မင်အိုး၊ ဖောင်တိန်၊ စာရွက်

မင်အိုး၊ ဖောင်တိန်၊ စာရွက်
Published 19 September 2018

Photo: Cgtrader

မင်အိုး

မင်အိုးမှာ အနက်ရောင်ဖြစ်သည်။ မင်အိုးထဲတွင် မင်ရှိသည်။ မင်သည်အရည်ဖြစ်ပြီး အရောင်မှာ အနက်ပင်ဖြစ်သည်။ မင်အိုးကို ရန်ကုန်မြို့မှ ဝယ်ယူလာခဲ့ခြင်းဖြစ်သည်။ သူ လူငယ် ဘဝကရေးခဲ့သော စာထဲတွင် မင်အိုးထဲ၌ ဝတ္ထုတစ်ပုဒ် အရည်ပျော်နေဆဲ ဖြစ်သည်ဟု ပါရှိခဲ့သည်။

သူသည် မင်အိုးကို ဈေးကောင်းပေး၍ ဝယ်ယူခဲ့ခြင်းဖြစ်သည်။ မင်အိုးကို အလုံပိတ်ထားလျှင် မင်သည် ခန်းခြောက်၍ မသွားပေ။ မင်ကို ဖောင်တိန်ထဲသို့ထည့်၍ စက္ကူ ပေါ်တွင် ရေးခြစ်လိုက်သောအခါ စက္ကန့်ပိုင်းအတွင်းမှာပင် ခြောက်သွေ့သွားသည်။ သူသည် ရေး ခြစ်ထားသော အရာများကို ပြန်လည်ကြည့်ရှုသည်။

“ကျွနု်ပ်တို့အားလုံး ဂိုဂေါ၏အင်္ကျီမှ ဆင်းသက်လာကြသည်” ဟူသော စကားရပ်ရှိသည်။ ရေးခြစ်မှုများအားလုံး မင်အိုထဲမှ ဆင်းသက်လာခြင်းဖြစ်သည်။ ကျီးကန်း၊ နီ ဂရိုး၊ မီးသွေးနှင့် မင်အိုးသည် အနက်ရောင်များ ဖြစ်သည်။ အနက်ရောင်သည် ထို့ကြောင့် ပျံသန်းနိုင်သည်။  အနက်ရောင်သည် ထို့ ကြောင့် ဘောလုံးကစားနိုင်သည်။ အနက်ရောင်သည် ထို့ကြောင့် ချက်ပြုတ်နိုင်သည်။ အနက်ရောင်သည် ထို့ကြောင့်  ဖတ်ရှုစရာတစ်ခု ဖြစ်သည်။

အနက်ရောင်သည် ကြောက်ဖွယ်ကောင်းသော ခွန်အားရှိသည်။  အနက်ရောင်သည် အမှောင်ထုကို ပြုလုပ်၍ အမှောင်ထုထဲ၌ ညရထားခုတ်မောင်းနေသည်။ ညရထား၏ တွဲနံပါတ်(၁၂) ၌ လူတစ်ယောက် စီးနင်း လိုက်ပါလာသည်။ သူ့ထံ၌ မင်အိုးတစ်လုံး ပါရှိလာပြီး ယင်းသည်  အနက်ရောင်ဖြစ်သည်။ မင်သည် သူ၏အလုပ်ကို သူ လုပ်လေ့ရှိသည်။  ယင်းမှာ ဖောင်တိန်ထဲသို့  ဝင်ရောက်ပြီး အက္ခရာများအဖြစ် ပြန်လည်ထွက်ရှိလာခြင်း ဖြစ်သည်။

ကောင်းပြီ။ မင်အိုးကို အသုံးပြုကြပါစို့။ မင်အိုးထဲမှ အနက်ရောင်မင်ကို အသုံးပြု၍ 'မိဖြူ'  ဟူသော  ကောင်မလေးတစ်ယောက်အကြောင်း ဖော်ပြနိုင်သည်။ မိဖြူ၊ နွားနို့၊ ထုံးနှင့် ကြက်ဥသည် အဖြူရောင်ဖြစ်သည်။ အနက်ရောင်သည် ထို့ကြောင့် ပြုံးရယ်နိုင်သည်။ အနက်ရောင်သည် ထို့ကြောင့် ဒိန်ချဉ်တစ်ခွက်ကို ပြုလုပ်ပေးနိုင်သည်။ အနက်ရောင်သည် ထို့ကြောင့် ကြွေအံ ရှုံးသူကို ညွှန်ပြနိုင်သည်။ အနက်ရောင်သည် ထို့ကြောင့် ဥမှ အကောင်ပေါက်နိုင်သည်။

မင်အိုးတစ်လုံးသည် အက္ခရာဝါကျ မည်မျှဆံ့သနည်း။ မင်အိုးတစ်လုံးသည် အသုံးပြုပြီးသွားပါက ယုတ္တိဗေဒနည်းဖြင့်ဆိုရလျှင် ရေးလက်စဝတ္ထုရှည်ကြီးကို စာမျက်နှာ မည်မျှထိရောက်အောင် ဖော်ပြနိုင်ပါသနည်း။ ရေးလက်စဝတ္ထုရှည်ကြီး၏ ပျင်းရိဖွယ် စာမျက်နှာများကို တစ်ရွက်ချင်း လှန်လှောလျှင် မင်အိုးတစ်လုံး၏ ကြိုးပမ်းအားထုတ်မှုကို တွေ့နိုင်သည်။

စိတ်မပျက်ပါနှင့်။ အဘိုးအိုသည် မင်အိုးကို ရေအနည်းငယ်နှင့်ကျင်းကာ  ဖောင်တိန်နှင့် တို့၍ ရေးလက်စ ဝတ္ထုရှည်ကြီးကို ရေးလျက်ရှိလေသည်တကား။ အဘိုးအို၏ အရေးအသားများမှာ ကောင်းစွာမြင်တွေ့ရခြင်းမရှိ တော့။ မင်သည် အရောင်ဖျော့လေပြီ။ သူသည် အဘိုးအိုအဖြစ်သို့ ရောက်ရှိလေပြီ။ ရေးလက်စဝတ္ထုရှည်ကြီးကား ပြီးဆုံးခြင်းသို့  မရောက်သေး။ တစ်ခုသောနွေဦးတစ်ရက်တွင် ရေဖြည့်ထားသော မင်အိုးနှင့် ငြိမ်သက်နေသော အဘိုးအိုကို လူအချို့ တွေ့ရှိကြရလေသည်။ ယင်းသည် ရေးလက်စ ဝတ္ထုရှည်ကြီး၏ ပျင်းရိဖွယ်ကောင်းသော စာမျက်နှာများ ဖြစ်ကောင်းဖြစ်နိုင်ပါသည်။

 

ဖောင်တိန်

ဖောင်တိန်သည် ရှည်မျောမျော ပုံသဏ္ဌာန်ရှိသည်။ အဖျားတွင် သေးသွယ်၍ ချွန်ထက်သော နစ်ရှိသည်။ ဖောင်တိန်သည် သူ၏ ကိုယ်ထည်ထဲတွင် မင်ကို သိုလှောင် ထားနိုင်ပြီး ရေးခြစ်သောအခါ ထိုမင်ကို နစ်မှ တစ်ဆင့် စာရွက်ပေါ်သို့ ရောက်ရှိစေသည်။ သူ လူငယ်ဘဝက ဖောင်တိန်ကို ဤသို့ ရေးသား ဖော်ပြခဲ့ဖူး၏။ “အရွေ့စွမ်းအင်ကို ဘာသာဗေဒအဖြစ် ကူးပြောင်းတဲ့အခါ ဖောင်တိန်ကို အသုံးပြုကြပါတယ်” ဟု ဖြစ်သည်။

သူသည် ဖောင်တိန်တစ်လက်ကို ပိုင်ဆိုင်ရခြင်း၌ မွေ့လျော်သည်။ သူ လူငယ်ဘဝက ညဉ့်နက်နက်၌ အိပ်ပျော်သွားရာတွင် အိပ်မက်ထဲ၌ ဖောင်တိန်ကို  တွေ့ရလေသည်။ နိုးလာသောအခါ သူ့ရင်သည် တဒိတ်ဒိတ်ခုန် နေသည်။ ယခု သူနောက်ဆုံးပိုင်ဆိုင်ထားသော ဖောင်တိန်မှာ အတန်ပင် ဈေးကြီးပြီး ရန်ကုန်မြို့ လှည်းတန်းခုံးကျော်တံတားအောက်ရှိ ဆိုင်မှ ဝယ်ယူခဲ့ခြင်းဖြစ်သည်။

သူ ကလေးဘဝက ပစ္စည်းဟောင်း ဝယ်သော ကုလားများသည် “ဖောင်တိန်အဟောင်း အပျက် နစ်တွေ ဝယ်တယ်”  ဟု  အော်ကာအိမ်ရှေ့လမ်းမထက်  ဖြတ်သွားသည်ကို မကြာခဏ တွေ့ခဲ့ရသည်။ ရှေးဟောင်း ဖောင်တိန် များ၏ နစ်သွားသည် ကောင်းမွန်သော သတ္တု ဖြင့် ပြုလုပ်ထားပြီး ထိုသတ္တုကို ပိုမိုကောင်းမွန်စေရန် ရွှေ၊ ပလက်တီနမ်စသည့် သတ္တုအရောများ ထည့်သွင်းထားသည်ဟု ဆိုကြသည်။ ယခု သူ အသုံးပြုနေသော ဖောင်တိန်မှာ ငွေရောင်သတ္တုကိုယ်ထည်နှင့် နစ်သွားကို ပလတ်စတစ်ဖိုင်ဘာကဲ့သို့သော အနက်ရောင်ငုတ်က ငုံထားသည်။

ဖောင်တိန်ထဲသို့ မင်တစ်ကြိမ် ထည့်ထားလျှင် စာတစ်ပုဒ်ကို ကောင်းစွာရေးနိုင်သည်။ ယခုအခါ မကြာခဏ သူ ကိုင်တွယ် အသုံးပြုသဖြင့် ဖောင်တိန်ကိုယ်ထည်မှာ ငွေရောင်ပွန်းကာ အောက်ခံကြေးဝါရောင်ကို မြင်တွေ့ရလေသည်။ သူသည် ဖောင်တိန်ကို ရိုသေကြောင်း ဝန်ခံသည်။ ဖောင်တိန်နှင့် သူ၏ ယာလက်တို့ ထိတွေ့သောနေရာတွင် ပြောင်လက်နေသော ကြေးဝါရောင်ကို တွေ့ရသည်။

သူ၏ နေ့ရက်များထဲတွင် ဖောင်တိန်က သူ့ကို ယဉ်ကျေးစေခဲ့သည်။ ဖောင်တိန်က သူ့ကို အသုံးစရိတ်အချို့ ထုတ်ပေးခဲ့သည်။ ဖောင်တိန်က သူ့ကို ပျော်ရွှင်စေခဲ့သည်။ သူ စာရေးတော့မည်ဆိုလျှင် ဖောင်တိန်က အမြဲ ပါဝင်လေ့ရှိသည်။ လိုချင်သော အနေအထားရောက်အောင် ဖန်တီးပေးမြဲပင်ဖြစ်သည်။ တစ်ခါတရံ သူ စာရေးနေရင်း စာရွက်ပေါ်သို့  သေးငယ်သော ပိုးကောင်ကလေးနှင့် လွတ်အောင် ရှောင်ကွင်း၍ ရေးရတော့သည်။

သူ၏ ဖောင်တိန်ကလေးဖြင့် ရေးသား ထားသော အက္ခရာများသည် သူ၏ဘ၀ ကျင်လည်မှုကို ဖော်ပြကြမြဲပင်ဖြစ်သည်။ လွန်ခဲ့သော ရက်သတ္တပတ်ခန့်က သူ၏ ဖောင်တိန်ကလေး ပျောက်ဆုံးသွားသည်။ သူသည် နှမြောမိသလို ဝမ်းနည်းမိပြန်လေသည်။ မိုးရွာသောတစ်နေ့က မိုးကာအင်္ကျီကို ယူ၍ ဝတ်ဆင်လိုက်ရာတွင် မိုးကာအင်္ကျီထဲ၌ ဖောင်တိန်ကလေးကို ပြန်တွေ့လိုက်ရသည်။ သူသည် ဖောင်တိန်ပြန်တွေ့သည့် ပျော်ရွှင်မှု အထိမ်းအမှတ်အဖြစ် စာတစ်ပုဒ်တော့ ရေးဦးမည်ဟုဆိုကာ စာရေးစားပွဲ၌ ထိုင်လေသည်။

သူ ရေးခဲ့ဖူးသော ကဗျာတစ်ပုဒ်ထဲတွင် “စာရွက်ကို ထွန်ယက်ဖို့” ဟူ၍ သုံးနှုန်းခဲ့ဖူးသည်။ သူသည် ဖောင်တိန်တစ်လက်ဖြင့် စာရွက်ကို ထွန်ယက်တတ်နေလေပြီ။ သို့ဆိုလျှင် နစ်သွားကို မည်သို့ဆိုရပါအံ့နည်း။ သို့ ဆိုလျှင် အက္ခရာများကို မည်သို့ ဆိုရပါအံ့နည်း။

ဖောင်တိန်တစ်လက်သည် မီးခိုးမထွက်သော စက်ရုံတစ်ခုလည်း ဖြစ်သည်။ ကောင်းပါပြီ။ ဖောင်တိန်တစ်လက်နှင့်  ညဉ့်နက်ထဲမှာ စာရေးနေသူကား အသူနည်း။ ဖောင်တိန်တစ်လက်နှင့်  နေ့ရက်များကို  ဖြတ်သန်းနေသူသည် အသူနည်း။ ဖောင်တိန်ကို ညင်သာစွာ လှုပ်၍ ရွေ့ပါစေတော့။ ထိုအခါ မြင်တွေ့ရ အပ်သော အက္ခရာများကို ဖတ်ရှုကြကုန်ပါအံ့။ ညဉ့်ကား နက်လေပြီ။ ဖောင်တိန်သည် အဖုံးကို ပိတ်၍လဲလျောင်းပြီ။ အိပ်စက်ချိန်ပါတကား။

 

စာရွက်

စာရွက်တစ်ရွက်သည် လူတစ်ယောက်၏ ကိုယ်ပိုင်ဧရိယာကလေးတစ်ခုဖြစ်သည်။ စာရွက်တစ်ရွက်သည် လွတ်လပ်သော ရှင်သန်မှု၏ ကျက်စားရာနယ်မြေဖြစ်သည်။ စာရွက်တစ်ရွက်သည် ပြားချပ်၍ အနား လေးဘက်ပါရှိကာ သင်၏ဆင်ခြင်တုံတရားကို မွေးမြူထားနိုင်သည်။ စာရွက်သည် စာရေးရန်အတွက် ပြုလုပ်ထားသော စက္ကူတစ်မျိုးဖြစ်သည်။ စာရွက်ကို အသုံးပြု၍ လူတစ်ယောက်၏ ဦးခေါင်းထဲ၌ရှိနေသော စိတ်ကူးစိတ်သန်းများကို နေရာချထားနိုင်သည်။ စာရွက်ကို အသုံးပြု၍ ကိန်းဂဏန်းနှင့် အက္ခရာများကို မှတ်သားနိုင်သည်။

ဗလာဖြစ်နေသော စာရွက်တစ်ရွက်ကို တွေ့လျှင် မည်ကဲ့သို့ ပြုလုပ်သင့်ပါသလဲ။ ရှယ်လီ၏ ကဗျာစာသားအချို့ ကို ရေးချနိုင်သည်။ မြို့ငယ်ကလေးတစ်မြို့တွင် နေထိုင်သော မိတ်ဆွေတစ်ယောက်ထံ စာအနည်းငယ် ရေးနိုင်သည်။ ဂဏန်းသင်္ချာပုစ္ဆာတစ်ပုဒ်ကို အဖြေထုတ်နိုင်သည်။ သို့မဟုတ် သင် စိတ်ပြောင်းသွားလျှင် စုတ်ဖြဲပစ်လိုက်နိုင်သည်။ သူ ပိုင်ဆိုင်ထားသော ဧရိယာငယ်ကလေးကို ကောင်းစွာ အသုံးပြုလိမ့်မည်ဟု မျှော်လင့်နိုင်သည်။ စာရွက်တစ်ရွက်သည် ကမ္ဘာမြေအကြောင်း စပ်ဆိုထားသော ကဗျာတစ်ပုဒ်ကို ရေးသားရန် လုံလောက်သည်။

စာရွက်တစ်ရွက်သည် စစ်ပွဲတစ်ခုကို ရပ်စဲစေနိုင်သည်။ စာရွက်တစ်ရွက်သည် ချစ်မေတ္တာကို ဆောင်ယူ၍ တစ်ဖက်သားထံသို့ ပေးပို့နိုင်သည်။ စာရွက်တစ်ရွက်သည် စာသင်သားတစ်ယောက်၏ အရည်အချင်းကို ဆန်းစစ်နိုင်သည်။ စာရွက်တစ်ရွက်သည် လေထဲတွင် လွင့်မျောသွားနိုင်သည်။  စာရွက်တစ်ရွက်သည် ပုလင်းတစ်လုံးထဲတွင် ခိုအောင်းကာ ပင်လယ်ပြင်ကိုဖြတ်၍ ညနေခင်းအချိန်တွင် ကမ်းခြေသို့ ဆိုက်ကပ်လာ နိုင်သည်။

စာရွက်တစ်ရွက်သည် ဝတ္တုတစ်ပုဒ် စတင်ရန်အကောင်းဆုံး ဒြပ်ထုဖြစ်သည်။ သူသည် စာရွက်အနည်းငယ်ကို ပိုင်ဆိုင်ထားသည်။ သူ ပျော်ရွှင်သည့်အခါ  စာရွက်ပေါ်တွင် စာရေး၍ သူ ဝမ်းနည်းသည့်အခါ စာရွက်ပေါ် ဝါကျများကို တည်ဆောက်ပြီး သူ ငိုက်မြည်းနေချိန်တွင် စာရွက်များသည် ပြတင်းပေါက်မှ ဖြတ်ဝင်လာသော လေထဲ၌ တဖျပ်ဖျပ် လှုပ်နေကြသည်။

မကြာမီ ဆောင်းရာသီ ဝင်ရောက်လာတော့မည်။ သူသည်  အေးစက်တောင့်တင်းနေသော စာရွက်များပေါ်၌ ရေခဲတမျှသော အက္ခရာများကို ရေးလိမ့်ဦးမည်သာ။ အေးစက်သော နေ့ရက်များသည်လည်း စာရွက်ပေါ်သို့ တဖြည်းဖြည်း ချီတက်လာလိမ့်ဦးမည်သာ။

Most Read

Most Recent