စပါးမှောင်ခိုဈေးကွက် ဘာကြောင့်မထိန်းချုပ်နိုင်သေးတာလဲ

စပါးမှောင်ခိုဈေးကွက် ဘာကြောင့်မထိန်းချုပ်နိုင်သေးတာလဲ
Published 7 October 2018

ဧရာဝတီတိုင်းဒေသကြီး ကျေးလတ်တစ်ခုတွင် ကြိတ်ခွဲမည့်စပါးများကို နေလှမ်းနေစဉ် (ဓာတ်ပုံ-မင်းသူဝင်းထွဋ်)

မြန်မာနိုင်ငံကကုန်စည်တွေဟာ တရားမဝင်ကုန်သည်တွေ မျက်စိကျစရာဖြစ်နေလား၊ မြန်မာနိုင်ငံဟာ တရားမဝင်ကုန်သွယ်ဖို့ ဈေးကွက်ဖြစ်လာနေပြီလား၊ တရားမဝင်ဈေးကွက်ကြီး ဘယ်လောက်အထိ ကျယ်ပြန့်နေပြီလဲဆိုတာ မေးခွန်းထုတ်စရာ ရှိလာပါတယ်။

အကြောင်းကတော့ ပြည်တွင်းကို နယ် စပ်ဂိတ်ပေါင်းစုံက ဈေးပေါပေါနဲ့ ကုန်စည်တွေ တရားမဝင်တင်သွင်းကြတယ်။ ရုန်းကန်နေရတဲ့ ပြည်တွင်းကလုပ်ငန်းရှင်တွေဟာ တရားမဝင် ဝင်လာတဲ့ ကုန်စည်တွေနဲ့အပြိုင် သူတို့ရဲ့ထုတ်ကုန်တွေ ဈေးသက်သက်သာသာ မရောင်းနိုင်ခဲ့ပါဘူး။ ဒါတွေက လုပ်ငန်းရှင်တွေအပေါ် သက်ရောက်ရုံသာမက မြန်မာ့စီးပွားရေးအပေါ်ပါ ထိခိုက်စေခဲ့ပါတယ်။

ဒါ့အပြင် မကြာခင်မှာ မိုးရာသီကောက် သစ်ပေါ်တော့မယ်ဆိုရင်ပဲ စပါးအတိုင်း နယ်စပ်ကနေ နေ့စဉ်တင်းသောင်းနဲ့ချီပြီး တရားမဝင် တင်ပို့မှုတွေရှိနေတယ်ဆိုတဲ့အသံတွေ ထွက်ပေါ်လာပါပြီ။ လယ်ယာစိုက်ပျိုးရေး နိုင်ငံတစ်ခုမှာ အဓိကထုတ်ကုန်တွေ ဖြစ်တဲ့စပါးအပေါ် ကိန်းဂဏန်းတိတိကျကျ မရနိုင်တဲ့ မှောင်ခိုကုန်သွယ်မှုတွေကြောင့်  ပြည်တွင်းဆန်ဈေးနှုန်း၊ စားနပ်ရိက္ခာဖူလုံမှုအပြင် ဆန်ထုတ်လုပ်မှု လုပ်ငန်းစဉ်တွေ အပေါ်မှာ သက်ရောက်လာမလားဆိုတာ စိုးရိမ်စရာရှိလာခဲ့ပါတယ်။

 

မြန်မာ့ဆန်စပါးဈေးကွက် ပြန်လည်သုံးသပ်ခြင်း

မြန်မာ့ဆန်စပါးဈေးကွက်ကို ၂၀၀၃ ခု နှစ်အထိ နိုင်ငံပိုင်အဖွဲ့အစည်းဖြစ်သည့် (မြန်မာ့လယ်ယာထွက်ကုန်ပစ္စည်း ရောင်းဝယ်ရေး)ကိုသာ တင်ပို့ခွင့်ပြုခဲ့သည်ကို တွေ့ရှိရပါတယ်။ ၂၀၀၃ ခုနှစ် နောက်ပိုင်းမှာ ဆန်စပါးမူဝါဒချမှတ်ခဲ့ပြီးနောက် ဆန်စပါး အထူးပြုကုမ္ပဏီများကို၂၀၀၈ ခုနှစ်မတိုင်မီ  ကာလအထိ ပြည်ပဈေးကွက်သို့ ဆန်တင်ပို့ ရောင်းချခွင့်ပြုခဲ့ပါတယ်။၂၀၀၈ ခုနှစ်က နေ၂၀၁၀ ပြည့်နှစ်အထိ အခြားပုဂ္ဂလိက ကုမ္ပဏီများကိုပါ ခွဲတမ်းစနစ်နဲ့ တင်ပို့ခွင့် ပြုခဲ့ပါတယ်။ ၂၀၁၁ ခုနှစ် နောက်ပိုင်းမှာတော့ ပင်လယ်ရေကြောင်းနှင့် နယ်စပ်ဒေသတို့မှ နိုင်ငံခြားငွေရှိသည့် မည်သည့်ကုမ္ပဏီမဆို တင်ပို့ခွင့်ပြုခဲ့တယ်လို့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။

၂၀၁၃ ခုနှစ် ဧပြီ ၂၃ ရက်မှာ နိုင်ငံတော်ရဲ့ ဆန်စပါးမူဝါဒသစ်ကို ကြေညာပြီး ၂၀၁၃ -၂၀၁၄ စပါးရာသီကစပြီး အစိုးရက တိုက်ရိုက်ဝယ်ယူခြင်းမပြုတော့ဘဲ ပုဂ္ဂလိကကို လွတ်လွတ်လပ်လပ် ရောင်းဝယ်ဖောက်ကား ခွင့်ပြုခဲ့ပါတယ်လို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးတိုးအောင်မြင့်က ပြောကြားထားပါတယ်။

အစပိုင်းမှာ ပြည်ပတင်ပို့ခြင်းကိုမြန်မာနိုင်ငံ ဆန်စပါးရောင်းဝယ်ရေး ဦးဆောင်အဖွဲ့ရဲ့ လမ်းညွှန်ချက်နဲ့ ဆောင်ရွက်ခဲ့ပြီး ၂၀၀၆-၂၀၀၇ ဘဏ္ဍာနှစ်မှာ ဆန်တန်ချိန် ၁၄၀၀၀ လောက်သာ တင်ပို့နိုင်ခဲ့ရာမှာ ၂၀၀၇-၂၀၀၈ ဘဏ္ဍာနှစ်ကစပြီး ပုဂ္ဂလိကကို အပြည့်အ၀ ပြည်ပတင်ပို့ခွင့်ပြုခဲ့လို့ ဆန်တန်ချိန် ၃ ဒသမ ၆ သိန်းအထိ ပြန်လည်တင်ပို့နိုင်ခဲ့ပါတယ်။ ၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ်မှာ နယ်စပ်ဒေသက တင်ပို့ခြင်းကိုပါ ခွင့်ပြု ပေးခဲ့ရာက ဆန်တန်ချိန် ၁ ဒသမ ၄ သန်း အထိတင်ပို့နိုင်ခဲ့ပြီး ၂၀၁၇-၂၀၁၈ ဘဏ္ဍာ နှစ်မှာတော့ ဆန်တန်ချိန် ၃ ဒသမ ၅ သန်း ကျော်တင်ပို့နိုင်ခဲ့ပြီး နှစ် ၅၀ အတွင်း စံချိန်တင် ဆန်တင်ပို့နိုင်ခဲ့ခြင်း ဖြစ်ပါတယ်။

 

စပါးကို ပြည်ပတင်ပို့ခွင့်ပြုတဲ့ကာလကို လေ့လာကြည့်ခြင်း

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနအနေနဲ့ လယ်သမားများ၏ အကျိုးစီးပွား မြှင့်တင်ရေးအတွက် ပြည်ပဈေးကွက် လိုအပ်ချက်ရှိနေတဲ့စပါးကို ပြည်ပနိုင်ငံများသို့ တင်ပို့နိုင်ရန် ဆောင်ရွက်ခဲ့တဲ့ကာလ ရှိခဲ့ပါတယ်လို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။

၂၀၁၆ ခုနှစ် အောက်တိုဘာ ၂၁ ရက်က နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ စီးပွားရေးလုပ်ငန်းရှင်များ တွေ့ဆုံပွဲတွင် ပြည်တွင်းစပါးဈေးကျဆင်းမှုကြောင့် တောင်သူလယ်သမားများ နစ်နာမှုများ ဖြစ်ပေါ်နေကြောင်း CB ဘဏ်ဥက္ကဋ္ဌ ဦးခင်မောင်အေးက ပြောကြားခဲ့တယ်လို့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက သိရပါတယ်။

၂၀၁၅ ခုနှစ် စပါးပေါ်ချိန်က ဧရာဝတီတိုင်းဒေသကြီးမှာ မနောသုခစပါးတင်း ၁၀၀ ကို ကျပ် ၅၄၃,၀၀၀ ရှိခဲ့သော်လည်း ၂၀၁၆ ခုနှစ် စပါးပေါ်ချိန်တွင် မနောသုခစပါးတင်း ၁၀၀ လျှင် ကျပ် ၅၂၂,၀၀၀ သာ ရှိခဲ့ပါတယ်။ ဒါ့အပြင် မနောသုခ(နွေ)စပါးဈေးမှာလည်း ကျဆင်းလျက်ရှိရာ ၂၀၁၅ ခုနှစ် စပါးပေါ် ချိန်က မနောသုခ(နွေ) စပါးတင်း ၁၀၀ ကို ကျပ် ၅၀၆,၀၀၀ ရှိခဲ့ပြီး ၂၀၁၆ ခုနှစ် စပါး ပေါ်ချိန်မှာတော့ ကျပ် ၄၃၂,၀၀၀ သို့ ကျဆင်းခဲ့ပါတယ်။

အဲဒီကာလက စပါးဈေးများ ကျဆင်းနေသလို ပြည်ပသို့ ဆန်တင်ပို့ရာမှာလည်း ယခင်နှစ်ကာလတူထက် တန်ချိန်နှစ်သိန်းနီးပါး လျော့နည်းတင်ပို့ခဲ့တယ်လို့လည်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက သိရပါတယ်။

မြန်မာနိုင်ငံအနေနဲ့ ပြည်ပသို့ ဆန်တင်ပို့ရာမှာ အိမ်နီးချင်းနိုင်ငံဖြစ်တဲ့ တရုတ်နိုင်ငံသို့သာ အဓိကထားပြီး တင်ပို့ခဲ့တာဖြစ်ပါတယ်။ ပြည်တွင်းဆန်ထွက်ရှိမှုရဲ့ ရာခိုင်နှုန်း ၈၀ ကို တရုတ်နိုင်ငံကို တင်ပို့နေတာဖြစ်ပါတယ်။ တရုတ်နိုင်ငံတစ်နိုင်ငံတည်းကိုသာ အဓိကထားပြီး တင်ပို့နေရတဲ့အကြောင်းက တရုတ်နိုင်ငံဟာ ဘယ်လိုဆန်အမျိုးအစားကိုမဆို၊ ဘယ်လိုအရည်အသွေးမျိုးကိုမဆို ဝယ်ယူနေလို့ပဲ ဖြစ်ပါတယ်။

တခြားနိုင်ငံတွေကတော့ ထိုင်း၊ အိန္ဒိယ၊ ကမ္ဘောဒီးယား၊ ပါကစ္စတန်၊ ဗီယက်နမ်စတဲ့နိုင်ငံတွေက တင်ပို့နေတဲ့ အရည်အသွေးကောင်းတဲ့ ဆန်တွေနဲ့ ဈေးကွက်မှာ ယှဉ်ပြိုင်ပြီး ဝယ်ယူနေကြပါတယ်။ အဲဒီလိုယှဉ်ပြိုင်ရာမှာ မြန်မာနိုင်ငံရဲ့ ဆန်စပါးအရည်အသွေးဟာ တခြားနိုင်ငံတွေနဲ့ နှိုင်းယှဉ်ရင် အရည်အသွေးနိမ့်ကျနေတာကြောင့် ဖြစ်ပါတယ်။

မြန်မာနိုင်ငံအနေနဲ့ တရုတ်နိုင်ငံကို ဆန်တင်ပို့ရောင်းချနေရတယ်ဆိုပေမယ့်လည်း တရားမဝင်တင်ပို့ရောင်းချနေရသလို တရုတ်နိုင်ငံက သတ်မှတ်ထားတဲ့ AQSIQ စံသတ်မှတ်ချက်တွေအတိုင်း သတ်မှတ်ထားတဲ့ အရည်အသွေးနဲ့အညီ မတင်ပို့နိုင်တဲ့အတွက် နယ်စပ်ဖြတ်ကျော်တင်ပို့ရာမှာ အခက်အခဲတွေ ရှိနေတယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံရဲ့ ကောက်စောစပါးပေါ်ချိန်ဟာ တစ်ဖက်နိုင်ငံရဲ့သီးနှံဈေးကွက် ဖြစ်ပေါ်ချိန်ရာသီနဲ့ ကိုက်ညီနေတာကို တွေ့ရပါတယ်။ ဒါ့အပြင် စပါးဟာ ကြာရှည်အထားခံတဲ့ ကုန်ပစ္စည်းဖြစ်သလို တစ်ဖက်နိုင်ငံမှာ အဆင့်မီကြိတ်ခွဲနိုင်တဲ့ ဆန်စက်တွေရှိတဲ့အတွက် တစ်ဖက်နိုင်ငံက ကုန်သည်တွေဟာ ဆန်ထက် စပါးကိုပိုပြီးဝယ်ယူချင်တာ တွေ့ရပါတယ်။ မြန်မာနိုင်ငံရဲ့ ၂၀၁၆ အဲဒီ အချိန်ကာလကအခြေအနေအရ ကောက်စောစပါးပေါ်ချိန်မှာ စပါးဈေးကျဆင်းနေချိန်နဲ့ ရင်ဆိုင်နေရတာကြောင့် စပါးစိုက်ပျိုး သူတောင်သူတွေဟာ အခက်အခဲမျိုးစုံနဲ့ ရင်ဆိုင်ကြုံတွေ့ခဲ့ပါတယ်။

အဲဒီလိုတောင်သူတွေရဲ့ အခက်အခဲတွေအပြင် ပြည်ပဆန်တင်ပို့မှုလျော့နည်း ကျဆင်းမှုကိုပါ ပေါင်းစပ်ညှိနှိုင်းနိုင်ဖို့အတွက် ၂၀၁၆ ခုနှစ် အောက်တိုဘာ ၂၉ ရက်က ရန်ကုန်တိုင်းဒေသကြီး ကုန်သွယ်ရေးဦးစီးဌာနရုံးတွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်နဲ့ မြန်မာနိုင်ငံ ဆန်စပါးကဏ္ဍမှ အသင်းအသီးသီးက တာဝန်ရှိသူတွေတွေ့ဆုံပြီး ညှိနှိုင်းခဲ့ကြတယ်လို့ သိရပါတယ်။

အဲဒီဆွေးနွေးပွဲကို တက်ရောက်လာကြတဲ့ လုပ်ငန်းရှင်အများစုကလည်း  ပြည်ပဈေးကွက်ရှိတဲ့ စပါးတင်ပို့ခွင့်ကို စမ်းသပ်ခွင့်ပြုရန်၊ ခွင့်ပြုမယ့်ကာလကို အချိန်အတိုင်းအတာတစ်ခုအထိ ကန့်သတ်ခွင့်ပြုရန်၊ အစိုးရအနေဖြင့် အရန်ဆန်ဝယ်ယူရေး နည်းလမ်းကိုလည်း အသုံးပြုရေးအတွက် စဉ်းစားပေးရန်၊ စပါးတင်ပို့မှုကို ကန့်ကွက်သည့်အဖွဲ့ရှိ ပါက ၎င်းအဖွဲ့က အခြေခံဈေးနှုန်းတစ်ခု သတ်မှတ်ပေးပြီး တောင်သူများထံမှဝယ်ယူပေးရန်၊ စပါးအထွက်နှုန်း တိုးမြှင့်ရေးဆောင်ရွက်ပေးရန်၊ ထုတ်လုပ်မှုကုန်ကျစရိတ်လျှော့ချရေး ဆောင်ရွက်ပေးရန်အပါအဝင် ကျယ်ကျယ်ပြန့်ပြန့် ရှင်းလင်းဆွေးနွေးခဲ့ကြပါတယ်။

ယင်းဆွေးနွေးပွဲဟာ တောင်သူလယ်သမားများ အကျိုးဖြစ်ထွန်းစေရေး၊  ပြည်ပပို့ ကုန်တိုးမြှင့်ရေး၊ တောင်သူများ ဆောင်းသီးနှံအချိန်မီ စိုက်ပျိုးနိုင်ရေး၊ မိုးစပါးထွက်ရှိရာတွင် ဈေးနှုန်းကျဆင်းမှုကြောင့် နစ်နာဆုံးရှုံးမှု မရှိစေရေးအတွက် ဈေးကွက်ရှိတဲ့ ပြည်ပနိုင်ငံများသို့ စပါးတင်ပို့မှုကို ညှိနှိုင်းဆောင်ရွက်သွားမှာဖြစ်ကြောင်း၊ ယခင်အစိုးရများ လက်ထက်ကလည်း တရုတ်၊ ဘင်္ဂလားဒေ့ရှ် နိုင်ငံတို့သို့ စပါးများတင်ပို့မှုတွေ ရှိခဲ့တယ်လို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ၂၀၁၆ ခုနှစ်အတွင်း ထုတ်ပြန်ခဲ့တဲ့ အချက်အလက်များအရ သိရပါတယ်။

၂၀၁၆ ခုနှစ်အတွင်းက စပါးအတိုင်း ပြည်ပတင်ပို့ခွင့်ပြုဖို့ စီစဉ်ခဲ့တာက ပြည်တွင်းမှာ စပါးဈေးကျဆင်းပြီး တောင်သူတွေ နစ်နာမှုတွေ ဖြစ်ပေါ်နေခဲ့တဲ့အတွက် ဒါကို ဖြေရှင်းနိုင်ဖို့ ရည်ရွယ်ချက်နဲ့ပါ။ ဒါတောင်အချိန် ကာလအကန့်အသတ်နဲ့ပဲ ခွင့်ပြုခဲ့တာလို့ သိရပါတယ်။ အဲဒီနောက်ပိုင်းမှာတော့ စပါးပေါ်ချိန် တစ်ဖက်နိုင်ငံကို တရားမဝင် စပါးတင်ပို့တဲ့ဈေးကွက်ကို မထိန်းချုပ်နိုင်တဲ့ အခြေအနေတစ်ခု ဖြစ်လာခဲ့ပါတယ်။

“ဆန်စပါးကို ပြည်တွင်းမှာတော့ ဥပဒေအရ လွတ်လပ်စွာ ဝယ်ယူရောင်းချခွင့်ပြုထားပါတယ်။ ဥပမာ-မူဆယ်အထိကိုရောင်း ဝယ်ခွင့်ပြုတယ်။ မူဆယ်နယ်စပ်ကနေ ဟိုဘက်အထိကျတော့ ခွင့်ပြုထားတာ မဟုတ်ဘူး။ နောက်ပြီး နယ်စပ်တစ်လျှောက်မှာ အပေါက်ပေါင်းစုံကနေ စပါးကိုတရားမဝင် တင်ပို့နေကြတယ်။ ဒါကို ဘယ်လိုတားဆီးမလဲ။ တကယ်လို့ ဥပဒေအရ စပါးတင်ပို့ခွင့်ကိုပြုမယ်ဆိုရင်လည်း သင့်လျော်တဲ့ စည်းမျဉ်းစည်းကမ်းပေါ့။ သတ်မှတ်ပြီး တင်ပို့ခွင့် ပြုမယ်ဆိုရင်လည်း ခွင့်ပြုပေါ့။ အခုကတရားဝင်လည်းမဟုတ်ဘဲ တရားမဝင်ကို နယ်စပ်အပေါက်တွေက တင်ပို့နေကြတာ”ဟု ဆန်စက်လုပ်ငန်းရှင်တစ်ဦးက ဆိုသည်။

 

ဆန်နဲ့ စပါးအတိုင်း ပြည်ပတင်ပို့မှုရဲ့ ရလဒ် နှိုင်းယှဉ်ကြည့်ခြင်း

ဆန်ဆိုသည်မှာ ကုန်ချောဖြစ်ပြီး စပါးဆိုသည်မှာ ကုန်ကြမ်းဖြစ်ပါတယ်။ ဆိုတော့ ကုန်ကြမ်းချည်းပဲ ရောင်းမည်လား၊ ကုန်ချောအနေဖြင့် ရောင်းမည်လားဆိုပါက ကုန်ချော  အနေနဲ့ရောင်းရင် Value Added ဆိုရင်တော့ ပြည်ပတင်ပို့တဲ့အခါ ဝင်ငွေပိုရတယ်။ ပြည်တွင်းမှာ အလုပ်အကိုင်တွေရရှိမှာ ဖြစ်ပါတယ်။

ဆိုလိုသည်မှာ စပါးအတိုင်းရောင်းပါက စပါးဖိုးသာ ရမှာဖြစ်ပါတယ်။ ဆန်ကိုရောင်းရင် ဆန်ကြိတ်ခွဲထုတ်လုပ်မှုစတဲ့ လုပ်ငန်းစဉ်များ ပါဝင်တဲ့အတွက် ဒီလုပ်ငန်းစဉ်မှာ လုပ်သားတွေ အလုပ်အကိုင်ရရှိမှာဖြစ်ပြီး ဆန်ကထွက်ရှိလာတဲ့ ဆန်ကွဲ၊ ဖွဲနု စတာတွေက မွေးမြူရေးအစာအဖြစ် အသုံးပြုနိုင်တဲ့အရာတွေ ထွက်ရှိလာမှာ ဖြစ်ပါတယ်။

“ဆန်ကြိတ်ခွဲရမှာ ဖွဲနု၊ ဖွဲကြမ်း၊ ဆန်ကွဲ ပေါ့နော်ရတယ်။ ဖွဲနုဆိုရင် ငါးမွေးမြုရေး၊ ပုစွန်၊ ကြက်၊ ဝက်မွေးမြူရေးလုပ်ငန်းတွေမှာ အစာအဖြစ်သုံးတယ်။ ဆန်ကွဲဆိုရင် တိရစ္ဆာန် အစာအဖြစ်သုံးတယ်။ ကြက်စာ၊ ဝက်စာပေါ့နော်။ ဆန်ကွဲအလတ်ဆိုရင် ပြည်တွင်းကုန်ကြမ်းပေါ့၊ အရက်ချက်တဲ့လုပ်ငန်းတို့ စက်မှုကုန်ကြမ်းသုံးထုတ်ကုန်တွေအတွက် ကုန်ကြမ်းအနေနဲ့ ပြန်ရတယ်။ အဲဒီအတွက် တကယ်လို့များ ပြည်ပကို စပါးအတိုင်းထွက်ရင် ဒီထုတ်ကုန်တွေနဲ့သွားတဲ့အခါ ပြည်တွင်းလိုအပ်ချက်ကလည်း ရှိသေးတယ်လေ။ ဒါတွေကို နှိုင်းယှဉ်ကြည့်တဲ့အခါ စပါးအတိုင်းသွားတာကိုတော့ အားမပေးသင့်ဘူး” ဟု မြန်မာနိုင်ငံ ဆန်စက်လုပ်ငန်းရှင်များအသင်း အထွေထွေအတွင်းရေးမှူး ကိုနေလင်းဇင်က သုံးသပ်ပြောကြားပါတယ်။

အကယ်၍ စပါးအတိုင်း တင်ပို့ခွင့်ပြုမည်ဆိုပါက အစိုးရရဲ့မူဝါဒသာဖြစ်ပြီး နိုင်ငံတော်ရဲ့ ရေရှည်အကျိုးစီးပွားနဲ့ ပြည်တွင်းဈေးကွက်ကို သက်ရောက်လာနိုင်တဲ့အပေါ် ထည့်သွင်းစဉ်းစားရမှာ ဖြစ်ပါတယ်။

“ဆိုလိုတာက တရားမဝင်တင်ပို့နေခြင်းက ပမာဏအတိအကျရဖို့ ခက်ခဲတယ်။ နိုင်ငံတော်က အခွန်မရဘူး။ နောက်တစ်ခုက ထုတ်လုပ်တာက ပြည်တွင်းမှာ ၁၅ သန်း ထွက်တယ်။ ပြည်တွင်းစားသုံးမှုက ၈ ဒသမ ၅ သန်းရှိတယ်။ အခြားသုံးစွဲမှုပေါ့။ စက်မှုကုန်ကြမ်းတို့၊ အရက်ချက်စက်ရုံတို့၊ တိရစ္ဆာန် အစာတို့မှာ သုံးတာက နှစ်သန်းလောက်ရှိတယ်။ စုစုပေါင်းဆိုရင် ၁၀ သန်းခွဲလောက်ပေါ့။ နိုင်ငံခြားကိုပို့တာက သုံးသန်းခွဲ၊ စောစောက ၁၀ သန်းခွဲနဲ့ သုံးသန်းခွဲပေါင်းရင် ၁၄ သန်းပေါ့။ ပြည်တွင်းမှာက ၁၅ သန်းထွက်တော့ နည်းနည်းပါးပါး ပိုသေးတာပေါ့။ ဒါဆိုရင် ကျွန်တော်တို့က ပြည်တွင်းစားနပ်ရိက္ခာ ဖူလုံတယ်လို့ ပြောလို့ရတယ်။ ဒါပေမဲ့ စောစောက ပြောသလို ကျွန်တော်တို့ပို့တာ နှစ်သန်းခွဲ၊ စားတာက ၁၀ သန်းခွဲဆိုရင် အားလုံးပေါင်း ၁၃ သန်း။ ၁၃ သန်းအပြင် ပြည်ပကို တရားမဝင်ထွက်တာက တစ်သန်းလား၊ နှစ်သန်းလား၊ သုံးသန်းလား မသိရဘူး။ ဆိုတော့ တရားမဝင်တင်ပို့တဲ့ ကိန်းဂဏန်းက နှစ်သန်းလောက်ဆိုရင် နောက်နှစ်ရာသီမှာ Shortage ဖြစ်နိုင်တယ်။ Shortage ဖြစ်ရင် ပြည်တွင်းဆန်ဈေး အလွန်အမင်းမြင့်တက်မှုတွေ ဖြစ်လာနိုင်တယ်”ဟု ကိုနေလင်းဇင်က သုံးသပ်ပြောကြားပါတယ်။

ဧရာဝတီတိုင်းဒေသကြီး တရားဝင်လည်ပတ်နေသည့် ဆန်စက်တစ်ခုတွင် ကြိတ်ခွဲမည့်စပါးများကို တွေ့ရစဉ် (ဓာတ်ပုံ-မင်းသူဝင်းထွဋ်)

လက်ရှိတွင် ပြည်တွင်းဆန်ဈေး မြင့်တက်လျက်ရှိပါတယ်။ ပြည်တွင်းဆန်ဈေး တက်နေခြင်းက ဒေါ်လာဈေးတက်နေခြင်းကြောင့် အခြေခံစားသောက်ကုန်များ ဈေးတက်နေတယ်ဆိုပေမယ့် ပြည်တွင်းဆန်ဈေးကြီးမြင့်နေခြင်းက စားသုံးသူများအတွက် ဝန်ပိလာစေပါတယ်။

ယခုနှစ်အတွင်း အနည်းဆုံးလုပ်ခလ စာတိုးမြှင့်ခြင်းအပြင် အစိုးရက ၁၀ ရာခိုင်နှုန်းကနေ ရာခိုင်နှုန်း၂၀ အထိ ဝန်ထမ်းလစာ တိုးမြှင့်လိုက်ပါတယ်။ အဲဒီနောက်ပိုင်းမှာ ကုန်ဈေးနှုန်းတွေ မြင့်တက်လာခဲ့တဲ့အတွက်  ဝင်ငွေနည်းပြည်သူတွေအပေါ် သက်ရောက်ခဲ့ပါတယ်။

ဒါ့ပြင် ပြည်တွင်းမွေးမြူရေးလုပ်ငန်းအတွက် အဓိကအစာကုန်ကြမ်းဖြစ်တဲ့ ဖွဲနု၊ ဆန်ကွဲတို့ရဲ့ ယခုနှစ်အတွင်း ဖြစ်ပေါ်နေတဲ့ ဈေးနှုန်းဟာ ငါးနှစ်အတွင်း စံချိန်တင်မြင့်တက်နေတယ်လို့ မြန်မာနိုင်ငံငါးလုပ်ငန်း အဖွဲ့ချုပ်က သိရပါတယ်။

“အစာကုန်ကြမ်းမှာ ဖွဲနုက အသုံးအများဆုံးနဲ့ အခြေခံကုန်ကြမ်းဖြစ်တဲ့အတွက်ကိုယ့် ခြံမှာလုပ်တဲ့အစာကအစ ဖွဲနုမပါရင် မရဘူး။ ၂၀၁၈ ခုနှစ် ဇူလိုင်လ နောက်ဆုံးပတ်မှာ ဖြစ်ပေါ်နေတဲ့ ဈေးနှုန်းက ၂၀၁၆၊၂၀၁၇ တွင်မကဘူး။ ပြီးခဲ့တဲ့ စုစုပေါင်းငါးနှစ်မှာ ဈေးနှုန်းဟာ ၂၀၁၈ မှာ ငါးနှစ်အတွင်း ဈေးနှုန်းစံချိန်တင်မြင့်တာ ဖြစ်သွားပါပြီ”ဟု ငါး၊ ပုစွန် အစာထုတ်လုပ်ရောင်းဝယ်သူများ အသင်းဥက္ကဋ္ဌ ဒေါက်တာသက်မှူးက ပြောကြားထားပါတယ်။

လက်ရှိမှာ ဖွဲနုဈေးက တစ်ပိဿာ ၅၂၂ ကျပ်ရှိပြီး၂၀၁၇ ခုနှစ်တုန်းက ၃၃၅ ကျပ်၊ ၂၀၁၆ ခုနှစ်မှာ တစ်ပိဿာ ကျပ် ၄၈၀ ရှိခဲ့တယ်လို့ သိရပါတယ်။ ဆန်ကွဲဈေးနှုန်းက လက်ရှိမှာ တစ်ပိဿာ ကျပ် ၆၄၀ ရှိပြီး ၂၀၁၇ ခုနှစ်က ၅၁၇ ကျပ်၊ ၂၀၁၆ ခုနှစ်က တစ်ပိဿာ ၅၀၆ ကျပ်ရှိခဲ့တယ်လို့ ငါး၊ ပုစွန်အစာထုတ်လုပ် ရောင်းဝယ်သူများအသင်းက သိရပါတယ်။

ပြည်ပတင်ပို့နေတဲ့ ငါးဈေးကွက်ကျ ဆင်းနေချိန်မှာ အစာကုန်ကြမ်းဈေး မြင့်တက်နေမှုများက မွေးမြူရေးလုပ်ငန်းရှင်တွေ အခက်အခဲကြုံနေရတယ်လို့လည်း သိရပါတယ်။

 

မှောင်ခိုစပါးဈေးကွက် မထိန်းချုပ်နိုင်ခဲ့ရင်

တရားမဝင်စပါးတင်ပို့တာတွေက လွန်ခဲ့တဲ့သုံးနှစ်လောက်ကတည်းက စပြီးဖြစ်နေခဲ့တာပါ။ အဲဒီနောက်ပိုင်း တော်တော်လေး ကျယ်ပြန့်လာပါတယ်။ ဒီလိုတဖြည်းဖြည်း ကျယ်ပြန့်လာတာက ဒီနှစ် စပါးရာသီမတိုင်ခင်မှာ အရေအတွက်များများနဲ့ ဆက်လက်ဖြစ်ပေါ်နေဆဲပါ။

“ဒါတွေကို ထိထိရောက်ရောက်မတား ဘူးဆိုရင် ကျွန်တော်တို့တွေ စပါးတွေဝယ်ရတာ ခက်လာတယ်။ ပိုက်ဆံလွယ်လွယ်ရတော့ နယ်စပ်ကိုပဲ တရားမဝင်သွားနေတယ်။ စပါးကနေ ဆန်ဖြစ်အောင် ဆန်ကြိတ်ခွဲတဲ့ လုပ်ငန်းစဉ်တွေမှာ ဆန်စက်တွေဖွံ့ဖြိုးမှုမှာ အများကြီးအားနည်းသွားမယ်”လို့ ဆန်စက်လုပ်ငန်းရှင်တစ်ဦးက ဆိုပါတယ်။

နောက်တစ်ခုက အခုစပါးထွက်နေတဲ့ဟာက တရားမဝင်ထွက်နေတဲ့ ကုန်သွယ်မှု ဖြစ်နေတယ်။ ဒါကိုအစိုးရက မတားဆီးနိုင်ရင်  တစ်နှစ်ကို ပြည်တွင်းစားသုံးမှုက ဘယ်လောက်၊ ပြည်ပတင်ပို့မှုက ဘယ်လောက်ဆိုတာမျိုး တွက်ချက်ဖို့ ခက်ခဲလာမှာ ဖြစ်ပါတယ်။

“ဒီလို မသိတဲ့ကိန်းဂဏန်းတစ်ခုက ဘယ်လောက်တောင်ကြီးနေမလဲ ကျွန်တော်တို့ကိုယ်တိုင် မသိနိုင်ဘူး။ ဘယ်လောက် ထွက်နေလဲဆိုတာ ကျွန်တော်လည်း မသိဘူး။ ကျွန်တော်မှ မဟုတ်ဘူး။ ဘယ်သူမှမသိဘူး။ ဒီလိုမျိုး မသိကိန်းတွေများလာရင် ကျွန်တော်တို့ရဲ့ ပြည်တွင်းစားသုံးမှုက အခြားနိုင်ငံတွေနဲ့မတူဘူး။ ဆန်စားသုံးမှုများတယ်။ တစ်နေ့သုံးကြိမ်လောက် ထမင်းပဲစားတယ်။ ဆန်စားသုံးမှု အဲဒီလောက်များတဲ့ နိုင်ငံမှာ ပြည်တွင်းစားသုံးမှုဖူလုံမှုက အရေးကြီးတယ်။ ဒီကိန်းဂဏန်းက အရေးကြီးတယ်”ဟု မြန်မာနိုင်ငံ ဆန်စက်လုပ်ငန်းရှင်များအသင်း  အထွေထွေအတွင်းရေးမှူး ကိုနေလင်းဇင်က ပြောပါတယ်။

၂၀၀၃ ခုနှစ်မှာ မြန်မာနိုင်ငံရဲ့ ဆန်စပါးမူဝါဒသစ်ထုတ်ပြန်ပြီး ပုဂ္ဂလိကကဏ္ဍက လွတ်လွတ်လပ်လပ် လုပ်ကိုင်ခွင့်တွေရလာခဲ့တဲ့အတွက် ပြည်ပဆန်တင်ပို့မှုဟာ ဆက်တိုက်မြင့်တက်လာခဲ့ပါတယ်။

ဆန်တင်ပို့မှုနဲ့အတူ ပြည်တွင်းဆန်စက်လုပ်ငန်းတွေကလည်း ကမ္ဘာ့အဆင့်မီ၊ ဆန်အများအပြားထုတ်လုပ်တဲ့ ထိုင်းနဲ့ ဗီယက်နမ်နိုင်ငံတို့က ဆန်စက်တွေနဲ့ ယှဉ်နိုင်လောက်တဲ့အထိ ဆန်စက်လုပ်ငန်းတွေ တိုးတက်လာခဲ့ပါတယ်။

ဒါတွေက မှန်ကန်တဲ့မူဝါဒတစ်ခုရဲ့နောက်မှာ ကဏ္ဍအလိုက်တိုးတက်လာတဲ့ အခြေအနေတွေ ဖြစ်ပါတယ်။

“တကယ်လို့ စပါးအတိုင်း ပြည်ပတင် ပို့ခွင့်ပြုမယ်ဆိုရင် နိုင်ငံတော်က စပါးတန်ချိန်တစ်သန်းစသဖြင့် ဒီလိုမျိုး ပမာဏတစ်ခု ကိုသိရရင် အကုန်လုံးက လက်ရေတစ်ပြင်တည်း လျှောက်မယ်။ ဒါဆိုရင် တိုင်းနဲ့ ပြည်နယ်အသီးသီးက ဘယ်လောက်ပိုတယ်၊ ဘယ်လောက်လိုတယ်၊ စီးဝင်စီးထွက် တွက်လို့ရတယ်။ စနစ်တကျ ကိန်းဂဏန်းတွေနဲ့ တရားဝင်ထုတ်ပြန်လို့ရတယ်။ အခုကတရားမဝင် ဖြစ်နေတဲ့အတွက် ဘယ်သူက လုပ်နေမှန်းမသိရဘူး။ စာရင်းအင်း မရှိဘူး။ ဆိုရင် ကျွန်တော်တို့နိုင်ငံရဲ့ ထုတ်လုပ်မှုရယ်၊ စားသုံးမှုရယ်၊ ပြည်ပတင်ပို့မှုရယ်၊ ပြည်တွင်း လက်ကျန်ရယ်၊ ဒါတွေက ရေရှည်မှာ စိန်ခေါ်မှု အကြီးကြီးတွေ့ရနိုင်တယ်” ဟု ကိုနေလင်းဇင်က သုံးသပ်ထားပါတယ်။

စပါးကို နယ်စပ်ဒေသများကတစ်ဆင့် အိမ်နီးချင်းနိုင်ငံကို တရားမဝင် တင်ပို့မှုကို ထိထိရောက်ရောက် အရေးယူမကိုင်တွယ်နိုင်ခဲ့ရင် ပြည်တွင်းက ဆန်စက်အချို့ လုံးဝရပ်နားရမယ့် အခြေအနေ ဖြစ်လာနိုင်ပါတယ်။  ဆန်စက်နဲ့  ဆက်စပ်လုပ်ကိုင်နေကြတဲ့ စပါးနေလှန်းလုပ်သားတွေ၊ စပါးတင်/ချ၊ ဆန်တင်/ချလုပ်သားတွေ၊ ဆန်စက်လုပ်သားတွေ အလုပ်လက်မဲ့ ဖြစ်စေနိုင်ပါတယ်။

ဈေးနှုန်းဖျက်၍လို အပ်သလောက်သာ ဝယ်ယူတဲ့အတွက် ပြည်တွင်းဆန်စပါး ဈေးကွက်အပေါ်ထိခိုက်ခြင်း၊ စပါးဈေးဆန်ဈေး ကြီးမြင့်လာစေခြင်း၊ ဆန်ထွက်ကုန်ကြမ်းတွေနဲ့ ပတ်သက်ပြီး ဆက်နွှယ်လုပ်ကိုင်နေတဲ့ ကြက်မွေးမြူရေး၊ ငါး၊ နွားမွေးမြူရေးလုပ်ငန်းများ လျော့ကျစေခြင်း စတဲ့နောက်ဆက် တွဲဆိုးကျိုးတွေ ဖြစ်ပေါ်စေနိုင်ပါတယ်။

ဆန်ထွက်ကုန်ကြမ်းတွေနဲ့စပ်လျဉ်းပြီး  တစ်ဆင့်မြှင့် ထုတ်ကုန်ထုတ်လုပ်နေတဲ့ စက်မှုလုပ်ငန်း၊ ရိုးရာလုပ်ငန်းတွေ လျော့ကျခြင်း ရပ်ဆိုင်းခြင်းစတဲ့ ဂယက်တွေက လုပ်ငန်းရှင်တွေနဲ့ စားသုံးသူပြည်သူတွေအပေါ် ထိခိုက်ကြုံတွေ့နိုင်ပါတယ်။

၂၀၁၆ ခုနှစ်အတွင်းက စပါးအတိုင်း ပြည်ပတင်ပို့ခွင့်ပြုဖို့ စဉ်းစားခဲ့တာဟာ ပြည်တွင်းစပါးဈေး ကျဆင်းနေတဲ့အတွက် တောင်သူတွေ ကြုံတွေ့ခဲ့တဲ့ နစ်နာမှုတွေကို ဖြေရှင်းပေးနိုင်ဖို့ ရည်ရွယ်ဆောင်ရွက်ခဲ့ခြင်းသာ ဖြစ်ပါတယ်။

တောင်သူတွေအတွက်ကတော့ တွက်ခြေကိုက်မယ့်ဈေး၊ ဖြစ်သင့်ဖြစ်ထိုက်တဲ့ စပါးဈေးရရှိရင် ကျေနပ်ကြပြီ ဖြစ်ပါတယ်။ စပါးမှောင်ခိုထွက်နေလို့ ပြည်သူတွေအပေါ် တစ်စုံတစ်ရာ သက်ရောက်လာမှာကို တောင်သူတွေ လိုလားမှာ မဟုတ်ပါဘူး။

ဒါကြောင့် လက်ရှိဖြစ်ပေါ်နေတဲ့မှောင် ခိုစပါးဈေးကွက်အပေါ် မှန်ကန်တဲ့ မူဝါဒ တစ်ခုချမှတ်ပြီး အမြန်ဆုံးဖြေရှင်းဖို့ လိုအပ်နေပြီ ဖြစ်ပါတယ်။

Most Read

Most Recent