တို့ပြန်ကြစို့

တို့ပြန်ကြစို့
Published 22 September 2018

ရခိုင်ပြည်နယ် ရမ်းဗြဲကျွန်း တစ်နေရာရှိ လယ်ကွင်းတစ်ကွင်းကို တွေ့မြင်ရစဉ်

ကမ္ဘာပေါ်၌ စက်မှုအထွန်းကားဆုံးနိုင်ငံဖြစ်သည့် အမေရိကန်ကို လူအချို့က မီးခိုးခေါင်းတိုင်များမှ မီးခိုးတလူလူ ထွက်နေသည့် စက်ရုံများနှင့် ပြည့်နှက်နေမည်ဟု ထင်ကောင်းထင်မှတ်ကြပေမည်။ အောင်ထွန်းဦးလည်း ယခင်က ထိုသို့ထင်ခဲ့ဖူး၏။ သို့သော် သူ အမေရိကမှာ အခြေချနေထိုင်လာပြီးနောက် သူထင်သလိုမဟုတ်ကြောင်း သိလာရသည်။ သူသည် အားလပ်ရက်များတွင် မိသားစုနှင့် ကားမောင်းပြီး လျှောက်လည်ကြည့်သည့်အခါတွင်မှ ဤတိုင်းပြည်သည် စက်မှုဘက်တွင် သာမက စိုက်ပျိုးမွေးမြူရေးဘက်တွင်လည်း ထိပ်သီးနိုင်ငံတစ်ခုဖြစ်ကြောင်း ကောင်းစွာသိခဲ့ရ၏။ သူ မြင်တွေ့ခဲ့ရသော စနစ်တကျ စိုက်ပျိုးထားသည့် ပြောင်းခင်း၊ ပဲခင်း၊ အာလူးခင်း၊ ဂျုံခင်းနှင့် မြက်ခင်းကြီးများကို ငေးမောရင်း သူ၏ ဇာတိ မွေးရပ်မြေတွင်လည်း ယခုကဲ့သို့ စနစ်တကျ စိုက်ပျိုးကြပါက မည်မျှကောင်းလေမည်နည်းဟု တွေးမိ၏။

သူ့ကို မွေးဖွားရာဒေသကား မြန်မာနိုင်ငံ ရခိုင်ပြည်နယ် ရမ်းဗြဲကျွန်းဖြစ်၏။ မြန်မာနိုင်ငံ၌ နိုင်ငံရေးရာသီဥတု ပြောင်းသွားပြီးနောက် ပြည်ဝင်ခွင့်ရသဖြင့် သူသည် မနှစ်က မွေးရပ်မြေသို့ အလည်သွားခဲ့သည်။ ထိုစဉ်က သူမြင်ခဲ့ရသော မြင်ကွင်းများက သူ့ကိုများစွာ ဝမ်းနည်းစေခဲ့၏။ သူတို့ဒေသက လယ်ယာမြေများသည် စိမ်းလန်းစိုပြည်သည့် စိုက်ခင်းများအစား မြက်ရိုင်းကြီးများ လွှမ်းမိုးကာ ဖုန်းဆိုးမြေ ဖြစ်နေသည်ကိုသာ တွေ့ခဲ့ရ၏။ “ဘာကြောင့် မစိုက်ပျိုးကြတာလဲ” ဟု သူ မေးမြန်းကြည့်သည့်အခါ “ခုခေတ်က လယ်စိုက်လည်း ရှုံးတာပဲ အဖတ်တင်တယ်။ လူငယ်လူရွယ် ယောကျ်ားလေးတွေကလည်း ဘယ်သူမှ ကိုယ့်အရပ်မှာ မနေချင်ကြတော့ဘူး။ အားလုံး ရွာက ထွက်သွားကြတာ မြင်တဲ့အတိုင်းပဲ” ဟု ဖြေကြသည်။ ထိုအခြေအနေသည် သူတို့ ဒေသတစ်ခုတည်းတွင်သာ ဖြစ်နေသည်တော့မဟုတ်။ မြန်မာတစ်နိုင်ငံလုံးရှိ ကျေးလက်ဒေသများမှ လူငယ်လူရွယ်များ မိမိဒေသကို စွန့်ခွာနေကြခြင်းမှာ ကြောက်မက်ဖွယ် ကိစ္စရပ်ကြီးတစ်ခု ဖြစ်ချေသည်။ ယခင်က ပညာတတ်များ မိမိဇာတိမြေမှ အခြားတစ်ပြည်သို့ ထွက်ခွာသွားလျှင် ဦးနှောက်ယိုစီးမှုဟု ခေါ်ဆိုကြ၏။ မျက်မှောက်ခေတ်တွင်ကား အလုပ်လုပ်ရန် အကောင်းဆုံးအရွယ်များ မိမိဒေသမှ စွန့်ခွာနေကြသဖြင့် ကြွက်သားယိုစီးမှုဟု ပညတ်ခေါ်ဆိုရမည်လားမသိ။

တစ်ချိန်က သူသည်လည်း ဇာတိမြေကို စွန်ခွာခဲ့သူဖြစ်သော်ငြားလည်း ယခုအခါ အခြားသူများကို သူ့ကဲ့သို့ မစွန့်ခွာစေလိုတော့ပါ။ အဘယ်ကြောင့်ဆိုသော် သူသည် ဘူမိနက်သန် ဇာတိမြေ၏ တန်ဖိုးနှင့် စနစ်တကျ လုပ်ကိုင်တတ်ခြင်း၏ အကျိုးကျေးဇူးကို သိမြင်လာပြီဖြစ်သောကြောင့်ပင်။ သို့သော်လည်း မွေးရပ်မြေမှ လူများကား သူသိသလို သူမြင်သလို အမြင်မရှိကြသေး။

သူ့မွေးရပ်မြေ၌ စိုက်ပျိုးသူ နည်းပါးလာခြင်း၏ နောက်ဆက်တွဲဆိုးကျိုးမှာ ဟင်းသီးဟင်းရွက်မှအစ အရာရာကို ပြည်မမှ မှာယူစားသောက်လာကြရတော့၏။ ထို့ကြောင့် ကုန်ဈေးနှုန်းမှာ ရန်ကုန်ထက် ပိုကြီးနေတော့၏။ သူရောက်ခဲ့စဉ်က ရခိုင်မုန့်တီစားရာတွင် နံနံပင် ထည့်စားချင်သော်လည်း ဝယ်မရသောကြောင့် နံနံပင်မစားခဲ့ရချေ။ ထို့ကြောင့် ငယ်သူငယ်ချင်းတစ်ယောက်ကို နံနံပင်စိုက်ကာ ရောင်းစားက ကြီးပွားနိုင်ကြောင်း သူ သိထားသည့် ဗဟုသုတကို ဝေမျှပြောပြသော်လည်း ထိုသူငယ်ချင်းက လုပ်ရန် စိတ်မဝင်စားချေ။

သူ တက်ဖူးသော စိုက်ပျိုးရေးသင်တန်းမှ ဆရာမ၏ သင်ကြားချက်အရ နံနံပင်စိုက်လျှင် ၁၀ ရက်ဝန်းကျင်ခန့်သာ အချိန်ပေးရပြီး ခူးကာ ရောင်းချနိုင်ကြောင်း။ အကယ်၍ မိမိမြေထဲတွင် ဘောင်ဆယ့်လေးငါးခု ပြုလုပ်ကာ စိုက်ပါက တစ်နှစ်ပတ်လုံး စိုက်ပျိုးကာ ရောင်းချနိုင်ကြောင်း ခင်မင်ရင်းနှီးသူများကို ရှင်းပြသော်လည်း မည်သူမျှ စိတ်ဝင်စားခြင်း မရှိကြ။ သူတို့ စိတ်ဝင်စားကြသည်မှာကား မိမိဒေသကို စွန့်ခွာသွားရန်သာ။ သူသည် လယ်သမားများ၏ အားနည်းချက် လိုအပ်ချက်များကို သိသဖြင့် ဤကဲ့သို့လည်း တိုက်တွန်းခဲ့သေးသည်။

“အစ်ကိုတို့လယ်သမားတွေ တစ်ယောက်စီမှာ နွားသုံးကောင်စီ ရှိတယ်ဆိုပါစို့။ လူ ငါးယောက်လောက် စုပေါင်းပြီး အဲဒီနွားတွေကို ရောင်းပြီး လယ်ထွန်စက်ဝယ်ထွန်ရင် အချိန်ကုန်လည်း သက်သာမယ်။ ပိုလာတဲ့အချိန်မှာ တခြားတစ်ခုခု လုပ်လို့ရမယ်။ ပြီးရင် ဒီထွန်စက်နဲ့ ထွန်စက်မရှိတဲ့လူတွေကို အငှားလိုက်ထွန်ပေးရင် အပိုဝင်ငွေရမယ်”။ ထိုအခါ သူတို့က မဖြစ်နိုင်ကြောင်း၊ အခက်အခဲရှိကြောင်းတို့ကိုသာ ပြန်ပြောကြ၏။

သူကား သူကြုံတွေ့ခဲ့ရသော မွေးရပ်မြေမှ အတွေ့အကြုံများကို အမှတ်တမဲ့မထားပါ။ သူ ပြောပြသည်များကို စိတ်ဝင်တစား လိုက်မလုပ်ကြသူများကိုလည်း အပြစ်မတင်လို။ ဘာကြောင့် ယခုကဲ့သို့ ဖြစ်ရသနည်းဆိုသည်ကိုသာ စဉ်းစား၏။ သူ မြင်တွေ့နေရသော အမေရိကန်မှ စိုက်ခင်းကြီးများသည်လည်း အလွယ်တကူ ပေါ်ပေါက်လာကြသည် မဟုတ်သည်ကို သူ ကောင်းကောင်းသိသည်။ ထိုစိုက်ခင်းကြီးနားက ဖြတ်သွားတိုင်း သူသည် ကားကိုရပ်ကာ ဝမ်းသာအားရ ဓာတ်ပုံရိုက်တတ်၏။ ကြီးမားကျယ်ပြန့်လှသော နွားစားကျက် မြက်ခင်းကြီးများအနားက ဖြတ်သွားစဉ် လေထဲတွင် ဝေ့၀ဲပါလာသော နွားချေးနံ့များကို ရသောအခါ သူ့နှာခေါင်းတွင် မွှေးသလိုလို ခံစားရသည်။ သူသည် လယ်သမားမိဘမှ မွေးဖွားလာခဲ့သူဖြစ်၍ ငယ်စဉ်က နွားကျောင်းခဲ့ဖူးသည်။

သူ့မွေးရပ်မြေမှ လူများ မလုပ်ချင်ကြခြင်းမှာ စနစ်တကျ စီးပွားဖြစ်စိုက်ပျိုးခြင်းနှင့် စုပေါင်းလုပ်ဆောင်ခြင်း၏ အကျိုးကျေးဇူးကို မသိခြင်းကြောင့်ဟု သူ ယုံကြည်၏။ ယင်းမှာလည်း အပြစ်မဆိုသာ။ ရှေးအဆက်ဆက်က မကောင်းသည့်ဖြစ်စဉ် အစဉ်အလာ နမူနာများကလည်း ရှိကြသည်။ ထို့ကြောင့် သူနောက်ထပ်တွေးမိသည်မှာကား သူ့ကဲ့သို့သော မိမိတို့ဒေသမှ အဝေးသို့ ထွက်သွားသူများထဲမှ ကိုယ့်ဒေသ ဖွံ့ဖြိုးတိုးတက်စေရန် စိတ်ဝင်စားသူများကို စုစည်းကာ လုပ်ဆောင်လျှင် ဖြစ်နိုင်မည်။ ထိုသို့ စိတ်ထားရှိသူများ စုမိပါက ရှေးဦးစွာ ရန်ပုံငွေတစ်ရပ် ထူထောင်ရမည်။ ထို့နောက် ဒေသခံများ လုပ်ချင်စိတ်ရှိလာအောင် စိုက်ပျိုးရေးပညာ ဗဟုသုတများကို သင်ကြားပေးရမည်။ စီးပွားရေး အမြင်ရှိလာအောင် မျက်စိဖွင့်ပေးရမည်။ မျက်စိပွင့်လာပါက ထိုရန်ပုံငွေထဲမှ လယ်ထွန်စက် စသည်တို့ကို တည်ထောင်ပေးရမည်။ သို့ဖြင့် သမားရိုးကျ စိုက်ပျိုးရေးမှ စက်မှုစိုက်ပျိုးရေး စနစ်သို့ ကူးပြောင်းလာမည်။

သူက ဖြစ်စေချင်သော စေတနာနှင့် တိုက်တွန်းစဉ်က တုံ့ပြန်ပြောဆိုကြသည့် စကားတစ်ခွန်းက အံ့သြဖွယ်ရာ အားလုံးတူညီနေကြသည်ကို တွေ့ရ၏။ ယင်းမှာ “စိုက်ပြီး ဘယ်မှာ သွားရောင်းမလဲ” ဟူ၍။ ဤသို့ ဖြေဆိုခြင်းခြင်းကြောင့် ဆက်လက်ပြောစရာ စကားမရှိတော့ချေ။ သို့သော် ထိုသို့ မစိုက်ပျိုးခြင်းကြောင့် ကိုယ်လိုသည့်အခါ တခြားဒေသမှ မှာယူစားသောက်ကြရတော့သည်။ ဤသို့ဖြစ်လာခြင်းအတွက် ခေတ်ကို အပြစ်ပုံရမလား။ စနစ်ကို ယိုးစွပ်ရမည်လား။ လူကို အပြစ်ဆိုရမည်လား။ ပြစ်တင်ဝေဖန် ကဲ့ရဲ့ခြင်းက မခက်ခဲပါ။ လူများသည် မိမိ မကျေနပ်တိုင်း နေ့တိုင်းပင် ကဲ့ရဲ့ခြင်း၊ ပြစ်တင်ခြင်းကို လုပ်နေကြသည်သာ။

အမှန်တကယ်က ပျက်နေသည်ကိုပြင်ရန် ဆွေးနွေးတိုင်ပင်အဖြေရှာခြင်းကို ဦးစွာ ပထမလုပ်ကြရမည်။ ယင်းမှ ကောင်းမွန်သင့်လျော်သော အဖြေကို ရရှိပါက လုပ်စရာ ကျိန်းသေရှိလာမည်။ ယနေ့ကာလသည် အမှောင်ညကို ကျော်ဖြတ်ကာ လင်းရောင်ခြည် သန်းစပြုနေသည့်အချိန် ဖြစ်သည့်အတွက် ကိုယ့်တိုင်းပြည် ကိုယ့်လူမျိုးတိုးတက်ရေးအတွက် ကိုယ်စွမ်းနိုင်ရာက ပါဝင်ရန် အရေးကြီးလှပေသည်။ ပြည်တွင်း၌ နေသည်ဖြစ်စေ ပြည်ပတွင် နေသည်ဖြစ်စေ မိမိကို မွေးဖွားခဲ့ရာ တိုင်းပြည်အတွက် ကိုယ်တတ်နိုင်သမျှ လုပ်ဆောင်ပေးရန် လူတိုင်း၌ တာဝန်ရှိသည်။

တရုတ်ပြည်ကို ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံဖြစ်လာအောင် တည်ထောင်ပေးခဲ့သူ တိန့်ရှောင်ဖိန်၏ စကားတစ်ခွန်း ရှိသည်။ တိန့်ရှောင်ဖိန်သည် နှစ်စဉ် သူ့နိုင်ငံမှ သောင်းနှင့်ချီသော ကျောင်းသားများကို ဥရောပနှင့် အမေရိကသို့ ပညာသင်စေလွှတ်ခဲ့သည်။ ယင်းသို့ စေလွှတ်သဖြင့် ကျောင်းသားများ မိခင်နိုင်ငံသို့ ပြန်မလာလျှင် မည်သို့လုပ်မည်နည်းဟု မြန်မာနိုင်ငံမှ အာဏာရှင် ဦးနေဝင်းက မေးခဲ့ဖူး၏။ ထိုအခါ တိန့်ရှောင်ဖိန်က ကျောင်းသားတစ်သောင်း ပညာသွားသင်ရာက ငါးထောင်ပြန်လာလျှင် ကျေနပ်ကြောင်း၊ ယင်းငါးထောင်သည် တရုတ်ပြည်ကို ဖွံ့ဖြိုးတိုးတက်အောင် လုပ်ပေးကြမည့်သူများဖြစ်သည်မှာ သေချာကြောင်း၊ ပြန်မလာသည့် ငါးထောင်ကလည်း တရုတ်များသာဖြစ်ကြောင်း၊ သူတို့ ကြိုးစားရုန်းကန်၍ ချမ်းသာလာသည့်တစ်နေ့ သူတို့လည်း သူတို့မိခင်တိုင်းပြည်ကို ပြန်ကျေးဇူးပြုကြမည်သာဖြစ်ကြောင်း ပြောခဲ့သည်ကို သူ သတိရ၏။ တိန့်ရှောင်ဖိန် မျှော်မှန်းခဲ့သော အိပ်မက်များက ယနေ့ မျက်မှောက်ကာလတွင် အမှန်တကယ် ဖြစ်လာနေခဲ့ပေပြီ။ ထို မေးခွန်းကို မေးခဲ့သူ ဦးနေဝင်းနှင့် သူ့အမွေကို ဆက်ခံသူများမှာမူကား ကျောင်းသားလူငယ်များစွာကို ပညာသင်ယူစေမည့်အစား အကျဉ်းထောင်ထဲသို့ တွင်တွင်ပို့ခဲ့သည့် အကျိုးဆက်က အားလုံးသိကြသည့်အတိုင်း ဖြစ်သဖြင့် သူဆက်မတွေးလိုတော့ပါ။

ကြီးမားကျယ်ပြန့်သည့် လွင်ပြင်များ၊ တောင်ကုန်းများတွင် စိမ်းစိုလန်းဆန်းနေကြသည့် စိတ်လက်ကြည်နူးဖွယ်ရာ စိုက်ခင်းကြီးများကို မြင်ရတိုင်း သူသည် အမိမြေမှ တောင်ကတုံးများ ဖုန်းဆိုးမြေများကို ပြန်လည်ကာ မြင်ယောင်လာတတ်၏။ ထို့အတွက်လည်း ရင်ထဲ၌ ထိခိုက်နာကျင်ခံစားရတတ်၏။ မိမိကို မွေးဖွားပေးခဲ့သော ဇာတိရပ်မြေမှာလည်း နာမကျန်းဖြစ်နေသည်မှာ နှစ်ပေါင်း ၆၀ ပြည့်တော့မည်။

Most Read

Most Recent