နောက်ကျခဲ့ချိန်များ

နောက်ကျခဲ့ချိန်များ
Published 21 September 2018

Photo: JETStream

ဖြတ်သန်းခဲ့ရတဲ့ ဘဝသက်တမ်းတစ်လျှောက် နောက်ကျခဲ့ရတဲ့ အချိန်တွေ ဘယ်လောက်တောင် များနေပြီလဲ။ ရထားမမီလိုက်တာ၊ ကားမမီလိုက်တာမျိုးကစလို့ နောက်ထပ် ကြီးကြီးမားမား ဆုံးရှုံးနစ်နာခဲ့ရတာတွေကော ဘယ်လောက်တောင်မှ ရှိခဲ့ကြပါသလဲ။ စေ့စေ့တွေးသော် ရေးရေးပေါ်ဆိုသလိုပဲ။ သေချာတွေးတောကြည့်မိလေ၊ ကျွန်တော်တို့ရဲ့ နောက်ကျခဲ့ချိန်များအတွက် ပေးဆပ်လိုက်ရတာတွေဟာ အထင်အရှား ပေါ်ပေါက်လာလေပါပဲ။ တကယ်တော့ အဲဒီလို ဆုံးရှုံးနစ်နာခဲ့မှုတွေဟာ ကျွန်တော်တို့ရဲ့ နောက်ကျခဲ့ကြတဲ့ အချိန်တွေကြောင့် ဖြစ်ပေါ်လာရတာဆိုရင် ထပ်ပြီးတွေးတောစရာက နောက်ကျခဲ့ချိန်တွေဆိုတာကရော ကျွန်တော်တို့ရဲ့ အချိန်ဆွဲတတ်တဲ့ အကျင့်တွေ၊ ပေါ့ပေါ့ဆဆ နေမိတဲ့ စိတ်ထားတွေကနေ မြစ်ဖျားခံလာခဲ့တာပဲ မဟုတ်လား။ အဲဒီလို ဖြစ်နိုင်ပါတယ်လို့ ကျွန်တော်ကတော့ တွေးတောယူဆမိတာပါပဲ။

သူငယ်ချင်းတစ်ယောက်နဲ့ ချိန်းထားတာ လွဲသွားတယ်၊ အင်တာဗျူးဖြေဖို့ နောက်ကျခဲ့တယ်ဆိုတာမျိုးတွေအပြင် တခြားသော ထိခိုက်နစ်နာခဲ့ရမှုတွေလည်း မရေတွက် နိုင်လောက်အောင်ပဲ များပြားခဲ့ရပါတယ်။ ‘အေးဆေးပါ’၊ ‘လိုပါသေးတယ်’ ရယ်လို့ ပေါ့ဆမိခဲ့တာတွေကြောင့် ပြန်မရနိုင်တော့တဲ့ ဆုံးရှုံးမှုတွေအတွက်လည်း ကျွန်တော်တို့ဟာ နောင်တတရားတွေနဲ့အတူ ပူလောင်ပြင်းပြနေကြရတာပဲ မဟုတ်ပါလား။ တချို့သော ဆုံးရှုံးနစ်နာရမှုတွေက သိပ်မသိသာလှပေမဲ့ ကြီးကြီးမားမား ဆုံးရှုံးနစ်နာရမှုတွေနဲ့ ကြုံလာတဲ့အခါ ကျွန်တော်တို့ ခံနိုင်ရည်ရှိကြပါ့မလား။ ကျွန်တော် လက်လှမ်းမီသလောက် တွေ့မြင်ခဲ့ရသူတွေကတော့ သူတို့ရဲ့ ပေါ့ဆမှုတွေ၊ အချိန်ဆွဲတတ်တဲ့ အကျင့်တွေကြောင့် ကြီးကြီးမားမား ဆုံးရှုံးနစ်နာရမှုတွေနဲ့ ကြုံလာတဲ့အခါမှာ ခံနိုင်ရည်မရှိဘဲ ပြိုလဲခဲ့ကြပါတယ်။

ကျန်းမာရေးကောင်းတုန်းလေး၊ လုပ်နိုင်ကိုင်နိုင်တုန်းလေး ပိုက်ဆံကြိုးစားရှာရမယ်လို့ ခံယူချက်တွေနဲ့ နေ့မနားညမနား စီးပွားရှာနေသူတစ်ယောက် အကြောင်းတစ်ခုခုကြောင့် ရုတ်တရက် ဆုံးပါးသွားခဲ့ရင် သူ့နောက်ကို ဘယ်အရာတွေများ ပါသွားလေမလဲ။ သူ ရှာဖွေနေခဲ့တဲ့ စည်းစိမ်ဥစ္စာတွေ၊ တခြားသော ကြွယ်ဝပြည့်စုံမှုတွေ အကုန်လုံး တခြားသူတွေအတွက် ထားခဲ့ရတာပဲ မဟုတ်လား။ သံသရာတစ်လျှောက် ကိုယ့်နောက်ပါမယ့် အရာတွေကို ယူငင်သွားဖို့လည်း ကျွန်တော်တို့ဟာ မေ့လျော့နေခဲ့ကြတယ်၊ ပေါ့ဆနေခဲ့ကြတယ်။ အဓိက,ကတော့ ကျွန်တော်တို့ အချိန်ဆွဲနေခဲ့ကြတာပါပဲ။ ကိုယ့်ရဲ့ အနီးအနား ပတ်ဝန်းကျင်က လူတစ်ယောက် သေဆုံးသွားတာမျိုး မြင်တွေ့နေရလို့လည်း ကျွန်တော်တို့ဟာ သံဝေဂမပွားနိုင်ကြဘူး။ မရဏ တရားဟာ ကိုယ်နဲ့ လားလားမျှမဆိုင်သလို ပေါ့ပေါ့ဆဆ နေနိုင်ခဲ့ကြတာပဲ မဟုတ်လား။ စီးပွားရေး၊ ကြီးပွားရေး၊ သားရေး သမီးရေး၊ အိမ်ထောင်ရေး စသဖြင့် အရေးပေါင်းမြောက်မြားစွာ အတွက်နဲ့သာ ကျွန်တော်တို့ လုံးလည်ချာလည် လိုက်နေခဲ့ကြတယ်။

များသောအားဖြင့် ငါ့အလှည့်ရောက်ဖို့ လိုပါသေးတယ်ဆိုတဲ့ အတွေးတွေနဲ့သာ ကျွန်တော်တို့ ပေါ့ဆနေမိခဲ့ကြတယ်။ တကယ်တမ်းတော့ စက္ကန့်ကလေး၊ မိနစ်ကလေးကစလို့ တစ်ရက်၊ တစ်လ၊ တစ်နှစ် စသဖြင့် အချိန်တွေဟာ ကျွန်တော်တို့ကို မသိမသာ တိုက်စားနေခဲ့တာပါပဲ။ အဲဒီလို အချိန်တွေရဲ့ တိုက်စားမှုအောက်မှာပဲ ကျွန်တော်တို့ဟာ ကိုယ်ချစ်ခင်ရသူတွေအပေါ် ဂရုစိုက်ကြင်နာဖို့၊ စာနာနားလည်ပေးဖို့ကိုလည်း မေ့လျော့ခဲ့ကြပါတယ်။ မိဘတွေကို တစ်နှစ်တစ်ခါ ကန်တော့ဖို့၊ သားသမီးတွေကို ကစားကွင်းလေး လိုက်ပို့နိုင်ဖို့၊ ကိုယ့်ရဲ့ အိမ်သူသက်ထား ဇနီးမယားနဲ့အတူ ခဏလောက်လေး ကြင်ကြင်နာနာ နေပေးနိုင်ဖို့ ကျွန်တော်တို့ မေ့လျော့နေခဲ့ကြတာပါပဲ။ စိတ်ထဲမှာ တွေးမိပေမဲ့ ချက်ချင်း အကောင်အထည်ဖော်ဖို့ အတွက်ကျတော့ ကျွန်တော်တို့ ဖင့်နွှဲနေခဲ့ကြတယ်။ အချိန်ဆွဲနေခဲ့ကြတယ်။ ဒီလိုနဲ့ပဲ လုပ်သင့်လုပ်ထိုက်တာတွေကို လုပ်ကိုင်ဖို့အတွက် ကျွန်တော်တို့ နောက်ကျခဲ့ကြပါတယ်။

ကုန်လွန်သွားတဲ့ အချိန်တွေဟာ ပြန်မရနိုင်တော့ပါဘူး။ ဒါကို သိလျက်နဲ့ ကျွန်တော်တို့ ပေါ့ဆနေခဲ့ကြတာပါပဲ။ အခုနေများ အချိန်လေးနည်းနည်းလောက် နောက်ပြန်ဆုတ်လို့ရခဲ့ရင်ဆိုတဲ့ မိုက်မဲတဲ့အတွေးမျိုး ကျွန်တော်တို့ တစ်ကြိမ်မဟုတ် တစ်ကြိမ်တော့ တွေးဖူးခဲ့ကြပါလိမ့်မယ်။ ကိုယ့်ရဲ့ နောက်ကျခဲ့ရတဲ့ အချိန်တွေကြောင့် ဆုံးရှုံးနစ်နာခဲ့ရမှုတွေအပေါ် သံဝေဂတရားနဲ့ သင်ခန်းစာယူနိုင်ကြသူတွေလည်း ရှိသလို ဆောက်တည်ရာမရ ပြိုလဲခဲ့ကြသူတွေလည်း ရှိနေတက်ကြပါတယ်။ ဝင်တော့မယ့်နေလုံးကြီးကို ကြည့်ရင်း စစ်ဘုရင်ကြီး နပိုလီယံဟာ အချိန်နှစ်နာရီလောက် နောက်ကျခဲ့ရတဲ့အတွက် ဆောက်တည်ရာမရ ပြိုလဲခဲ့ရတာပဲမဟုတ်လား။ သူပိုင်ဆိုင်ခဲ့တဲ့ သြဇာအာဏာ၊ ရာထူးဂုဏ်သိန်တွေ အပါအဝင် အရာအားလုံးဟာ သူ့ရဲ့ နောက်ကျခဲ့တဲ့ အချိန်တွေအတွက် ပေးဆပ်လိုက်ရတာပါပဲ။

လောကမှာ ဆုံးရှုံးပြီးမှ တန်ဖိုးကို သိခွင့်ရတဲ့ အရာတွေထဲ နုပျိုခြင်းနဲ့ အချိန်တို့ဟာ အဓိကအကျဆုံးပါပဲ။ တစ်နေ့ထက်တစ်နေ့ အိုမင်းရင့်ရော်လာခြင်းတွေကို ကျွန်တော်တို့ မတားဆီးနိုင်ကြသလို ပေါ့ပေါ့ဆဆနဲ့ ကုန်လွန်ခဲ့ရတဲ့ အချိန်တွေကိုလည်း ဘယ်လိုမှ ပြန်လည်မရယူနိုင်တော့ပါဘူး။ အဆိုးဆုံးကတော့ ကိုယ့်ရဲ့ ပေါ့ဆမှု၊ အချိန်မလေးစားမှုတွေကြောင့် နောက်ကျခဲ့ရတာတွေအတွက် ပေးဆပ်လိုက်ရခြင်းတွေဟာ နှမြောစရာအကောင်းဆုံးပါပဲ။ စည်းစိမ်ဥစ္စာတွေ အောင်မြင်ကျော်ကြားမှုတွေနောက်လိုက်ရင်း ကျွန်တော်တို့ဟာ ချစ်ခြင်းမေတ္တာတွေနဲ့ အလှမ်းကွာခဲ့ကြတယ်။ ပြန်လှည့်လာဖို့ အသိတရားလေး ဝင်လာတဲ့ အချိန်ရောက်တော့ နောက်ကျနေခဲ့ကြပြီလေ။

နောက်တစ်ခုကလည်း အချိန်ရှိပါသေးတယ်ဆိုပြီး ကျွန်တော်တို့ မေ့လျော့နေခဲ့တဲ့ အရာတွေ၊ ပစ်ပယ်ထားခဲ့တဲ့ လူတွေအကြောင်းပါပဲ။ ဘယ်နှခါလောက်များ သတိတရနဲ့ စဉ်းစားကြည့်ဖူးပါသလဲ။ ကျွန်တော်တို့ကို မျှော်နေမယ့်လူတွေဆီ အချိန်မီ အရောက်ပြန်ဖို့ အကြောင်းအမျိုးမျိုးပြပြီး အချိန်ဆွဲနေခဲ့ကြတာပဲ မဟုတ်လား။ ဒီအချိန်ဆို ငါ့ကို မျှော်နေကြမှာပဲဆိုတဲ့ အတွေးတွေကို မသိကျိုးကျွန်ပြုရင်း ကျော်ဖြတ်ခဲ့ရတဲ့ ရက်စွဲတွေလည်း ကျွန်တော်တု့ိရဲ့ ဘဝတစ်လျှောက် ဘယ်လောက်တောင် များပြားနေခဲ့ပြီလဲဆိုတာ ကျွန်တော် တွေးတောနေမိပါတယ်။

မိသားစုလေးရဲ့ အဝေးမှာ ကျွန်တော်ဟာ နှစ်ပေါင်းအတော်ကြာ မျောလွင့်နေခဲ့ဖူးသူပါ။ ကျွန်တော့်ကို ကြိုနေမယ့် အမေ့လက်ရာ ထမင်းဝိုင်းကလေးကို မသိကျိုးကျွန်ပြုရင်း ‘မင်းမှာ မိသားစုရှိသေးတာ သတိရောရသေးလား’ ဆိုတဲ့ အဖေ့ရဲ့ ကရုဏာဒေါသနဲ့ စိုးရိမ်ပူပန်ခဲ့မှုတွေကို မသိကျိုးကျွံပြုရင်း အိမ်ပြန်ချိန်တွေကို ကျွန်တော် မေ့လျော့ခဲ့ဖူးပါတယ်။ မိသားစုလေးရှိရာ အရောက်ပြန်ဖို့အတွက် အကြောင်းမဲ့သက်သက် ကျွန်တော် နောက်ကျနေခဲ့ဖူးတယ်။ မိသားစုလေးရှိရာကို ကျွန်တော် အရောက်ပြန်လာနိုင်ခဲ့တဲ့အခါမှာတော့ မိသားစု စုံစုံလင်လင်နဲ့ ပျော်ရွှင်စွာ နေခွင့်ကလေးဟာ ဘယ်လောက်မှ မကြာလိုက်တော့ပါဘူး။ အသည်းကင်ဆာဆိုတဲ့ ရောဂါကြီးနဲ့ အဖေ ဆုံးပါးသွားခဲ့တဲ့အချိန်ရောက်မှ မိသားစုလေးရှိရာ ပြန်လာဖို့အတွက် နောက်ကျခဲ့ရတဲ့အချိန်တွေကို ကျွန်တော် ပြန်လိုချင်နေမိတော့တယ်။ ပူလောင်ပြင်းပြတဲ့ နောင်တတရားတို့နဲ့အတူ နောက်များမှာ ကျွန်တော် အပြင်က ပြန်လာရင် ဒီမိသားစု ကလေးထဲ အဖေ့ကို ဘယ်တော့မှ တွေ့ရမှာ မဟုတ်တော့ဘူးဆိုတဲ့ အတွေးဟာ ကျွန်တော့်ကို တမြေ့မြေ့နဲ့ ကျွမ်းလောင်နေစေတာပါပဲ။

နောက်ကျခဲ့ရတဲ့ အချိန်တွေအကြောင်းတော့ ကျွန်တော်လည်း ပြန်ပြီး မတွေးတောချင်ပါဘူး။ ဒါပေမဲ့ ဆို့နင့်ကြေကွဲမှုတွေနဲ့ ကျွန်တော် တွေးတောနေမိတယ်။ တွေးမိတဲ့ အလျောက်လည်း ကျွန်တော် ရေးမိပါတယ်။ ကျွန်တော့်လိုပဲ နောက်ကျနေခဲ့ကြတဲ့ ခြေထောက်ပိုင်ရှင်တွေရှိရင် ရောက်ရာအရပ်ကနေ ပြန်လှည့်လာကြစေဖို့ပါပဲ။ အဓိကကျပါတယ်လို့ ကျွန်တော်အပါအဝင် ခင်ဗျားတို့ တွေးထင်နေမိတဲ့ အရာတွေအကြောင်း သေချာပြန်ဆန်းစစ်သင့်နေပါပြီ။ ကျွန်တော်တို့ဟာ ကိုယ့်နောက်ပါမယ့် အရာတွေအတွက် ထွန်ယက်စိုက်ပျိုးနေကြသူတွေလား၊ ဒါမှမဟုတ် ခဏတာ ပျော်ရွှင်လွတ်လပ်မှုတွေကိုမှ ပျိုးကြဲနေမိသူတွေလားဆိုတာ သေချာပြန်လေ့လာသင့်ကြပါတယ်။ နာမည်ဂုဏ်သတင်း ထင်ပေါ်ကျော်ကြားလိုမှု၊ စည်းစိမ်ဥစ္စာ တိုးတက်ကြီးပွားလိုမှု စတဲ့ တခဏတာ စိတ်ချမ်းမြေ့မှုတွေနောက် ကောက်ကောက်ပါအောင် လိုက်ရင်း ကျွန်တော်တို့ ပစ်ပယ်ခဲ့ရတာတွေ ဘယ်လောက်တောင်မှ များပြားနေကြပြီလဲဆိုတာ ပြန်စဉ်းစားကြဖို့ လိုအပ်နေပါပြီ။

“ဆုံးရှုံးသွားတဲ့အချိန် တစ်မိနစ်ကို မကုန်ဆုံးနိုင်တဲ့အချိန် သမုဒ္ဒရာကြီးက အစားပြန်မပေးနိုင်” လို့ ရှိတ်စပီးယားက ဆိုခဲ့ပါတယ်။ အချိန်ကလေး တစ်မိနစ်လောက်ကိုမှ ကျွန်တော်တို့ အစားပြန်မရနိုင်တော့ရင် အဲဒီထပ်ပိုတဲ့ အချိန်တွေကို ကျွန်တော်တို့ ဘယ်လိုများပြန်ပြီး မျှော်လင့်လို့ရဦးမှာတဲ့လဲ။ အဓိပ္ပာယ်မဲ့ ဖြုန်းတီးမိခဲ့တဲ့ အချိန်တွေ၊ ပေါ့ပေါ့ဆဆနဲ့ နောက်ကျခဲ့ရတဲ့ အချိန်တွေအတွက် ဘယ်သူ့ဘယ်သူကိုမှလည်း နောင်တတရားတွေနဲ့ ပူလောင်မနေစေချင်တော့ပါဘူး။ ပြန်မရနိုင်တော့တဲ့ ဆုံးရှုံးနစ်နာခြင်းတွေဟာ ကျွန်တော်တို့ရဲ့ နောက်ကျခဲ့ချိန်တွေကြောင့်ပဲ အများဆုံးဖြစ်တည် ပေါက်ဖွားလာရတာပါ။ အချိန်ကလေး နည်းနည်းလောက် နောက်ပြန်ဆုတ်လို့ရခဲ့ရင်ဆိုတာ အမိုက်မဲဆုံး အတွေးတစ်ခုပါ။ ဒါကြောင့်လည်း အခုနေများ နောက်မကျသေးဘူးဆိုရင်၊ ဒါမှမဟုတ် အရမ်းကြီး နောက်မကျသေးဘူးလို့ထင်ရင် ဘဝမှာ လုပ်ချင်တာလေးတွေအပြင် လုပ်သင့်လုပ်ထိုက်တာတွေကိုပါ လုပ်နိုင်ဖို့ ကြိုးစားကြည့်စေချင်ပါတယ်။ တကယ်ပါဗျာ၊ ‘နောက်ကျခဲ့ချိန်များ’ အကြောင်းဆိုတာ တခြားတစ်ယောက်ယောက်ကို ပြန်ပြောင်းပြောပြလို့ကောင်းတဲ့ အရာမျိုးမဟုတ်ပါဘူး။

Most Read

Most Recent