ဖန်ပုလင်းအလွတ်ထဲ ပိတ်မိနေတဲ့ရေအိုင်

ဖန်ပုလင်းအလွတ်ထဲ ပိတ်မိနေတဲ့ရေအိုင်
Published 26 September 2018

(၁)

ပထမဆုံးမြင်ရတာက လူတစ်ကိုယ်စာ ဟထားတဲ့ သံပန်းအပြင်ဘက်မှာ တွေ့နေ မြင်နေကျ ခံစားချက်မပါတဲ့ မျက်နှာတစ်ခု။မှုန်တေတေ မကြည်မလင်စိတ်နဲ့ တစ်စုံတစ်ခု ညည်းညူပြီး ထွက်တွေ့လိုက်တယ်။ အဲဒီ ဆုံ စည်းမှုဟာ သိပ်မကြာလိုက်ဘူးလို့တောင် ထင်ရပါတယ်။ ချက်ချင်း အလိုမကျသလို ပြန်လှည့်လာခဲ့မိပြန်တယ်။ ကြည့်မှန်မျက်နှာပြင်ပေါ် ဖျတ်ခနဲ ထင်ဟပ်သွားတဲ့ သူ့ပုံရိပ်ဟာ ငယ်ရုပ်ကိုတောင် ဖမ်းလို့မမိချင်တော့ဘူးလို့ သူ တွေးနေတာ ကြာပြီပေါ့။ သူ့ရဲ့ခပ်ဖိုင့်ဖိုင့် ကိုယ်ခန္ဓာကြီးဟာ တစ်နေ့တခြား ပိုပိုပြီး လေးပင်လာတယ်လို့ ထင်မိတယ်။ မနက်မိုးလင်းလာလို့လည်း ကြည်ကြည်လင်လင် အိပ်ရာက ထမလာနိုင်ခဲ့သလိုမျိုး လုပ်နေကျ အလုပ်တစ်ခုကို ပြီးအောင်လုပ်နေရပေမဲ့ သိသိသာသာ လေးကန်လာသလိုပဲ။ခုနကတစ်ယောက်ပေးသွားတဲ့ သတင်းစာတစ်စောင်နဲ့အတူ ပဲပြုတ်ထုပ်ကို စားပွဲတစ်ခု ပေါ်သွားတင်လိုက်တယ်။ မနက်စောစော မြို့လယ်ကောင်လမ်းမပေါ် ခိုငှက်တွေ အစာရှာဖို့ရောက်လာသလို တံခါးကို ဝတ်ကျေတန်းကျေ ဆွဲဖွင့်တယ်။တဆက်တည်း ဆိုင်ထဲက ပစ္စည်းတွေ ထုတ်၊ ရှေ့မှာ ခင်းနေမိပြန်တယ်။ အလိုလို ကျင့်သားရနေတဲ့ လက်တွေကပဲ အလိုလို လှုပ်ရှားနေတာလား။ ခန္ဓာကိုယ်ဟာ အကျင့်ဖြစ်နေလို့ပဲ လိုက်ပါနေ မိတာလားဆိုတာ မသဲကွဲဘူး။ တကယ်လည်း မနက်စောစော နှင်းမကွဲသေးပေမဲ့ ရှေ့က လမ်းမပေါ်မှာ ဈေးသွားဈေးလာတွေနဲ့ စည်ကားစပြုနေပြီ။

အသက်အရွယ်နဲ့တော့ သိပ်မဆိုင်လှဘူး။ သူ့ပုံစံက တမင်လုပ်ယူစရာ မလိုဘဲကို အဲဒီလိုဖြစ်နေတာပါ။ အဲဒီပုံမျိုးနဲ့ ဆိုင်ရှေ့က ဖြတ်သွား ဖြတ်လာသူတွေကို လိုက်ငေးနေတတ်တာ။ အဲဒီ ခံစားချက်ကင်းမဲ့နေသလိုမျက်လုံးတွေနဲ့လေ။ သူ့ရှေ့က အရာတွေဟာ အရောင်အဆင်းမရှိ၊ အားလုံးဟာ တစ်ရောင်တည်းဖြစ်နေတယ်။ မြင်ကွင်းတွေကရှုပ်ထွေးနေပေမဲ့ ဟောင်းနွမ်းတွန့်ကြေနေသလို စိတ်က အလိုမကျတာလည်း မဟုတ် ပျော်ရွှင်နေပုံလည်းမရတဲ့ အသက်မဲ့နေသလို မျက်လုံးတွေနဲ့ ဒီအတိုင်း ထိုင်ရာမထ လိုက်ကြည့်နေမိတာ။ ဝယ်သူတစ်ယောက် နှစ်ယောက်လာရင် သူ့လှုပ်ရှားမှုကို ပြန်လည်စတင် တယ်။ နောက်ပြီးရင် ထိုင်ခုံမှာ နေသားတကျ ပြန်ထိုင်နေလိုက်တာပါပဲ။ အခုတလော တစ်နေ့ တစ်ခေါက်လောက်မှ လမ်းမပေါ်လျှောက်သွားဖြစ်ရဲ့လား ဆိုတာတောင် သူ့ ကိုယ်သူ မသေချာ မတွေးမိခဲ့သလို လမ်းလျှောက်နေဖို့လည်း ကိုယ်ပိုင်အချိန်တစ်ခု ရှိမနေပါဘူး။ သတင်းစာကို ကောက်လှန် တယ်။မျက်စိရှေ့က စာသားတွေကြားထဲ ထူးခြားတဲ့ အကြောင်းအရာတွေ ပါလာမလား သူလိုက်ကြည့်နေတယ်။ အပြင်ဘက်ကို အရောင်မွဲမွဲ မျက်လုံးတွေနဲ့ ခဏတော့ မှုန်တေတေ ပြန်လှမ်းငေးမိပြန်တယ်။ ခင်းထားတဲ့ ပစ္စည်းတွေကို ဖုန်ခါတယ်။ ဆိုင်အတွင်းဘက် ခပ်မှောင်မှောင်နေရာတစ်ခုမှာ မနက်စာကို စားတယ်။ တစ်နေကုန် အိမ်ဆိုင်လေးမှာ တကုပ်ကုပ်အလုပ်ရှုပ်လို့ အချိန်တန်ရင် ဆိုင်တံခါးကို ပြန်ပိတ် အိပ်ရာဝင်လိုက်ရတာပါပဲ။

(၂)

အပေါ်ထပ် ပြတင်းပေါက်ဘောင်ကနေ လက်ထောက်ပြီး ငေးကြည့်တော့လည်း ရှေ့ကို ဘာမှ မမြင်ရဘူး။ တစ်ဖက်မှာက ဟောင်းနွမ်းနေတဲ့ တိုက်နံရံပြင်ကြီးပဲ သူ့မျက်စိရှေ့မှာ ရှိတာပါ။ အဲဒါလည်း နှစ်တွေ ဘယ်လောက်ကြာခဲ့ပြီဆိုတာ သူမသိတော့ဘူး။ ဝရန်တာဘက် ထွက်လာခဲ့တယ်။ ပစ္စည်းတွေပုံထပ် နေတဲ့ဝရန်တာကလည်း သူ့မြင်ကွင်းကို သိပ်ထူးထူးခြားခြားဖြစ်အောင် မပြောင်းပေးနိုင်ပြန်ဘူး။ နေရောင်ကို ကာထားတဲ့ ယင်းလိပ်ကြားကနေ လမ်းမပေါ်ကို ကြောင်ငေးနေတာ အကြာကြီးပဲ။ လှုပ်ရှားသွားလာနေတဲ့ လူတွေ၊ ယာဉ်တွေ အလောတကြီး ရွေ့လျားနေမှုတွေနဲ့  ရှေ့က လမ်းမပေါ် အပြည့်နေရာ ယူထားတာပေါ့။ အဲဒီလို သူ့ရှေ့ကမြင်ကွင်းတွေဟာ မွန်းကျပ်မှု တစ်ခုမဟုတ်တစ်ခုနဲ့ ပိတ်ဆီးကွယ်နေခဲ့တာချည်းပဲ။ သူ့အိမ်က ပစ္စည်းတွေနဲ့ ကွယ်နေတယ်။ အရာဝတ္ထုတွေ လူတွေနဲ့လည်း မြင်ကွင်းဟာ ကွယ်နေတတ်တာပဲ။ အဲဒါဆို သူ ဘာကိုမှ မခံစားတတ် တော့ဘူးလားပေါ့။ တစ်သက်လုံးနေလို့လည်း ဝတ္ထုကောင်းတစ်ပုဒ် ကဗျာကောင်း တစ်ပုဒ်မဖတ်ခဲ့ဖူးသလို သီချင်းတောင်ကောင်းကောင်း နားထောင်တတ်ခဲ့ရဲ့လားဆိုတာလည်း မသေချာခဲ့ဘူး။ သူ့လက်က ကုန်ပစ္စည်း အဝင်အထွက်တွေ မှတ်နေတတ်တယ်။ သူ့ဦးနှောက်ထဲ ဈေးအတက်အကျကို ခန့်မှန်းနေတယ်။ အချိန်တန်ရင် တစ်ယောက်ယောက်ချက်ပြုတ်ထားတဲ့ အစားအသောက်တစ်မျိုးကတော့ သူ့ရှေ့ကို ရောက်လာမှာပဲ မဟုတ်လား။ အဲဒီတော့မှ အရသာ တစ်ခုခုကို သူ စတင်တွေ့ရှိခွင့်ရတော့မှာ။ ဒါပေမဲ့ တစ်ခါတစ်ခါကျတော့လည်း အရသာ မရှိသလို မျိုချလိုက်ရတဲ့အချိန်တွေ သူ့ဘဝမှာအများကြီး ရှိခဲ့တာပေါ့။ တီဗွီသတင်းကို ဖွင့်ကြည့်တယ်။ လက်ကိုင်ဖုန်းနဲ့  စကားတစ်ခွန်းနှစ်ခွန်း ပြောမယ်။တစ်ခါတလေ အိမ်နားက လက်ဖက်ရည်ဆိုင်မှာ စိတ်လိုလက်ရ လက်ဖက်ရည်တစ်ခွက် ထွက်သောက်မယ်။ ဒီလောက်ပဲ။

မိဘတွေလက်ထက်ကတည်းက ဆောက်ထားခဲ့တဲ့ အိမ်ကြီးဟာ ဟောင်းနွမ်းလာတယ်ထင်ရပေမဲ့ ခိုင်ခန့်နေဆဲ။ အပြင်ဘက်နံရံတချို့နေရာတွေမှာ ပျက်စပြုနေတဲ့ ဆေးတွေ အက်ရာတချို့တလေရှိတယ်။ အိမ်အတွင်းမှာ သန့်ရှင်းရေး မလုပ်တာကြာလို့ အနည်းငယ်ရှုပ်ပွနေတယ်။ အဲဒီလို အသေးအမွှားလောက်ကလွဲလို့ ဟိုးအရင်က အတိုင်းရှိနေတုန်းပေါ့။ အိမ်အိုကြီးထဲ ပစ္စည်းတွေနဲ့ ပြည့်နေတာကလွဲရင် မောင်နှမတွေ ကောင်းကောင်းနေလို့ ရသေးတယ်။ ဒီပုံအတိုင်းဆို နောက်ထပ်နှစ်များစွာ အတူရှိနေကြဦးမယ်။ တစ်သက်လုံးလည်း ဖြစ်သွားလိမ့်မယ်လို့ တောင်သူ ထင်မိပါတယ်။ ပူပင်သောကတွေ နဲ့ ရုန်းကန်နေရတတ်တဲ့ အိမ်ထောင်သည် ဘဝကိုလည်း အစကတည်းက တစ်ဦး တစ်ယောက်မှ မလိုချင်ခဲ့ပဲလေ။ အိမ်မှာလည်း အိမ်ထောင်ရက်သားကျသူဆိုလို့ နိုင်ငံရပ်ခြားရောက်နေတဲ့ ညီငယ်တစ်ယောက်လား ရှိတာ။ ကျန်တဲ့သူတွေအားလုံးက သူ့လိုပဲ မိဘတွေထားခဲ့တဲ့ နေအိမ်မှာ အခုထက်ထိ ရှိနေကြတုန်းပေါ့။

(၃)

ကျောင်းပြီးကတည်းက ဒီလိုနစ္စဓူဝနဲ့အတူ လည်ပတ်ရလိမ့်မယ်ဆိုတာကို တွေးမိခဲ့ပါတယ်။ သူ့ကိုယ်သူလည်း ဘဝမှာ ဘာဖြစ်ချင်မှန်း တကယ်မသိခဲ့ဘူး။ ကျောင်းမှာ စာတွေ ကြိုးစားခဲ့တယ်ဆိုတာကလည်း လက်တွေ့မှာ အသုံးတည့် မတည့်သူ မတွေးချင် တော့သလို ဘွဲ့လက်မှတ်တစ်ခုဟာ အသက် မွေးဝမ်းကျောင်းအလုပ်တစ်ခုအတွက် အာမခံချက်မရခဲ့တဲ့နေ့က သူ အိမ်ကို ပြန်ရောက်လာခဲ့တာ။ ထိုက်သင့်တဲ့ အတွေ့အကြုံတစ်ခု ဆိုတာထက် ပိုပြီးလည်း ဘဝကို ကြီးကြီးမားမား အိပ်မက်တစ်ခုနဲ့ မဖိစီးချင်တော့သလို တခြားနေရာဒေသတစ်ခုမှာလည်း ဘဝကို သုညကနေ ပြန်စဖို့ မလိုအပ်ဘူး မဟုတ်လား။ အိမ်ကိုပဲ ပြန်လာ၊ အိမ်မှာအသင့်ရှိနေတဲ့ ဆိုင်အလုပ်ထဲမှာပဲ သူ့ဘဝကို ပစ်ချလိုက်ရတော့တယ်။ တခြားလည်း ဘာ ရည်ရွယ်ချက်ကိုမှ အကောင်အထည်မဖော်ချင် တော့သလိုပေါ့။ ဒါပေမဲ့ သူ့ညီကတော့ တက်ကြွလွတ်လပ်စွာ နိုင်ငံရပ်ခြားကို ပညာတွေ ဆက်သင်ဖို့ ထွက်သွားခဲ့လေရဲ့။ ဒီနိုင်ငံမှာ ပညာတွေ မရှိဘူးလားဆိုတဲ့ ဖတ်ဖူးတဲ့ ကာတွန်းတစ်ကွက်လို သူ့ဘဝကို သူ တိုးတက်ခမ်းနားလာတဲ့ အမြင်တွေနဲ့ တည်ဆောက်ချင်ခဲ့တာဖြစ်မှာပါ။တစ်နေ့ တစ်နေ့ လုပ်ငန်းခွင်ရယ်၊ ငွေစက္ကူတွေရယ်၊ နောက်ပြီး အချိန်ဇယားနဲ့ ရိုဘော့ဆန်မှုတွေရယ်။ သူ့ ညီငယ် နေပျော်သလားဆိုတာ သူ မသိသလို မေးလည်း မမေးမိဘူး။သူ့အတွက်ကျတော့ရောတဲ့။ အဲဒီအရာတွေဟာ သူတစ်ယောက်တည်း အတွက်ဆို အရေးတကြီး မလိုအပ်နေဘူးလို့သာ ထင်နေမိတာမဟုတ်လား။ ကိုယ်တည်ဆောက်ထားတဲ့ မိသားစုတစ်ခုနဲ့ နောက်မျိုးဆက်တစ်ခုရဲ့ ရှေ့ရေး အနာဂတ် တစ်ခု အဲဒါတွေမှ သူ့မှာ ရှိမနေခဲ့တာ။

မနက်စောစောစီးစီး နှင်းငွေ့တွေကြားထဲမှာလည်း လမ်းမလျှောက်ဖြစ်ခဲ့ဘူး။ ဝင်သွားတဲ့ နေလုံးကိုလည်း တစ်ခါမှ ငေးမကြည့်ချင်ခဲ့ဘူး။ သူ့ဘဝဟာ မွေးစကတည်းက ခွဲထားတဲ့ ဇာတ်ညွှန်းအတိုင်းပဲ သရုပ်ဆောင် ခဲ့ရတာဆိုတော့လည်း ကျန်းမာရေးကအစ လူမှုရေးကိစ္စတွေကိုလည်း သူ ငြင်းပယ်ခဲ့တယ်။ ဒီပတ်ဝန်းကျင်ကနေ တစ်နေရာရာထွက်ခွာဖြစ်မယ်ဆိုရင်တောင် အလည်အပတ်ခရီးတစ်ခုသာ ဖြစ်လိမ့်မယ်လို့ သူ ထင်တယ်။ ခမ်းနားတဲ့ ဟိုတယ်တွေမှာလည်း သူ မနေထိုင်ချင်ဘူး။ ဒီခန္ဓာကိုယ်တစ်ခုအတွက် ဒီတစ်ဘဝစာအတွက် ဘယ်လို အရာမျိုး ဘယ်လိုတွေ့ကြုံမှုမျိုးကို ထပ်ပြီး ထိတွေ့ပေးရမယ်ဆိုတာမသိဘူး။ လူ့ဘဝကို သက်သောင့်သက်သာ အခြေအနေတစ်ခုနဲ့ စားသောက်နေထိုင်ဖြစ်ရုံကလွဲလို့ နေ့စဉ်ဘဝမှာ စွပ်ကျယ်အင်္ကျီ သုံးလေးငါးထည် ရှိရင်ကို သူ့အတွက် တော်တော်လေး အဆင်ပြေနေပြီ။ အချိန်တန်လို့ စားစရာတစ်ခု ရှေ့ကို ရောက်လာမယ်။ နောက်တစ်နေ့ကို မပူမပင်ရဘဲ အိပ်ရာဝင်နိုင်ခဲ့တယ်ဆိုရင် သူ့အတွက် ဘာများ အရေးတကြီး ဖြစ်စရာလိုမှာလဲ။ မဟုတ်ဘူးလား။ ဆိုင်ဖွင့်ထားတယ်ဆိုတာလည်း တစ်နေ့တစ်နေ့ တခြား လုပ်စရာမရှိလို့ ထိုင်နေရုံလောက် ဒီအတိုင်းလည်း မိဘတွေထားခဲ့တဲ့အရာတွေနဲ့ သူ နေလို့ ဖြစ်တယ်ဆိုတာ သိနေခဲ့တာပါပဲ။

(၄)

နေစောင်းတော့ ဆိုင်တံခါးကို သူ အလျင်အမြန်ပဲ ဆွဲပိတ်လိုက်တယ်။

အမှောင်ထဲ တိုးဝင်ရောက်လာတဲ့ တစ်နေ့တာဟာ တဖြည်းဖြည်း ကုန်ဆုံးသွားခဲ့ပြီဆိုတာ သူ သိလိုက်ရပြန်တာပေါ့။ ကောင်းကင်မှာ ထက်ပိုင်းကျိုးကျသွားတဲ့ ကြယ်တွေကို သူငေးမောမနေချင်ဘူး။ သူ အိမ်ထဲကို ပြန်ဝင်လာခဲ့တယ်။ ပြီးခဲ့တဲ့နှစ်က သူတို့ မောင်နှမတွေအားလုံး ဆုံစည်းဖြစ်ခဲ့တာကို ပြန်သတိ ရမိတော့ နှုတ်ခမ်းက အလိုလိုပြုံးမိသွားတယ်။ အဲဒီတုန်းက သူတို့တွေ ညီလေးဆီ သွားလည်ခဲ့ကြတာ။ ငွေကြေးအနည်းငယ် အကုန်အကျခံပြီး နိုင်ငံရပ်ခြားကို ခဏတဖြုတ် အလည်အပတ်ရောက်ခဲ့ကြတာပါ။ ဒါပေမဲ့ နိုင်ငံရပ်ခြားတစ်ခုကို အလည်အပတ်ရောက်ခဲ့တဲ့အဖြစ်မှာ သူ ပျော်ရွှင်ခဲ့သလားဆိုတာတော့ သူ ပြန်မမှတ်မိတော့ ဘူး။ အဲဒီလိုနေရာမျိုးမှာတောင်မှ လူ့ဘဝကို ဘယ်လို အဆင့်မြင့်မြင့် အသက်ရှင်သွားလို့ ရမယ် ဘယ်လိုဇိမ်ခံနေရမယ်ဆိုတာ သူ တကယ်မသိခဲ့ဘူး။  မောင်နှမအားလုံး ပြန်လည်ဆုံတွေ့ဖြစ်ခဲ့ကြတယ်ဆိုတာကလွဲလို့ သူ့အတွက် ထူးထူးခြားခြားလည်း မဟုတ်ခဲ့ပြန်ဘူး။ တကယ်ကို ဂွကျတဲ့ကိစ္စပါ။သူ့ အတွက် တစ်နေရာရာကို သွားရောက် လည်ပတ်ခြင်းကလည်း အရသာတစ်ခုလို့ မခံစား ရပြန်ဘူးလေ။ အဲဒါဆို တစ်သက်လုံး ဒီပုံစံအတိုင်း နေထိုင်ဖြစ်သွားတော့မှာလား။ နေဖြစ်သွားခဲ့ပြီလားပေါ့။ ညစာစားဖို့  ပြန်သတိရလာတယ်။ အဲဒီလို ညစာတစ်မျိုးမျိုး စားပြီးတော့ရော သူ့တစ်နေ့တာဟာ ပြီးသွား ဦးမှာပဲလား။ တစ်နေ့စာ ရောင်းရငွေစာရင်းကို သိမ်းပြီး သူ့ခန္ဓာကိုယ်ဟာ အနားယူဖို့ လိုအပ် လာဦးမယ်လို့တော့ ထင်မိတယ်။ သူ့ခြေလှမ်းတွေကလည်း အိပ်နေကျနေရာဆီ တဖြည်းဖြည်း လှမ်းသွားခဲ့ဦးမှာပါပဲ။ သူ့လက်ဟာ အခန်းမီးကို အလိုအလျောက် ပိတ်လိုက်လိမ့်မယ်။ သူ ဆက်တွေးနေမိတယ်။ သူ့အတွက်တော့ နောက်တစ်နေ့ကို ဒီအတိုင်း ထိုင်စောင့်နေရမယ့်အတူတူ အိပ်စက်အနားယူလိုက်ခြင်းက အားလုံးကို ခဏတော့ မေ့သွားစေ နိုင်တယ်ဆိုတာကို။

Most Read

Most Recent