တီကျစ်နှင့် ဒေသခံတို့၏ သောက

တီကျစ်နှင့် ဒေသခံတို့၏ သောက
Published 17 September 2018

ပင်လောင်းမြို့အတွင်းရှိ တီကျစ်ကျောက်မီးသွေးစက်ရုံကို တွေ့ရစဉ်

တီကျစ်ဒေသသည် ရှမ်းပြည်နယ်ရှမ်း ပြည်နယ်တောင်ပိုင်း တောင်ကြီးခရိုင် ပင်လောင်းမြို့နယ် ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသတွင် ရှိသည်။ တီကျစ်ဒေသတွင် လေထုနှင့် ရေထုညစ်ညမ်းမှုများက အဆိုးရွား ဆုံးအနေအထားဖြစ်နေကြောင်း ဒေသခံများနှင့် အရပ်ဘက်အဖွဲ့အစည်းများက သတင်းစာရှင်းလင်းမှုမှတစ်ဆင့် တီကျစ်ဒေသခံများ ရင်ဆိုင်ခံစားနေရသည့် ဒုက္ခများကို တညီတညွတ်တည်း ဖွင့်ဟပြောဆိုခဲ့ကြသည်။

ထို့ပြင် ဒေသအတွင်းရှိ ပအိုဝ်းလူမှု အဖွဲ့ အစည်းများကလည်း စက်ရုံရပ်ဆိုင်းပေးရေး ဆန္ဒထုတ်ဖော် တောင်းဆိုမှုများလည်း ရှိနေသည်။

ယင်းမှာ တီကျစ်ကျောက်မီးသွေး ဓာတ်အားပေးစက်ရုံ ချက်ချင်းရပ်ပေးရန်၊ ဒေသခံများအတွက် လုပ်ငန်းမှ ဖြစ်စေသည့် ပြဿနာများအားဖြေရှင်းပြီး လျော်ကြေးအလုံအလောက်ပေးရန်၊ ဒေသအတွင်းအကျိုးရှိမှု၊ ဒေသခံများ၏ စီမံခန့်ခွဲမှုနှင့် ဒေသအတွင်း ဆုံးဖြတ်ချက် ချမှတ်မှုတို့အပေါ်အခြေပြုသည့် ဒေသတွင်း ဖွံ့ဖြိုးရေးမှုဘောင်တစ်ရပ် ရေးဆွဲပေးရန်တို့ ဖြစ်သည်။

 

တီကျစ်ဒေသမှာ ဘာတွေဖြစ်နေလဲ

တီကျစ်ဒေသတွင် ကျောက်မီးသွေးတွင်းမှ ယမ်းသုံးဖောက်ခွဲမှုများကြောင့် ဒေသတွင်း စေတီပုထိုးများပျက်စီးခဲ့သည့်အပြင် လုပ်ငန်း၏ ငါးမိုင်ပတ်လည်တွင်ရှိသည့် ပြည်သူ ၁၂၀၀၀ နီးပါးမှာ လေထုနှင့် ရေညစ်ညမ်းမှုကို ခံစားနေရကြောင်း တီကျစ်ဒေသအတွင်း လေ့လာမှုများ ပြုလုပ်နေသော အရပ်ဘက် အဖွဲ့အစည်းတစ်ခုဖြစ်သည့် မြန်မာနိုင်ငံပွင့် လင်းမြင်သာမှုနှင့် တာဝန်ယူမှု၊ တာဝန်ခံမှုဆိုင်ရာ အရပ်ဘက်မဟာမိတ်အဖွဲ့ (MATA) က အစီရင်ခံစာတစ်ခု ထုတ်ပြန်ခဲ့သည်။

စက်ရုံကြောင့် လေထုအတွင်း ဒြပ်ပါဝင်မှုများမှာ ကျန်းမာရေးရှုထောင့်မှ ကြည့်လျှင် ကြောက်မက်ဖွယ်ရာကောင်းအောင် မြင့်မားလျက်ရှိကြောင်း သိရသည်။ ၂၄နာရီအတွင်း ပျမ်းမျှ PM2.5 ဒြပ်များပါဝင်မှုမှာ မြန်မာနိုင်ငံ၏ ၂၄ နာရီအတွင်း လေထုအရည်အသွေး လမ်းညွှန်ချက်ထက် သုံး-လေးဆ မြင့်မားလျက်ရှိပြီး နှစ်စဉ် ပျမ်းမျှဒြပ်ပါဝင်မှုထက် ပိုမိုမြင့်မားလျက်ရှိကြောင်း သိရသည်။

ကျောက်မီးသွေးလောင်စာဖြင့် လည်ပတ်သော လျှပ်စစ်ဓာတ်အားထုတ်လုပ်သည့် စက်ရုံများမှာ လေထုကို ညစ်ညမ်းစေသည့် ဆာလဖာဒိုင်အောက်ဆိုဒ် SO2 ၊ နိုက်ထရိုဂျင်အောက်ဆိုဒ် (NOx) ၊ အဆိပ်ပါဝင်မှု အတက်အကျရှိသည့်သြဂဲနစ်ဒြပ်ပေါင်းများ (VOCs) ၊ ပြဒါးနှင့်  Particulate Matter (PM) ကဲ့သို့ သတ္တုများပါဝင်ကြောင်း သိရသည်။

ကျောက်မီးသွေး သတ္တုတွင်းတူးဖော်ရေး လုပ်ငန်းများမှ မလောင်ကျွမ်းသည့် မီးသွေးမှုန့် (သို့မဟုတ်) လောင်ကျွမ်းပြီး မီးသွေးမှုန့်ဖြစ်သည့် ဖုန်မှုန့်များထွက်ပေါ်ပြီး ယင်းဖုန်မှုန့် နှစ်မျိုးစလုံးမှာ အဆိပ်အတောက်ရှိသည့်  PAHs (Polycyclic Aromatic Hydrocarbons) များပါဝင်ကြောင်း (MATA) ၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။

“တီကျစ်ဒေသရဲ့ လေထုအရည်အသွေး ကလေထုဆိုးရွားပါတယ်ဆိုတဲ့ တရုတ်နိုင်ငံ ဘေဂျင်းထက် နှစ်ဆမြင့်မားတယ်။ အမေရိကန်ရဲ့ လေထုအရည်အသွေးသတ်မှတ်ချက်ထက် ၁၀ ဆ မြင့်မားနေတယ်။ SO2 ဒြပ်ပါဝင်မှုဆိုရင် တီကျစ်ဒေသက တရုတ်နိုင်ငံ ထက် ၁၅ ဆပိုများတယ်။ အမေရိကန်ထက်ဆိုရင် အဆ ၉၀ မြင့်မားနေပါတယ်။ SO2 ဒြပ်ပါဝင်မှုဆိုရင် တရုတ်နိုင်ငံထက်ခြောက်ဆ၊ အမေရိကန်ထက်ဆိုရင် ၁၁ ဆ မြင့်မားနေတာကို ဓာတ်ခွဲစစ်ဆေးသိရှိရပါတယ်။ ပြီးတော့ မြန်မာနိုင်ငံက သတ်မှတ်ထားတဲ့ လေထုအရည်အသွေး သတ်မှတ်ချက်ထက်လည်း ညစ်ညမ်းမှုကများစွာ ပိုနေပါတယ်။ အကျိုးဆက်ကတော့ အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါတွေခံစားရမယ်။ ဒီလိုဆိုးကျိုးတွေ ရှိလာပြီဆိုရင် နိုင်ငံတကာမှာလည်း ကျောက်မီးသွေးစက်ရုံတွေ ပိတ်ပစ်လိုက်ပါတယ်။ ဥပမာ ပေကျင်း၊ တရုတ်၊ ကနေဒါ၊ အမေရိကန်နဲ့ တခြားနိုင်ငံက စက်ရုံတွေ သက်သေအဖြစ်ရှိပါတယ်” ဟု လေထုညစ်ညမ်းမှုကို တိုင်းတာစစ်ဆေးခဲ့သည့် ကျွမ်းကျင်ပညာရှင်  Mr.LauriMyllyvirta(Green Peace) က ပြောကြားခဲ့သည်။

အလားတူ တီကျစ်ဒေသ၌ လေထုညစ်ညမ်းမှုကဲ့သို့ပင် ရေထုအား စမ်းသပ်စစ်ဆေးမှုများတွင်လည်း အဆိပ်သင့်စေနိုင်သည့် ဒြပ်ထုများပါဝင်နေပြီး ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ရဲ့သတ်မှတ်ချက်ထက် သတ္တုပျော်ဝင်မှု သိပ်သည်းဆမြင့်မားနေကြောင်း အစီရင်ခံစာက ဆက်လက်ထောက်ပြထားသည်။

 

ဒေသခံတွေ အဆိပ်သင့်နေပြီလား

တီကျစ်ဒေသတွင် လေထုနှင့်ရေထုညစ်ညမ်းမှု အမြင့်ဆုံးအနေအထားရှိသည်ဟုဆိုသည့် စစ်ဆေးလေ့လာချက်အစီရင်ခံစာကို (MATA) က ကိန်းဂဏန်းအချက်အလက်များနှင့်တကွ ဖော်ပြထုတ်ပြန်ခဲ့သည်။ ထိုသို့ ရေထုနှင့် ရေထုညစ်ညမ်းမှုများကြောင့် အသက်ရှူလမ်းကြောင်းနှင့် ဆက်စပ်သည့် ရောဂါများကို ဒေသခံများခံစားနေရကြောင်း သိရသည်။ အမျိုးသမီးနှင့် ကလေးငယ်များ အထိခိုက်ဆုံးဖြစ်ပြီး ကိုယ်ဝန်ဆောင်မိခင်များအတွက် ကျန်းမာရေးပြဿနာများ၊ ကလေးပျက်ကျမှုများ၊ ကလေးပေါင်ချိန်မပြည့်ခြင်းများ ဖြစ်ပွားလျက်ရှိကြောင်း သိရသည်။ အလားတူ ကျွဲနွားတိရစ္ဆာန်များ ဖျားနာခြင်း၊ သီးနှံနှင့် ဟင်းသီးဟင်းရွက်များ ထုတ်လုပ်မှု အရည်အသွေးကျဆင်းတို့ကြောင့် ဒေသခံ လယ်သမား မိသားစုများ၏ ဝင်ငွေနှင့်အသက် မွေးဝမ်းကျောင်းမှုများ သိသာစွာကျဆင်း ထိခိုက်မှုများဖြစ်ပေါ်နေကြောင်း သိရသည်။

“တီကျစ်ဒေသက ရေတွေကို ဓာတ်ခွဲစစ် ဆေးတဲ့အခါ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ရဲ့ သတ်မှတ်ချက်ထက် သတ္တုပျော်ဝင်မှု သိပ်သည်းဆမြင့်မားနေတယ်။ မြန်မာပတ်ဝန်းကျင်အရည်အသွေးဆိုင်ရာ (ဓာတ်ငွေ့ထုတ်လွှတ်မှု) ညွှန်ကြားချက်ရေနမှုနာ ၁၃ ခုထဲက ၁၂ ခုမှာ သောက်သုံးရေအတွက် သတ်မှတ်ထားတဲ့ အမြင့်ဆုံးပျော်ဝင်မှုတစ်ခု၊ နှစ်ခုထက် ပိုမိုမြင့်မားနေပါတယ်။ ရေနမူနာ လေးခုမှာ နစ်ကယ်စုစည်းမှုက သတ်မှတ်ချက်ထက် သိသိသာသာမြင့်မားနေတယ်။ ရေနမူနာ  ကိုးခုမှာလည်း ဆယ်လ်နီယမ်အစုအဝေးမှာလည်း လုံခြုံစိတ်ချရတဲ့ သောက်သုံးရေအတွက် WHO သတ်မှတ်ချက်ထက် ပိုများနေတယ်။ စစ်ဆေးချက်အရ တီကျစ်ဝန်းကျင်မှာ ဘိလပ်မြေစက်ရုံ တစ်ရုံ၊ ကျောက်မီးသွေးထုတ် လျှပ်စစ်ဓာတ်အားစက်ရုံနဲ့ပတ်သက်တဲ့ စက်ရုံနှစ်ရုံ စုစုပေါင်းသုံးရုံရှိတယ်။ အဲဒီဟာတွေကနေပဲ ရေတွေဆီ သတ္တုပျော်ဝင်မှုတွေ ဖြစ်ပေါ်တာပါ။ ဒေသခံတွေအနေနဲ့ အဲဒီဒေသကရေတွေကို လျှော်ဖွပ်ဆေးကြောသုံးစွဲဖို့တောင် မသုံးသင့်တော့ပါဘူး။ တခြားဒေသ ကိုရေကိုပဲ အသုံးပြုသင့်တယ်။ အစိုးရအနေနဲ့လည်း ရေတွေကို စစ်ဆေးပေးသင့်တယ်။ ရေထဲ ဒြပ်ထုမြင့်မားမှုက ဆိုးရွားတဲ့ အဆိပ်အတောက်ကို ဖြစ်ပေါ်နိုင်ပါတယ်”ဟုတီကျစ် ဒေသရှိရေများကို စမ်းသပ်စစ်ဆေးခဲ့သည့် ရေအရည်အသွေး ကျွမ်းကျင်ပညာရှင်တစ်ဦးဖြစ်သူ Mr.Paul Winn (Water Keeper Alliance) က ပြောကြားသည်။

ထို့အပြင် ဒေသခံအမျိုးသမီးတစ်ဦးက “သူတို့စွန့်ပစ်တဲ့ မြေပုံကြီးက တဖြည်းဖြည်းနဲ့ ကြီးမားလာတယ်။ ပြီးတော့ အဲဒီမြေပုံထဲမှာ ကျောက်မီးသွေး အပိုင်းအစတွေ ပါနေလို့ လားမသိဘူး။ တစ်ခါတလေကျရင် မီးထတောက်သလိုနဲ့ ညှော်နံ့တွေ ထွက်လာတယ်။ မီးလောင်ခဲ့ရင် ရွာဘက်ကို ကူးလာမှာလည်း ကြောက်တယ်။ မိုင်းခွဲမှုတွေကြောင့် အိမ်တွေတုန်ခါမှုတွေရှိတယ်။ အဲဒါကြောင့် အိမ်ပြိုလာမှာကိုလည်း ကြောက်တယ်။ မိုင်းတွင်းဧရိယာ ချဲ့ထွင်လာရင်လည်း လယ်တွေအိမ်တွေ ဖယ်ပေးရမှာတွေးပြီး စိုးရိမ်နေရတယ်။ ကျွန်မတို့ ခံစားနေရတာကို ကျွန်မတို့ပဲသိပါတယ်။ အဲဒီအတွက် ဒီစီမံကိန်းကြီး အပြီးရပ်ဆိုင်းပေးဖို့ လာတင်ပြရတာပါ”ဟု စက်တင်ဘာလအတွင်းက ပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသည်။

 

တီကျစ်ကျောက်မီးသွေး စက်ရုံလည်ပတ်မှု ဘယ်သူတွေလုပ်ဆောင်နေလဲ

တီကျစ်ကျောက်မီးသွေးစက်ရုံ စီမံကိန်းကို ၂၀၀၁ ခုနှစ်တွင် တရုတ်အမျိုးသားအကြီး စားစက်မှုလုပ်ငန်းကော်ပိုရေးရှင်း (China National Heavy Machinery Corporation – CHMC) ကစတင်ဆောက်ရွက်ခဲ့ပြီး မြန်မာနိုင်ငံတွင် အကြီးဆုံးနှင့် ပထမဆုံး လည်ပတ်သည့် စက်ရုံဖြစ်ကြောင်း သိရသည်။ အဆိုပါကုမ္ပဏီအောက်တွင် ပြည်တွင်းရှိ ဧဒင်အုပ်စုနှင့် ရှမ်းရိုးမနဂါးတို့၏ ပူးပေါင်းမှုဖြင့် ၂၀၀၅ ခုနှစ်တွင် စတင်လည်ပတ်ခဲ့ကြောင်း သိရသည်။ သို့သော် နောက်ပိုင်းတွင် အရှုံးပေါ်ခြင်းနှင့် သတ်မှတ်ထားသည့် စံချိန်စံညွှန်း မပြည့်မီမှုများကြောင့် ၂၀၁၄ ခုနှစ်တွင် ရပ်ဆိုင်းခဲ့ကာ၂၀၁၅ ခုနှစ်တွင် တရုတ်ပိုင်  Wuxi Hua Gaung (Myanmar) Co.,Ltd ကုမ္ပဏီက ၂၀၁၅ ခုနှစ်တွင် ကုမ္ပဏီက ပတ်ဝန်းကျင် ဆက်လက်မပျက်စီးစေရန် စွန့်ပစ်ပစ္စည်းများထိန်းသိမ်းရေးကို အဆင့်မြှင့်တင်နိုင်မည်ဟု သတ်မှတ်ချက်နှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ သဘောတူညီချက်ဖြင့် စက်ရုံအား ပြန်လည်လည်ပတ်ဆောင်ရွက်နေခြင်းဖြစ်ကြောင်း သိရသည်။

“တီကျစ်ကျောက်မီးသွေး လျှပ်စစ်ဓာတ်အားပေး စက်ရုံနဲ့ပတ်သက်လို့ရှိရင် နှစ်ပိုင်းရှိပါတယ်။ တီကျစ်ကျောက်မီးသွေးတွင်းနဲ့ လျှပ်စစ်ဓာတ်အားပေးစက်ရုံကို စက်မှုကုန်ကြမ်းအနေနဲ့ ကျောက်မီးသွေးသွင်းတာက ဧဒင်စွမ်းအင်ကုမ္ပဏီပါ။ ဒီစက်ရုံအပိုင်းကို တင်ဒါခေါ်တဲ့အခါကျတော့ ဘယ်လိုခေါ်လဲတော့ မသိဘူး။ တရုတ်နိုင်ငံအခြေစိုက် ဝူရှီဟွာဂေါင်ကုမ္ပဏီက တင်ဒါရခဲ့တယ်လို့ သိရတယ်။ ဘယ်လိုသဘောတူညီချက်တွေနဲ့ စာချုပ်တွေ ချုပ်ဆိုထားတယ်ဆိုတာအများ ပြည်သူမသိဘူး။ သူတို့ စာရင်းဇယားအရ ထုတ်ပြန်မှုအရတော့ အမေရိကန်ဒေါ်လာ ၄၇သန်းနဲ့ ရင်းနှီးမြှုပ်နှံတယ်ဆိုပြီး ကျွန်တော်တို့ သိရတယ်။ ကျောက်မီးသွေးစွမ်းအင်သုံး လျှပ်စစ်ဓာတ်အားပေး စက်ရုံသက်တမ်းလိုင်စင်က ၂၂ နှစ်အထိဖြစ်တယ်လို့ သိရတယ်။ အဲဒါက ဦးသိန်းစိန်အစိုးရလက်ထက်က စတင်ချုပ်ဆိုထားတာ ဖြစ်တယ်။ ဆိုတော့ ၂၀၂၈ ခုနှစ်အထိကို သက်တမ်းတိုးခဲ့တာ ဖြစ်တယ်။ အဲဒီတော့ ဒီ၂၂ နှစ်အထိလုပ်ဆောင်ဖို့ဆိုတာ ဧက ၅၀၀နဲ့ တင်မလုံလောက်နိုင်ဘူး။ ထပ်ပြီးတော့ တိုးချဲ့အနေအထားရှိလာမယ်။ အဲဒီတော့ မိုင်းတွင်းက ဒီထက်ပိုပြီးတော့ ကြီးလာဖို့ပဲရှိမယ်။ တစ်ရက်ကို တန်ချိန် ၂၀၀၀ တူးမယ့်ကိစ္စက ဒီထက်ပိုပြီး မိုင်းတွင်းက ထပ်ချဲ့ဖို့ပဲရှိလာနိုင်တယ်” ဟု မြန်မာနိုင်ငံ ပွင့်လင်းမြင်သာမှုနှင့် တာဝန်ယူမှု၊ တာဝန်ခံမှုဆိုင်ရာ အရပ်ဘက်မဟာမိတ်အဖွဲ့(MATA) ၏ ဗဟိုဦးဆောင်ကော်မတီဝင် ဦးကျော်မိုးက ပြောကြားသည်။

 

တီကျစ်ကျောက်မီးသွေးစက်ရုံဝန်းကျင်ကို တွေ့ရစဉ်

ပတ်ဝန်းကျင်ထိခိုက်မှုဆန်းစစ်ရေးနှင့် ပွင့်လင်းမြင်သာမှု

တီကျစ်ကျောက်မီးသွေးစွမ်းအင်သုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံလုပ်ဆောင်နေမှုနှင့် ပတ်သက်ပြီး သဘာဝပတ်ဝန်းကျင်ထိခိုက်မှု၊ ဒေသခံများအတွက်နစ်နာမှုနှင့် စက်ရုံစွန့်ပစ်ပစ္စည်းများအပေါ် စနစ်တကျ လုပ်ဆောင်မှုရှိမရှိနှင့် ပွင့်လင်းမြင်သာမှုများအတွက် ဒေသခံများ၊ အရပ်ဘက်အဖွဲ့အစည်းများက ဝေဖန်မှုများ ရှိနေသည်။

စက်ရုံဆောင်ရွက်နေသည့် ဝူရှီဟွာဂေါင်ကုမ္ပဏီအနေဖြင့် လူမှုရေးဆိုင်ရာ ထိခိုက်ဆန်းစစ်ရေး၊ ပတ်ဝန်းကျင်မှုဆန်းစစ်ရေးနှင့် ကျန်းမာရေးဆိုင်ရာ ထိခိုက်စစ်ဆေးမှုများ လုပ်ဆောင်ရန်အတွက် E – Gurad ပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ဆောင်မှု ကုမ္ပဏီကို ငှားရမ်းထားကြောင်း သိရသည်။

“သူတို့ သဘာဝပတ်ဝန်းကျင်နဲ့ ပတ်သက်လို့ စစ်ဆေးချက်တွေကို ကြေညာချက် ထုတ်ပြန်တဲ့ ဆိုင်းဘုတ်တစ်ခုထားတာရှိတယ်။ ဒါပေမဲ့ အများပြည်သူအလွယ်တကူ မြင်နိုင်တဲ့နေရာမှာမဟုတ်ဘူး။ ပြီးတော့ သူတို့ရေးတင်ထားတဲ့ လေထုနဲ့ပတ်သက်လို့ ထုတ်ပြန်ချက် တရုတ်နိုင်ငံရဲ့ သတ်မှတ်ချက် ကိုဖော်ပြထားတာကို တွေ့ရတယ်။ စက်ရုံအတွင်းကို အရပ်ဘက်အဖွဲ့အစည်းတွေအနေနဲ့ ပွင့်လင်းမြင်သာစွာ လေ့လာစစ်ဆေးခွင့် မရရှိဘူး။ လုပ်ဆောင်ခဲ့ပါတယ်။ ဒေသခံတွေရဲ့ ဒုက္ခကိုကြည့်ပြီးအရပ်သား အစိုးရအနေနနဲ့ ကူညီဆောင်ရွက်ပေးဖို့ စက်ရုံကိုပြန်လည် ဆန်းစစ်ဖို့၊ စာရွက်စာတမ်းတွေကို ပြန်လည် စစ်ဆေးဖို့တောင်းဆိုမှုတွေလုပ်ဖို့။ တိုင်းပြည်ရဲ့ လိုအပ်ချက်ဆိုတာမှန်ပေမဲ့ ပြည်သူတွေရဲ့ ဒုက္ခတွေကိုနဲ့ နှိုင်းယှဉ်ကြည့်ရင် အကျိုးအမြတ်ဆိုတာရှိရဲ့လားဆိုတာတွေကို သုံးသပ်ပြီး လုပ်ဆောင်ဖို့ကို အစိုးရကိုတိုက်တွန်းမှုတွေ ကျွန်တော်တို့ လုပ်ဆောင်ခဲ့ပါတယ်။ ဒါပေမဲ့ အစိုးရအနေနဲ့ ဘာတွေလုပ်လိုက်လဲဆိုရင် စက်ရုံကို EIA လုပ်ဖို့ဆိုပြီးတော့ စမ်းသပ်လည်ပတ်ခွင့်ပေးလိုက်ပါတယ်။ အဲဒီလိုစမ်း သပ်ခွင့်ပေးလိုက်တာနဲ့ ပတ်သက်ပြီးတော့ ကျွန်တော်တို့ အံ့သြပါတယ်။ EIA ဆိုတာက လုပ်ငန်းမစကတည်းက အရင်လုပ်ဆောင်ရတဲ့ကိစ္စပါ။ ဒါပေမဲ့ စက်ရုံလည်ပတ်ပြီးတော့မှ EIA လုပ်တယ်ဆိုတာက တော်တော်ကို ကျွန်တော်တို့တိုင်းပြည်ရဲ့ လွဲမှားမှုကြီးတစ်ရပ်ဖြစ်ပြီး နိုင်ငံတကာကျင့်ဝတ်တွေနဲ့ လွဲချော်စွာ လုပ်ဆောင်မှုဖြစ်ပါတယ်။ နိုင်ငံတကာမှာ စက်ရုံတစ်ခုလည်ပတ်တော့မယ်ဆိုရင် EIA လုပ် တော့မှပဲ ဆောင်ရွက်ရတာပါ” ဟု (MATA) ၏ ဗဟိုဦးဆောင်ကော်မတီဝင် ဦးကျော်မိုးက ဆိုသည်။

 

စက်ရုံနှင့် ပတ်သက်၍ အစိုးရ၏ ရှင်းလင်းမှု

လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနက နေပြည်တော်တွင် ပြုလုပ်သည့် လစဉ်ပုံမှန် သတင်းစာရှင်းလင်းပွဲ၌ တီကျစ်ကျောက်မီးသွေးသုံး ရေနွေးငွေ့ဓာတ်အားပေးစက်ရုံမှာ ကုလသမဂ္ဂ၏ သတ်မှတ်နှုန်းထားအတွင်းရှိနေကြောင်း၊ သဘာဝပတ်ဝန်းကျင်နှင့် ဒေသအတွင်းနေထိုင်သူများကို ကျန်းမာရေးမထိ ခိုက်နိုင်ကြောင်း ရှင်းလင်းခဲ့သည်။

တီကျစ်ကျောက်မီးသွေးသုံးရေနွေးငွေ့ ဓာတ်အားပေးစက်ရုံတွင် တပ်ဆင်ထားသည့် စက်ပစ္စည်းများမှာ Wuxi HuaGaung Electric Power Engineering Co.,Ltd မှ တပ်ဆင်ပေးခြင်းဖြစ်ပြီး ကျောက်မီးသွေး လောင်ကျွမ်းရာမှ ထွက်ရှိလာမည့် နိုက်ထရိုဂျင်အောက်ဆိုဒ်အား ချေဖျက်ရန် ယူရီးယားကို ရေဖျော်၍ ဖျန်းပေးမှု၊ ဆာလဖာအောက်ဆိုဒ်ကိုချေဖျက်ရန် မဂနီဆီယမ်အောက်ဆိုဒ်ကို ရေဖျော်၍ ဖျန်းပေးမှု၊ ခေါင်းတိုင်တွင် ရေဖျန်းသည့် ကိရိယာများ တပ်ဆင်ထားပြီး ပတ်ဝန်းကျင်ထိခိုက်မှုကို အနည်းဆုံးဖြစ်စေရန် လုပ်ဆောင်ထားကြောင်း သိရသည်။

“ပတ်ဝန်းကျင်ထိခိုက်မှု မရှိဘူး။ လူတွေလည်းပဲ မထိခိုက်ဘူး။ လူတွေရဲ့ကျန်းမာရေး ကလည်းပဲ သူ့ရဲ့မြို့နယ်ဆရာဝန်တွေရဲ့ စစ်တမ်းအရ ကုလသမဂသတ်မှတ်ထားတဲ့ နှုန်းထားမှာပဲရှိတယ်။ ဥပမာအားဖြင့် သားပျက်သားလျှော သူ့ဘာသာသူမလိုချင်လို့ ဖျက်ချတာလည်း ဒါကြောင့်ပါလို့ ဆရာဝန်တွေက အဲဒီလိုပြောတဲ့ အဆင့်ဖြစ်နေတယ်။ တချို့ဟာတွေက အဲဒီမှာဆွေးနွေးဆဲကာလမှာမေးလို့ မရဘူးပေါ့။ ဒီလိုအဆင့်မျိုးတွေလည်းရှိတယ်” ဟု လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေးလုပ်ငန်းမှ ဦးဆောင်ညွှန်ကြားရေးမှူး ဦးခင်မောင်ဝင်းက သတင်းစာရှင်းလင်းမှုတွင် ပြောကြားသည်။

ထို့ပြင် အဆိုပါ ကျောက်မီးသွေးစက်ရုံအား ရှမ်းပြည်နယ်အစိုးရအဖွဲ့နှင့် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တာဝန်ရှိသူများကလည်း တည်ဆောက်လိုသည့် ဆန္ဒရှိကြောင်း ၎င်းက ဆိုသည်။

သို့သော် အစိုးရအနေဖြင့် တီကျစ်ဒေသအတွင်း ရေထုနှင့် လေထုအား စမ်းသပ်စစ်ဆေးထားသည့် အချက်အလက်များ ချပြရှင်းလင်းမှု မရှိသေးပေ။

 

ကူသူ ကယ်သူမဲ့ ဖြစ်နေပြီလား တီကျစ်

တီကျစ်ဒေသများအနေဖြင့် ကျောက်မီးသွေးစက်ရုံ ရပ်ဆိုင်းပေးရေးအတွက် ဆန္ဒပြတောင်းဆိုမှုများကို စက်ရုံစတင်လည်ပတ်ပြီး ကာလများကတည်းက ယနေ့အချိန်အထိ တောင်းဆိုမှုများပြုလုပ်လျက်ရှိသည်ကို တွေ့မြင်ရသည်။ ဒေသခံများနှင့် အရပ်ဘက် အဖွဲ့အစည်းများပူးပေါင်း၍ အစိုးရနှင့် သက်ဆိုင်ရာတာဝန်ရှိသူများ ကြားသိနိုင်ရန်အတွက် သတင်းစာရှင်းလင်းပွဲများပြုလုပ်၍ သက်ဆိုင်ရာ တာဝန်ရှိသူများကို ဖိတ်ကြားဆွေးနွေးမှုများက ိုလည်းဆက်တိုက်ဆိုသလို ဆောင်ရွက်လာသည် တွေ့ရှိရသည်။

“ဒီဥစ္စာကတိုင်းပြည်အတွက် အရေးကြီးပါတယ်။ အစိုးရအနေနဲ့ လူထုဘဝလုံခြုံမှု အပိုင်းကိုဦးစားပေးရမယ့် အပိုင်းဖြစ်ပါတယ်။ ကျွန်တော်တို့ အရပ်ဘက်လူမှုအဖွဲ့အစည်း အနေနဲ့ လူထုဘက်ကနေ ရပ်တည်ပြီးတော့ လုပ်ဆောင်နေတဲ့ အလားအလာတွေကို ပွင့်ပွင့်လင်းလင်းပြောရရင်တော့  အစိုးရအနေနဲ့ လူထုစကားကို လေးလေးစားစားနားထောင်မှုတွေ လုပ်ရပါမယ်။ ပြီးတော့ အစိုးရဆိုတဲ့အပိုင်းက နိုင်ငံရေးသမားတွေနဲ့ ဖွဲ့တည်ထားတာပါ။ ကျွန်တော်တို့ နားလည်ထားတာက နိုင်ငံရေးသမားဆိုတာ ဆုံးဖြတ်ပိုင်ခွင့်ရှိသူတွေပါ။ အဲဒီတော့ ဆုံးဖြတ်ပိုင်ခွင့်ရှိသူတွေက စဉ်းစားတွေးခေါ်ပြီးတော့ ဆုံးဖြတ်ချက်ကို ရဲရဲတင်းတင်းချရမှာပါ။ ဟိုလူကိုလွှဲချ ၊ ဒီလူကိုလွှဲချပြီးတော့ လုပ်နေတဲ့ ကိစ္စက နိုင်ငံရေးသမား မပီသပါဘူး။ အစိုးရတစ်ရပ်အနေနဲ့ လုပ်ရမယ့် ကိစ္စမဟုတ်ပါဘူး။ လူထုကအာဏာ အပ်နှင်းထားတဲ့အတွက် လူထုအကျိုးစီးပွားကို ကာကွယ်ပေးရမယ်။ လူထုအသံကိုနားထောင်ရမှာ ဖြစ်ပါတယ်။ အဓိကအနေနဲ့ အစိုးရကိုတောင်းဆိုချင်တာက ဒီကျောက်မီးသွေး ဓာတ်အားပေးစက်ရုံကို ချက်ချင်းရပ်ပေးဖို့ ဖြစ်ပါတယ်။ ပြီးရင်ဒေသခံတွေအတွက် တီကျစ်ဒေသမှာရှိတဲ့လေထု၊ ရေထုကိုအစိုးရအနေနဲ့ ကိုယ်တိုင်ဦးစီးပြီး စစ်ဆေးပေးစေချင်ပါတယ်။ ဒေသခံလူထုကိုကျန် းမာရေးစစ်ဆေးမှုကို လုပ်ဆောင်ပေးစေချင်ပါတယ်” ဟု (MATA) ၏  ဗဟိုဦးဆောင်ကော်မတီဝင် ဦးကျော်မိုးက ပြောကြားသည်။

တီကျစ်ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ်အားစက်ရုံမှာ ယခင်အစိုးရလက်ထက်က လုပ်ဆောင်ခဲ့သည့် စီမံကိန်းတစ်ရပ်ဖြစ်သော်လည်း ဒေသခံများ ပြည်သူများအနေဖြင့် ရင်ဆိုင်တွေ့ကြုံနေရသည့် လူမှုဒုက္ခအခက်အခဲများကို ပြေလည်စေရန်အတွက် စက်ရုံရပ်ဆိုင်းပေးရန်၊ စိစစ်ပေးရန် ခေတ်အဆက်ဆက် အစိုးရလက်ထက် တာဝန်ရှိသူများကို တောင်းဆိုလျက်ရှိပြီး အရပ်သားအစိုးရအနေဖြင့် တီကျစ်ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံအား ပြန်လည်သုံးသပ်၍ ပြည်သူအကျိုးစီးပွားကာကွယ်ပေးရန် ဒေသခံများက မျှော်လင့်နေကြသည်။

“ကျွန်တော်တို့က စက်ရုံကိုအမြဲတမ်းပိတ်ဖို့ ချက်ချင်းရပ်ဖို့ တောင်းဆိုပေမယ့် ကုမ္ပဏီက ကျောက်မီးသွေးတွင်းရောစက်ရုံကိုပါ ဆက်လုပ်နေတုန်းပဲ။ မိုင်းတွေခွဲ၊ တွင်းတွေလည်းချဲ့နေတုန်းပါပဲ။ တီကျစ်ဒေသခံ ပြည်သူတွေကို ဂရုမစိုက်ပါဘူး။ ကျွန်တော်တို့က စက်ရုံပိတ်ဖို့ တောင်းဆိုနေပေမဲ့ နားမထောင်ကြတော့ ဝမ်းနည်းပါတယ်” ဟု ပအိုဝ်းလူငယ်အဖွဲ့ဝင် (PYO) တစ်ဦးက ဆိုသည်။

ထို့အတွက် လေထုနှင့် ရေထုညစ်ညမ်းမှုများကြောင့် အသက်ရှူလမ်းကြောင်းနှင့် ဆက်စပ်သည့်ရောဂါများ ခံစားနေရခြင်းနှင့်အတူ ဒေသကောင်းကျိုးထက် ဆိုးကျိုးများနေသည် ဟုဆိုသော ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ်၊ တီကျစ်ဒေသကျောက်မီးသွေးစက်ရုံ ဆက်လက်လည်ပတ်ခြင်း၏ နောက်ဆက်တွဲ ဆိုးမွေကို မည်သူတာဝန်ခံပါမည်နည်း။