နာကျင်ခြင်း

နာကျင်ခြင်း
Published 21 September 2018

Photo: mvcweb

အခုတစ်လော စိတ်က ‘နာကျင်ခြင်း’ ဆိုတဲ့ ဝေါဟာရလေးအကြောင်းကိုပဲ မကြာခဏ တွေးခေါ်နေမိတယ်။ နာကျင်ခြင်းဆိုပေမဲ့ တစ်စုံတစ်ယောက်ယောက်က ထိုးကြိတ်ရိုက်ပုတ်လိုက်လို့ နာကျင်သွားတဲ့ နာကျင်ခြင်းမျိုးကို ဆိုလိုတာ မဟုတ်ပါဘူး။ ဥပမာ အဖေက ရိုက်လိုက်လို့ နာကျင်သွားတယ်၊ အမေက ရိုက်လိုက်လို့ နာကျင်သွားတယ်၊ ဆရာ ဆရာမတွေက ရိုက်လိုက်လို့ နာကျင်သွားတယ်။ ဒါမျိုး နာကျင်မှုတွေကို ပြောတာမဟုတ်ပါဘူး။ ကျွန်တော်ပြောတဲ့ နာကျင်မှုဆိုတာ တစ်စုံတစ်ယောက်ယောက်ရဲ့ စကားလေးတစ်ခွန်းကြောင့် ကျွန်တော်တို့ စိတ်ထဲက ဖြစ်ပေါ်လာတဲ့ နာကျင်မှုမျိုးကို ပြောတာပါ။ တစ်ယောက်ယောက်ရဲ့ အကြည့်လေးတစ်ချက်၊ တစ်ယောက်ယောက်ရဲ့ အပြုအမူလေးတစ်ခုကြောင့် ဖြစ်ပေါ်လာလေ့ရှိတဲ့ ကျွန်တော့်စိတ်ထဲက နာကျင်မှုမျိုးကို ပြောတာပါ။

အဖေက ရိုက်လိုက်တယ်၊ အဲဒီ အရိုက်ခံလိုက်ရမှုကြောင့် နာကျင်တဲ့ နာကျင်မှုမျိုး မဟုတ်ဘဲ အဲဒီရိုက်လိုက်တဲ့အကြောင်းကြောင့် နာကျင်သွားတဲ့ နာကျင်မှု၊ ဝမ်းနည်းမှုမျိုးကို ပြောတာပါ။ အမေက ရိုက်လိုက်တယ်၊ အဲဒီအတွက် နာကျင်ရတဲ့ နာကျင်မှုမျိုး မဟုတ်ဘဲ အပြစ်မရှိဘဲ အမေ့ အရိုက်ခံလိုက်ရတယ်ဆိုတဲ့ အသိနဲ့ နာကျင်သွားတဲ့ စိတ်ထဲက နာကျင်မှုမျိုးကိုသာ ရည်ရွယ်တာ ဖြစ်ပါတယ်။ ကိုယ့်မှာ အပြစ်မရှိဘဲ တစ်စုံတစ်ယောက်ယောက်က တစ်ဘက်သတ် စွပ်စွဲအပြစ်ပေးတာကို ခံရတဲ့အခါ ဖြစ်ပေါ်လာတတ်တဲ့ နာကျင်မှုမျိုးကို ပြောတာဖြစ်ပါတယ်။ လူတစ်စုစုရဲ့ အနိုင်ကျင့်တာကို ခံရတဲ့အခါ၊ အဖွဲ့အစည်းတစ်ခုခုရဲ့ နိုင့်ထက်စီးနင်း ပြုမှုမျိုးကို ခံရတဲ့အခါ ဖြစ်ပေါ်လာတတ်တဲ့ စိတ်ရဲ့ အတွင်းသားထဲက နာကျင်မှုမျိုးကို ပြောတာဖြစ်ပါတယ်။ အထူးသဖြင့် ကိုယ်မှန်နေပါလျက်နဲ့ အပြစ်ပေးတာကို ခံလိုက်ရတဲ့အခါ၊ ကိုယ့်မှာရှိနေတဲ့ အားနည်းချက်တွေကို ရည်ရွယ်ဖိနင်းပြီး နှိမ့်ချပြောဆိုတာကို ခံလိုက်ရတဲ့ အခါမျိုးတွေမှာ ဖြစ်ပေါ်လာတတ်တဲ့ အသွေးထဲ၊ အသားထဲက နာကျင်မှုမျိုးကို ပြောတာဖြစ်ပါတယ်။

တကယ်တော့ ခန္ဓာကိုယ်က နာကျင်တဲ့ နာကျင်မှုထက် စိတ်မှာဖြစ်တဲ့ နာကျင်မှုက အဆပေါင်းများစွာ ပိုပြီးနာကျင်စရာကောင်းတယ်လို့ ထင်ပါတယ်။ တကယ်လည်း ခန္ဓာကိုယ်မှာ ဖြစ်ပျက်ပေါ်ပေါက်လာတဲ့ နာကျင်မှုတွေဟာ အချိန်အတိုင်းအတာတစ်ခုမှာ ပျောက်ကင်းသွားတတ်ပေမဲ့ စိတ်မှာငြိနေတဲ့ နာကျင်မှုတွေကတော့ တော်တော်နဲ့ မပျောက်ပျက်သွားတတ်ကြပါဘူး။ အမာရွတ်ကို မြင်တိုင်း မဟောသဓာကို သတိရတတ်တဲ့ ကေဝဋ်ပုဏ္ဏားလို အကြောင်းတိုက်ဆိုင်လာတိုင်း တဆစ်ဆစ်နဲ့ ပိုပြီး နာကျင်လာတတ်ပါတယ်။ အဲဒီလိုပါပဲ၊ စိတ်မှာဖြစ်တဲ့ နာကျင်မှုတွေထဲကမှ ကိုယ့်ကိုယ်ကိုယ် ပြန်ပြီး နာကျင်စေတဲ့ နာကျင်မှုတွေလည်း ရှိကြလိမ့်မည်သာ ဖြစ်ပါတယ်။

ကိုယ်ကြောင့် သူတစ်ပါး အသားနာကျင်သွားတာ၊ ကိုယ့်ကြောင့် တစ်ပါးသူ စိတ်မှာ နာကျင်သွားတာကို ကြည့်ပြီး၊ သိပြီး ပြန်နာကျင်ခဲ့ရတဲ့ အဖြစ်အပျက်တွေလည်း ရှိကြပါလိမ့်မယ်။ အထူးသဖြင့် အဲဒီလို နာကျင်မှုမျိုးဟာ ကျွန်တော်တို့လို မိဘနေရာကို ရောက်နေသူတွေ၊ စာသင်နေရတဲ့ ဆရာဆရာမတွေရဲ့ စိတ်တွေဆီမှာ ပိုပြီး ကပ်ငြိလွယ်တတ်ကြပါတယ်။ တကယ်လည်း ကိုယ့်သား ကိုယ့်သမီးနဲ့ ကိုယ့်တပည့် သားမြေးတွေကို အပြစ်ပေး ရိုက်နှက်မိပြီးတိုင်း နာကျင်ကြရ၊ စိတ်မကောင်းဖြစ်ကြရတဲ့ ခံစားနာကျင်မှုမျိုးကို မိဘနေရာကို ရောက်နေရသူတိုင်း ခံစားဖူးကြလိမ့်မယ်လို့ ထင်ပါတယ်။ ရိုက်မိတဲ့ ကိုယ့်လက်၊ ဆူမိတဲ့ ကိုယ်ပါးစပ်ကို ကိုယ်တိုင်ပြန်ပြီး အပြစ်ပေးချင်လောက်အောင် ဖြစ်ခဲ့ဖူးကြတဲ့သူတွေ မြောက်မြားစွာ ရှိနေခဲ့လိမ့်မယ်လို့လည်း ယုံကြည်မိပါတယ်။ တကယ်တော့ ကိုယ်ချစ်ခင်ရတဲ့သူတွေကို ကိုယ့်လက်နဲ့ နာကျင်အောင် ပြုလုပ်ရတာလောက် စိတ်မှာ နာကျင်စရာကောင်းတဲ့ နာကျင်မှုမျိုး မရှိနိုင်တော့ဘူးလို့ ထင်ပါတယ်။ အဲဒီလိုပါပဲ၊ ကိုယ်ချစ်ခင်ရသူတစ်ယောက်နဲ့ ခွဲခွာရလို့ နာကျင်ရတာ ကိုယ်ချစ်ခင်မိသူ တစ်ယောက်ယောက်ရဲ့ အထင်အမြင်လွဲမှုကို ခံရလို့ နာကျင်ရတာဟာလည်း နာကျင်မှုတွေထဲက ခံရခက်ခဲတဲ့ နာကျင်မှုတွေပဲ ဖြစ်ပါတယ်။ အဆိုးဆုံးက ကိုယ်ချစ်ခင်ရသူတွေ၊ ကိုယ်ယုံကြည်ရသူတွေရဲ့ လှည့်ဖြားမှု၊ စော်ကားမှုတွေကို ခံလိုက်ရလို့ ဖြစ်ပေါ်လာတဲ့ နာကျင်မှုပဲ ဖြစ်ပါတယ်။ ကိုယ်တင်လိုက်တဲ့ မင်းသမီးက ကိုယ့်ရင်ကို ခြေစုန်ကန်ထွက်သွားတယ်လို့ ခံစားလိုက်ရတဲ့ ဒါရိုက်တာတစ်ယောက်ရဲ့ နာကျင်မှု၊ ကိုယ်တင်လိုက်တဲ့ အစိုးရကြောင့် ကိုယ့်လယ်တွေယာတွေကို ဆုံးရှုံးလိုက်ရလို့ လယ်သမားတစ်ယောက်ရဲ့ နာကျင်မှု၊ ပြည်သူတစ်ယောက်ရဲ့ နာကျင်မှုမျိုးကို ဆိုလိုတာဖြစ်ပါတယ်။ ဒါပေမဲ့ ဘယ်လောက်ပဲ နာကျင်ကျင်၊ နာကျင်ရုံကလွဲလို့ ဘာတစ်ခုမှ တုံ့ပြန်ခွင့်မရတဲ့ အခိုက်အတန့်တွေလည်း ကျွန်တော်တို့ဆီမှာ ရှိခဲ့ကြပါတယ်။ အထူးသဖြင့် ကိုယ်မှန်နေပါလျက် အင်အားချင်းမမျှလို့ ဘာမှမတုံ့ပြန် မဖြေရှင်းလိုက်နိုင်တဲ့ အခိုက်အတန့်တွေ ကျွန်တော်တို့ဆီမှာ ရှိခဲ့ကြပါတယ်။ နာကျင်လွန်းစရာ ကောင်းလောက်အောင် အနိုင်ကျင့်ခံလိုက်ရတဲ့ အဖြစ်အပျက်တွေ အများကြီးရှိခဲ့ကြပါတယ်။ တကယ်လည်း တချို့ကိစ္စတွေမှာ ကျွန်တော်တို့ဟာ ဘယ်လောက်ပဲ နာကျင်ကျင် ဘာတုံ့ပြန်ခွင့်မှ မရခဲ့ကြပါဘူး။ အံကြိတ်ပြီး လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်မိတာကလွဲရင် ဘယ်လိုတုံ့ပြန်မှုမျိုးကိုမှ ပြုလုပ်ခွင့်မရခဲ့ကြပါဘူး။ အထူးသဖြင့် အမှောင်ခေတ်ကြီးထဲမှာ ကျွန်တော်တို့ဟာ နာကျင်မှုပေါင်း များစွာကို ပွေ့ပိုက်ခဲ့ကြရပါတယ်။ နိုင့်ထက်စီးနင်း အပြုအမူတွေ၊ မတရားမှုတွေအတွက် နာကျင်ခဲ့ရုံပဲ တတ်နိုင်ခဲ့ကြ၊ ကျွန်တော်တို့ရဲ့ နာကျင်မှု၊ ကျွန်တော်တို့ရဲ့ နာကျည်းမှုတွေကို တံတွေးမျိုချသလို အခါပေါင်းမြောက်မြားစွာ မျိုချခဲ့ကြရပါတယ်။ တကယ်တော့ လူတစ်ယောက်ရဲ့စိတ်ကို နာကျင်သွားအောင်လုပ်ဖို့ကိစ္စဟာ သိပ်ကိုလွယ်ကူတဲ့ကိစ္စတစ်ခု ဖြစ်ပါတယ်။ ဒါပေမဲ့ အဲဒီခံစားလိုက်ရတဲ့ နာကျင်မှု၊ အဲဒီနာကျင်မှုကနေ ပေါက်ဖွားလာတဲ့ နာကျည်းမှုတွေကို ပြန်ပြီး ပျောက်ပျက်သွားအောင် ပြုလုပ်ဖို့အတွက်ကတော့ လွယ်ကူလှတဲ့ ကိစ္စတစ်ခု မဟုတ်ပါဘူး။ စိတ်အတွင်းသားတွေထဲမှာ ဆူးတစ်ချောင်းလို စိုက်ဝင်နေတဲ့ နာကျင်မှုတွေဆို ပိုပြီးတောင် ဆိုးပါသေးတယ်။ ကျွန်တော်ငယ်စဉ်က မပြေလည်တဲ့ မိသားစုစီးပွားရေး အနေအထားကြောင့် အဒေါ်တစ်ယောက်ရဲ့ အိမ်ကနေ ကျောင်းတက်ခဲ့ရပါတယ်။ အဒေါ်ရဲ့သား ကျွန်တော့်ရဲ့ ညီအစ်ကိုဝမ်းကွဲနဲ့အတူတူ တက်ရခြင်း ဖြစ်ပါတယ်။ ဒါပေမဲ့ ညနေကျောင်းက ပြန်လာပြီးတိုင်း ကျွန်တော်ဟာ အိမ်အလုပ်တွေကို လုပ်ရပြီး အဒေါ်ရဲ့သားကတော့ ဆော့ကစားခွင့်ရလေ့ ရှိပါတယ်။ အဲဒီ့အတွက် ခွဲခြားဆက်ဆံခံရတယ်ဆိုတဲ့ အသိနဲ့ ကျွန်တော့်စိတ်မှာ နေတိုင်း နာကျင်ခဲ့ရပါတယ်။ ပြန်တွေးမိတိုင်းလည်း နာကျင်နေဆဲပဲ ဖြစ်ပါတယ်။ အဲဒီလိုပါပဲ၊ မိဘညီအစ်ကိုမောင်နှမ၊ ဆွေမျိုးသားချင်းတွေကြောင့် ရရှိလာတဲ့ နာကျင်မှုတွေနဲ့ လူတွေ အဖွဲ့အစည်းတစ်ခုခု လူပုဂ္ဂိုလ်တစ်ယောက်ယောက်ကြောင့် ဖြစ်ပေါ်ခံစားလိုက်ရတဲ့ နာကျင်မှု နားကျည်းမှုတွေနဲ့ လူတွေလည်း မြောက်မြားစွာ ရှိနေကြလိမ့်မယ်လို့ ယုံကြည်မိပါတယ်။ ဒါ့အပြင် လူအချင်းချင်း ခွဲခြားဆက်ဆံခံရလို့ ဖြစ်ပေါ်လာတဲ့ နာကျင်မှုတွေနဲ့ လူတွေ၊ လူအချင်းချင်း နိုင်ထက်စီးနင်း အပြုခံရလို့ ဖြစ်ပေါ်လာတဲ့ နာကျင်မှုတွေနဲ့ လူတွေလည်း မြောက်မြားစွာ ရှိနေခဲ့ကြပါသေးတယ်။ တခြားသော အကြောင်းကြောင်းတွေနဲ့ နာကျင်မှုတွေကို ပွေ့ဖက်ထားနေကြရတဲ့ လူတွေလည်း သေချာပေါက် ရှိနေကြပါလိမ့်မယ်။ တကယ်လည်း မိဘတွေရဲ့ စွန့်ပစ်ခြင်းကိုခံရတဲ့ ကလေးတွေရဲ့ သတင်းတွေကို ကြားမိတဲ့အခါတိုင်း အဲဒီကလေးလေးတွေ အရွယ်ရောက်လာတဲ့အခါ သူတို့ကို မိဘတွေက စွန့်ပစ်သွားတယ်ဆိုတဲ့အသိနဲ့ သူတို့ရဲ့နှလုံးသားထဲမှာ ဘယ်လောက်တောင် နာကျင်နေကြလိမ့်မလဲလို့ ကျွန်တော် မကြာခဏ တွေးမိခဲ့ဖူးပါတယ်။ ဂျူးပေါင်း ခြောက်သန်း အသတ်ခံလိုက်ရပြီးတဲ့နောက် ကျန်ရှိနေခဲ့တဲ့ ဂျူးတွေရဲ့ ရင်ထဲမှာ ဘယ်လောက်နာကျင်နေခဲ့ကြမလဲ၊ အစွန်းရောက်ကြီး ဟစ်တလာကို ဘယ်လောက် နာကျည်းနေခဲ့ကြလိမ့်မလဲလို့ ကျွန်တော် မကြာခဏ တွေးကြည့်မိခဲ့ဖူးပါတယ်။ ဒါ့အပြင် ဒါဟာ ဂျူးတွေအပေါ် နာကျင်ခဲ့တဲ့ ဟစ်တလာရဲ့ နာကျင်မှု နာကျည်းမှုလည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ဘာပဲဖြစ်ဖြစ် မိမိကြောင့် တစ်ယောက်ယောက်ရဲ့ စိတ်မှာ နာကျင်သွားတာဟာ မကောင်းသလို တစ်ယောက်ယောက်ကြောင့် ကျွန်တော်တို့ရဲ့ စိတ်မှာ နာကျင်လိုက်ရတာဟာလည်း မကောင်းဘူး ဆိုတာကတော့ သေချာပါတယ်။ အဲဒါကြောင့် တစ်ယောက်ယောက် စိတ်မှာ နာကျင်သွားစေမယ့် အပြုအမူတွေ၊ စကားတွေကို မပြောမိ မလုပ်မိကြဖို့ လိုတယ်လို့ ထင်မိပါတယ်။ အထူးသဖြင့် မိဘတွေဟာ မိမိတို့ကလေးတွေရဲ့စိတ်ကို နာကျင်သွားစေမယ့် အပြုအမူမျိုး၊ အသုံးအနှုန်းမျိုးတွေကို မပြုမူ မသုံးနှုန်းမိဖို့ သတိထားရှောင်ကြဉ်ဖို့ ပိုပြီးလိုအပ်တယ်လို့ ထင်ပါတယ်။ အဲဒီလိုပါပဲ၊ ငါသာ ဒီလိုအပြောခံခဲ့ရရင် ဒီလို အပြုအမူခံခဲ့ရင်ဆိုတဲ့ ကိုယ်ချင်းစာစိတ်နဲ့ ကိုယ့်တပည့်လက်သား၊ မိသားစု၊ သူငယ်ချင်း၊ အပေါင်းအသင်း မိတ်ဆွေတွေရဲ့အပေါ်မှာ ပြောဆိုဆက်ဆံသင့်တယ်လို့ ထင်မိပါတယ်။ တကယ်တော့ “မင်းဟာ ဘာမှ အသုံးမကျဘူး” လို့ ပြောလိုက်တာနဲ့ “နောက်ထပ် နည်းနည်းသာ ထပ်ကြိုးစားလိုက်ရင် မင်းဟာ ဒီကိစ္စကို သေချာပေါက် အောင်မြင်နိုင်မှာ” ဆိုတဲ့စကားဟာ အဓိပ္ပာယ် အများကြီး ကွာဟတယ်လို့ ထင်ပါတယ်။ တကယ်လည်း “မင်းဟာ အသုံးကိုမကျဘူး” ဆိုတဲ့စကားဟာ လူတစ်ယောက်ရဲ့ စိတ်ကို အဆိုးဘက်ကို ရောက်သွားစေနိုင်ပြီး “နောက်ထပ် နည်းနည်းသာ ထပ်ကြိုးစားလိုက်ရင် မင်းဟာ ဒီကိစ္စကို သေချာပေါက် အောင်မြင်နိုင်မှာ” ဆိုတဲ့ စကားက ဆိုးရွားတဲ့ စိတ်အနေအထား ရှိနေသူကိုတောင်မှ အကောင်းဘက်ကို ကူးပြောင်းရောက်ရှိလာစေနိုင်တယ်လို့ ကျွန်တော်ကတော့ ထင်မိပါတယ်။ ဆိုလိုတာက လူတစ်ယောက်ကို နာကျင်အောင် ပြောဆိုလိုက်ခြင်းက ကိုယ့်အတွက် ဘာအကျိုးရလဒ်မှ မရနိုင်ပေမဲ့ လူတစ်ယောက်ကို ကောင်းမွန်စွာ အကောင်းဘက်က ရှုမြင် ပြောဆိုလိုက်ခြင်းကတော့ အဲဒီလူအတွက်ရော ကမ္ဘာကြီးအတွက်ပါ ကောင်းမွန်တဲ့ အကျိုးရလဒ်တွေကို ဖြစ်ပေါ်လာစေနိုင်တယ်လို့ ထင်ပါတယ်။ ဒါတင်မက လူတစ်ယောက်ရဲ့စိတ်ကို နာကျင်သွားအောင် ပြောဆိုမိလိုက်ခြင်းက ကိုယ့်အန္တရာယ်ကို ကိုယ်တိုင် ဖိတ်ခေါ်လိုက်သလိုလည်း ဖြစ်သွားနိုင်ပါသေးတယ်။ တကယ်လည်း ဒီနေ့ ဖြစ်ပွားနေတဲ့ အမှုအခင်းတွေကို လေ့လာကြည့်လိုက်ရင် စကားတစ်ခွန်း အပြုအမူတစ်ခုကနေ စတင်လာကြတယ်ဆိုတာကို တွေ့နိုင်ကြမှာ ဖြစ်ပါတယ်။ တစ်ယောက်ကိုတစ်ယောက် နာကျင်အောင် ပြောဆိုကြရာကနေ စတင်ဖြစ်ပွားလာကြတယ်ဆိုတာကို တွေ့ကြရမှာ ဖြစ်ပါတယ်။ တစ်ယောက်ယောက်ကို တစ်ခုခုအတွက် နာကျင်မိ၊ နာကျည်းမိရာကနေ ဖြစ်ပျက်ပေါ်ပေါက်လာကြတဲ့ အမှုအခင်းတွေ ဖြစ်တယ်ဆိုတာကို တွေ့ကြရမှာပဲ ဖြစ်ပါတယ်။ ဆိုတော့ တစ်ယောက်ရဲ့စိတ်မှာ နာကျင်သွားစေမယ့် အပြောအဆို အသုံးအနှုန်း အပြုအမူမျိုးတွေကို ကျွန်တော်တို့ဟာ အတတ်နိုင်ဆုံး မပြုမူ မပြောဆိုမိဖို့ လိုအပ်တယ်လို့ ထင်နေမိပါတယ်။ “တစ်ယောက်စကား တစ်ယောက်နားမှာ မခါးရအောင် သတိဆောင်၍ မောင်တို့ဆိုလေ ပျားသကာသို့ ချိုလှစေ” ဆိုတဲ့စကားကို တစ်ယောက်ကို တစ်ယောက် နှိမ့်ချပြောဆိုခြင်း၊ တစ်ယောက်နဲ့တစ်ယောက် ခွဲခြားပြောဆိုခြင်း အစရှိတဲ့ အပြောအဆိုမျိုးတွေ အပြုအမူမျိုးတွေကို အတတ်နိုင်ဆုံး ရှောင်ကြဉ်သင့်တယ်လို့သာ ထင်မြင်နေမိပါတယ်။ အထူးသဖြင့် တစ်ယောက်အပေါ်ကို တစ်ယောက်က စာနာစိတ်နဲ့ ဆက်ဆံပြီး တစ်ယောက်ရဲ့စိတ်မှာ နာကျင်သွားစေမယ့် စကားတွေ အပြုအမူတွေကို တစ်ယောက်က မပြောမိ မပြုမူမိစေဖို့ အထူးသတိထား ဆင်ခြင်သင့်တယ်လို့ ထင်မြင်မိပါတယ်။

Most Read

Most Recent