွင့်ပြုမိန့်မရှိဘဲ စက်တင်ဘာ ၃ ရက်နှင့် ၄ ရက်တို့တွင် စုဝေးခဲ့ကြသည်။

ရုရှားတောင်ပိုင်း မွတ်စလင်အများစုနေထိုင်သော ချေချင်းညာဒေသ ဂရော်ဇနီမြို့လယ်တွင် ချေချင်းခေါင်းဆောင် Ramzan Kadyrov ၏ တရားဝင်ခွင့်ပြုချက်ဖြင့် စက်တင်ဘာ ၄ ရက်က ပြုလုပ်သော လူထုစည်းဝေးပွဲတွင် လူတစ်သန်းခန့် တက်ရောက်ခဲ့သည်ဟု သတင်းများက ဖော်ပြခဲ့သည်ကို တွေ့ရသည်။

ထို့ပြင် OIC အဖွဲ့တွင် အင်အားကြီးနိုင်ငံတစ်ခုဖြစ်သည့် တူရကီနိုင်ငံကလည်း လာမည့်ကုလသမဂ္ဂ အထွေထွေညီလာခံတွင် ဘင်္ဂါလီအရေးကို တင်ပြမည်ဟု တူရကီသမ္မတ၏ဇနီး အီမိုင်းအာဒိုဂန်က စက်တင်ဘာ ၇ ရက်က ပြောကြားလိုက်သည်။

ထို့ပြင် တူရကီသမ္မတ၏ဇနီး အီမိုင်းအာဒိုဂန်သည် စက်တင်ဘာ ၇ ရက်တွင် ဘင်္ဂလားဒေ့ရ်ှနိုင်ငံသို့ ရောက်ရှိလာခဲ့ပြီး ဘင်္ဂါလီဒုက္ခသည် စခန်းများရှိရာ ကမ်းရိုးတန်းခရိုင် ကော့ပဇားသို့ သွားရောက်ခဲ့သည့်အပြင် တူရကီသည် ဘင်္ဂါလီဒုက္ခသည်များ၏ဘက်တွင် အမြဲတမ်းရပ်တည်နေမည်ဟု ၎င်းက မီဒီယာများကို ပြောကြားခဲ့သည်။ ၎င်း၏ခင်ပွန်း သမ္မတတေယစ်အာဒို ဂန်အနေဖြင့် ဘင်္ဂါလီအကျပ်အတည်းအတွက် ချက်ချင်းအဖြေရှာနိုင်ရန် ကုလသမဂ္ဂ အထွေထွေညီလာခံတွင် အဆိုပါအရေးကို ဆွေးနွေးတင်ပြမည်ဟုလည်း ပြောကြားလိုက်သည်။

ဘင်္ဂါလီအရေးတွင် မြန်မာနိုင်ငံအပေါ် တူရကီ၏ အလေးဂရုပြု လုပ်ဆောင်ပြောဆိုချက်များမှာ အခြားနိုင်ငံများထက် သတိပြုစရာ ဖြစ်နေသည်ကတော့ ငြင်းစရာမရှိပေ။

ဥရောပသမဂ္ဂ (EU) ကလည်း မြန်မာနိုင်ငံ ရခိုင်ပြည်နယ်မြောက်ပိုင်းအတွင်းရှိ အခြေအနေမှာ ပိုမိုပြင်းထန်ဆိုးရွားလာပြီး ၎င်းတို့အနေဖြင့် အလေးအနက် ဂရုပြုလျက်ရှိသလို အကြမ်းဖက်မှုများကို ပြစ်တင်ရှုတ်ချကြောင်း၊ ကျူးလွန်ခဲ့သူများကိုလည်း တရားဥပဒေနှင့်အညီ စစ်ဆေးစီရင်နိုင်လိမ့်မည်ဟု မျှော်လင့်ကြောင်း၊ ယခုဆက်လက်လုပ်ဆောင်နေသည့် စစ်ဆင်ရေးများတွင် ပါဝင်နေကြသည့် လုံခြုံရေး တပ်ဖွဲ့များအနေဖြင့် အတတ်နိုင်ဆုံးသည်း ခံကိုင်တွယ် ဖြေရှင်းကြရန်နှင့် လက်နက်မဲ့ပြည်သူများကို ကာကွယ်စောင့်ရှောက်ကြရန် တာဝန်ရှိကြောင်း ထုတ်ပြန်ချက်တစ်ရပ်ထုတ်ပြန် ကြေညာလိုက်သည်။

ထို့အပြင်တင်းမာမှုများ လျော့ကျစေရန်နှင့် ဘက်ပေါင်းစုံမှ ပါဝင်နေသူများအနေဖြင့် နိုင်ငံတကာ လူ့အခွင့်ရေးဥပဒေကို  အပြည့်အ၀ အလိုက်နာကျင့်သုံးရန် အလွန်တရာ လိုအပ်လျက်ရှိကြောင်း၊ အရေးပေါ် အခြေအနေ ကြုံတွေ့နေကြရသူများအတွက် ကယ်ဆယ်ရေးလုပ်သားများ အပါအဝင် ကန့်သတ်တား မြစ်ချက်မရှိသည့် လူသားချင်းစာနာထောက်ထားမှု အထောက်အပံ့များ ရရှိစေရေးမှာ မရှိမဖြစ် အရေးကြီးလှကြောင်းလည်း ထုတ်ပြန်ချက်တွင် ရေးသားထားသည်။

မြန်မာအစိုးရအနေဖြင့် ရခိုင်ပြည်နယ်အရေး အကြံပေးကော်မရှင်အဖွဲ့၏ အကြုံပြုသုံးသပ်ချက်များကို အကောင်အထည်ဖော်မည်ဟု ကတိပြုခဲ့ပြီးဖြစ်ကြောင်း၊ အကောင်အထည်ဖော်မှုများကို နှောင့်နှေးကြန့် ကြာခြင်းမရှိစေဘဲ  အထူးအလေးအနက်ထား လုပ်ဆောင်သင့်ကြောင်းနှင့် ဥရောပသမဂ္ဂသည်  ပိုမိုဆိုးရွားလာမည့် အခြေအနေကို ရှောင်ရှားနိုင်ရန်နှင့် ရှေ့ဆက်နိုင်စေရန်အတွက်  အကြုံပြုသုံးသပ်ချက်များကို အကောင်အထည်ဖော်မည့် အစိုးရ၏ လုပ်ငန်းစဉ်တွင် အပြည့်အဝပံ့ပိုး ကူညီပေးမည်ဖြစ်ကြောင်း EU က ထုတ်ပြန်ခဲ့သည်။

စက်တင်ဘာ ၅ ရက်တွင်လည်း ဘင်္ဂါလီအရေးနှင့် ပတ်သက်ပြီး အမေရိကန်လွှတ်တော် အမတ်များက နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံ စာရေးသားပေးပို့ခဲ့ကြသေးသည်။

အဆိုပါ ပေးစာတွင် ဘင်္ဂါလီများအား ကျူးလွန်သည့် ရက်စက်မှုများကို တုံ့ပြန်ရာတွင် လူ့အခွင့်အရေး ဝတ္တရားများကို လိုက်နာရန် တောင်းဆိုခဲ့ပြီး ဘင်္ဂါလီများသည် မြန်မာနိုင်ငံသားများကဲ့သို့ တူညီသည့် အခွင့်အရေးနှင့် ကာကွယ်မှုကို ရရှိထိုက်တန်ကြောင်း၊ မြန်မာအစိုးရ၏ လက်ရှိဆောင်ရွက်နေသော နိုင်ငံရေးနှင့် စီးပွားရေးပြုပြင်ပြောင်းလဲမှုများကိုဆက်လက် ထောက်ခံကြောင်း၊ မြန်မာနိုင်ငံတွင် လူမျိုးဘာသာမရွေး မြန်မာပြည်သူများကို ကာကွယ်ပေးရန် မြန်မာအစိုးရနှင့် တပ်မတော်တွင် တာဝန်ရှိကြောင်း ရေးသားထားသည်။ ထို့ပြင် ဘင်္ဂါလီများအား အကြမ်းဖက်နေမှုများကို ရပ်ဆိုင်းရန်လည်း အဆိုပါပေးစာတွင် တိုက်တွန်းရေးသားထားပြန်သည်။

စက်တင်ဘာ ၃ ရက်က အင်ဒိုနီးရှားရှိ မြန်မာသံရုံးတွင် အသေးစား တိုက်ခိုက်မှုတစ်ခုကြုံတွေ့ခဲ့ရပြီး ယီမင်နိုင်ငံရှိ အယ်လ်ကေးဒါ၏ ယီမင်ဌာနခွဲ အဆင့်မြင့်ခေါင်းဆောင်တစ်ဦးကလည်း ဘင်္ဂါလီအရေးနှင့် ပတ်သက်ပြီး ခြိမ်းခြောက်ခဲ့သည်။ လူဦးရေအကြမ်းဖျင်း ၁ ဒသမ  ၁ သန်း ခန့်ရှိသည်ဟုဆိုသည့် မြန်မာနိုင်ငံရှိ ဘင်္ဂါလီများအရေးသည် မြန်မာအစိုးရရင်ဆိုင်ကြုံတွေ့ နေရသည့် အကြီးမားဆုံးစိန်ခေါ်မှုများအနက် တစ်ခုဖြစ်နေပြီး ၎င်းတို့အား အစိုးရက အားပေးကာကွယ်မှုများ ပျက်ကွက်နေသည်ဟု အနောက်နိုင်ငံများ၏ ဝေဖန်စွပ်စွဲမှုများ ရှိနေချိန်တွင် အဆိုပါ အယ်ကိုင်းဒါး ခေါင်းဆောင်က ခြိမ်းခြောက်မှုများ တစ်ပြိုက်နက်ပြုလုပ်လာခြင်း ဖြစ်သည်။

အလားတူ အီရန်နိုင်ငံခြားရေးဝန်ကြီး မိုဟာမတ်ဇာရစ်ဖ်က မလေးရှားနှင့် အင်ဒိုနီးရှားနိုင်ငံခြားရေး ဝန်ကြီးတို့အား ဘင်္ဂါလီများအရေးနှင့် ပတ်သက်ပြီး သီးခြားစီဖုန်းဆက်သွယ် ဆွေးနွေးကာ အီရန်နိုင်ငံခြားရေးဝန်ကြီးက မြန်မာနိုင်ငံရှိ မွတ်စလင်များ၏ အခြေအနေနှင့် စပ်လျဉ်းပြီး အီရန်နိုင်ငံအနေဖြင့် အလွန်စိုးရိမ်ကြောင်း ပြောကြားခဲ့သည်။ ထို့ပြင် မော်လဒိုက်နိုင်ငံကလည်း မြန်မာနိုင်ငံနှင့် ကုန်သွယ်မှုဆက်ဆံရေးများ ဖြတ်တောက်ကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။

အခြားတစ်ဖက်တွင်လည်း မြန်မာအစိုးရအား ဦးဆောင်လျက်ရှိသည့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် ပတ်သက်ပြီး နိုင်ငံတကာမှ တောင်းဆိုမှုများလည်း ရှိခဲ့သည်။ နိုဗယ်ငြိမ်းချမ်းရေးဆုရှင် မာလာလာကလည်းသူ၏ Twitter အကောင့်တွင် ရခိုင်အရေးနှင့် ပတ်သက်ပြီး မြန်မာနိုင်ငံတွင် ဘင်္ဂါလီ မွတ်စလင်တို့အား ဝမ်းနည်းဖွယ်ရာ၊ အရှက်ရဖွယ်ရာ ပြုမူဆက်ဆံမှုများ ရှုတ်ချခဲ့ကြောင်းရေးသားခဲ့ကာ အဆိုပါအရေးနှင့် ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်က ဖြေရှင်းပေးရန် တောင်းဆိုခဲ့သည်။

အလားတူ ဒေါ်အောင်ဆန်းစုကြည် ရရှိထားသည့် နိုဗယ်ဆုအား ပြန်လည်ရုပ်သိမ်းပေးရန် အင်တာနက်မှတစ်ဆင့် လူပုဂ္ဂိုလ်အချို့က လက်မှတ်ရေးထိုး တောင်းဆိုခဲ့သည်အထိ မြန်မာနိုင်ငံနှင့် အစိုးရအကြီးအကဲအပေါ် ဖိအားပေးမှုများ  အဘက်ဘက်မှ လုပ်ဆောင်ခဲ့ကြသည်။ နိုဗယ်ဆုချီးမြင့်ရေးအဖွဲ့က အဆိုပါတောင်းဆိုချက်ကို ပြတ်ပြတ်သားသား ငြင်းပယ်လိုက်ပြီး ဆုရွေးချယ်ပေးအပ်ရာတွင် မပေးအပ် မီကာလတွင် လုပ်ဆောင်ခဲ့သည့် ကိစ္စရပ်များအတွက်သာ ပေးအပ်ခြင်းဖြစ်ကြောင်း၊ နိုဗယ်ဆုကို ပေးအပ်ပြီးပါက ပြန်လည်ရုပ်သိမ်းရန် မဖြစ်နိုင်ကြောင်း နိုဗယ်အင်စတီကျု၏ ခေါင်းဆောင် အိုလဗ်နိုစတတ်က ပြောကြားခဲ့သည်။

သို့သော် မြန်မာနိုင်ငံနှင့် နယ်နိမိတ်ချင်း ထိစပ်နေသည့် အိန္ဒိယနိုင်ငံနှင့် တရုတ်နိုင်ငံတို့မှာ မြန်မာအစိုးရ၏ ဆောင်ရွက်မှုများနှင့် ပတ်သက်ပြီး ထောက်ခံလျက်ရှိသည်။

အိန္ဒိယနိုင်ငံက အင်ဒိုနီးရှားနိုင်ငံတွင် ကျင်းပသည့်အပြည်ပြည်ဆိုင်ရာ ညီလာခံတွင်ရခိုင်ပြည်နယ်တွင် ဖြစ်ပွားခဲ့သည့် အကြမ်းဖက်မှုဖြစ်စဉ်နှင့်စပ်လျဉ်းပြီး အဆိုပြုရည်ညွှန်းချက်သည် မသင့်လျော်ဟုဆိုကာ ပါဝင်ရန် ငြင်းဆိုခဲ့သည်။

ထို့ပြင်ဘင်္ဂလားဒေ့ရ်ှနိုင်ငံကလည်း မြန်မာနိုင်ငံ၏ အကြမ်းဖက် တိုက်ဖျက်ရေးလုပ်ငန်းများအတွက် ထောက်ခံခဲ့ကြောင်း ပြောကြားခဲ့ပြီး နှစ်နိုင်ငံနယ်စပ်ရှိ ရိုဟင်ဂျာဟု အမည်ခံထားသည့် အကြမ်းဖက်များကို နှစ်နိုင်ငံ ပူးတွဲနှိမ်နင်းသွားမည်ဟု ကမ်းလှမ်းခဲ့သည်။

ရုရှားနိုင်ငံကလည်း မြန်မာအစိုးရ၏ အကြမ်းဖက်နှိမ်နင်းရေး လုပ်ငန်းများကို ထောက်ခံအားပေးခဲ့သည်။ အလားတူ တရုတ်နိုင်ငံကလည်း ရခိုင်ပြည်နယ်တွင် ဖြစ်ပွားခဲ့သည့်အကြမ်းဖက်တိုက်ခိုက်မှုများအား ရှုတ်ချကြောင်း၊ ကျဆုံးသွားသော တပ်မတော်သား၊ ရဲတပ်ဖွဲ့ဝင်များနှင့် ဝန်ထမ်းများအတွက် စိတ်မကောင်း ဖြစ်ရကြောင်း၊ ရခိုင်ပြည်နယ်အရေးကိစ္စကို မြန်မာ အစိုးရအနေဖြင့် ပြေလည်စွာ ဖြေရှင်းနိုင်မည်ဟု အပြည့်အဝယုံကြည်ကြောင်း၊ မိတ်ဆွေကောင်း၊ အိမ်နီးချင်းကောင်းအနေဖြင့် မြန်မာနိုင်ငံ အကျိုးစီးပွားနှင့် ပတ်သက်ပြီး မြန်မာနိုင်ငံဘက်မှ ရပ်တည်၍နီးကပ်စွာ ပူးပေါင်းဆောင်ရွက်မည်ဖြစ်      ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ အာရှရေးရာ အထူးကိုယ်စားလှယ် ဆွန်ကော့ရှန်တို့ တွေ့ဆုံစဉ် ပြောကြားလိုက်သည်။

ထို့ပြင် တရုတ်အနေဖြင့် ဗြိတိန်က ရခိုင်အရေးနှင့်ပတ်သက်ပြီး ကုလသမဂ္ဂလုံခြုံရေးကောင်စီတွင် အရေးပေါ်အစည်းအဝေးခေါ်ယူရာ၌ ကန့်ကွက်မှုများ ပြုလုပ်ခဲ့သည်။

နိုင်ငံတကာမီဒီယာများရဲ့ လားရာ

ရခိုင်အရေး စတင်ဖြစ်ပွားပြီး မကြာမီတွင် နိုင်ငံတကာမီဒီယာများတွင် အဆိုပါဖြစ်စဉ်များနှင့် ပတ်သက်ပြီး သတင်းရေးသားဖော်ပြမှုများမှာ  မေးခွန်းထုတ်စရာဖြစ်ခဲ့သည်။ စက်တင်ဘာ ၂ ရက်တွင် HRW အဖွဲ့မှ ဘင်္ဂါလီကျေးရွာများ မီးရှို့ခံရသည့် ဖြစ်စဉ်များရှိကြောင်း၊ ဂြိုဟ်တုဓာတ်ပုံများအရ အနည်းဆုံး အိမ်ခြေ ၇၀၀ ခန့် မီးလောင်ဆုံးရှုံးခဲ့ကြောင်း ထုတ်ပြန်ခဲ့သည်။ ယင်း အခြေအနေနှင့် ပတ်သက်ပြီး RFA သတင်းဌာနက သတင်းထုတ်ပြန်ခဲ့သည်။ အလားတူ ရခိုင်အရေး စတင်ဖြစ်ပွားစဉ်ကတည်းက BBC နှင့် VOA၊ AFP အယ်လ်ဂျားဇီးယားစသည့် သတင်းဌာနများကလည်း သတင်းများကို ဆက်တိုက်ထုတ်လွှင့်ခဲ့သည်။ ထိုသို့ သတင်းထုတ်လွှင့်ရာတွင် မြန်မာပြည်သူအများ စုနှစ်သက်ခြင်းမရှိသည့် ရိုဟင်ဂျာဆိုသည့် အသုံးအနှုန်းအား သုံးစွဲဖော်ပြခြင်း၊ ဘာသာရေးပဋိပက္ခ ဖြစ်ပွားစေနိုင်သည့် အသုံးအနှုန်းများကို သုံးစွဲခဲ့ခြင်း၊ မြန်မာအစိုးရက တားမြစ်ထားသည့် အကြမ်းဖက်အဖွဲ့နှင့် ပတ်သက်သည့် အခေါ်အဝေါ်များကို ဆက်လက်သုံးစွဲခြင်း စသည်တို့ကြောင့် အဆိုပါသတင်း ဌာနများကို ပြင်းပြင်းထန်ထန်ကန့်ကွက်မှုများ ပြုလုပ်ခဲ့သည်။ BBC မြန်မာပိုင်း အစီအစဉ်များကို ထုတ်လွှင့်မှု ရပ်ဆိုင်းကြောင်း MNTV ရုပ်သံလိုင်းက ကြေညာချက်ထုတ် ပြန်ခဲ့သည်အထိ ကြီးမားကျယ်ပြန့်ခဲ့သည်။

BBC မြန်မာပိုင်း အစီအစဉ်အနေဖြင့် အစိုးရက ထုတ်ပြန်ထားသည့် တားမြစ်ထားသည့် စကားလုံး အသုံးအနှုန်းများ ပါရှိသည့် သတင်းများကို ပေးပို့လာခဲ့ကြောင်း၊ အစိုးရက ထုတ်ပြန်ထားသည့် ညွှန်ကြားချက်များကို လေးစားသောအားဖြင့်  BBC မြန်မာပိုင်းအစီအစဉ်များကို ထုတ်လွှင့်ခြင်းများကို သြဂုတ် ၃၀ ရက်နှင့် ၃၁ ရက်မှစ၍ ရပ်စဲခဲ့ကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။

ထို့ပြင် အဆိုပါသတင်းဌာနများ၏ Facebook စာမျက်နှာများတွင် မြန်မာပြည်သူများက မှတ်ချက်အများအပြား ဝင်ရောက်ရေးသားခဲ့ကြသည်ကို တွေ့ရသည်။ မြန်မာအစိုးရ၏ သတင်းထုတ်ပြန်မှုနှောင့်နှေးခြင်း၊ နိုင်ငံတကာ မီဒီယာများ၏ ထိုးဖောက်မှုအားကောင်းခြင်း၊ အစိုးရအနေဖြင့် ပြည်တွင်းမီဒီယာများအား ဖွံ့ဖြိုးစည်ပင်ရန် မဆောင်ရွက်နိုင်ခြင်းများကြောင့် နိုင်ငံတကာတွင် ရခိုင်မြောက်ပိုင်းအရေးနှင့် ပတ်သက်ပြီး ခြေတစ်လှမ်းနောက် ကျခဲ့ရသည်ဟု သုံးသပ်မှုများလည်း ရှိနေသည်။

သတင်းများအား ပွင့်လင်းမြင်သာစွာ ထုတ်ပြန်နိုင်မှုအားနည်းခြင်းများကလည်း မြန်မာအစိုးရအတွက် ရခိုင်အရေးတွင် အကျပ်အတည်းတစ်ခု ဖြစ်စေခဲ့သည်။ ပြည်ပမီဒီယာများက အစောပိုင်း သတင်းဖော်ပြမှုများတွင် ဘင်္ဂါလီများ၏ အသံများကိုသာ တင်ပြခဲ့ခြင်းမှာ အများစုဖြစ်ပြီး ရခိုင်တိုင်းရင်းသားများ၏အသံများ ပျောက်ကွယ်လုမတတ် ဖြစ်ခဲ့သည်။

သတင်းမှားများ နေရာယူခဲ့

ရခိုင်အရေးနှင့် ပတ်သက်ပြီး မြန်မာနိုင်ငံနှင့် မြန်မာအစိုးရအတွက် အကျပ်အတည်းဖြစ်စေခဲ့သည့် အကြောင်းတရားများတွင် အွန်လိုင်းနှင့် ပြည်ပရုပ်သံလိုင်း အချို့တွင် သတင်းမှားများ ကျယ်ကျယ်ပြန့်ပြန့် နေရာယူခဲ့သည့် အခြေအနေမှာလည်း အကြောင်းအချက်တစ်ခုအဖြစ် ရှိနေသည်။ တူရကီဒုဝန်ကြီး ချုပ်ကသူ၏ Twitter အကောင့်တွင် ဘင်္ဂါလီများ နှိပ်စက်ညှဉ်းပန်းခံနေရပြီး ထွက်ပြေးလာခြင်းဖြစ်ကြောင်း စသည်ဖြင့် ရေးသားခဲ့ပြီး ဓာတ်ပုံများနှင့်တကွ ဖော်ပြခဲ့သည်။ အဆိုပါဓာတ်ပုံများမှာ အခြားနိုင်ငံတစ်ခုတွင် ဖြစ်ပွားခဲ့သည့် ပဋိပက္ခများကို ရိုက်ကူးထားခြင်းသာ ဖြစ်နေသည်။

အဆိုပါ အခြေအနေများနှင့် ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်နှင့် တူရကီဝန်ကြီးချုပ် အာဒိုဂန်တို့ ဖုန်းဆက်သွယ်ပြောကြားခဲ့ရာတွင် သတင်းမှားများနှင့် ပတ်သက်ပြီး သတိထားရန် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့သည်။ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က မိမိတို့အနေဖြင့် လူ့အခွင့်အရေးနှင့် ဒီမိုကရေစီအကာအကွယ်များ ပိတ်ပင်ခံရခြင်း၏ ဆိုလိုရင်းသဘောကို ကောင်းစွာသိရှိနားလည်ပြီး အစဉ်အမြဲအလေးထားကြောင်း၊ မြန်မာနိုင်ငံအတွင်းရှိ ပြည်သူအားလုံး၏ အခွင့်အရေးကို ကာကွယ်စောင့်ရှောက်နိုင်ရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း၊ နိုင်ငံရေးဆိုင်ရာ အခွင့်အရေးသာမက လူမှုရေးနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အခွင့်အရေးများကိုလည်း မြှင့်တင်လျက်ရှိပါကြောင်း၊ ရခိုင်ပြည်နယ်ရှိ ပြည်သူအားလုံးအတွက် အဖြစ်နိုင်ဆုံးနည်းလမ်းဖြင့် ကာကွယ်မှုပေးနိုင်ရန် စတင်ဆောင်ရွက်ထားပြီးဖြစ်ကြောင်း၊ လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ အကူအညီသာမက ငြိမ်းချမ်းတည်ငြိမ်ရေးအတွက် ရေရှည်မျှော်မှန်းကာ ဘက်စုံဖွံ့ဖြိုးရေး အစီအစဉ်များ အကောင်အထည်ဖော် ဆောင်ရွက်မည်ဖြစ်ကြောင်း၊ သတင်းအချက်အလက်အမှားများ ဖန်တီးခြင်းကြောင့် မိမိတို့နှစ်နိုင်ငံအကြား ကာလရှည်ကြာ ရင်းနှီးချစ်ကြည်သော မိတ်ဆွေကောင်း ဆက်ဆံရေးထိခိုက်လာမည်ကို စိုးရိမ်ကြောင်း၊ နှစ်နိုင်ငံအကြား ဆက်ဆံရေးကောင်းကို အမြဲထိန်းသိမ်းထားလိုသော မြန်မာနိုင်ငံ၏ သဘောထားကို မြန်မာနိုင်ငံဆိုင်ရာ တူရကီသံအမတ်ကြီးက တင်ပြပြီးဖြစ်မည်ဟု ယူဆပါကြောင်း၊ တူရကီဒုတိယဝန်ကြီးချုပ်အနေဖြင့် မြန်မာနိုင်ငံတွင် ဖြစ်ပွားခဲ့ခြင်းမဟုတ်ဘဲ အခြားနိုင်ငံများမှ သတင်းဓာတ်ပုံအမှားများကို ဖြန့်ဝေခဲ့သည်ကိုသိရှိပြီး ဖြစ်မည်ဟုယူဆပါကြောင်း၊ တူရကီ ဒုတိယဝန်ကြီးချုပ်ကြုံတွေ့ခဲ့ရသည့် အဖြစ်သည် သတင်းအမှားများ ထုနှင့်ထည်နှင့် ပျံ့နှံ့နေခြင်းအတွက် ကြီးမားသောပြဿနာ၏ မြင်သာသော (The Tip of a Huge Ice- berg of Misinformation) အစိတ်အပိုင်းတစ်ခုသာဖြစ်ကြောင်း၊ ထိုကဲ့သို့ သတင်းဓာတ်ပုံအမှားများကို မတူညီသောအသိုင်းအဝိုင်းများအကြား ပြဿနာအများအပြား ဖြစ်ပွားစေရန်နှင့် အကြမ်းဖက်သမားများ အကျိုးဖြစ်ထွန်းစေရန် ရည်ရွယ်ချက်ဖြင့် ဖန်တီးနေကြသည်ကို မှန်းဆကြည့်နိုင်ကြောင်း စသည်ဖြင့် ပြောကြားခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် အာဒိုဂန်တို့၏ တယ်လီဖုန်းဖြင့် ဆက်သွယ်ပြောကြားမှုအပြီးတွင် ရခိုင်အရေးနှင့်ပတ်သက်ပြီး မြန်မာအစိုးရ၏ တုံ့ပြန်မှုများ နှေးကွေးနေခြင်း၊ မွတ်စလင်နိုင်ငံများနှင့် အနောက်နိုင်ငံများ၏ ရခိုင်အရေးနှင့် ပတ်သက်ပြီး အွန်လိုင်းပေါ်တွင် ထုနှင့်ထည်နှင့် အသာစီးရယူနေမှုအပေါ် အနည်းနှင့်အများ သက်ရောက်မှုရှိခဲ့သည်မှာ အမှန်ပင်ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် မြန်မာအစိုးရအနေဖြင့် နိုင်ငံတကာ၏ ဖိအားပေးမှုများအကြားတွင် ရခိုင်အရေးနှင့်ပတ်သက်ပြီး ဖြေရှင်းရာတွင် လမ်းကြောင်းမှန်အပေါ် ပြန်လည်ရောက်ရှိလာပြီး သတိကြီးစွာဖြင့် ဆောင်ရွက်ရမည့် အပိုင်းများကို အမှားအယွင်းနည်းစွာဖြင့် လုပ်ဆောင်မှုများ ပြုလုပ်လာသည်ကို တွေ့ရသည်။

သို့သော်လည်း ပြည်ပသတင်း မီဒီယာများ၏ ရခိုင်အရေးနှင့် ပတ်သက်၍ မူဝါဒနှင့် ဦးတည်ချက် ရေးသားချက်များအပေါ် မြန်မာနိုင်ငံအနေဖြင့် လွှမ်းမိုးတုံ့ပြန်မှုများ ပြုလုပ်နိုင်ရန်မှာ မလွယ်ကူသည့် အခြေအနေမျိုး ဖြစ်နေသည်။ ထို့ပြင် ရခိုင်ပြည်နယ်အတွင်း မွတ်စလင် လူနည်းစုအပေါ် လူမျိုးသုဉ်း သတ်ဖြတ်မှုစွပ်စွဲချက်များနှင့် လူ့အခွင့်အရေးဆိုင်ရာ အကဲစမ်းမှုများမှာ မြန်မာအစိုးရအတွက် အတိမ်းအစောင်းမခံနိုင်သည့် အခြေအနေပင် ဖြစ်သည်။

လူမျိုးသုဉ်း သတ်ဖြတ်မှု စွပ်စွဲချက်များ

ရခိုင်ပြည်နယ်အတွင်း  ဖြစ်ပွားနေသည့်  အကြမ်းဖက်မှုများကြောင့် လူမျိုးသုဉ်း သတ်ဖြတ်မှုတွေရှိနေကြောင်း နိုင်ငံအချို့က စွပ်စွဲပြောကြားမှုများ တစ်စိုက်မတ်မတ် ပြုလုပ်နေကြသည်။ ရခိုင်ပြည်နယ်တွင် ၁၉၄၂ ခုနှစ်က ဖြစ်ပွားခဲ့သည့် ဖြစ်စဉ်၌ အုပ်ချုပ်ရေးကင်းမဲ့နေသည့် အချိန်လည်းဖြစ်နေရာ ဘူးသီးတောင်နှင့် မောင်တောမြို့နယ်များတွင် လူမျိုးသုဉ်း သတ်ဖြတ်မှုအဖြစ်  သုံးသပ်မှုများရှိခဲ့သည့် ဖြစ်ရပ်တစ်ခု ဖြစ်ခဲ့သည်။ ထိုစဉ်က ဘင်္ဂါလီများက လက်နက်အင်အား လူအင်အားအလုံးအရင်းဖြင့် မောင်တောနှင့် ဘူးသီးတောင်မြို့နယ်များရှိ ရခိုင်တိုင်းရင်းသားကျေးရွာများကို တိုက်ခိုက်ခဲ့ခြင်းကြောင့် ရခိုင်လူမျိုး နှစ်သောင်းကျော် သေဆုံးခဲ့ရပြီး ရခိုင်ကျေးရွာပေါင်းများစွာ ဖျက်ဆီးခံခဲ့ရသည်။ ၁၉၈၈ ခုနှစ်တွင်လည်း ဘင်္ဂါလီများက မောင်တောမြို့အား တိုက်ခိုက်သိမ်းပိုက်ရန် ကြံစည်ခဲ့သော်လည်း အထမမြောက်ခဲ့ပေ။ နောက်ပိုင်းတွင် RSO အဖွဲ့ကို ဖွဲ့စည်းပြီး လက်နက်ကိုင် အကြမ်းဖက်ခြင်းများကို ပြုလုပ်ခဲ့ကြသည်။

လက်ရှိတွင် ARSA အဖွဲ့ကို ဖွဲ့စည်းထားပြီး မောင်တောမြို့အား တိုက်ခိုက်သိမ်းပိုက်ရန် အကြံအစည်ဖြင့် အကြမ်းဖက်လုပ်ငန်းများကို လုပ်ကိုင်ခဲ့ခြင်းဖြစ်သည်။ အဆိုပါအဖွဲ့တွင် IS စစ်သွေးကြွအဖွဲ့က နောက်ကွယ်မှ ပံ့ပိုးပေးခြင်းများရှိသည်ဟု ယူဆနိုင်သည့် အချက်အလက်များလည်း ရှိနေကြောင်း ထောက်လှမ်းရေးဆိုင်ရာ သတင်းအချက်အလက်များအပေါ် ကိုးကားမှုအရ သိရသည်။

မောင်တောမြို့တွင် နေထိုင်သူအများစုမှာ ရခိုင်လူမျိုးများထက် ဘင်္ဂါလီများက ပိုမိုများပြားနေပြီး ယခင်အစိုးရလက်ထက်များက သေချာစွာစိစစ်ခြင်းမပြုခဲ့ခြင်း၊ ဘင်္ဂါလီများ၏ လူဦးရေပေါက်ဖွားနှုန်း မြင့်တက်ခြင်းများကြောင့် ယခုကဲ့သို့ တိုင်းရင်းသားများထက် လူဦးရေ ပိုများလာစေခဲ့ခြင်း ဖြစ်သည်။

မြန်မာအစိုးရအနေဖြင့်လည်း မောင်တောမြို့တွင် အကြမ်းဖက်လုပ်ငန်းများကို ဆောင်ရွက်ရာတွင် သတိထား ကိုင်တွယ်ဆောင်ရွက်နေရကြောင်း အမျိုးသားလုံခြုံရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ် ဦးသောင်းထွန်းက ပြောကြားထားသည်။

“ကျွန်တော်တို့က အတိုက်ခံရတဲ့လူပါ။ ကျွန်တော်တို့က လိုက်တိုက်နေတာ မဟုတ်ဘူး။ ဒီစခန်း ၃၀ ကို လာတိုက်တယ်ဆိုတာ သူတို့က လာတိုက်တာ။ ဒီဟာကို ထိန်းထိန်းသိမ်းသိမ်းနဲ့ လုပ်နေပါတယ်။ ကိုယ့်ကိုလာတိုက်တဲ့အခါ ပြန်တိုက်ခွင့်ဆိုတာ နိုင်ငံတကာမှာလည်း ရှိပါတယ်။ ရှိပြီးသားပါ။ ကုလသမဂ္ဂမှာလည်း ရှိတယ်။ နိုင်ငံတကာဥပဒေမှာလည်း ရှိတယ်။ သို့သော် တိုက်တဲ့အခါမှာ ဗုံးပေါလအော လက်နက်တွေကိုင်ပြီး တိုက်နေတာမဟုတ်ဘူး။ ကျွန်တော်တို့က စနစ်တကျ လုပ်နေတယ်။ ဒါကြောင့် ဒီဥစ္စာကို အလွန်အကျူးအားသုံးပြီး လုပ်တယ်လို့ ပြောနေတာ မဟုတ်ပါဘူး။ အခုဆို လူမှုရေးအကူအညီပေးဖို့ဘက်ကို ပိုပြီးတော့ ဦးတည်ပြီးတော့ လုပ်နေပါတယ်” ဟု မီဒီယာများနှင့် တွေ့ဆုံစဉ် ပြောကြားခဲ့သည်။

အချို့သော ဘင်္ဂါလီအစွန်းရောက် အကြမ်းဖက်သမားများမှာ ကျေးရွာများတွင် ခိုအောင်းနေထိုင်ခြင်းများကြောင့် အစိုးရက လုံခြုံရေး ဆောင်ရွက်ရာတွင် ကျေးရွာများအတွင်းမှ ပြန်လည်ခုခံခြင်းများကို ပြုလုပ်ခဲ့ခြင်းကြောင့် လုံခြုံရေးအဖွဲ့များ ဒဏ်ရာရရှိခဲ့သည့်ဖြစ်စဉ်များလည်း ရှိခဲ့သည်။

ရခိုင်အရေး အကျပ်အတည်းကို  အစိုးရ ဘယ်လိုတုံ့ပြန်မလဲ

ကိုဖီအာနန် ဦးဆောင်သည့် ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေး ကော်မရှင်မှ အပြီးသတ်အစီရင်ခံ စာထုတ်ပြန်သည့်အချိန်တွင် ယင်းကဲ့သို့ ပြဿနာများ ဖြစ်ပွားလာနိုင်ကြောင်း၊ ထို့ပြင် ၂၀၁၇ ခုနှစ် စက်တင်ဘာ ၁၂ ရက်မှ ၂၅ ရက်အထိ ပြုလုပ်မည့် ကုလသမဂ္ဂ အထွေထွေညီလာခံ ကျင်းပချိန်တို့နှင့် အချိန်ကိုက် အကြမ်းဖက်တိုက်ခိုက်မှုများ ဖန်တီးကာ တိုက်ကွက်များ ဖော်ဆောင်လာခြင်းဖြစ်ကြောင်း မြန်မာအစိုးရက ထုတ်ပြန်ကြေညာခဲ့သည်။ ရခိုင်အရေးတွင် INGO အဖွဲ့အစည်းများမှ ပြည်တွင်းဝန်ထမ်းအချို့ ပါဝင်ခဲ့ပြီး စုံစမ်းအရေးယူမှုများ ပြုလုပ်မည်ဖြစ်ကြောင်း၊ နိုင်ငံတကာတွင်ရှိပါက နိုင်ငံတကာရဲတပ်ဖွဲ့၏ အကူအညီကိုရယူကာ အရေးယူခြင်းများ ပြုလုပ်သွားမည်ဟု ထုတ်ပြန်ခဲ့သည်။ ယင်းကဲ့သို့ ထုတ်ပြန်ကြေညာအပြီးတွင် မောင်တောမြို့ရှိ  INGO ဝန်ထမ်းများမှာ အများစုမှာ ပြန်လည်ထွက်ခွာခြင်းများ ရှိခဲ့သည်။

ထို့ပြင် စက်တင်ဘာ ၁၂ ရက်တွင် ကျင်းပမည့် ကုလသမဂ္ဂအထွေထွေ ညီလာခံတွင် ရခိုင်အရေးနှင့် ပတ်သက်ပြီး လုံခြုံရေးကောင်စီသို့ မတက်နိုင်ရန် မိတ်ဖက်နိုင်ငံများနှင့် ညှိနှိုင်းဆွေးနွေးနေကြောင်း အမျိုးသားလုံခြုံရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ် ဦးသောင်းထွန်းက စက်တင်ဘာ ၆ ရက်တွင် ပြောကြားသည်။

“ပြည်ပမှာ ဖြစ်နေတဲ့ကိစ္စနဲ့ ပတ်သက်လို့ကတော့ ကုလသမဂ္ဂကို အရင်ဆုံးရင်ဆိုင်ရမှာ ဖြစ်ပါတယ်။ ကုလသမဂ္ဂညီလာခံက  မကြာခင်ကျင်းပတော့မှာ ဆိုတော့လေ။ အဲဒီမှာလည်း လုံခြုံရေးကောင်စီ တက်မယ်ဆိုရင် လုံခြုံရေးကောင်စီမှာ မတက်နိုင်အောင် မိတ်ဆွေနိုင်ငံတွေနဲ့ ထိတွေ့ပြီး ညှိနှိုင်းဆွေးနွေးနေတာ ရှိပါတယ်။ ကျွန်တော်ကိုယ်တိုင် သွားပြောနေတာတွေ ရှိပါတယ်။ စည်းရုံးနေတာရှိပါတယ်။ အကယ်လို့ လုံခြုံရေးကောင်စီမှာတက်လာမယ်၊ ဆုံးဖြတ်ချက်ချမယ်၊ မြန်မာပြည်နဲ့ပတ်သက်လို့ ကြေညာချက်တစ်ခု ထုတ်မယ်ဆိုလို့ရှိရင်တော့ မဲခွဲရပါတယ်။ အဲဒီလိုမဲခွဲတဲ့အခါကျရင် လုံခြုံရေးကောင်စီက ၁၅ နိုင်ငံရှိတယ်။ ၁၅ နိုင်ငံကို အမြဲတမ်းလုံခြုံရေးကောင်စီအဖွဲ့ဝင်က ငါးနိုင်ငံ၊ အဲဒီ ငါးနိုင်ငံထဲမှာ တရုတ်နဲ့ ရုရှားပါတယ်။ တရုတ်နဲ့ ရှရှားက သဘောမတူဘူးဆိုရင် သူတို့ ဆက်လုပ်လို့ မရဘူး” ဟု ဦးသောင်းထွန်းက သတင်းထောက်များအား ပြောကြားသည်။

ထို့ပြင် စက်တင်ဘာ ၆ ရက်တွင် ရခိုင်အရေးနှင့်ပတ်သက်ပြီး နိုင်ငံတော်သမ္မတ၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်၊ ကာကွယ်ရေး ဦးစီးချုပ်၊ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌတို့ တွေ့ဆုံဆွေးနွေးခဲ့ကြသည်။ ထိုသို့ တွေ့ဆုံဆွေးနွေးမှု အပြီးတွင် အကြမ်းဖက်မှုတွင် ပါဝင်သူများကို ဥပဒေနှင့်အညီ ဖော်ထုတ်အရေးယူသွားမည်ဖြစ်ကြောင်း၊ ရခိုင်ပြည်နယ်အတွင်းဘာသာ၊ လူမျိုးမခွဲခြားဘဲ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီများ ပေးအပ်လျက်ရှိပြီး  ဆက်လက်၍လည်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ နယ်စပ်ခြံစည်းရိုးအား ပြန်လည်ပြုပြင်ခြင်း၊ အသစ်ကာရံခြင်းများ ပြုလုပ်မည်ဟု သတင်းထုတ်ပြန်ခဲ့သည်။

အစိုးရအဆက်ဆက်တွင် မြန်မာနိုင်ငံ၏ အနောက်တံခါးမှာ လစ်ဟင်းမှုများ၊ ပျက်ကွက်မှုများကြောင့် ဘင်္ဂါလီအကြမ်းဖက်သမားများ ခိုအောင်းနေထိုင်ရာ နေရာတစ်ခုဖြစ်ခဲ့သည်။ ထိုသို့ လစ်ဟင်းမှုများနှင့်အတူ အကြမ်းဖက်မှုဖြစ်စဉ်များမှာ မကြာခဏဆိုသလို ဖြစ်ပွားခဲ့သည်။ ကိုဖီအာနန်ကော်မရှင်၏ အစီရင်ခံစာတွင် ဖော်ပြထားသည့် မြန်မာနိုင်ငံရှိ ဘင်္ဂါလီအရေးမှာ အခြားနိုင်ငံများထက် နက်နဲရှုပ်ထွေးခြင်း၊ တရားမဝင် နိုင်ငံမဲ့ အရေအတွက်များပြားခြင်း စသည့် အခြေအနေများကြောင့် နိုင်ငံတကာမီဒီယာများနှင့် နိုင်ငံတကာအစိုးရများ၏ အာရုံစိုက်ရာ နေရာတစ်ခုဖြစ်သည်။ အဆိုပါအခြေအနေအား အခွင့်ကောင်းယူကာ ဘင်္ဂါလီအစွန်းရောက် အကြမ်းဖက်များက အကြမ်းဖက်တိုက်ခိုက်မှုများကို ပြုလုပ်လာခဲ့ခြင်း ဖြစ်သည်။ ရခိုင်အရေးမှာ ယခင်ကာလများတွင် ဖြစ်ပွားခဲ့ခြင်းများရှိခဲ့သော်လည်း နိုင်ငံတကာမှ သိရှိမှု နည်းပါးခြင်းများကြောင့် အာရုံစိုက်ရာဖြစ်စဉ်တစ်ခု မဟုတ်ခဲ့သော်လည်း လက်ရှိကမ္ဘာ့အရေးတွင် ထိပ်တန်းသတင်းတစ်ခုအဖြစ် တည်ရှိလျက်ရှိသည်။ အဆိုပါအခြေအနေတွင် နိုင်ငံတကာမီဒီယာများ၏ ရေးသားဖော်ပြချက်များ၊ သတင်းအမှားများ အလုံးအရင်းဖြင့် ပျံ့နှံ့နေမှုများ၊ ပြည်တွင်းမီဒီယာများ ဖွံ့ဖြိုးမှု အားနည်းခြင်းများကြောင့် မြန်မာအစိုးရနှင့် မြန်မာတို့မှာ နိုင်ငံတကာတွင် ဝေဖန်မှုများနှင့် ရင်ဆိုင်နေရသည်ကတော့ အမှန်ပင်ဖြစ်သည်။

ထောင်ချောက်များ

လက်ရှိ ရခိုင်အရေးဖြစ်စဉ်များကို ကြည့်လျှင် အရှေ့အနောက် အင်အားကြီး နိုင်ငံများဖြစ်သော တရုတ်နှင့် အိန္ဒိယအကြားတွင် ရှိနေခြင်း၊ ဘင်္ဂလားဒေ့ရှ်ကဲ့သို့ လူဦးရေ ပေါက်ဖွားမှုများသောနိုင်ငံနှင့် အနီးကပ်ဆုံး အခြေအနေတွင်ရှိနေခြင်း၊ နိုင်ငံအတွင်း လက်နက်ကိုင်ပဋိပက္ခများ ရှိနေခြင်း၊ စီးပွားရေးအရ အင်အားနည်းသည့် အခြေအနေတွင် နှစ်ပေါင်း ၅၀ ကျော်အတွင်း ပထမဆုံး အဖြစ်အရပ်သားအစိုးရတစ်ရပ် တိုင်းပြည်အုပ်ချုပ်ရေးအတွက် တာဝန်ယူသည့် အခြေအနေတွင် မြန်မာနိုင်ငံ၏ အမျိုးသားလုံခြုံရေးကဏ္ဍမှာ အဘက်ဘက်က ထိုးနှက်မှုများနှင့်  ရင်ဆိုင်နေရသည်ဆိုသည်ကို မငြင်းနိုင်ပေ။ အစိုးရတစ်ရပ်အတွက် ရခိုင်အရေး၊ လူ့အသိုက်အဝန်းနှစ်ခုကြားက နှစ်ရှည်လများရှိခဲ့သည့် ပဋိပက္ခများအပေါ် ကိုင်တွယ်ဖြေရှင်းရာတွင် အမှားမခံသည့် အခြေအနေတစ်ရပ်ကို ရောက်ရှိနေသည့် အနေအထားကိုပင် လက်ရှိ အခြေအနေများအရ သုံးသပ်ရပေလိမ့်မည်။

လတ်တလောတွင် အကြမ်းဖက်မှု တိုက်ဖျက်ရေးလမ်းကြောင်းတွင် အစိုးရအနေဖြင့် သတိထားရမည့် အချက်များစွာလည်း ရှိနေသည်။ နိုင်ငံတကာ မီဒီယာများနှင့် နိုင်ငံတကာ အသိုင်းအဝိုင်းက ထုထည်ကြီးမားစွာ လွှမ်းမိုးထားခြင်းခံရသည့်  ပြင်ပအခြေအနေတွင် Counter Terrorism နှင့်ပတ်သက်ပြီး ၎င်း၏ လက္ခဏာရပ်များနှင့် အစွန်းများမလွတ်အောင် ဦးဆောင်သူအနေဖြင့် မှန်ကန်သည့် မူဝါဒချမှတ်နိုင်ရန် လိုအပ်မည်ဖြစ်သည်။

အခြားတစ်ဖက်တွင်လည်း နိုင်ငံတော်လုံခြုံရေးနှင့်အတူ National Sovereignty အတွက် ချွတ်ချော်မှုမရှိရန် ထောင်ချောက်များစွာကို သတိပြုရပေလိမ့်မည်။ လူ့အခွင့် အရေးပေတံသည် ဒီမိုကရေစီလူ့ အသိုက်အဝန်းတွင် များစွာအရေးပါသကဲ့သို့ နိုင်ငံ၏ အချုပ်အခြာအာဏာနှင့် အနာဂတ်နိုင်ငံတော်အတွက် ခြိမ်းခြောက်လာနိုင်မှုများအပေါ်လည်း မပြတ်သတိပြုရမည် ဖြစ်သည်။

ရခိုင်အရေးနှင့်ပတ်သက်လျှင် နိုင်ငံတကာ စာမျက်နှာများ၌ ရိုဟင်ဂျာဟူသော စကားလုံးများ၊ လူနည်းစုအပေါ် နှိပ်စက်ညှဉ်းပန်းမှုဆိုသော စကားလုံးများ၊ Genocide ကဲ့သို့ လူမျိုးသုဉ်း သတ်ဖြတ်ပါသည်ဆိုသော ပြင်းထန်သည့် စွပ်စွဲမှုများသာ လွှမ်းမိုးနေသည်ကို တွေ့ရပေလိမ့်မည်။

မြန်မာနိုင်ငံ ရခိုင်ပြည်နယ်ဟုဆိုလျှင် မိမိတို့၏ ရခိုင်တိုင်းရင်းသားများအကြောင်း၊ တိုင်းရင်းသားတို့၏ အမှန်တကယ်ဖြစ်တည်မှု၊ နှစ်ပေါင်းများစွာ ရပ်တည်ရှင်သန်လာသည်ဆိုသည့် အချက်အလက်များအကြောင်း အရာများမှာ နိုင်ငံတကာစာမျက်နှာများတွင် တွေ့ရှိရန် လွန်စွာခက်ခဲသော အခြေအနေ ဖြစ်နေသည်။

သို့ဖြစ်ရာ မိမိတို့လက်မခံသော ရိုဟင်ဂျာ အခေါ်အဝေါ်အပေါ် ရခိုင်အရေးနှင့်ပတ်သက်ပြီး နိုင်ငံတကာ စာမျက်နှာပေါ်တွင်အသာ စီးရရန် ကြိုးစားမှုထက် ရခိုင်ဒေသတွင်ရှိသော တိုင်းရင်းသားတို့၏ အကြောင်းအရာများ၊ ရခိုင်တိုင်းရင်းသားတို့၏ ဖြစ်တည်မှုများအပေါ် နိုင်ငံတကာစာမျက်နှာထက် ပိုမိုကျယ်ပြန့်အောင် လုပ်ဆောင်ရမည် ဖြစ်သည်။

ထို့ပြင် အခိုင်အမာရှိပြီးဖြစ်သည့် ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသား ဥပဒေဖြင့်ပင် ရခိုင်ပြည်နယ်အတွင်းရှိ ဘင်္ဂါလီများ၊ တစ်ဖက်နိုင်ငံမှ ရွှေ့ပြောင်းရောက်ရှိလာကြသူများကို စိစစ်ကိုင်တွယ်ကာ နိုင်ငံသားအခွင့်အရေးအတွက် အဖြေရှာရမည်ဖြစ်သည်။ အခြားတစ်ဖက်တွင်လည်း နိုင်ငံတကာတွင် ပျံ့နံှ့နေသော ရိုဟင်ဂျာဟုခေါ်သည့် အနည်းဆုံး လူဦးရေလေးသန်းကျော် ရှိနေသည့် ရိုဟင်ဂျာများအရေးကိုလည်း ထည့်သွင်းတွက်ချက်ရမည် ဖြစ်သည်။ သို့ဖြစ်ရာ ယခု ဖြစ်ပေါ်နေသော ရခိုင်အရေးသည် လူ့အသိုက်အဝန်းနှစ်ခုကြားက ပဋိပက္ခဟု မဆိုနိုင်သည့်အပြင် အနာဂတ်နိုင်ငံအတွက်ပါ အရေးပါနေသည့် အခြေအနေပင် ဖြစ်နေပေသည်။ ထို့ပြင် အစိုးရအတွက်လည်း ကြိုတင်မှန်းဆရန်ခက်သည့် ထောင်ချောက်အဖြစ် ရှိနေနိုင်သည့် အခြေအနေလည်း ဖြစ်သည်။

လာမည့် စက်တင်ဘာ ၁၂ ရက်တွင် ကမ္ဘာ့ကုလသမဂ္ဂ အထွေထွေညီလာခံကြီး စတင်တော့မည်ဖြစ်သည်။ လတ်တလောတွင် နိုင်ငံတကာမှ အာရုံစိုက်နေသည့် ရခိုင်ပြည်နယ်အရေးနှင့်ပတ်သက်ပြီး ဆွေးနွေးလာနိုင်သည့် အခြေအနေလည်း ရှိနေသည်။ အဆိုပါ ညီလာခံတွင် မြန်မာအစိုးရအနေဖြင့် တရုတ်၊ ရုရှားတို့၏ထောက်ခံမှုကို ရရှိမည်ဖြစ်သော်လည်း ရခိုင်အရေးနှင့်ပတ်သက်ပြီး နိုင်ငံတကာမီဒီယာများအပေါ် အကောင်းဆုံးတုံ့ပြန်ဖြေရှင်းနိုင်ရန် လိုအပ်နေသည်။ မည်သို့ တုံ့ပြန်ဆောင်ရွက်မည်ကိုလည်း စောင့်ကြည့်ကြရမည် ဖြစ်သည်။ လက်ရှိအချိန်တွင် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် NLD အစိုးရအတွက် ရခိုင်အရေးမှာ ကြီးမားနက်နဲသည့် စိန်ခေါ်မှုတစ်ခုအဖြစ် ရှိနေသည်မှာ အမှန်ပင်ဖြစ်သည်။

Most Read

Most Recent