အဲလူ ဒုက္ခရောက်ချင်လို့

အဲလူ ဒုက္ခရောက်ချင်လို့
Published 19 September 2018

Photo - Instructables

ဦးခေါင်းတစ်ခုဟာ ပလက်ဖောင်းပေါ်ကရေတွေ ရေမြောင်းထဲ စီးကျနေတာကို ငေးကြည့်နေတယ်။ ဦးခေါင်းတချို့ကတော့ ပလက်ဖောင်းကိုနင်းရင်း ခြေလှမ်းကောက်ကောက်တွေ၊ ဘဝကောက်ကောက်တွေကို ဦးခေါင်းထဲ ထည့်ရင်း လျှောက်နေကြတယ်။ဦးခေါင်းတချို့ကတော့ ဈေးဆိုင်တန်းတွေ၊ ကားတွေ၊ ကတ္တရာလမ်းတွေထဲကို တိုးဝင်ရင်း ညနေခင်းတစ်ခုထဲမှာ ပျောက်ကွယ်သွားတော့မယ်။ ဦးခေါင်းတွေ တွင်ကျယ်နေတယ်လို့ ထင်ရတဲ့ ညနေခင်းတစ်ခု။ ဦးခေါင်းဆီရောက်လာတဲ့ အတွေးတစ်ခု။ ဒီလိုနဲ့  ဦးခေါင်းတွေဟာ ခန္ဓာကိုယ်တစ်ခုကို ပြည့်စုံတင့်တယ်အောင် လည်ပင်းအပေါ်ကနေ သရုပ်ဆောင်နေခဲ့တယ်။

ဦးခေါင်းတစ်ခုဟာတော့ ဘေးလွယ်အိတ်ကို လွယ်ရင်း အစုန်အဆန်မရှိတဲ့ ပလက်ဖောင်းပေါ်ကနေ တစ်နေ့တာကို လက်စသတ်နေခဲ့တယ်။ ဦးခေါင်းတချို့ကတော့ကျိုးတိုးကျဲတဲ သစ်ပင်အုပ်အုပ်လေးတွေပေါ်က လက်ကျန်မိုးရေစလေးတွေ တွဲလွဲခိုနေတာကို ကြည့်နေကြတယ်။ ခိုလေးတွေဟာ ဦးခေါင်းတချို့တွေပေါ် ခုန်တက်ပြေးလွှားရင်း ဓာတ်ကြိုးတွေပေါ်အရောက်မှာ ငြိမ်သက်သွားကြတယ်။ မီးပွိုင့်တွေဟာ အလင်းရောင် ပိုစူးရှလာတော့ ဦးခေါင်းတချို့ဟာ တလက်လက် ထနေခဲ့တယ်။ ဦးခေါင်းတချို့ လမ်းဖြတ်ကူးနေချိန်မှာ လမ်းမပေါ်က ကားတွေဟာ ရှေ့တိုးနောက်ဆုတ် ဖြစ်နေပြီး သူတို့ရဲ့ဦးခေါင်းတွေကို ချိန်ဆနေပုံရတယ်။

ထူးထူးခြားခြား သက်တံကြီးတစ်ခုဟာ အဲဒီညနေမှာ ကောင်းကင်ပြည့်မတက် မြေပြင်ပေါ်က အရာအားလုံးကို ကားရားခွထားတယ်။ အဲဒီသက်တံကြီးမှာတော့ ဦးခေါင်းဟာ ဘယ်တောအုပ်ထဲ ထိုးစိုက်ကျ နေမလဲမသိ။ ဘယ်မြို့ရဲ့ဆင်ခြေဖုံးထဲ ထိုးစိုက်ကျနေမလဲမသိ ။ ဘယ်မြစ်ပြင်ထဲ ထိုးစိုက်ကျနေမလဲမသိ။ ဦးခေါင်းတချို့ကတော့ ချာလည်လည်ရင်း သက်တံကြီးကို ကြည့်နေကြတယ်။ မီးသတ်ကားတချို့ကတော့ အသံနက်ကြီးတွေနဲ့ အော်ဟစ်ရင်း ကမူးရှူးထိုး မြို့ထဲ တစ်နေရာကို ခေါင်းတိုးဝင်သွားနေတယ်။

ဒီလိုနဲ့ ညနေခင်းဖြစ်နေသေးကြောင်း ဦးခေါင်းတစ်ခုဟာ သတိပြုမိသွားတယ်။ သူ့ ဦးခေါင်း သူပုတ်ရင်း၂၀၁၈ ထဲကဦးခေါင်းတွေအကြောင်း စဉ်းစားနေမိတယ်။ အဲဒီ ဦးခေါင်းတွေထဲမှာမှ သူ့ဦးခေါင်းဟာ နာရီလက်တံလို တချက်ချက်မြည်နေပြီး တာဝန်အချိန်ဇယားတွေကို ထည့်သိမ်းထားရတဲ့ ဦးခေါင်းတစ်ခု ဖြစ်နေခဲ့တယ်။ စစ်တုရင် ကစားရင် လယ်ဗယ် ၃ က မကျော်နိုင်တဲ့ ဉာဏ်ရည်တွေ ထုပ်ပိုးထားတဲ့ ဦးခေါင်းဟာ ဘာတွေကို အထူးတလည် ဆောင်ရွက်နိုင်မှာလဲလို့ တွေးနေပြန်တယ်။ အခုဆိုရင် ဦးခေါင်းဟာ ငိုက်စိုက်ငိုက်စိုက်နဲ့ တစ်နေရာကိုတော့ ခုတ်မောင်းနေခဲ့ရတယ်။ အလင်းပြီးရင် အမှောင်။ အမှောင်ပြီးရင် အလင်း။ ဒီလိုနဲ့ ဦးခေါင်းတစ်ခုဟာ ပလက်ဖောင်းအတိုင်း လျှောက်လိုက်၊ လမ်းမပေါ် ကွေ့ချလိုက်၊ ဆိုင်တန်းတစ်ခုထဲ တိုးဝင်လိုက်နဲ့ ဦးခေါင်းဟာ တစ်ခါမှ အနားမရခဲ့ဘူး။ ကြာလာတော့ ဦးခေါင်းဟာ ချွေးတွေ စို့လာတော့တယ်။ ဦးခေါင်းဟာ ရစ်ဘီးကြိုးတွေ အရစ်ခံထား ရတဲ့ဆုံလည်လို တင်းကျပ်လာတော့တယ်။

ဦးခေါင်းဟာ ခေါင်းအုံးနဲ့ ထိတဲ့အချိန်ကျတော့ ပူနွေးလာပြန်တယ်။ လှုပ်လာပြန်တယ်။ ဒီလိုနဲ့ ဦးခေါင်းဟာ နာရီလက်တံလို တချက်ချက် မြည်လာခဲ့ပြန်တယ်။ ဦးခေါင်းဟာ မငြိမ်တော့ဘူး။ ဦးခေါင်းဟာ ဦးခေါင်းနဲ့ မတူတော့ဘဲ လမ်းဘေးက ဟင်းသီးဟင်းရွက်တွေလို ဖြစ်လာခဲ့တယ်။တချို့နေရာတွေဟာ ညှိုးရော်နေတယ်။ တချို့နေရာတွေ ဖောင်းပွနေတယ်။ တချို့အရာတွေကတော့ တစ်နေရာကို လွင့်ထွက်သွားတယ်။ တချို့ကတော့ ဦးခေါင်းထဲမှာပဲ ကျန်ရစ်ခဲ့တော့တယ်။ တစ်ခါတလေကျတော့လည်း ဦးခေါင်းဟာ ဈေးဆစ်ခံထားရတဲ့ သစ်သီးတွေလို ဘယ်နေရာ ရောက်မယ်မှန်း အသေအချာမသိရတဲ့ အခြေအနေ။ ဒီလိုနဲ့  ဦးခေါင်းဟာ ဘာမှ ဖမ်းဆုပ်မရဘဲ အေးခဲသွားပြန်တယ်။

တခြားဦးခေါင်းတွေကို ဦးခေါင်းဟာ လေ့လာအကဲခတ်နေခဲ့တယ်။ ဦးခေါင်းပုံချင်းတော့ တူတယ်။ ဦးခေါင်းထဲက စည်းချက်တွေဟာ မတူခဲ့။ တချို့ဦးခေါင်းတွေဟာ အဆီအသားဓာတ်များများ ဆူဖြိုးနေတဲ့ ဦးခေါင်းတွေ။ မူးယစ်ဆေးအငွေ့တွေ အုံခဲနေတဲ့ ဦးခေါင်းတွေ။ အနုပညာမဲ့နေတဲ့ ဦးခေါင်းတွေ။ ဒေါ်လာဈေးအတက်ကို စောင့်နေတဲ့ ဦးခေါင်းတွေ။ ခရီးသည်တွေ အိတ်ထဲကနေ ဘယ်လိုနှိုက်ယူရမလဲလို့ ကြံနေတဲ့ ဦးခေါင်းတွေ။ ပိတ်မိနေတဲ့ လူယဉ်ကျေးစကားလုံးတွေထဲ ထည့်သိပ်ထားတဲ့ ဦးခေါင်းတွေ။ “မင်း ဘာကောင်လဲ၊ ငါ ဘာကောင်လဲ” ဆိုတဲ့ ဦးခေါင်းတွေ။ ဦးခေါင်းတွေအစုံပါပဲ။

အဲဒီဦးခေါင်းတွေဟာ ဦးခေါင်းအချင်းချင်း အတုအစစ် ခွဲနေကြပြန်တယ်။ ငါ့ဦးခေါင်းဟာ အနှစ် ၇၀ကျော် ကြာခဲ့ပြီ။ ငါ့ဦးခေါင်းဟာ အနှစ် ၆၀ကျော် ကြာခဲ့ပြီ။ ငါ့ဦးခေါင်းဟာ အနှစ် ၄၀ ကျော် ကြာခဲ့ပြီ။ ငါ့ ဦးခေါင်းဟာ အနှစ်၂၀ ကျော် ကြာခဲ့ပြီ။ အဲဒီလို ပြောကြရင်း ငါ့ဦးခေါင်းကမှ ဦးခေါင်းအစစ်၊ မင်းဦးခေါင်းက အတုလို့ ငြင်းခုံနေကြပြန်တယ်။ ၁၀ နှစ်သား ဦးခေါင်းလေးကတော့ အားလုံးကို တွေဝေကြည့်နေခဲ့တယ်။ ကြည့်နေရင်း ဒီဦးခေါင်းတွေဟာ ရူး သွပ်နေတဲ့ ဦးခေါင်းတွေလို့ မှတ်ချက်ချနေတယ်။ ငါးနှစ်သား ဦးခေါင်းလေးကတော့ တခစ်ခစ်နဲ့ ရယ်ရင်း ဦးခေါင်းအားလုံးကို လှောင်ပြောင်သရော်နေခဲ့တယ်။သူ့ ဦးခေါင်းကမှ ဦးခေါင်းအစစ်။ ဘာအညစ်အကြေးမှ မရှိသေး။ ဘာအရှုပ်အထွေးမှ မရှိသေး။ ဘာကြီးကြီးကျယ်ကျယ် စီမံကိန်းမှ မရှိသေး။ငါက ငါးနှစ်သားဦးခေါင်းလေးလို့ ဆိုနေ ပြန်တယ်။ ငါ့ဦးခေါင်းကမှ အစစ်။

ကျန်တဲ့ဦးခေါင်းတွေလည်း အတုအစစ် ခွဲနေကြရင်း တဖြည်းဖြည်း ဦးခေါင်းဟာ ဦးခေါင်းနဲ့ မတူတော့တာ သူတို့ သတိမပြုမိဘူး။ ဦးခေါင်းဟာ ကားဘီးတွေ ပြုတ်ကျသွားတဲ့ လမ်းချိုင့်ခွက်တွေနဲ့ တူလာတော့ တယ်။ယိုင်နဲ့ ယိုယွင်းနေတဲ့ ကားမှတ်တိုင် နေရာပြ အမိုးအကာ ဆိုင်းဘုတ်ပြားတွေနဲ့ တူလာတော့တယ်။ သက်တမ်းကုန်နေပြီ ဖြစ်တဲ့ မြစ်ကူးတံတားတွေနဲ့ တူလာတော့တယ်။ ကယ်ဆယ်ရေးစခန်းတွေက အဆောက်အအုံ တွေနဲ့တူလာတော့တယ်။ ဦးခေါင်းတွေဟာ ဦးခေါင်းလို့ ပြောရမှာ ခက်လာတော့တယ်။

ဒါပေမဲ့ ဦးခေါင်းတွေဟာ ဆက်လက် ငြင်းခုံနေကြတုန်းပဲ။ ဦးခေါင်းအစစ်အတု ဆိုတာကို ခွဲခြမ်းစိတ်ဖြာနေကြတုန်းပဲ။ ပျောက်ဆုံးသွားခဲ့ဖူးတဲ့ ဦးခေါင်းတွေ အကြောင်းလည်း ဝေဖန်နေကြသေးတယ်။ ခက်ရော။ ဘယ်အချိန် ဘယ်ကာလက ပျောက်သွားတာ၊ ဘယ်လိုပုံစံနဲ့ ပျောက်ဆုံးသွားတာ စသဖြင့်ပေါ့။ တချို့က အဲဒီဦးခေါင်းတွေကို အခုထိ တကူးတက လိုက်ရှာနေကြတုန်းပဲ။ ဒီဦးခေါင်းတွေဟာ ဘယ်ရောက်သွားကြလဲ။ပြတိုက်ထဲမှာလား။ လမ်းဘေးမှာလား။ စာအုပ်ပုံတွေထဲမှာလား။ အမှိုက်ပုံတွေထဲမှာလား။ ရုပ်သံပြစက်တွေထဲမှာလား။ ရေဆိုး မြောင်းတွေထဲပဲ ပြုတ်ကျနေခဲ့လား။ ဒီဦးခေါင်းတွေထဲမှာလည်း အစစ်တွေ၊ အတုတွေ ရှိနေနိုင်သေးလား။

ဒီလိုနဲ့  ဦးခေါင်းတွေဟာ ဦးခေါင်းတွေကို လိုက်ရှာတဲ့ဆီ အာရုံရောက်သွားပြန်ပါရော။၂၁ ရာစုဦးခေါင်းကနေ၂၀ရာစု၊ ၁၉ ရာစု၊ ၁၈ ရာစု ပြန်လှည့်သွားလိုက်တာ ဦးခေါင်းသမိုင်းထဲ ပြုတ်ကျသွားခဲ့ပါရော။ ဦး ခေါင်းဗေဒပါရဂူတစ်ယောက်ကတော့ ဦးခေါင်းတွေဟာ ကြာလာလေလေ အနှစ်မရှိ လာလေလေပဲလို့ ဆိုတယ်။နောက်ပြီး ဦးခေါင်းတွေဟာ ညီညီညာညာ မရှိတော့ဘူး။ ရွဲ့လို ရွဲ့၊ စောင်းလို စောင်း။ ပုလို ပု၊ ရှည်လို ရှည်နဲ့၊ ဦးခေါင်းတွေဟာ လော်လီလာတယ်လို့ဆိုတယ်။ ကျွန်တော့်ဦးခေါင်းကိုပဲ ကြည့်လေ၊ အမှိုက်မပစ်ရသေးတဲ့ အမှိုက်ပုံးကြီးလို ဖြစ်နေတာ တွေ့တယ်မဟုတ်လား။ ခင်ဗျားတို့ ဦးခေါင်းတွေလည်း အတု အစစ်ခွဲနေလို့ အပိုပါပဲ။ ခင်ဗျားတို့ဦးခေါင်းတွေကလည်း ငလျင်သေးသေးလေး လှုပ်ရင်တောင် အချိန်မရွေး ပြတ်ကျနိုင်တဲ့ ဓာတ်တိုင်တွေလိုပဲလို့ ပြောပြန်တယ်။ ဒီလိုနဲ့ ဦးခေါင်းတွေဟာ ငြင်းကြခုံကြရင်းနဲ့ ငိုက်စိုက်ကျလာတော့တယ်။ ဘယ်ရာစုဦးခေါင်းတွေကမှ အနိုင်မရဘူး ဖြစ်နေခဲ့တယ်။ ပွဲကတော့ လှပြီ။

ခဏကြာတော့ ဦးခေါင်းတွေဟာ ငြင်းခုံနေကြရင်း နံပါတ်စဉ်ခေါ်ပြီး ဦးခေါင်း ဦးခေါင်းချင်း ပြေးဆောင့်လိုက်ကြတော့တယ်။ ဦးခေါင်းတွေအားလုံးဟာ ကွဲအက် ကြေမွကုန်ကြတယ်။ အဲဒီအချိန်မှာ လူတစ်ယောက် ရောက်လာပြီး ဘယ်ဦးခေါင်းက ဘယ်သက်တမ်းရှိပြီ။ ဘယ်ဦးခေါင်းက ဘယ်ရာစုကို အသိအမှတ်ပြုနေတဲ့ ဦးခေါင်း။ ဘယ်ဦးခေါင်းက ဘယ်ရာစုထဲမှာ ပေါ်ပြူလာဖြစ်တဲ့ဦးခေါင်း စသဖြင့် ဦးခေါင်းရဲ့အစိတ်အပိုင်းတစ်ခုစီကို လွယ်အိတ်ထဲ ကောက်ထည့်သွားတော့တယ်။ တကယ်တော့ အဲဒီလူမှာ ဦးခေါင်းက ပါမလာခဲ့ဘူး။