မျိုးချစ်များ သတိထားစရာလေးတွေ

မျိုးချစ်များ သတိထားစရာလေးတွေ
Published 27 September 2018

ထိုင်းနိုင်ငံသို့ အလုပ်သွားရောက် လုပ်ကိုင်ကြသော မြန်မာရွှေ့ပြောင်းလုပ်သားများအား တွေ့ရစဉ်

ကျေးလက်တွေမှာ

မနေ့ကရုပ်သံလိုင်းတစ်ခုက ရွာတစ်ရွာကို သွားရောက် အင်တာဗျူးလုပ်တာကို ကြည့်ရတယ်။ မွန်ပြည်နယ် မော်လမြိုင်အရှေ့ဘက် ထိုင်းနယ်စပ်အနီးက ရွာလေးတစ်ရွာပါ။ ကျွန်တော့်အထင်တော့ ကော့ဒွန်ဒရွာလို့ ထင်တယ်။ မွန်ပြည်နယ်ရဲ့ အထင်ကရနေရာတစ်ခုဖြစ်တဲ့ ခရုံဂူအနီးကရွာပါ။ သူတို့ရွာဟာ ကျိုက်မရောမြို့နဲ့လည်း နီးပါတယ်။ အဲဒီရွာက ဒေသခံအမျိုးသမီးများကို မေးတာပါပဲ။ သူတို့ ရွာကလုပ်ငန်းတွေကို မေးတယ်။ အဓိက,က ဈေးရောင်းတယ်။ စက်ချုပ်တာပဲ။ အခြားကတော့ စိုက်ပျိုးရေးတွေပဲ ရှိပါတယ်။ အင်တာဗျူးလုပ်သူက ဒေသခံတွေရဲ့ အဝတ်အထည်ကို သဘောကျတယ်လို့ ပြောတယ်။ မှန်ပါတယ်၊ မွန်မလေးဟာ မွန်ထဘီနဲ့ လှပနေပါတယ်။ လာရောက် အင်တာဗျူးလုပ်သူတွေကလည်း မွန်ပုဆိုးတွေ ဝတ်ထားကြတယ်။ အရင်က မွန်ထဘီ၊ မွန်ပုဆိုးဆိုရင် အနီရောင်သာ ဖြစ်လေ့ရှိပေမဲ့ ယခုတော့ အရောင်စုံပါတယ်။ အလယ်က အမိတ်ကိုသာ အဓိကထားပြီး မွန်ပုဆိုး၊ မွန်ထဘီဖြစ်တာပါပဲ။

“သမီးတို့ မွန်ထဘီတွေနဲ့ လှနေတယ်”

“သမီးလည်း ရိုးရာအထည်ကို မြတ်နိုးတယ်။ ခုဆို ရောင်စုံလေးတွေရှိတယ်”

“ဒီအထည်တွေကို သမီးတို့ရွာက ရက်လား”

“ဟင့်အင်း၊ တခြားရွာတွေကပဲ ရက်တယ်”

ဘယ်ရွာတွေက ရက်လဲ

“ဒီလိုအထည်တွေရက်လုပ်တဲ့ တခြားရွာတွေဆိုတာ ဘယ်ရွာတွေလဲ”

“ကျွန်တော်က ဘီလူးကျွန်းသားပါ”

“ကျွန်တော်တို့ရွာမှာ ရက်ကန်းစင်တွေ ရှိခဲ့တယ်။ ချည်တွေဆိုးတယ်။ အကွက်တွေ ဖော်တယ်။ လွယ်အိတ်တို့၊ ခြုံစောင်တို့ကအစ ရက်လုပ်ခဲ့တယ်”

မုဒုံတစ်ဝိုက်မှာလည်း ဒီလိုရက်ကန်းစင်တွေ ပေါပါတယ်။

“ရက်ကန်းသံလေးက ဒေါင်ဒင်မြည်တယ်။ တမ်းတမိတယ်၊ မှန်းဆမိတယ်” ဆိုတဲ့ ကိုမြကြီး (တက္ကသိုလ်စိုး) သီချင်းကို သတိရမိတယ်။

ကျွန်တော်တို့က လူပျိုပေါက်မှာ ရက်ကန်းစင်တွေကို သွားပြီး ရက်ကန်းရက်တဲ့ အပျိုချောချောတွေကို ပိုးပန်းကြတာတွေ ရှိခဲ့ပါတယ်။ ခုတော့ မုဒုံဘက်မှာ စင်တစ်ခု၊ နှစ်ခုကလွဲရင် ရက်ကန်းရက်သူတွေ မရှိတော့ပါ။

ရိုးရာအထည်များဖြစ်တဲ့ ကရင်လုံချည်တွေ၊ မွန်လုံချည်တွေကို ထိုင်းနိုင်ငံက အဓိကထား ရက်နေတယ်လို့ သိရတယ်။ သူတို့က စက်ရက်ကန်းတွေ သုံးတာဖြစ်တယ်။

ယနေ့ အဲဒီပုဆိုးတွေ၊ လုံချည်အများစုဟာ Import တွေပါဆိုတာ မြန်မာတွေသိသင့်ပါတယ်။

ကချင်ရိုးရာပုဆိုး

၂၀၁၅ ခုနှစ်က ကျွန်တော် ဆိပ်ခွန်ကို ဟောပြောပွဲဖိတ်လို့ ရောက်သွားခဲ့တယ်။

ကချင်ရိုးရာပုဆိုးရော ထဘီတွေပါ ရက်လုပ်နေတယ်။ ထဘီတွေအပြင် One Set အတွက် အင်္ကျီတွေကို ရက်လုပ်နေကြပါတယ်။

ရောင်းဖို့အတွက်တော့ မြစ်ကြီးနားကို ပို့ရတယ်။ အဲဒီကမှ တစ်ပြည်လုံးကို ဖြန့်ချိတယ်။

“ဒေါ်အောင်ဆန်းစုကြည် ရိုးရာဝတ်စုံတွေဝတ်ပြီး ပွဲတွေတက်တဲ့နောက်ပိုင်းမှာ ကျွန်တော်တို့ရွာ စီးပွားရေးထောင်တက်သွားတာပဲ ဆရာ” လို့ တစ်ယောက်က ကျွန်တော့်ကို ပြောပြပါတယ်။

အထည်လုပ်ငန်းဟာ စီးပွားရေးအတွက် အရေးပါလှပါလားလို့ စဉ်းစားမိတယ်။

ဂန္ဒီရဲ့ ကြိုးပမ်းမှု

ဂန္ဒီရဲ့ ကြိုးပမ်းမှုကို တစ်ကမ္ဘာလုံးက သတိထားမိကြပါတယ်။ အထူးသဖြင့် အရှေ့တိုင်းက လူတွေပေါ့။ သူ့ရဲ့အကြောင်းကို ရေးတဲ့စာတွေမှာမှာ ဗိုင်းငင့်နေတဲ့ပုံလေးကို တွေ့ရတယ်။ ဘာကို ဖော်ပြတာလဲ။ သူဘာကို ပြောချင်တာလဲ။ ပြည်တွင်းဖြစ် အဝတ်အထည်ကို အားပေးဖို့ ပြောတာပဲ။ သူ အင်္ဂလန်မှာ ကျောင်းနေတယ်။ တောင်အာဖရိကမှာ ရှေ့နေလိုက်တယ်။ တောင်အာဖရိကမှာ သူ ရထားကို ပထမတန်းတွဲတက်စီးလို့ ကန်ချခံရတယ်။ သူဟာ ဒုတိယတန်းစား နိုင်ငံသားဆိုတဲ့ ဘဝကို နားလည်ခဲ့တယ်။ ကျွန်ဘဝမှာ ရုပ်ပိုင်းမှာသာမက စိတ်ဓာတ်ပိုင်းတွေမှာပါ အောက်ကျနောက်ကျဖြစ်အောင် အလုပ်ခံခဲ့ရတယ်။

ဘာကြောင့်ဒီလိုဖြစ်ရတာလဲ၊ တို့ ဆင်းရဲလို့၊ ဘာကြောင့် ဆင်းရဲတာလဲ။ တို့ရဲ့အလုပ်တွေကို သူတို့ လုယူသွားလို့။ အိန္ဒိယက အထည်လုပ်ငန်းတွေကို အင်္ဂလန်က လုယူသွားတာပဲ မဟုတ်လား။ သူတို့က အိန္ဒိယက ထွက်တဲ့ ဝါဂွမ်းတွေကို ယူသွားတယ်။ နည်းပညာနဲ့ စက်တွေနဲ့ အထည်တွေရက်တယ်။ ကောင်းတယ်။ လှတယ်။ ဈေးပေါတယ်။ ဒါနဲ့ပဲ ကျွန်တော်တို့ဟာ သူတို့ဆီကအထည်တွေကို ဝယ်ဝတ်တော့တာပဲ။

ပြည်တွင်းအထည်ထုတ်လုပ်တဲ့ ဈေးကွက်ကြီး ပျက်သွားတယ်။ ချည်တွေထုတ်တဲ့သူတွေ အလုပ်မရှိတော့ဘူး။ ဆိုးဆေးထုတ်သူတွေ အလုပ်မရှိတော့ဘူး။ ချည်ဆိုးသူတွေ အလုပ်မရှိတော့ဘူး။ ချည်ဆိုးတဲ့ အိုးတွေ၊ ထင်းမီးတွေ ထုတ်လုပ်သူတွေ အလုပ်မရှိတော့ဘူး။ ရက်ကန်းသမားတွေ အလုပ်မရှိတော့ဘူး။ ရွာက အထည်ရောင်းသူတွေ အလုပ်မရှိတော့ဘူး။ ဂန္ဒီက သူများကို မနာလိုလို့ ကန့်ကွက်တာမဟုတ်ဘူး။ ကျွန်တော်တို့ဟာ သူတစ်ပါးကို အများကြီး မှီခိုနေရမယ်ဆိုတာ အဆင်မပြေနိုင်ဘူးဆိုတာကို ကန့်ကွက်တာပါ။ ကျွန်တော်က သဘောပေါက်စေဖို့ ရေးပြတာပါ။

စတုတ္ထစက်မှုတော်လှန်ရေး

ကျွန်တော်တို့ဟာ စတုတ္ထစက်မှုခေတ်ပြောင်း တော်လှန်ရေးကစားပွဲကို ကစားဖို့ ရောက်နေတယ်။ ဒီဂျစ်တယ်ပညာက အင်မတန် အရေးပါတယ်။ နည်းပညာတတ်သူတွေက ကမ္ဘာ့စီးပွားရေးမှာ အရေးပါတာပေါ့။ ဒီနည်းပညာကို သုံးနိုင်ဖို့ ကြိုးစားတာဟာ အရေးအင်မတန်ပါတယ်။ တရုတ်ဟာ ဒီကစားပွဲမှာ ပါဝင်ကစားနိုင်ခဲ့တယ်။ သူ့ရဲ့ ဒီဂျစ်တယ် နည်းပညာတွေဟာ နိုင်ငံတကာအဆင့်ကို လိုက်မီနေတယ်။ ဥပမာ အင်တာနက်က ဈေးရောင်းတဲ့ (Onlin Shopping) ဆိုပါတော့။ (Onlin Shopping) မှာ မိမိလိုချင်တဲ့ပစ္စည်းတွေကို အင်တာနက်ကနေ တစ်ဆင့်မှာရပြီး မှန်ကန်တဲ့ဘဏ်စနစ် (Onlin) ကနေ ငွေပေးချေမှုတွေပါတယ်။ ဒါကို e-Commerce လို့လည်းခေါ်တယ်။

အမေဇွန်ဒေါ့ကွန်းဟာ ကမ္ဘာ့အချမ်းသာဆုံးစာရင်းထဲ ပါလာတယ်။ သူက ဒီလို နည်းပညာသစ်နဲ့ ဝန်ဆောင်မှုပေးတာပါပဲ။ တရုတ်ကလည်း ဒီနည်းပညာသစ်ကို ထိရောက်စွာ သုံးနိုင်ခဲ့တယ်။ ဒါကြောင့် သူ့ရဲ့ အလီဘာဘာဒေါ့ကွန်းဆိုတာ ကမ္ဘာ့အချမ်းသာဆုံး စာရင်းထဲ ပါဝင်လာတယ်။ ဒီလို ကုမ္ပဏီတွေ ချမ်းသာလာရင် အလုပ်အကိုင် အခွင့်အလမ်းကောင်းတွေပေါ်လာပြီး ပြည်သူတွေ ချမ်းသာလာတယ်။ နိုင်ငံလည်း ချမ်းသာလာတယ်။

ကျွန်တော်တို့ဟာ အခြေခံမကောင်းဘူး။ အခြေအနေလည်း မပေးဘူး။ တရုတ်ဟာ ဆင်းရဲခဲ့တယ်။ သူ့မှာ လူတွေများပြီး စားစရာတွေနည်းတော့ ကမ္ဘာအနှံ့သွားရင်းနဲ့ အခွင့်အလမ်းတွေကို သူတို့မြင်လာကြတယ်။ ရောက်တဲ့နေရာမှာ သူတို့ စီးပွားရှာတယ်။ ချမ်းသာအောင် ကြိုးစားတယ်။ (သူတို့တစ်တွေထဲမှာ ဘယ်လိုနည်းနဲ့ရရ ရရင် ယူတတ်တဲ့သူတွေ များခဲ့တယ်) ဒီအတွက် သူတို့ နာမည်မကောင်းခဲ့ဘူး။ ဒါပေမဲ့ တရုတ်ဟာ ရောက်တဲ့နေရာမှာ စာကြိုးစားတယ်။ သူတို့ဟာ သင်္ချာမှာ လူတော်တွေ များတာကို တွေ့ရတယ်။ ဒီတော့ တရုတ်အတွက် မျိုးချစ်စိတ်နဲ့ သိမ်းသွင်းရတာ မခက်ဘူး။ ဒီလို စီးပွားရေးသမားတွေနဲ့ ပညာရှင်တွေကို ကောင်းမွန်စွာအုပ်ချုပ်ပြီး တရုတ်ဟာ ယနေ့ ကမ္ဘာမှာ ထိပ်တန်းကို တက်လှမ်းလာပြီဖြစ်တယ်။ သူတို့ရဲ့ နိုင်ငံတကာရောက်နေတဲ့ ပညာရှင်တွေအကူအညီနဲ့ စတုတ္ထစက်မှုတော်လှန်ရေးကို အခက်အခဲမရှိ ဝင်ရောက် ကစားနိုင်လာတော့တယ်။ အိန္ဒိယလည်း တရုတ်နဲ့ မကွာဘူး။ ဒါပေမဲ့ သူ့ရဲ့ နောက်ပြန်ဆွဲတဲ့ ပြဿနာကတော့ နိုင်ငံအတွင်း ဇာတ်တွေကွဲနေတာပါပဲ။ သူတို့ဟာ ရှေးရိုးစွဲအယူဝါဒတွေနဲ့ တိုင်းပြည်ကို ထူထောင်ရပါတယ်။

အခွင့်အလမ်းတွေ

ကျွန်တော်တို့ဟာ ယနေ့ နောက်ကျန်နေတာ အဓိကအနေနဲ့ အုပ်ချုပ်ရေးပြဿနာလို့ ယူဆနိုင်တယ်။ ပွင့်လင်းမြင်သာမှုမရှိတဲ့ လူမှုအသိုင်းအဝိုင်းကို ပိုင်ဆိုင်ထားတယ်။ တစ်သီးပုဂ္ဂလ အယူအဆတွေ များတယ်။ အားလုံးဟာ အားလုံးကို တတ်သယောင်ထင်နေကြတယ်။ သို့သော် ဂဃနဏမသိကြပါ။ တာဝန် မယူလိုကြပါ။ တာဝန်ခံမှုမရှိကြပါ။ သိက္ခာကို သဘောမပေါက်ကြပါ။ ကတိကဝတ်ကို လွယ်လွယ်ပေးပြီး လွယ်လွယ်နဲ့ ဖျက်ပစ်တတ်ကြသူတွေပါ။ ဒါပေမဲ့ မြန်မာတွေဟာ အပေးအကမ်း ရက်ရောတယ်။ ကြင်နာတယ်၊ သူများကို ဒုက္ခမရောက်စေလိုပါ။ သနားတတ်ပါတယ်။ စိတ်ထဲဖုန်းကွယ်ပြီး လက်စားချေလေ့ မရှိပါ။ ခွင့်လွှတ်တတ်တဲ့ လူမျိုးဖြစ်တယ်။ ဒီပုံစံဟာ အဆင်ပြေနိုင်တဲ့ ပေါင်းသင်းဆက်ဆံရေးအတွက် အဆင်ပြေနိုင်ပါတယ်။ သို့သော် မြန်မာတို့ဟာ နိုင်ငံတကာမှာ ယနေ့တိုင် အဆင်မပြေကြပါ။ ဒါကို လေ့လာဆန်းစစ်ဖို့ လိုတယ်။ မိမိတို့အားနည်းချက်ဟာ ဘာလဲ။ ဒါကို ရှာဖွေဖော်ထုတ်ဖို့ လိုတယ်။ နိုင်ငံတကာကလည်း မြန်မာကို ကူညီဖို့လိုတယ်။ မိမိကိုယ်ကျိုးစီးပွားအတွက် မြန်မာလိုနိုင်ငံငယ်တွေ အပေါ် ညစ်ပတ်တဲ့အလုပ်တွေ လုပ်နေသမျှ ကာလပတ်လုံး မြန်မာလည်း အဆင်မပြေသလို ပတ်ဝန်းကျင်လည်း အဆင်ပြေမည်မဟုတ်ပါ။

နိဂုံး

ကျွန်တော်တို့ဟာ ကိုယ့်ကံကြမ္မာကိုယ် ဖန်တီးရမှာသိပါတယ်။ ဒါပေမဲ့ လူဦးရေ အင်မတန်များတဲ့ နိုင်ငံကြီးနှစ်ခုအကြားရှိတဲ့ ဒီလိုနိုင်ငံ ကမ္ဘာမှာ ဘယ်နိုင်ငံမျှမရှိပါ။ ဒီလိုနိုင်ငံရဲ့ ကံကြမ္မာကို သဘောပေါက်ကြဖို့လည်း ခက်ခဲပါတယ်။ မြန်မာနိုင်ငံဟာ လှံဖျားပုစဉ်း နားနေရသလို ဖြစ်နေရပါတယ်။ တကယ်တော့ ကျွန်တော်တို့တစ်တွေ အကူအညီ လိုပါတယ်။ ဒါပေမဲ့ အမြတ်ထုတ်ရန် လာသူတွေကြောင့် ကျွန်တော်တို့ ဘယ်သူ့ကိုမှ မယုံရဲဘူး။ ပြင်ပကလည်း ကျွန်တော်တို့ကို မယုံကြဘူး။ ပဒေသရာဇ်ခေတ်ကနေ ကိုလိုနီခေတ်ကို ကျော်ဖြတ်ခဲ့တယ်။ ဒီမိုကရေစီကို နှုတ်ခမ်းပေါ် တင်ခါစရှိသေး မမြည်းစမ်းခင်မှာ စစ်အာဏာသိမ်းခံလိုက်ရတဲ့ နိုင်ငံပါ။ ဒါပေမဲ့ ကျွန်တော်တို့မှာ အလုပ်အကိုင် အခွင့်အလမ်းတွေ မရှိဘူး။ နည်းသွားတယ်။ ဒီတော့ ပြည်ပသွား ကျွန်ခံနေရတာတွေ အများကြီးပါပဲ။ ဒီနေ့ခေတ်မှာ ဒီမိုကရေစီနိုင်ငံထူထောင်ဖို့အတွက် အခွင့်အလမ်းတော့ ရနေပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့အားလုံးရဲ့ Mindset ဟာ ကျွန်တော်တို့ကို လွတ်မြောက်စေနိုင်ပါ့မလား။ သံသယဖြစ်စရာကောင်းပါတယ်။

လူတော်တွေ အများကြီးပါ။ ငြိမ်းချမ်းရေးကို မြတ်နိုးသူတွေပါ။ ဘယ်သူ့ကိုမှလည်း ဒုက္ခမပေးတတ်ပါ။ ကျွန်တော်တို့ရဲ့ ကံကြမ္မာကို ပြောင်းရမယ်။ မြန်မာ့ခေါင်းဆောင်တွေ ဂန္ဒီစိတ်ဓာတ်လိုတယ်။ အကောင်းဆုံး အခြေအနေရောက်အောင် ဘာတွေလုပ်ကြမှာလဲ။ သတိတွေရှိကြဖို့နဲ့ အသိတွေရှိကြဖို့ တိုက်တွန်းလိုက်ရပါတယ်။

Most Read

Most Recent