တောင်သူတို့အတွက် စိုက်ပျိုးရေး ပြဿဒါးနှစ်လား

တောင်သူတို့အတွက် စိုက်ပျိုးရေး ပြဿဒါးနှစ်လား
Published 17 September 2018

ရွှေဘိုခရိုင်အတွင်းရှိ လယ်မြေများကို စက်တင်ဘာလအတွင်းက တွေ့ရစဉ် (ဓာတ်ပုံ-ဌေးလှအောင်)

(၁)

ယခုနှစ် ရာသီဥတုသည် ထုံးစံအတိုင်းပင် ဖောက်ပြန်ခဲ့သည်။ မြန်မာနိုင်ငံအောက်ပိုင်းဒေသများ၌ စံချိန်တင် မိုးရေချိန်များခဲ့ခြင်းကြောင့် ရေကြီးနစ်မြုပ်မှုများ ကြုံတွေ့ခဲ့ရသည်။ ပုံမှန်ရွာသွန်းမြဲထက် မိုးရေချိန်စံချိန် တင်ခဲ့ခြင်းကြောင့် မြစ်ရေကြီးမှုများဖြစ်ပေါ်ခဲ့ကာ ပဲခူး၊ မွန်၊ ကရင်၊ တနင်္သာရီ အစရှိသည့် တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ လယ်ယာမြေ ဧကပေါင်းသိန်းချီကာ ရေနစ်မြုပ်ထိခိုက်ပျက်စီးခဲ့ရသည်။ လူနေအိမ်ခြေ အများအပြား ရေကြီးနစ်မြုပ်ခဲ့ကာ လူဦးရေ သိန်းချီ၍ ရေဘေးသင့်ခဲ့ပြီး အချို့မှာ ရေဘေးရှောင်စခန်းများနှင့် ဘေးလွတ်ရာနေရာများ၌ ရက်ရှည်ခိုလှုံနေရဆဲဖြစ်သည်။ ထိုသို့ ရေကြီးရေလျှံမှုများဖြစ်ပေါ်နေသော်လည်း မိုးနည်းရပ်ဝန်းဒေသများဖြစ်သည့် အလယ်ပိုင်းဒေသများတွင်မူ။

(၂)

မြန်မာနိုင်ငံအောက်ပိုင်းဒေသများ၌ ပြီးခဲ့သည့် ဇူလိုင်လနှောင်းပိုင်းမှ စတင်ကာ မုန်တိုင်းနှင့် မုတ်သုံလေအရှိန်တို့ကြောင့် မိုးကြီးခြင်း၊ စိုးရိမ်ရေမှတ်အထက်ကျော်လွန်၍ မြစ်ရေကြီးခြင်းတို့ကြောင့် ရေကြီးနစ်မြုပ်မှုများ ဆိုးရွားစွာ ကြုံတွေ့ခဲ့ရသည်။ ယခု အချိန်အထိ ဒေသအချို့၌ မြစ်ရေကြီးမှုများ ဆက်လက်ဖြစ်ပွားလျက် ရှိနေဆဲဖြစ်သည်။ မိုးကြီးမှု၊ မြစ်ရေကြီးမှုတို့ကြောင့် စိုက်ပျိုးပြီး လယ်ယာမြေအများအပြား ရေနစ်မြုပ်ထိခိုက် ပျက်စီးခဲ့ရသည်။ ဒေသခံတောင်သူများ ထိခိုက်ဆုံးရှုံးမှုများစွာ ကြုံတွေ့ခဲ့ရသည်။ မြန်မာနိုင်ငံအောက်ပိုင်းဒေသများတွင် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်နေသော်လည်း မိုးနည်းရပ်ဝန်းဒေသများဖြစ်သည့် အလယ်ပိုင်းဒေသများတွင်မူ မိုးရေချိန်လက်မနည်းပါးလွန်းသဖြင့် မိုးရေကိုသာ အဓိကအားထားစိုက်ပျိုးနေရသည့် ဒေသခံတောင်သူများမှာ ရာသီအချိန်မီစိုက်ပျိုးရမည့် သီးနှံများစိုက်ပျိုးထွန်ယက်နိုင်ခြင်း မရှိကြသေးပေ။

“မိုးဦးကျတုန်းက စိုက်ပျိုးထားတဲ့ မိုးသီးနှံတွေက မိုးခေါင်လို့ပျက်စီးသွားတယ်။ စိုက်ပျိုးစရိတ်တွေ ဆုံးရှုံးကြတယ်။ သီးနှံအထွက်နှုန်းကတော့ လျော့ကျတာထက် မရကြတာက အများဆုံးပါ။ မိုးဦးသီးနှံတွေမရကြတဲ့အတွက် တောင်သူတွေမှာ  အခက်အခဲတွေ ဖြစ်ကြတာပေါ့။ မိုးဦးတုန်းကစိုက်ပျိုးထားတဲ့ နှမ်းတွေက မိုးခေါင်တော့ အထွက်နှုန်းလျော့ပြီး တောင်သူအများစုရဲ့ သီးနှံတွေ ပျက်စီးသွားတယ်။ အခုအချိန်ကတော့ မိုးနှောင်းဖြစ်တဲ့ ဆောင်းသီးနှံစိုက်ပျိုးဖို့ တောင်သူတွေ ထွန်ယက်နေကြတယ်။ မိုးမရွာရင်တော့ အခက်အခဲဖြစ်တာပေါ့။ ဒီဘက်မှာကလည်း မိုးကလိုသလောက် မရွာဘူး” ဟု မကွေးတိုင်းဒေသကြီး မြိုင်မြို့နယ်အတွင်းက ဒေသခံတောင်သူတစ်ဦးက ပြောကြားသည်။

လက်ရှိအချိန်မှာ မိုးလယ်ကာလကုန်ဆုံး၍ မိုးနှောင်းကာလသို့ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။ ထိုသို့ မိုးနှောင်းကာလသို့ ရောက်ရှိလာခဲ့သော်လည်း မြန်မာနိုင်ငံအလယ်ပိုင်းဒေသများ၌ မိုးရေချိန်လုံလောက်စွာ မရရှိ သေးသဖြင့် မိုးရေကိုသာ အဓိကအားထား စိုက်ပျိုးနေကြရသည့် တောင်သူများမှာ မိုးသီးနှံများ စိုက်ပျိုးနိုင်ခြင်းမရှိသေးပေ။ မိုးသီးနှံစိုက်ပျိုးရမည့် အချိန်မှာလည်း တဖြည်းဖြည်းနှင့် ကုန်ဆုံးရန် အချိန်နီးကပ်လာနေပြီဖြစ်သည်။ သို့ဖြစ်၍ မိုးကောင်းဒေသ တောင်သူများမှာ ရာသီအချိန်မီ မစိုက်ပျိုးနိုင်မည်ကို စိုးရိမ်လျက်ရှိသည်။ ဆည်ရေရရှိသည့် တောင်သူများမှာမူ မိုးသီးနှံများ စိုက်ပျိုးပြီး ဖြစ်သည်။ ထိုသို့ ဆည်ရေဖြင့် စိုက်ပျိုးပြီးဒေသခံတောင်သူများမှာလည်း မိုးခေါင်မှုဒဏ်ကို အနည်းနှင့်အများ ခံစားကြရသည်သာ ဖြစ်သည်။ ဆည်ရေသွင်း စိုက်ပျိုးထားပြီးဖြစ်သော်လည်း လိုအပ်သည့်ရေပမာဏ မရရှိပါက သီးနှံအထွက်နှုန်းလျော့ကျခြင်းများနှင့် ရင်ဆိုင်ရနိုင်သည်။ သီးနှံအထွက်နှုန်း လျော့ကျခြင်းကြောင့် သွင်းအားစုစရိတ်ကာမိရန် အခက်အခဲများ ဖြစ်ပေါ်လာမည်ဖြစ်သည့် အပြင် ဈေးကွက်ရရှိနိုင်မှုအခြေအနေပါ နိမ့်ကျသွားမည် ဖြစ်သည်။ ထို့အတူ မိုးကောင်း တောင်သူများမှာလည်း မိုးဦးကာလက စိုက်ပျိုးထားသည့် သီးနှံများမှာ မိုးရေလုံလောက်စွာ မရရှိသဖြင့် ပျက်စီးဆုံးရှုံးမှုများဖြစ်ပေါ်ခဲ့ကာ သွင်းအားစုစရိတ်များ ဆုံးရှုံးခဲ့ရသည်။  ၂၀၀၈ ခုနှစ်နောက်ပိုင်း နှစ်စဉ်ခပ်စိပ်စိပ် ဖောက်ပြန်လာသည့် မြန်မာ့ရာသီဥတုနှင့် တောင်သူတို့၏ ဘဝများမှာလည်း ဆိုးရွားစွာနှင့် အချိုးကျကြုံတွေ့လာခဲ့ကြရသည်မှာ ဆယ်စုနှစ်တစ်ခု တိုင်ခဲ့ပြီဖြစ်သည်။

(၃)

မြန်မာနိုင်ငံ၏ အဓိကစီးပွားရေးမှာ အခြားကဏ္ဍအချို့ ရှိသော်လည်း စိုက်ပျိုးရေး ကဏ္ဍကို အဓိကအခြေခံအားထားနေရသည့် နိုင်ငံဖြစ်သည်။ စိုက်ပျိုးရေးကဏ္ဍအသီးသီးမှ ထွက်ရှိလာသည့် ထုတ်ကုန်များကို ပြည်တွင်းစားသုံးမှုပမာဏ၊ အရန်သိုလှောင်ထား ရှိမှုမှအပ ပြည်ပနိုင်ငံအသီးသီးသို့ တင်ပို့ရောင်းချလျက်ရှိသည်။ စိုက်ပျိုးရေးကဏ္ဍသည် အဓိကနေရာမှပါဝင်နေသော်လည်း ဈေးကွက်ရရှိမှုမှာ နည်းပညာဖွံ့ဖြိုးတိုးတက်မှု အားနည်းခြင်းများအပါအဝင် လိုအပ်ချက်များစွာရှိနေပြီး မူလထုတ်လုပ်သည့် တောင်သူများမှာ အဆိုပါဈေးကွက်အတွင်းမှ လွန်စွာနည်းပါးသည့် မပြောပလောက်သော ပမာဏကိုသာ အကျိုးခံစားခွင့်ရရှိကြသည်။

စိုက်ပျိုးရေးကဏ္ဍ၏ အဓိကထွက်ကုန်ပစ္စည်းတစ်ခုဖြစ်သည့် ဆန်စပါးမှာ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်၌ နိုင်ငံ၏ နှစ် ၇၀ ကာလအတွင်း အမြင့်ဆုံးစံချိန်အဖြစ် ဆန်တန်ချိန် ၃ ဒသမ ၅ သန်းကျော်ကို ပြည်ပနိုင်ငံပေါင်း ၅၀ ကျော်သို့ တင်ပို့နိုင်ခဲ့သည်။ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်အတွက် ဆန်တန်ချိန်လေးသန်း ကျော်တင်ပို့နိုင်ရန် ရည်မှန်းထားကြောင်း အစိုးရက သတင်းထုတ်ပြန်ထားသည်။ နှစ်ပေါင်း ၇၀ အတွင်း ပြည်ပပို့ကုန်ဖြစ်သည့် ဆန်တန်ချိန် သုံးသန်းကျော်တင်ပို့ရာမှ ပို့ကုန်ဝင်ငွေ စုစုပေါင်း အမေရိကန်ဒေါ်လာ ၁၁၁၃ သန်းကျော် ရရှိခဲ့သည်။ အဆိုပါပမာဏမှာ မြန်မာ့ဆန်ပြည်ပတင်ပို့ခွင့်ကို ပုဂ္ဂလိကသို့လွတ်လပ်စွာခွင့်ပြုပေးခဲ့သည့် ၁၀ နှစ်ကျော်ကာလတွင် အမြင့်ဆုံးသို့ ပြန်လည်ရောက်ရှိလာခဲ့ခြင်းလည်း ဖြစ်သည်။ ထို့ပြင် မြန်မာ့ဆန်ကို ဝယ်ယူရန်အတွက် နိုင်ငံအချို့က ထပ်မံကမ်းလှမ်းမှုများရှိနေကြောင်း သတင်းများတွင် တွေ့နေရသည်။ မြန်မာနိုင်ငံ၏  ဆန်စပါးစိုက်ပျိုးထုတ်လုပ်မှု တိုးတက်လာနေပြီး ကမ္ဘာ့ဆန်တင်ပို့မှုထိပ်တန်း ငါးနိုင်ငံစာရင်းတွင် ပါဝင်လာခဲ့သည်။ ဆန်စပါး ထုတ်လုပ်မှု ဆက်တိုက်တိုးတက်လာနေမှုကြောင့် မြန်မာ့ဆန်ဈေးကွက်သည် မကြာမီ ကာလအတွင်း ကမ္ဘာ့ဆန်ဈေးကွက်၏ ထိပ်တန်းနံပါတ်(၁)နေရာသို့ ရောက်ရှိလာနိုင်ကြောင်း သုံးသပ်မှုများရှိနေသည်။ မြန်မာနိုင်ငံမှ အဓိကဆန်တင်ပို့ရောင်းချသည့် နိုင်ငံများမှာ အိမ်နီးချင်း တရုတ်နှင့် အိန္ဒိယနိုင်ငံများသို့ နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းများမှ အဓိကတင်ပို့ကာ အင်ဒိုနီးရှား၊ ဘင်္ဂလားဒေ့ရ်ှ၊ စင်ကာပူ၊ ဖိလစ်ပိုင်၊ ရုရှားနှင့် အာဖရိကနိုင်ငံများသို့ ရေကြောင်းမှတင်ပို့ လျက်ရှိသည်။ ယခုနှစ်တွင် ဖိလစ်ပိုင်၊ ဘင်္ဂလားဒေ့ရှ်၊ သီရိလင်္ကာနှင့် နီပေါနိုင်ငံများက မြန်မာ့ဆန်ကိုဝယ်ယူရန်အတွက် ကမ်းလှမ်းမှုများ ပြုလုပ်ထားကြောင်း သိရသည်။

လက်ရှိဒေသတွင်း၌ ဆန်စပါးထုတ်လုပ်မှု အမြင့်ဆုံးနိုင်ငံတစ်နိုင်ငံဖြစ်သည့် ဗီယက်နမ်နိုင်ငံမှ ဆန်လုပ်ငန်းကျွမ်းကျင် ပညာရှင် Vo Tong Xuan က မြန်မာနိုင်ငံ၏ ဆန်စပါးထုတ်လုပ်နေမှုအပေါ် ဗီယက်နမ်နိုင်ငံနှင့် နှိုင်းယှဉ်သုံးသပ်ပြထားသည်။ မြန်မာနိုင်ငံ၏ ဧရိယာမှာ ဗီယက်နမ်နိုင်ငံထက် သုံးဆကျယ်ဝန်းပြီး မြေအရည်အသွေးပိုင်းမှာလည်း ပိုမိုကောင်းမွန်သည့်အပြင် စိုက်ပျိုး ရေးအတွက် အဓိကအထောက်အကူပြုပေးသည့် ရေအရင်းအမြစ်များပေါများကြောင်း၊  ဗီယက်နမ်တောင်သူများနှင့် မြန်မာနိုင်ငံမှ တောင်သူများ ခြားနားချက်မှာ ဗီယက်နမ်တောင်သူများမှာ ထွက်နှုန်းမြင့်စပါးကို အဓိကစိုက်ပျိုးကြပြီး မြန်မာတောင်သူများမှာ ထွက်နှုန်းနိမ့်သော်လည်း အရည်အသွေးမြင့်သည့် စပါးမျိုးကိုစိုက်ပျိုးကြကြောင်းစသည့် အချက်များမှာ ဗီယက်နမ်နိုင်ငံထက်အားသာမှုများဖြစ်ကြောင်း ထောက်ပြထားသည်။ ထို့ပြင် မြန်မာနိုင်ငံသည် ထိုင်းနိုင်ငံကို ကျော်ဖြတ်ကာ ကမ္ဘာ့ဆန်တင်ပို့မှု အမြင့်ဆုံးနိုင်ငံအဖြစ် ရပ်တည်နိုင်မည့် အလားအလာများ ကို ပိုင်ဆိုင်ထားကာ ဆန်ပမာဏများများ တင်ပို့မှုထက် အရည်အသွေးမြင့်ဆန်များကို တင်ပို့ရန် အလေးထားဆောင်ရွက်နေသည်ကို တွေ့ရကြောင်း ၎င်းက သုံးသပ်ထားသည်။

စံချိန်သစ်ရေးထိုးထားနိုင်ခဲ့သည့် ပြည်ပပို့ကုန်ဆန်တင်ပို့မှုမှာ ယခုဘဏ္ဍာနှစ်တွင် မျှော်မှန်းထားသည့် ပမာဏကိုရောက် ရှိနိုင်ခြင်း ရှိ၊ မရှိဆိုသည်မှာ အဓိကထုတ်လုပ်သူများဖြစ်သည့် တောင်သူများအပေါ်တွင် မူတည်လျက်ရှိသကဲ့သို့ အဓိကဆန်တင်ပို့လျက်ရှိသည့် တရုတ်နှင့် အိန္ဒိယနိုင်ငံတို့၏ ဆန်ဝယ်ယူမှုနှင့် ယင်းနိုင်ငံများ၏ မူဝါဒများ အပေါ်တွင်ပါ မူတည်လျက်ရှိသည်။ နိုင်ငံတစ်ဝန်းလုံးရှိ ဆန်စပါးထုတ်လုပ်စိုက်ပျိုးသည့် တောင်သူများ၏ အခြေအနေမှာ ရာသီဥတု၊ ပိုးမွှားဖျက်ဆီးမှု၊ သွင်းအားစုစရိတ်များ အချိုးကျစွာ အသုံးပြုနိုင်မှု ရှိ၊ မရှိ အစရှိ သည်တို့အပေါ် မူတည်လျက်ရှိကာ မျှော်မှန်းထားသည့် ဆန်စပါးထွက်ရှိမည့်နှုန်းထားမှာ အဆိုပါအကြောင်းအရာများနှင့် ချိတ်ဆက်နေသည်။ လက်ရှိအချိန်တွင် မြန်မာနိုင်ငံ၌ ရေကြီးရေလျှံမှုများကြောင့် စိုက်ပျိုးပြီး မိုးစပါးဧက လေးသိန်းကျော် ပျက်စီးဆုံးရှုံးခဲ့ရသည့်အပြင် မိုးခေါင်မှုကြောင့် အလယ်ပိုင်းဒေသများရှိ မိုးရေကိုသာ အဓိကအားပြု စိုက်ပျိုးနေရသည့် ဒေသများတွင် မိုးစပါးစိုက်ပျိုးနိုင်ခြင်း မရှိသေးပေ။ ယင်းအချက်များကြောင့် ယခုနှစ်မြန်မာနိုင်ငံ၏ ဆန်စပါးထွက်ရှိမှုနှုန်းများမှာ လျော့ကျသွားနိုင်ဖွယ်ရှိသည့်အပြင် ပြည်ပသို့ ဆန်တင်ပို့နိုင်မှု ပမာဏမှာလည်း လျော့ကျနိုင်ဖွယ်ရှိကြောင်း သုံးသပ်မှုများရှိနေသည်။ ထိုသို့ ဆန်စပါးအထွက် နှုန်းလျော့ကျသွားပါက ဆန်ဈေးနှုန်းများ မြင့်တက်လာမည်ကို စိုးရိမ်နေကြသည်။ လက်ရှိ အချိန်တွင်ပင် စပါးဈေးနှုန်းနှင့် ဆန်ဈေးနှုန်းများမှာ အမြင့်ဈေးတွင် ရှိနေဆဲဖြစ်သည်။

ထိုကဲ့သို့ ရေကြီးနစ်မြုပ်မှုများနှင့် သဘာဝဘေးအန္တရာယ်များကြောင့် နိုင်ငံတစ်ဝန်း၌  ၂၀၁၈ ခုနှစ် စက်တင်ဘာ ပထမပတ်အထိ သီးနှံမျိုးစုံစိုက်ဧကပေါင်း ခြောက်သိန်းကျော် ထိခိုက်ပျက်စီးခဲ့ကာ မိုးစပါးသီးနှံစိုက် ဧကပေါင်း လေးသိန်းနီးပါး ပျက်စီးဆုံးရှုံးခဲ့ကြောင်း၊ နိုင်ငံတော်အနေဖြင့် ထိခိုက်ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့သည့် လယ်ဧကများကို အချိန်မီ အစားထိုးစိုက်ပျိုးနိုင်ရန် မျိုးစပါးများနှင့်အခြားလိုအပ်သော သွင်းအားစုများဖြစ်သည့် ဓာတ်မြေသြဇာနှင့် စိုက်ပျိုးစရိတ်ထောက်ပံ့ငွေများ ကျပ်ဘီလျံနှင့်ချီ၍ အချိန်မီရရှိရန် ဆောင်ရွက်ပေးနေကြောင်း၊ အသင်းအဖွဲ့များမှလည်း မျိုးစပါးများနှင့် ဓာတ်မြေသြဇာတို့ကို ထောက်ပံ့ပေးလျက်ရှိသော်လည်း ပြည့်စုံလုံလောက်မှုမရှိသေးကြောင်း၊ ယခုကဲ့သို့ သဘာဝဘေးအန္တရာယ်များ ဖြစ်ပေါ်ကြုံကြိုက်လာမှ ကူညီထောက်ပံ့ပေးမှု အစားယင်းတို့အတွက် ကြိုတင်ပြင်ဆင်ကာ ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်လာပါက ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်မည့် စနစ်တစ်ရပ် တည်ဆောက်ထားရန်လိုအပ်ကြောင်း စက်တင်ဘာ ၁၁ ရက်က နေပြည်တော်တွင်ပြုလုပ်သည့် ၂၀၁၈ ခုနှစ်အတွင်း သဘာဝဘေးအန္တရာယ်ကြောင့် စိုက်ပျိုးရေးဆိုင်ရာ ထိခိုက်ပျက်စီးမှုများ ကူညီဖြည့်ဆည်းပေးနိုင်ရေး အကြိုညှိနှိုင်းအစည်းအဝေး၌ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူက ပြောကြားသည်။

ဒုတိယသမ္မတပြောကြားသည့် သဘာဝဘေးအန္တရာယ်များ ဖြစ်ပေါ်လာမှ ပျက်စီးဆုံးရှုံးသွားသည့် လယ်ယာမြေများ၊ စိုက်ပျိုးသီးနှံများအား ကူညီထောက်ပံ့မှုသည် ရေတိုအတွက်သာဖြစ်ပြီး ရေရှည်ထိရောက်မှုရှိ မည်မဟုတ်ဘဲ သဘာဝဘေးအန္တရာယ်ကို ခပ်စိတ်စိတ်ကြုံတွေ့လာနေရသည့် မြန်မာနိုင်ငံအတွက် ရေရှည်အစီအမံများကို စနစ်တကျ စီမံရေးဆွဲလုပ်ဆောင်ထားရမည်မှာ အမှန်ပင်ဖြစ်သည်။ လက်ရှိအချိန်အထိ မြန်မာနိုင်ငံတွင် သဘာဝဘေးအန္တရာယ်များ ကျရောက်လာပါက စနစ်တကျစီမံပြင်ဆင် လုပ်ဆောင်ထားမှု အခြေအနေမှာများစွာ အားနည်းနေသေးသည်မှာ ပကတိအမှန်ပင်။ ထို့ပြင် တောင်သူများ၏ အကျိုးစီးပွားအတွက် သတ်မှတ်ပြဋ္ဌာန်းထားသည့် ဥပဒေပါ အခွင့်အရေးများကိုလည်း သက်ဆိုင်ရာ အစိုးရနှင့် အဖွဲ့အစည်းအသီးသီးမှ အကောင်အထည်ဖော် ဆောင်ရွက်ပေးရန် တာဝန်ရှိပါသည်။ လက်ရှိတွင် မြန်မာနိုင်ငံအတွင်း မိုးကြီးမှု၊ မြစ်ရေကြီးမှုတို့ကြောင့် လယ်ယာမြေနှင့် စိုက်ပျိုးပြီးသီးနှံများ ထိခိုက်ပျက်စီးခဲ့ရသည့်အပြင် မိုးခေါင်မှုကြောင့် စိုက်ပျိုးပြီးသီးနှံများ ထိခိုက်ပျက်စီးခြင်း၊ မိုးသီးနှံစိုက်ပျိုးနိုင်မှု မရှိခြင်းများ ဖြစ်ပေါ်လျက်ရှိသည်။ ယင်ကြောင့် ဒေသခံတောင်သူများ၏ အကျိုးစီးပွားအတွက် သက်ဆိုင်ရာ အစိုးရအဖွဲ့အစည်းအသီးသီးအနေဖြင့် မျိုးစပါးနှင့် အခြားအစားထိုး သီးနှံများ၊ သွင်းအားစုစရိတ်များ စသည့်ကူညီထောက်ပံ့မှုများ ဆောင်ရွက်ပေးရန်လိုအပ်လျက်ရှိကြောင်း သိရသည်။

မြန်မာနိုင်ငံရှိ တောင်သူများ၏ အခြေအနေမှာ အခြေခံလူတန်းစားအဆင့်တစ်ရပ် အနေဖြင့်သာ ရပ်တည်နေရဆဲဖြစ်ပြီး သက်ဆိုင်ရာဥပဒေပါ အခွင့်အရေးများအပြည့်အ၀ ရရှိခံစားရမှုနှုန်း နည်းပါးနေဆဲ ဖြစ်သည်။ စိုက်ပျိုးပြီး သီးနှံများ ဈေးကွက်ကောင်း ရရှိရန် အာမခံချက် အားနည်းနေခြင်း၊ သဘာဝဘေးအန္တရာယ်တို့ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် သီးနှံများအတွက် အာမခံချက်မရှိခြင်း၊ ရာသီဥတုဖောက်ပြန်မှုကြောင့် ပုံမှန်မိုးသီးနှံ မစိုက်ပျိုးနိုင်ပါက ဈေးကွက်ရရှိနိုင်မည့် အခြားအစားထိုးသီးနှံများ စိုက်ပျိုးနိုင်မှုမရှိခြင်းနှင့် သက်ဆိုင်ရာအစိုးရထံမှ လုံလောက်သည့် ကူညီထောက်ပံ့မှုမရရှိခြင်း၊ အစိုးရထံမှ နှစ်စဉ်ရရှိသည့် ချေးငွေပမာဏ နည်းပါးသဖြင့် အခြားချေးငွေများဖြင့် အတိုးနှုန်းကြီးစွာ စိုက်ပျိုးနေရခြင်း၊ သွင်းအားစု စရိတ်များပြားခြင်းနှင့် အလုပ်သမားစရိတ်ကြီးမြင့်ခြင်း၊ လယ်ယာလုပ်သားရှားပါးလာခြင်း အစရှိသည့် အခက်အခဲမျိုးစုံတို့ဖြင့် ရင်ဆိုင်ဖြတ်သန်းနေကြရသည်။ ထို့ပြင် လက်မှုလယ်ယာမှ စက်မှုလယ်ယာသို့ဟု အစိုးရ အဆက်ဆက်၏ ကြွေးကြော်မှုများမှာ ကြွေးကြော်သံအဖြစ်သာရှိနေပြီး တောင်သူများအတွက် ထိရောက်သည့် ကူညီထောက်ပံ့မှုမှာ မရှိသလောက် အားနည်းနေဆဲ ဖြစ်သည်။ လယ်ယာသုံးစက်ပစ္စည်းများမှာလည်း လက်ရှိကုန်ဈေးနှုန်း အခြေအနေအရ စိုက်ဧက များစွာရှိပြီး ငွေကြေးအဆင်ပြေသူအချို့သာ ဝယ်ယူအသုံးပြုနိုင်ပြီး တောင်သူအများစုမှာ စရိတ်ကြီးမြင့်စွာ ငှားရမ်းအသုံးပြုနေရသည်။ ထိုသို့အခက်အခဲများဖြင့် ရုန်းကန်နေရသည့်ကြားတွင် ရာသီဥတုဖောက်ပြန်ခဲ့ပါက ဒေသခံတောင်သူများမှာ မိအေးနှစ်ခါနာ မဟုတ်ပါဘဲ အခါခါနာကြရသည့် ဘဝများသို့ ကျရောက်သွားကြပြန်သည်။

(၄)

မြန်မာနိုင်ငံ၏ ပြည်ပသို့ဆန်စပါးတင်ပို့မှု စံချိန်သစ်တင်ထားနိုင်သော်လည်း မြန်မာ့ လယ်ယာစိုက်ပျိုးရေးကဏ္ဍအတွက်မူ စိန်ခေါ်မှုများစွာရှိနေဆဲ ဖြစ်သည်။ ဆန်စပါး ထုတ်လုပ်မှုတွင် နည်းပညာပိုင်းဆိုင်ရာ လိုအပ်ချက်များ၊ သက်ဆိုင်ရာကဏ္ဍများအလိုက် စနစ်တကျ သုတေသနပြုစုထားနိုင် မှု အားနည်းချက်များ၊ စိုက်ပျိုးရေးကဏ္ဍတွင် အသုံးပြုလျက်ရှိသည့် ဓာတုဆေးဝါးအလွန်အကျွံ အသုံးပြုနေရမှုနှင့် မြေဆီလွှာထိခိုက်လာမှုများ၊ ပြည်ပသို့တင်ပို့ရာတွင် ဆန်ထုတ်လုပ်ထားသည့် အရည်အသွေးပိုင်းအလိုက်  ဈေးကွက်ယှဉ်ပြိုင်နေရမှု အစရှိသည့် စိန်ခေါ်မှုများစွာ ရှိနေဆဲဖြစ်သည်။ ပြည်ပဈေး ကွက်တင်ပို့မှုတွင် စံချိန်သစ်တင် တိုးတက်လာသော်လည်း အကျိုးခံစားနေရမှုကို ပြန်လည်သုံးသပ်ရန် လိုအပ်မည်ဖြစ်သည်။

မြန်မာနိုင်ငံ၏ လူဦးရေ ရာခိုင်နှုန်း  ၇၀ ကျော်သည် ကျေးလက်ဒေသများ၌ နေထိုင်ကြပြီး အများစုမှာ လယ်ယာစိုက်ပျိုးရေးကို လုပ်ကိုင်အသက်မွေးကြသည်။ ထိုသို့ လယ်ယာစိုက်ပျိုးရေးဖြင့် အသက်မွေးဝမ်းကျောင်း ပြုကြသော်လည်း သီးနှံဈေးကွက်အာမခံချက် မရှိခြင်း၊ ရာသီဥတုဖောက်ပြန်ခြင်းနှင့် ပိုးမွှားကျရောက်မှု၊ အထွေထွေစရိတ်ကြီးမြင့်မှု စသည့်ပြဿနာမျိုးစုံဖြင့် ရင်ဆိုင်နေရဆဲ ဖြစ်သည်။ လယ်ယာစိုက်ပျိုးရေးမှ ထွက်ရှိသည့် သီးနှံများကို ရောင်းချကာ သံသရာလည် ပတ်နေရသည့်အတွက် သီးနှံစတင်ရရှိချိန်၌ ထိုက်သင့်သည့် ဈေးကွက်မရရှိပါက ဒေသခံ တောင်သူများနစ်နာကြရသည်။ ယင်းအပြင် ဒေသခံတောင်သူများ၏ လက်ဝယ်အတွင်း သီးနှံရောင်းချရန် မကျန်ရှိတော့သည့်အချိန်၌ ဈေးနှုန်းမြင့်တက်လာသည့် ဓလေ့ရှိနေသည်က ဒေသခံတောင်သူများအတွက် ပို၍နစ်နာနေရသည်။ ယင်းကြောင့် စိုက်ပျိုးရေး ကဏ္ဍဖွံ့ဖြိုးတိုးတက်လာရန်အတွက် အစိုးရအနေဖြင့် သီးနှံအာမခံချက်၊ ဈေးကွက်အာမခံချက်များ ရရှိရန်အတွက် မူဝါဒချမှတ်ကာ ရေရှည်ရေတို လုပ်ဆောင်ပေးသင့်သည်မှာ အမှန်ပင်ဖြစ်သည်။ ဥပမာအနေဖြင့် တင်ပြရသော် ၂၀၁၈ ခုနှစ် မတ်လအတွင်းက မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်က ထုတ်ပြန်ပေးခဲ့သည့် အခြေခံရည်ညွှန်း စပါးဈေးနှုန်း သတ်မှတ်ပေးခဲ့မှုက ဒေသခံတောင်သူများအတွက် များစွာအထောက်အပံ့ဖြစ်စေခဲ့သည်။ အထူးသဖြင့် လုပ်ကွက်ငယ် (ဧက အနည်းငယ်) တောင်သူများ၊ အရည်အသွေးနိမ့်သည့် စပါးစိုက်ပျိုးနေရသည့် တောင်သူများ ပိုမိုအထောက်အကူ ဖြစ်စေခဲ့သည်။

မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်က ထုတ်ပြန်ပေးခဲ့သည့် အခြေခံရည်ညွှန်း စပါးဈေးနှုန်း သတ်မှတ်ချက်တွင် အစိုဓာတ် ၁၄ ရာခိုင်နှုန်းရှိပြီး သတ်မှတ်စံချိန်စံညွှန်းများ နှင့် ကိုက်ညီသည့် ၄၆ ပေါင်တိုက် စပါးတင်း ၁၀၀လျှင် ကျပ်ငါးသိန်းဈေးနှုန်းကို အခြေခံ၍ ဝယ်ယူရန်၊ ဈေးကွက်ပေါက်ဈေးသည် အခြေခံဈေးနှုန်းသတ်မှတ်ချက်၏ အပေါ်၌ ဖြစ်ပေါ်နေပါက ဈေးကွက်ပေါက်ဈေးအတိုင်း ပေးဝယ်ရမည်ဖြစ်ပြီး အကယ်၍ဈေးကွက် ပေါက်ဈေးသည် အခြေခံဈေးနှုန်းအောက်တွင် ကျဆင်းဖြစ်ပေါ်နေပါက အခြေခံသတ်မှတ်ထားသည့်ဈေးနှုန်း (ကျပ်ငါးသိန်း) အတိုင်းသာ ဝယ်ယူရမည်ဖြစ်ကြောင်း ဆန်စပါးအသင်းချုပ်၏ အသင်းဝင်ဆန်စက်များ၊ ဆန်စပါးကုန်သည်များ၊ အကျိုးဆောင်များ နှင့် သက်ဆိုင်ရာကုမ္ပဏီအဖွဲ့အစည်းများသို့ အသိပေးထုတ်ပြန်ခဲ့သည်။ အဆိုပါ အခြေခံရည်ညွှန်း စပါးဈေးနှုန်းသတ်မှတ်ချက်မှာ ၂၀၁၈ ခုနှစ် နွေစပါးပေါ်ချိန်နှင့် မိုးစပါးပေါ်ချိန် ကာလအတွက် အဓိကရည်ရွယ် ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။ ဆန်စပါးအသင်းချုပ်၏ ထိုသို့အခြေခံရည်ညွှန်းစပါးဈေးနှုန်း  အသိပေးထုတ်ပြန်ပေးခဲ့ရခြင်းမှာ ဒေသခံတောင်သူများ၏ စိုက်ပျိုးပြီးသီးနှံပေါ်ချိန်တွင် ဈေးနှုန်းကျဆင်းလေ့ရှိသဖြင့် လုပ်ကွက်ငယ် တောင်သူလယ်သမားအများစု၏ အကျိုးစီးပွားကို ဦးစားပေးသောအားဖြင့် အဆိုပါ အခြေခံရည်ညွှန်းစပါးဈေးနှုန်းကို ထုတ်ပြန်ပေးခဲ့ခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်က သတင်းထုတ်ပြန်ခဲ့သည်။ အဆိုပါ အခြေခံရည်ညွှန်းစပါးဈေးနှုန်းများကို ဆန်စပါးအသင်းချုပ်က နှစ်စဉ်ရာသီအလိုက် ထိုက်သင့်သည့် ဈေးနှုန်းများဖြစ်စေ ရန်ထုတ်ပြန်ပေးသွားမည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့ကြောင့် စိုက်ပျိုးရေးကဏ္ဍအသီးသီးအလိုက် သက်ဆိုင်ရာအခြေခံရည်ညွှန်းဈေးနှုန်းများ သတ်မှတ်ပေးနိုင်မည်ဆိုပါက လယ်နှင့်ယာသီးနှံစိုက်ပျိုးနေကြရသည့် ဒေသခံတောင်သူများအတွက် ဈေးကွက်အာမခံချက် ရရှိမည်ဖြစ်ကာ ဈေးနှိမ်ဝယ်ယူခံရမှု များ၊ သီးနှံပေါ်ချိန်၌ ဈေးကျနေမှုများမှ ကင်းဝေးကာ ထိုက်သင့်သည့် အကျိုးခံစားမှုများကို မျှတစွာဖြင့် ခံစားခွင့်ရရှိမည် ဖြစ်သည်။ ထို့ပြင် မြန်မာနိုင်ငံ၏ ထုတ်ကုန်များအနက် စိုက်ပျိုးရေးကဏ္ဍမှထွက်ရှိသည့် ထုတ်ကုန်များမှာ နိုင်ငံ၏ အဓိကပြည်ပပို့ကုန်အဖြစ် ရပ်တည်လျက်ရှိသည်။ ယင်းကြောင့်  ပြည်တွင်းထုတ်လုပ်မှု ဈေးကွက်အာမခံချက်  ရရှိရန် အစိုးရနှင့်သက်ဆိုင်ရာ အဖွဲ့အစည်း အသီးသီးအနေဖြင့် စိုက်ပျိုးရေးကဏ္ဍများ၏ အပိုင်းအလိုက် လိုအပ်နေသည့် သီးနှံဈေးကွက်ဆိုင်ရာ ဥပဒေများပြဋ္ဌာန်းပေးခြင်း၊ နည်းပညာနှင့် လိုအပ်သည့်မျိုးစိတ်များ ထုတ်လုပ်ဖြန့်ဖြူးပေးခြင်း အစရှိသဖြင့် ဒေသတွင်းစိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး  စနစ်တကျဆောင်ရွက်ပေးရန် လိုအပ်မည် ဖြစ်သည်။ ပြည်တွင်းထုတ်လုပ်မှုဈေးကွက် အာမခံချက်ရှိမှသာ စိုက်ပျိုးထုတ်လုပ်သူများ ရေရှည်ရပ်တည်နိုင်မည်ဖြစ်သည်။ ထို့ပြင် ရာသီဥတုဖောက်ပြန် ပြောင်းလဲမှုများကြောင့် သီးနှံများထိခိုက်ပျက်စီးခြင်း၊ မိုးခေါင်ရေရှားပါးမှုကြောင့် ရာသီပေါ်သီးနှံများ စိုက်ပျိုးရန် အခက်အခဲများဖြစ်ပေါ်လာပါက ဒေသခံတောင်သူများ၏ အကျိုးစီးပွားအတွက် လိုအပ်သည့် ကူညီထောက်ပံ့မှုများ လုံလောက်စွာ ပေးအပ်နိုင်ရန် စနစ်တကျ  ပြင်ဆင်ဆောင်ရွက်ထားရမည် ဖြစ်သည်။ နိုင်ငံခြားဝင်ငွေ ရှာဖွေပေးနေသည့် စိုက်ပျိုးရေးကဏ္ဍအသီးသီးမှ တင်ပို့နေသည့် ပို့ကုန်များ နိုင်ငံခြားဈေး ကွက်ကောင်းရရှိရန်မှာ ပြည်တွင်း ထုတ်လုပ်မှုဈေးကွက် ကောင်းမွန်ရန်သည် အဓိကအခြေခံအချက်များအနက် တစ်ချက်အနေဖြင့် ပါဝင်နေခြင်း ဖြစ်သည်။

(၅)

မြန်မာနိုင်ငံအောက်ပိုင်းဒေသများတွင် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်နေသော်လည်း အလယ်ပိုင်းဒေသအချို့၌ မိုးခေါင်နေခြင်းကြောင့် မိုးစပါးနှင့်အခြားယာသီးနှံများ စိုက်ပျိုးနိုင်ခြင်းမရှိသေးပေ။ မိုးခေါင်မှုကြောင့် မိုးသီးနှံအချို့ ထိခိုက်ပျက်စီးခြင်း၊ အထွက်နှုန်း လျော့ကျခြင်းတို့ ကြုံတွေ့နေရသည်။ မိုးခေါင်မှုကြောင့် ပျက်စီးသွားသည့် သီးနှံစိုက်ခင်းများ၊ အခြားအစားထိုးသီးနှံ စိုက်ပျိုးရန်အတွက် ဒေသခံတောင်သူများမှာ အစိုးရနှင့် သက်ဆိုင်ရာ အဖွဲ့အစည်းတို့၏ အကူအညီများ အရေးပေါ်လိုအပ်နေကြောင်း ဒေသခံ တောင်သူများထံမှ သိရသည်။

“မိုးစပါးစိုက်ပျိုးဖို့ ပျိုးထောင်ထားတဲ့ ပျိုးခင်းက ခြောက်ကပ်ပြီးသေသွားပြီ။ မိုးရွာလာရင်လည်း ပြန်စိုက်ပျိုးဖို့ အချိန်မမီတော့ပါဘူး။ အခြားအစားထိုးစိုက်ဖို့အတွက် စဉ်းစားထားပေမယ့် မိုးရွာလာဦးမလားဆိုတဲ့ မျှော်လင့်ချက်နဲ့ တောင်သူတွေက စောင့်နေကြတယ်။ မိုးဦးကာလကစိုက်ပျိုးထားတဲ့ယာ သီးနှံတွေက တချို့ပျက်စီးသွားသလို တချို့အထွက်နှုန်းတေ ွလျော့ကျသွားတယ်။ သက်ဆိုင်ရာအစိုးရ အထောက်အပံ့ရလားဆိုတော့ မရသေးဘူး။ မရောက်သေးတာလားတော့ မသိဘူးပေါ့။ မိုးစပါးစိုက်ပျိုးဖို့အချိန်က နောက်ကျနေပြီလေ။  အခုလ(စက်တင်ဘာ)အတွင်းမှာ မစိုက်နိုင်ရင်တော့ အဆင်မပြေတော့ဘူး။ မိုးရွာလာလို့ စိုက်နိုင်ခဲ့မယ်ဆိုရင်လည်း အထွက်နှုန်းမကောင်းနိုင်တော့ဘူး။ အခု တောင်သူတွေမျှော်နေတာက ဘာလဲဆိုတော့ မိုးကို မျှော်နေကြတာ။ မိုးရေရဖို့ အတွက်ပဲ မျှော်နေကြတာ။ တခြားဘာမှ မမျှော်ဘူး” ဟု ရွှေဘိုခရိုင်အတွင်းမှ တောင်သူတစ်ဦးက ပြောကြားသည်။

ယခုနှစ်သည် တောင်သူများအတွက်  စိုက်ပျိုးရေးပြဿဒါးနှစ် ဖြစ်ခဲ့သည်။ အချိန်မီ မိုးစပါးစိုက်ပျိုးနိုင်ခဲ့သည့် တောင်သူများမှာ ရေကြီးနစ်မြုပ်မှုကြောင့် စိုက်ပျိုးပြီးသီးနှံများ ထိခိုက်ပျက်စီးခဲ့ကြရသည်။ ထိုတောင် သူတို့သည် ရေမလိုတော့သူများဖြစ်သည်။ တစ်ဖက်တွင် ရေမရသဖြင့် မိုးစပါးစိုက်ပျိုးနိုင်ခြင်း မရှိသေးသည့် တောင်သူများအတွက်မူ ရွှေကိုမလို၊ ရေကိုသာ လိုအပ်နေကြသည်။ အဆိုပါ မျဉ်းပြိုင်နှစ်ရပ်အကြား ယခုနှစ် မြန်မာ့ရာသီဥတုသည် ပုံမှန်အတိုင်းပင် ဖောက်ပြန်ခဲ့လေသည်။

Most Read

Most Recent