ကွယ်လွန်သူများသို့ အမှတ်ရချက်

ကွယ်လွန်သူများသို့ အမှတ်ရချက်
Published 2 September 2017

ဓာတ်ပုံ-နေဝန်းထက်

“လူ့ဘဝဟာ မြူလိုပါပဲလေ။ ပေါ်လာကြမယ်၊ ပြီးရင်တော့ ပြန်ပျောက်သွားကြဦးမယ်” ဟု မိတ်ဆွေတစ်ဦးက ပြောလာသည်။ ဟုတ်သည် မဟုတ်သည်အပထား။ မိတ်ဆွေဖြစ်သူ၏ ဆိုလိုရင်းကို ကျွန်တော် သဘောပေါက်ပါသည်။ “ဒီလိုနေရတဲ့ ခဏလေးအတွင်းမှာ တပါးသူရဲ့ ဘဝကို မဖျက်ဆီးမိတာ၊ တပါးသူကို မျက်ရည်ကျအောင် မလုပ်မိတာပဲ ကျေးဇူးတင်လှပါတယ်” ဟူ၍လည်း မိတ်ဆွေက ထပ်ဆင့်ပြောပြန်သည်။ ဟုတ်ပေသည်။ ကျေနပ်လှပါပြီ။

ကျွန်တော် ငယ်စဉ်အခါက မင်းတပ်မြို့ အမက ၄ တွင် ကျောင်းတက်ခဲ့ရသည်။ အမေကကျောင်းနှင့် တစ်ဖာလုံခန့်ဝေးသော နေရာတွင် ဆိုင်ရောင်းပါသည်။ အိမ်ဆိုင်ဟု ပြောရပါမည်။ ကျွန်တော် တတိယတန်းကျောင်းသားဘဝဟု မှတ်မိသည်။ အတန်းထဲတွင် အားလုံးက ဝိုင်း၍ချစ်ကြရသော ကျောင်းသားတစ်ဦး ရှိပါသည်။ သူ့နာမည်မှာ ကီးထန်းဟု မှတ်မိသည်။ အသားညိုညို ဗလကောင်းကောင်း အရပ်ရှည်ရှည်ကြီးဖြစ်ပြီး သဘောကောင်းသူ စိတ်ဓာတ်ကောင်းသူတစ်ဦး ဖြစ်ပါသည်။ သူ့ကိုပင် အတန်းခေါင်းဆောင်အဖြစ် ကျွန်တော်တို့ တင်မြှောက်ခဲ့ကြသည်။ သူသည် ကျွန်တော့်ကို အလွန်ချစ်သည်။ တစ်ခုခုဆိုလျှင် အခြားသူများထက် ကျွန်တော့်အား မျက်နှာသာပေး အလေးပေးကာ ချစ်ရှာသည်။ သူ့ကို ကျွန်တော်က စာရှင်းပြသဖြင့် ပို၍မျက်နှာသာပေးသည်ဟု မှတ်မိသည်။ သူသည် ကျွန်တော်တို့ အိမ်ဆိုင်လေးသို့လည်း လာလည်တတ်သည်။ တစ်နေ့တွင် မမျှော်လင့်ဘဲ ကားအက်ဆီးဒင့်ဖြစ်ကာ သူကွယ်လွန်သွားသည်။ အစက ထိုသတင်းကို ကျွန်တော် မယုံပါ။

ထိုနေ့က သူသည်သူ့ညီလေးနှင့်အတူ မင်းတပ်မှ ကိုးမိုင်ဝေးသော နေရာသို့သွားကာ နွားနောက်သွားကြည့်ကြသည်။ သူ့ညီလေးမှာ ထိုအချိန်က သူငယ်တန်းကျောင်းသား အရွယ်လောက်သာ ဖြစ်ပါသည်။ နွားနောက်သွား ကြည့်ကြရာမှအပြန် သူ့ညီက ကားစီးချင်သည်ဟုပြောရာ သူက ငြင်းဆန်ခဲ့သေးသည်။ ညီငယ်ဖြစ်သူမှ အကြိမ်ကြိမ် ပူဆာသဖြင့် သူလိုက်လျောပေးခဲ့သည်။ လမ်းပေါ်မှ ကျောက်တင်သော ၁၂ ဘီးကားကြီးတစ်စီးကိုတား၍ စီးခဲ့ကြသည်။ သူတို့နှစ်ဦးသည် ကျောက်တုံးကြီးများပေါ်တွင် ထိုင်ကာ မင်းတပ်မြို့သို့ လိုက်ပါလာကြပြီး ထို ၁၂ ဘီးကားသည် မင်းတပ်မြို့မရောက်မီ လမ်းတစ်နေရာတွင် မမျှော်လင့်ဘဲ မှောက်သွားပေသည်။ ကျွန်တော်၏သူငယ်ချင်းဖြစ်သူသည် ကားမှောက်ခါနီးတွင် သူ၏ညီငယ်ကို ကားပေါ်မှ အပြင်သို့ တွန်းထုတ်နိုင်ခဲ့ပြီး သူကိုယ်တိုင်မှာမူ မှောက်သွားသော ကားအောက်ရှိ ကျောက်တုံးများကြားတွင်ပင် ဆုံးသွားရှာသည်။ ကျွန်တော်တို့ တစ်တန်းလုံး တုန်လှုပ်ကြသည်။ ဝမ်းနည်းခဲ့ကြရပါသည်။ သူ၏ညီငယ်မှာမူ အသက်ရှင် ကျန်ရစ်ခဲ့ပါသည်။ (အထက်ပါ အဖြစ်အပျက်များကို သူ၏ညီငယ်ဖြစ်သူက ပြန်လည်ပြောပြရာမှ ကျွန်တော်တို့ သိခဲ့ကြခြင်းဖြစ်သည်)

ကျွန်တော်၏ဘဝတွင် ပထမဆုံးအကြိမ်အဖြစ် ချစ်ခင်ရသူတစ်ဦး သေဆုံးသွားခြင်း ဖြစ်သည်။ ငယ်ရွယ်သော်လည်း သူ့အသက်ကိုတောင် မငဲ့ဘဲ ချစ်တတ်သူကြီး။ သူ့ကို ယနေ့တိုင်ကျွန်တော် မမေ့နိုင်သေးပါ။ ထိုအဖြစ်အပျက်သည် ၁၄ နှစ်ခန့် ကြာပါပြီ။

ကျွန်တော် မှတ်မိနေသော အသုဘအခေါင်းမြေချပွဲတစ်ခုလည်း ရှိပါသေးသည်။ မှတ်မိကောင်းသော အရာမဟုတ်ဟုပြောလာလျှင် ပြုံးလိုက်ပါမည်။ ကျွန်တော်တို့သည် တစ်နေ့တစ်ချိန်တွင်တော့ မြေကြီးထဲသို့ ဝင်ကြရမည်မဟုတ်လော။ ထိုအသုဘအခေါင်းမြေချရာ သချုႋင်းသို့ ကျွန်တော် ရောက်ခဲ့ပါသည်။ ထိုနေ့က မိုးဖွဲဖွဲရွာနေသည်။ သေဆုံးသူမှာ ကျွန်တော်တို့ရပ်ကွက်ထဲမှ မီးသတ်သမား တစ်ဦးဖြစ်သည်။ မီးလောင်ရာသို့ မီးသွားငြှိမ်းကြပြီးနောက် ရုံးအပြန် ကားပေါ်မှ ပြုတ်ကျကာ သေဆုံးသွားခြင်းဖြစ်သည်။ သေဆုံးသူ၏ အသက်မှာ ၄၅ နှစ်ခန့်ရှိမည်ထင်သည်။ သေဆုံးသူနှင့် သူ၏မိသားစုဝင်များကို ကျွန်တော် သေချာမသိပါ။ သို့သော်လည်း ထိုအခေါင်းမြေချရာသို့ ကျွန်တော်သွားရောက် ပို့ဆောင်ခဲ့ပါသည်။ ရှည်လျားသော လူအုပ်ကြီး။ ငိုနေကြသော မိန်းမများ။ သချုႋင်းသို့ ရောက်သောအခါ အုတ်ဂူများကြား လွတ်နေသော တစ်နေရာ အခေါင်းချရန်အတွက် သတ်မှတ်တူးဖော်ထားသော မြေတစ်နေရာတွင် လူအုပ်ကြီး ရပ်သွားသည်။ အခေါင်းကိုချကြသည်။ လူအုပ်ကြီးသည် အခေါင်းနှင့် အခေါင်းချရန်တူးထားသော မြေတွင်းကြီးကို ဝိုင်းလိုက်ကြသည်။ ကျွန်တော်သည် အလောင်းထည့်ထားသော အခေါင်းကိုလှမ်း၍ မြင်နိုင်သောနေရာ၌ တိုးဝင်ကာ ကြည့်ခဲ့သည်။ ထိုအချိန်က ကျွန်တော့်အသက်မှာ ၁၃ နှစ် ၁၄ နှစ်ခန့် ရှိပါမည်။ အခေါင်းကို မချမီ သင်းအုပ်ဆရာက ဆုတောင်းသည်။ ဓမ္မသီချင်းကို အားလုံး ဆိုကြသည်။ ထို့နောက် မီးသတ်ရုံးမှ တာဝန်ရှိသူတစ်ဦးက ပြန်တမ်းစာဖတ်ကြားပါသည်။ “သင် သွားလိုရာ သွားနိုင်ပြီ” ဟူ၏။ ထို့နောက်တွင်မူ အခေါင်းကိုကြိုးဖြင့် ချည်နှောင်ကြပြီး တူးထားသောမြေကြီး အတွင်းသို့ ညင်သာစွာချကြသည်။ ငိုသံများ ပို၍ကျယ်လာသည်။ သေဆုံးသူ၏ အမျိုးသမီးဖြစ်ဟန်တူသော မိန်းမတစ်ဦးကမူ ပြင်းထန်စွာပင် ငိုလိုက်သည်။ ထို့နောက်တွင်မူ အခေါင်းကို မြေကြီးဖို့ကြသည်။ ကျွန်တော်သည် စိတ်မကောင်းစွာပင် ထိုမြင်ကွင်းကို ကြည့်နေခဲ့သည်။ (ထိုမြင်ကွင်းကို ယနေ့တိုင် မမေ့နိုင်သေးပါ) သေဆုံးသူနှင့် ကျွန်တော့်ကြားတွင် ပတ်သက်မှု ရင်းနှီးမှုမရှိပါ။ သို့သော် ကျွန်တော် ဝမ်းနည်းပါသည်။ သချုႋင်းမှလူအုပ်ကြီးသည် တရွေ့ရွေ့ ပြန်လည်ထွက်ခွာသွားကြသည်။ အသစ်စက်စက်ဂူများ။ ဟောင်းနွမ်းဆွေးမြည့်နေသော ဂူများပေါ်မှ အမည်နာမများ။ အချို့က ၂၀။ အချို့က ၃၀။ အချို့က ၄၀။ ကျွန်တော်သည် လေးလံသော ခြေလှမ်းများနှင့် အိမ်ပြန်ခဲ့ပါသည်။ ကြီးစွာသော တုန်လှုပ်ခြင်းလည်း ဖြစ်မိပါသည်။ သေခြင်းအကြောင်းကို ကျွန်တော် သေချာ မစဉ်းစားခဲ့ဖူးပါ။ သင်္ချိုင်းကတော့ တိတ်ဆိတ်စွာပင် ကျန်ရစ်ခဲ့ပေပြီ။ ကွယ်လွန်သူတို့သည် အေးချမ်းစွာပင် ကျန်ရစ်ခဲ့ကြပြီး ရှင်ကျန်ရစ်သူများမှာမူ ပူလောင်စွာ လျှောက်လှမ်းနေကြသည်။ လွန်ခဲ့သော ခုနစ်နှစ် ရှစ်နှစ်ခန့်က အဖြစ်အပျက်တစ်ခုဖြစ်ပါသည်။

နေ့များတွင် သစ်စေ့ကလေးများ ပေါက်လာသည်။ ထို့နောက် လျင်မြန်စွာပင် ကြီးထွား သန်မာလာကြသည်။ ထို့နောက် တစ်ဖန်သေဆုံးသွားကြပြန်သည်။ ကဗျာဆရာ မောင်ချောနွယ်ကတော့ “ကြွေတာကိုက ပွင့်ခြင်းပဲ” ဟု ရေးခဲ့ပါသည်။ သိကျွမ်းခင်မင်ရသော လူပုဂ္ဂိုလ်အချို့အချို့ ကွယ်လွန်သွားကြသည်။ အချို့က ငယ်ငယ်ရွယ်ရွယ်။ အချို့က လူလတ်ပိုင်း။ အချို့က သက်ကြီးပိုင်း။ ကျွန်တော်၏ အဘိုးအရင်း ဦးဟာထန်းသည် ခရစ်တော်၌ အိပ်ပျော်ခဲ့ပါပြီ။ ကျွန်တော်၏ အစ်ကိုအရင်းကဲ့သို့ ချစ်ရသော ကျောင်းတူစီနီယာအစ်ကိုကြီး ကိုနေမျိုးထက် (ကဗျာဆရာနိုးမြေ) သည်လည်း ကောင်းမွန်ရာ ဘုံဘဝသို့ ထွက်သွားခဲ့ပါပြီ။ ကွယ်လွန်သူများကို ကျွန်တော် အမှတ်ရလျက် ရှိပါသည်။ ကျွန်တော်ရင်းနှီးရသော ကွယ်လွန်သူများထဲတွင် အာဏာရှင်များ၊ သူတပါး ဘဝပျက်အောင် လုပ်တတ်သောသူများ မရှိပါ။ ကွယ်လွန်သွားသော ကျွန်တော်၏ မိတ်ဆွေအချို့က လူ့အဖွဲ့အစည်းကို မည်မျှမည်ရွေ့ အကျိုးပြုခဲ့ကြသည်ကို မသိသော်လည်း လူ့အဖွဲ့အစည်းကို အဆိပ်သင့်စေသူများ မဟုတ်ကြသည်ကိုမူ အပြည့်အ၀ ယုံကြည်ပါသည်။ ဂုဏ်လည်း ယူမိပါသည်။ ကျွန်တော်သည် ကွယ်လွန်သူသို့ဟူ၍ ကဗျာတစ်ပုဒ် ရေးဖြစ်ခဲ့ပါသည်။ ရှင်ကျန်ရစ်သူ၏ ခံစားချက်ဖြစ်ပါသည်။ ဖတ်ကြည့်ပါ။

ကွယ်လွန်သူသို့
မတွေ့ရတာကြာပြီလို့
နှုတ်ဆက်ဖို့ ထွက်သွားလိုက်တာ
ဘယ်လိုမှ လမ်းကြုံတောင်
ပြန်မဆုံနိုင်ကြ
တစ်နေရာကိုတော့
အရင်သွားနှင့်သူရယ်
အေးချမ်းပါစေ
ကိုယ်ဆုတောင်းတယ်။

ကိုယ်ရောက်လာတဲ့အခါ
ငှက်မွေးများလို ပေါ့ပါးကြည့်ကြမယ်
ကိုယ်က ထွက်သွားသူအပေါ်
အားကျစိတ်များနဲ့ ငေးဆဲ
မိုးရေတွေ ဖွေးနေတာပဲ
သတိရစိတ်ဟာ
ကိုယ့်ဆီက ထွက်သွားပြီး လျှောက်နေ
တံခါးပိတ်ဖို့ မမေ့ပေမယ့်
ကိုယ်တားလိုက်နိုင်တဲ့အရာတော့
မဟုတ်ပါဘူး
ရွေးလို့မှ မရနိုင်ပဲ ဘယ်တတ်နိုင်ပါ့
ကိုယ်ဟာ အခုထိတော့
ကျန်ရစ်သူရဲ့ အရသာတုံးကြီး။

Most Read

Most Recent