မွန်ပါတီသစ်နှင့်၂၀၂၀ ပြည့်နှစ် အလားအလာသစ်

မွန်ပါတီသစ်နှင့်၂၀၂၀ ပြည့်နှစ် အလားအလာသစ်
Published 26 September 2018

ဗမာမဟုတ်သော တိုင်းရင်းသား ပါတီများ၏ အခန်းကဏ္ဍသည် လာမည့် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲအလွန် နိုင်ငံရေးတွင် ဗျူဟာမြောက်အရေးပါလာမည်မှာ မြေကြီးလက်ခတ်မလွဲပင် ဖြစ်သည်။ ပြည်နယ်လွှတ်တော်သာမက၊ ပြည်ထောင်စု လွှတ်တော်တွင် ကိုယ်စားလှယ်အများစု အနိုင်ရရှိရေး အရှိန်အဟုန်ဖြင့် စိုင်းပြင်းကြရမည်ဖြစ်ပြီး မွန်ပါတီသစ်ကို မွန်တိုင်းရင်းသားပြည်သူလူထု ရာနှုန်းပြည့်နီးနီးက ယုံကြည်၊ ထောက်ခံ၊ ဝန်းရံလာရေး ကျောချင်းကပ်၍ နည်းလမ်းရှာ ဖော်ဆောင်ကြရမည် ဖြစ်သည်။

မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ၊ မွန်အမျိုးသားပါတီနှင့် မွန်အမျိုးသား ကိုယ်စားပြုပါတီ ဖော်ဆောင်ရေးအဖွဲ့တို့သည် မွန်အမျိုသား ကိုယ်စားပြုသည့် ပါတီတစ်ရပ်တည်းသာရှိရေးကို ရှေးရှု၍ တစ်ပါတီတည်းအဖြစ် ပေါင်းစည်းရန် လက်မှတ်ရေးထိုးခဲ့ကြပြီး ပါတီသစ်ကို မွန်ပါတီဟု အမည်ပေးရန် ဆန္ဒမဲပေး၊ အတည်ပြုခဲ့ကြောင်း ၂၀၁၈ ခုနှစ် စက်တင်ဘာလ ၂၁ ရက်တွင် တရားဝင် ထုတ်ပြန်ခဲ့သည်။ မွန်ပါတီသည် မွန်အမျိုး သားနိုင်ငံရေးအင်အားစုအားလုံး ပါဝင်ရေးမူကို ကိုင်စွဲလျက် စည်းရုံးရေးလုပ်ငန်းများကို ဆောင်ရွက်နိုင်ဖွယ်ရှိပြီး အခြားပါတီများ၊ နိုင်ငံရေးအင်အားစုများနှင့် ဆက်လက်ပူးပေါင်း ဆောင်ရွက်သွားမည်ဖြစ်သည်။ မွန်ပါတီအဖြစ် ပေါင်းစည်းမှုတွင် ၂၀၁၅ ခုနှစ် ဇူလိုင်၌ မှတ်ပုံတင်ခဲ့သည့် အမျိုးသမီးပါတီ (မွန်)သည် ပါဝင်ခြင်း မရှိသေးပေ။

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ၌ မွန်ပါတီအနေဖြင့် မွန်ပြည်နယ် မဲဆန္ဒနယ်အများစုတွင် သောင်ပြိုကမ်းပြိုအနိုင်ရရှိရေးသည် ကာလတို ရည်မှန်းချက်တစ်ခုဖြစ်ပြီး အဓိကစိန်ခေါ်ချက်ကြီးလည်း ဖြစ်သည်။ မွန်ပါတီသည် မူဝါဒ၊ လမ်းစဉ်၊ လုပ်ငန်းစဉ်များကို ဖော်ပြထားသည့် ပါတီဖွဲ့စည်းပုံစည်းမျဉ်းနှင့်အညီ ဒီမိုကရေစီနည်းကျ ပါတီတည်ဆောက်ရေးကို ဖော်ဆောင်နိုင်ရန် အရေးကြီးသည့်အပြင် ပါတီခေါင်းဆောင်များအကြား ယုံကြည်မှု၊ လေးစားမှု၊ နားလည်မှုနှင့် အသိအမှတ်ပြုမှုတို့ကို အပြန်အလှန်အားဖြင့် ချဲ့ထွင်နိုင်ပြီး၊ ပါတီတွင်း စည်းလုံးညီညွှတ်မှုကို အားကောင်းသည်ထက် အားကောင်းအောင် တည်ဆောက် နိုင်ရန် သော့ချက်ကျမည်ဖြစ်သည်။

၂၀၁၇ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲအလွန်ကာလတွင် မွန်အမျိုးသားကိုယ်စားပြုသည့် ပါတီတစ်ရပ်တည်းသာရှိရေး မူဝါဒသည် ရှေ့တန်းရောက်သည်ထက် ရောက်လာခဲ့သည်။ ကြားဖြတ်ရွေးကောက်ပွဲ၊ ချောင်းဆုံ မြို့နယ်၊ ပြည်သူ့လွှတ် တော်မဲဆန္ဒနယ်တွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီကိုယ်စားလှယ်လောင်းက အနိုင်ရရှိခဲ့ပြီး၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့် မွန်ပါတီများ အရေးနိမ့်ခဲ့ရသည်။ မွန်အမျိုးသားပါတီ နှင့် မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီဟု နှစ်ပါတီ ဝင်ပြိုင်ခဲ့ခြင်း၊ နှစ်ပါတီစလုံးအရေးနိမ့်ခဲ့ခြင်း၊ မွန်နှစ်ပါတီပေါင်း မဲအရေအတွက်သည် ဒုတိယမဲအများဆုံးဖြစ်သည့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်(ဒီချုပ်ပါတီ)ထက် နည်း နေခြင်းတို့သည် သော့ချက်ကျသော စေ့ဆော်မှုများပင်ဖြစ်သည်။

မွန်ပြည်နယ်တွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ၁၀ ဦး၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ၁၂ ဦး၊ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်၂၀ ဦးနှင့် တိုင်းရင်းသားလူမျိုး ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်သုံးဦးတို့ကို ဆန္ဒမဲပေး၊ ရွေးချယ်ကြရသည်။ ၂၀၁၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ဒီချုပ်ပါတီသည် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ၁၀ နေရာ၊ အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ၁၁ နေရာ၊ ပြည် နယ်လွှတ်တော် ကိုယ်စားလှယ် ၁၆ နေရာ နှင့် တိုင်းရင်းသားလူမျိုး ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်သုံးနေရာတို့ အနိုင်ရရှိခဲ့သည်။  မွန်အမျိုးသားပါတီသည် အမျိုးသား လွှတ်တော် ကိုယ်စားလှယ်တစ်နေရာနှင့် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်နှစ်နေရာ အနိုင်ရရှိခဲ့ပြီး မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီသည် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်တစ်ဦးနေရာသာ အနိုင်ရရှိခဲ့သည်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ(ပြည်ခိုင်ဖြိုးပါတီ)သည် ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲတွင် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်တစ်နေရာသာ အနိုင်ရရှိခဲ့သော်လည်း မုဒုံမြို့နယ်နှင့် ရေးမြို့နယ် မှလွဲ၍ ကျန်ပြည်သူ့ လွှတ်တော်မဲဆန္ဒနယ်များ၊ မဲဆန္ဒနယ်(၆)၊ (၇) နှင့် (၈)မှလွဲ၍ ကျန် အမျိုးသားလွှတ်တော် မဲဆန္ဒနယ်များ၊ သံဖြူဇရပ်မဲဆန္ဒနယ်(၂)၊ မုဒုံမဲဆန္ဒနယ်(၂)၊ ရေး မဲဆန္ဒနယ် (၁) နှင့်(၂) တို့မှလွဲ၍ ကျန်ပြည် နယ်လွှတ်တော်မဲဆန္ဒနယ်များတွင် ဒုတိယမဲအများဆုံး ရရှိသည့်ပါတီအဖြစ် ရပ်တည်ခဲ့သည်။ သို့ဖြစ်၍ ၂၀၂၀ ပြည့်နှစ် အထွေထွေ ရွေးကောက်ပွဲတွင် မွန်ပါတီအနေဖြင့် ဒီချုပ်ပါတီနှင့်သာမက  ပြည်ခိုင်ဖြိုးပါတီနှင့်လည်း အကြိတ်အနယ်ယှဉ်ပြိုင်ရမည့် အလားအလာရှိနေသည်။

၂၀၁၅ ခုနှစ် ရွေးကောက်ပွဲအခြေအနေအရ ဆန်းစစ်မည်ဆိုလျှင် ဒီချုပ်ပါတီနှင့် ပြည်ခိုင်ဖြိုးပါတီတို့အနေဖြင့် လာမည့် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် မွန်ပြည်နယ်၊ မဲဆန္ဒနယ်အားလုံး၌ ဝင်ရောက် ယှဉ်ပြိုင်နိုင်ခြေရှိသည်။ ပြည်ခိုင်ဖြိုးပါတီအနေဖြင့် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် ၂၀၁၈ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲ ပြည်နယ်မဲဆန္ဒနယ်အချို့၌ တိုင်းရင်းသားပါတီများအား ရှောင်ပေးခဲ့သည့်မူကို ဆက်လက်ကျင့်သုံးမည်ဆိုပါက၊ ၂၀၂၀ ပြည့် နှစ် ရွေးကောက်ပွဲ၊ မွန်ပြည်နယ်မဲဆန္ဒနယ်အချို့တွင် ဒီချုပ်ပါတီနှင့်မွန်ပါတီတို့အကြား အကြိတ်အနယ် စီးချင်းထိုးယှဉ်ပြိုင်ရမည့်သဘော ရှိလာနိုင်သည်။ ၂၀၁၅ ခုနှစ် အထွေ ထွေရွေးကောက်ပွဲ ဆန္ဒမဲရရှိမှုအခြေအနေအရ သုံးသပ်မည်ဆိုလျှင်မွန်ပါတီသည် ရေး မြို့နယ်၊ မုဒုံမြို့နယ်၊ သံဖြူဇရပ်မြို့နယ်နှင့် ကျိုက်မရောမြို့နယ်တို့တွင် အားကောင်းနိုင် ခြေရှိပြီး ကျိုက်ထိုမြို့နယ်၊ ဘီးလင်းမြို့နယ်၊ သထုံမြို့နယ်နှင့် ချောင်းဆုံမြို့နယ်တို့တွင်အကြိတ်အနယ် ယှဉ်ပြိုင်ရဖွယ်ရှိသည်။

မွန်ပါတီအနေဖြင့် ၂၀၂၀ ပြည့်နှစ် အ ထွေထွေရွေးကောက်ပွဲ မွန်ပြည်နယ် အောင်နိုင်ရေးအတွက် ပါတီတွင်းဒီမိုကရေစီ၊ ယုံကြည်မှုနှင့် စည်းလုံးညီညွှတ်မှု အားကောင်းကောင်းဖြင့် ရေတို၊ ရေရှည်စီမံချက်များ၊ လုပ် ငန်းစဉ်များရေးဆွဲချမှတ်ပြီး နိုင်ငံရေးနှင့် စည်းရုံးရေးဆိုင်ရာ ပြင်ဆင်မှုများကို အဆောတလျင် ခြေလှမ်းစသင့်သည်။  မွန်ပါတီ၏ လွှတ်တော်ကိုယ်စားလှယ်လောင်းများသည် နိုင်ငံရေး၊ ပညာရေးတို့အရ အရည်အချင်း၊ အတွေ့အကြုံပြည့်ဝပြီး၊ ကိုယ်ကျင့်တရား အားကောင်း၍ ရပ်ရေးရွာရေးတွင်သြဇာရှိကာ တိုင်းရေးပြည်ရေး၊ ပြည်နယ်အရေးမှာ ပြည်သူကို မျက်နှာမူလျက် ရှေ့တန်းမှ အနစ်နာခံ ဆောင်ရွက်နိုင်သူများဖြစ်ရန် မူဝါဒချမှတ်၊ ရွေးချယ်နိုင်ရေးရှေးရှု၊ ပြင်ဆင် သင့်သည်။

၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် မွန်ပါတီအနေဖြင့် မွန်ပြည်နယရှိ လွှတ်တော်ကိုယ်စားလှယ်နေရာ (၄၅) နေရာအနက် အနည်းဆုံးနေရာ(၂၀) ကျော် အနိုင်ရရှိရေး၊ မြို့နယ်(၁၀)မြို့နယ်အနက် အမာခံ (၅)မြို့နယ်တွင် အနိုင်ရရှိရေးကို ပထမအဆင့်အနေဖြင့် ဦးစားပေးပြင်ဆင်သင့်သည်။ ဒုတိယအဆင့်တွင် လွှတ်တော် ကိုယ်စားလှယ်(၃၀)ကျော် အနိုင်ရရှိရေးကို လည်းကောင်း၊ တတိယအဆင့်တွင် လွှတ်တော် ကိုယ်စားလှယ်(၄၀)ကျော် အနိုင်ရရှိရေးကို လည်းကောင်း ရည်မှန်းချက်ချမှတ်၍ ဗျူဟာမြောက် ချဉ်းကပ်ပြင်ဆင်နိုင်ရေး ဆန်းစစ်၊ သုံးသပ်၊ နည်းလမ်းရှာသင့်ကြောင်းတိုက်တွန်း၊ အကြံပြုလိုပါသည်။

အချုပ်အားဖြင့်ဆိုသော် မွန်ပါတီအနေဖြင့် ၂၀၂၀ ပြည့်နှစ်ရွေးကောက်ပွဲအလွန် ပြည်ထောင်စုလွှတ်တော်နှင့် မွန် ပြည်နယ်လွှတ်တော်တို့တွင် လွှတ်တော်ကိုယ်စားလှယ်အများစု အနိုင်ရရှိရေး ဦးတည်လျက် အားကုန်ရုန်းကြရတော့မည်ဖြစ်သည်။ ပြည်နယ်နိုင်ငံရေးတွင် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်အများစု အနိုင်ရရှိပြီး ပြည်ထောင်စုနိုင်ငံရေး၌ အခြားတိုင်းရင်းသား ပါတီများနှင့် ကျောချင်းကပ်နိုင်မှသာ ပြည်သူ သာအမိ၊ ပြည်သူသာအဖထုံးနှလုံးမူလျက် ပြည်သူ့အသံ၊ ပြည်သူ့ဆန္ဒနှင့်အညီ အစိုးရများကိုထိန်းကျောင်း၊ တည့်မတ်နိုင်ရေး ရုပ်လုံးပေါ်လာနိုင်မည်ဖြစ်ပါကြောင်း သုံးသပ် တင်ပြလိုက်ရပါသည်။

Most Read

Most Recent