တရားမဝင် အိမ်အကူပွဲစား ကွန်ရက်

တရားမဝင် အိမ်အကူပွဲစား ကွန်ရက်
Published 17 September 2018

မန္တလေးမြို့တွင်ပြုလုပ်သော မြန်မာနိုင်ငံလူကုန်ကူးမှု တိုက်ဖျက်ရေးနေ့ အခမ်းအနားတွင် ပြဇာတ်သရုပ်ဖော် ပြသနေစဉ်

ပြီးခဲ့တဲ့ရက်ပိုင်းက လူမှုကွန်ရက်မှာ အကူအညီတောင်းခံတဲ့ ပို့စ်တစ်ခု တက်လာတာ တွေ့လိုက်ရပါတယ်။

တင်ထားတဲ့အကောင့်က အိုမန်နိုင်ငံကို တရားမဝင်အိမ်အကူအဖြစ် ပွဲစားကနေတစ်ဆင့် ရောက်ရှိလာတာဖြစ်ပြီး ပြန်ချင်ရင် စာချုပ်အရလျော်ကြေးပေးရမယ်ဆိုလို့ အကူအညီတောင်းခံထားတဲ့ပို့စ် ဖြစ်ပါတယ်။

မြန်မာအမျိုးသမီးအိမ်အကူတွေကို နိုင်ငံရပ်ခြားကို တရားဝင်စေလွှတ်ခြင်း မရှိသေးပေမဲ့ အိမ်နီးချင်းထိုင်းနိုင်ငံနဲ့ စင်ကာပူနိုင်ငံတွေမှာ အိမ်အကူအဖြစ်လုပ်ကိုင်နေကြတဲ့ မြန်မာအမျိုးသမီးတွေ သောင်းနဲ့ချီရှိတယ်ဆိုတာ သိထားရတဲ့အတွက်ပါ။

ဒါပေမဲ့ အရှေ့အလယ်ပိုင်းဒေသနိုင်ငံဖြစ်တဲ့ အိုမန်လိုနိုင်ငံကို ဒီမြန်မာအိမ်အကူက ဘယ်လိုရောက် သွားလဲဆိုတာ စဉ်းစားရမယ့်ကိစ္စ ဖြစ်ပါတယ်။ ခုနက အိမ်အကူလိုမျိုး အရှေ့အလယ်ပိုင်းနိုင်ငံတွေမှာ ဘယ်နှဦးရောက်ရှိနေပြီလဲဆိုတာ ဘယ်သူမှ မသိနိုင်ပါဘူး။

နိုင်ငံရပ်ခြားမှာ အိမ်အကူလုပ်ဖို့အတွက် အစိုးရက ဒီကနေ့အထိ တရားဝင်ခွင့်ပြုထားခြင်း မရှိသေးပါဘူး။ မြန်မာအိမ်အကူတွေ အများဆုံးရှိတဲ့ စင်ကာပူမှာ အိမ်အကူလောကမှာ နာမည်ကောင်းရတဲ့ အိမ်အကူတွေကတော့ ဖိလစ်ပိုင်အိမ်အကူတွေ ဖြစ်ပါတယ်။

ဘာသာစကား တတ်ကျွမ်းမှု၊ အိမ်အလုပ်တွေ သေသေသပ်သပ်လုပ်ဆောင်နိုင်မှု နဲ့ အိမ်ရှင်အကြိုက် နေထိုင်နိုင်မှုတွေကြောင့် စင်ကာပူ အိမ်အကူဈေးကွက်မှာ ဖိလစ်ပိုင် အိမ်အကူတွေက တခြား မြန်မာ၊ အင်ဒိုအိမ်အကူတွေထက် လစာပိုရကြပါတယ်။

ဒါပေမဲ့ ဖိလစ်ပိုင်က အိမ်အကူတင်ပို့မှုကို ပိတ်ပင်တားဆီးလိုက်တဲ့ နောက်ပိုင်းမှာတော့ ဈေးကွက်လိုအပ်ချက်အရ မြန်မာအိမ်အကူတွေကို စင်ကာပူအိမ်ရှင်မတွေက စိတ်ဝင်စားခေါ်ယူခဲ့ကြပါတယ်။

စင်ကာပူမှာ မြန်မာအိမ်အကူတွေ မကြာခဏဆိုသလို ထွက်ပြေးမှုတွေ၊ ကိုယ့်ကိုယ်ကိုယ်အဆုံးစီရင်တာတွေကို သတင်းတွေမှာ မကြာခဏဆိုသလို တွေ့ရလေ့ရှိပါတယ်။

စင်ကာပူကို တရားမဝင်ပို့ဆောင်ပေးနေတဲ့ အေဂျင်စီတွေက နယ်က အသက် ၁၈ နှစ်ကနေ ၂၅ နှစ်အတွင်း အမျိုးသမီးတွေကို ပစ်မှတ်ထားကြပါတယ်။ စင်ကာပူနိုင်ငံရဲ့ ဥပဒေအရ အိမ်အကူတွေရဲ့ အသက်ကအနည်းဆုံး ၂၁ နှစ်လို့ သတ်မှတ်ထားပေမဲ့လည်း အသက်လိမ်လည်ပြီး ပို့ဆောင်တာ တွေရှိနေပြီး ငယ်ရွယ်သေးတဲ့ မိန်းကလေးငယ်အများစုကတော့ ဘာသာစကား အခက်အခဲ၊ အိမ်မှုကိစ္စမကျွမ်းကျင်မှုတွေ၊ အိမ်ရှင်နဲ့ မပြေလည်တာတွေနဲ့ ပွဲစားရဲ့ လုပ်ခလစာ ခေါင်းပုံဖြတ်မှုတွေကြောင့် ထွက်ပြေးကြတာတွေရှိသလို  အဆုံးစီရင်တာတွေ ပြုလုပ်လေ့ရှိတတ်ကြတာ တွေ့ရပါတယ်။

ဒေသတွင်းနိုင်ငံမဟုတ်ဘဲ အရှေ့အလယ်ပိုင်းနိုင်ငံတွေမှာ အိမ်အကူအဖြစ် သွားရောက်လုပ်ကိုင်မယ်ဆိုရင် ပိုခက်ခဲတဲ့ အခြေအနေတွေနဲ့ရင်ဆိုင်ရမှာ သေချာပါတယ်။ လက်ရှိအချိန်မှာ အရှေ့အလယ်ပိုင်း နိုင်ငံတွေကို တရားမဝင်နည်းနဲ့ အိမ်အကူ ပို့ဆောင်ပေးနေတဲ့ ပွဲစားတွေရှိနေပြီး တရားမဝင် သွားရောက်လုပ်ကိုင်တာဖြစ်တဲ့အတွက် လုပ်ခလစာ အပါအဝင်အခြား အခွင့်အရေးတွေ ချိုးဖောက်ခံရရင် အကူအညီတောင်းခံဖို့အတွက် ခက်ခဲတဲ့အနေအထားမှာ ရှိနိုင်ပါတယ်။

အိမ်နီးချင်း နိုင်ငံတွေမှာတောင် မြန်မာအိမ်အကူတွေအတွက် ဘာသာစကား အခက်အခဲအပါအဝင် တခြားအခက်အခဲပြဿနာတွေ ရှိနေတဲ့အချိန်မှာ အာရပ်နိုင်ငံတွေအထိ သွားရောက်လုပ်ကိုင်တဲ့ အိမ်အကူတွေ အနေနဲ့ကတော့ ပိုမိုခက်ခဲတဲ့အခြေအနေမှာ ရှိနိုင်ပါတယ်။

အာရပ်နိုင်ငံတွေဖြစ်တဲ့ အိုမန်၊ ကာတာနဲ့ ဒူဘိုင်းကို အိမ်အကူတွေ ပို့ဆောင်ပေးနေတဲ့ ပွဲစားတွေဟာ Facebook နဲ့ Viber ကနေ နယ်ကလူတွေကို ဦးတည်ပြီး လူခေါ်ပို့ဆောင်ပေးနေတာ ဖြစ်ပါတယ်။ ကျယ်ကျယ်ပြန့်ပြန့် မဟုတ်သေးပေမဲ့ အရှေ့အလယ်ပိုင်းဒေသတွေအထိ မြန်မာအိမ်အကူတွေ တရားမဝင်ရောက်ရှိနေတာက ကောင်းမွန်တဲ့ လက္ခဏာတစ်ရပ် မဟုတ်ပါဘူး။

“မြန်မာအိမ်အကူတွေကို အာရပ်နိုင်ငံတွေအထိ ပို့ဆောင်နေတယ်ဆိုတဲ့ သတင်းတော့ကြားနေတာ ကြပါပြီ။ ပို့ဆောင်ပေးတဲ့ သူတွေကလည်း တရားဝင်အေဂျင်စီတွေ မဟုတ်ဘဲ နယ်ကလူတွေစုပြီး ရန်ကုန်ကနေတစ်ဆင့် ပို့ပေးတဲ့အနေအထားပေါ့။ ဘာပဲဖြစ်ဖြစ် ဒါက သတိပြုသင့်တဲ့ အခြေအနေတစ်ရပ် ဖြစ်ပါတယ်။ စင်ကာပူလိုနိုင်ငံကို တောင်အိမ်အကူတွေတရားဝင် ပို့ခွင့်မရှိသေးတဲ့အချိန်မှာ အာရပ်နိုင်ငံတွေအထိ ပို့ဆောင်တာတွေက အလုပ်သမားတွေအ တွက် အခွင့်အရေးချိုးဖောက်ခံရတာတွေရှိ ရင်အများကြီးနစ်နာပါတယ်။ ဒါကြောင့် သတိထားကြဖို့တော့ လိုပါတယ်” လို့ ပြည်ပ အလုပ်အကိုင်ရှာဖွေရေးနှင့် ဝန်ဆောင်မှုအေဂျင်စီတစ်ခုမှ တာဝန်ရှိသူတစ်ဦးက သုံးသပ်ပါတယ်။

“စင်ကာပူကိုအိမ်အကူ တရားဝင်ပို့ဆောင်ဖို့အတွက်အစိုးရကို တင်ပြထားတာ ရှိပါတယ်။ ဒါပေမဲ့ ခွင့်ပြုချက်တော့ မပေးသေးပါဘူး။ ကျွမ်းကျင်သင်တန်းတွေပေးပြီးပို့တာက ဒီအတိုင်းပို့တာထက် စာရင်လစာ၊ အခွင့်အရေး ပိုရနိုင်ပါတယ်။ နောက်ပြီး အိမ်အကူတွေကို တရားမဝင်ပို့ဆောင်နေတာက လူကုန်ကူးခံရတဲ့ရာခိုင်နှုန်းများ နိုင်ပါတယ်။ စင်ကာပူမှာဆိုရင် မြန်မာအမျိုးသမီး အိမ်အကူတွေ ခန့်မှန်းခြေနှစ်သောင်းကျော် ရှိပါတယ်။ ဒီအိမ်အကူတွေက ဘယ်လိုရောက်သွားလဲဆိုတာ စဉ်းစားကြည့်ရင် သိပါတယ်။ တရားမဝင် ပွဲစားတွေကနေတစ်ဆင့်သွားတာပါ။ ဒီလိုမျိုးပွဲစားတွေကို ဖော်ထုတ်အရေး ယူနိုင်ဖို့လည်း လိုအပ်ပါတယ်” လို့  ပြည်ပအလုပ်အကိုင်ရှာဖွေရေး အေဂျင်စီတစ်ခုက ဒါရိုက်တာတစ်ဦးက ဆိုပါတယ်။

မြန်မာနိုင်ငံဟာ လူကုန်ကူးခံရမှုအခြေအနေ မြင့်တက်နေတဲ့ နိုင်ငံတစ်ခုဖြစ်ပါတယ်။  လူကုန်ကူးမှုပြဿနာများဟာ အိမ်နီးချင်းနိုင်ငံများ အပါအဝင် ဒေသတွင်း နိုင်ငံအချို့ရဲ့ ဈေးကွက် လိုအပ်ချက်များနဲ့ ချိတ်ဆက်ဖြစ်ပွားလျက်ရှိတယ်လို့ လူကုန်ကူးမှုတိုက်ဖျက်ရေးနေ့မှာ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူက ပြောကြားခဲ့ပါတယ်။

၂၀၁၇ ခုနှစ်အတွင်း ဖြစ်ပွားခဲ့တဲ့ လူကုန်ကူးခံရမှု ကိန်းဂဏန်းတွေမှာ တရုတ်နိုင်ငံကို လူကုန်ကူးခံရမှုက ၇၄ ဒသမ ၃၄ ရာခိုင်နှုန်း၊ ထိုင်းနိုင်ငံကို လူကုန်ကူးခံရမှုက ၄ ဒသမ ၃၇ ရာခိုင်နှုန်းနဲ့ မလေးရှားနိုင်ငံကို လူကုန်ကူးခံရမှု  သုညဒသမ ၂၉ ရာခိုင်နှုန်း ရှိခဲ့တယ်လို့ လူကုန်ကူးမှုတားဆီးနှိမ် နင်းရေး ရဲတပ်ဖွဲ့ရဲ့ အချက်အလက်တွေက ညွှန်းဆိုပြထားပါတယ်။

လူကုန်ကူးခံရမှုရဲ့ ဇာစ်မြစ်က တရားမဝင်အလုပ်သွားလုပ်ခြင်းကြောင့်ဖြစ်တာက ရာခိုင်နှုန်း အများဆုံး ဖြစ်ပါတယ်။ တရားဝင် မဟုတ်တဲ့ ပွဲစားတွေကနေတစ်ဆင့် ချိတ်ဆက်ပြီး အလုပ်လုပ်ကိုင်ဖို့အတွက် သွားရာကနေ လူကုန်ကူးခံရတာဖြစ်ပါတယ်။ ဒီအထဲမှာ လူကုန်ကူးခံရတဲ့ အမျိုးသမီးတွေက အဓမ္မလက်ထပ်ထိမ်းမြားဖို့နဲ့  ပြည့်တန်ဆာအဖြစ်စေခိုင်းဖို့အတွက် လူကုန်ကူးခံရတာ အများဆုံးဖြစ်ပါတယ်။ တရားမဝင် နည်းလမ်းနဲ့ ပြည်ပကိုအိမ်အကူတွေပို့ဆောင်ပေးနေတဲ့ ကွန်ရက်က ကြီးမားကျယ်ပြန့်ပါတယ်။

မြန်မာနိုင်ငံရဲ့ အလုပ်လက်မဲ့ ရာခိုင်နှုန်းများပြားခြင်း၊ အလုပ်အကိုင်အခွင့်အလမ်းရှားပါးခြင်းနဲ့ အခြေခံစားသောက်ကုန်တွေ ဈေးမြင့်ပြီး ဝင်ငွေနည်းပါးတဲ့အတွက်  နယ်ကအသက် ၁၈ နှစ်နဲ့ ၂၅ နှစ်ကြား အမျိုးသမီး၊ အမျိုးသားတွေဟာ နိုင်ငံရပ်ခြားကို ထွက်ခွာအလုပ်လုပ်နေကြတာ တွေ့ရပါတယ်။

တချို့မြန်မာနိုင်ငံ အလယ်ပိုင်းဒေသက ရွာတွေမှာဆိုရင် စိုက်ပျိုးရေးလုပ်ငန်းအတွက် အခြေခံလုပ်သားရှားပါးမှုနဲ့တောင် ရင်ဆိုင်နေရတာတွေ ရှိနေပါပြီ။ လူ့စွမ်းအားအရင်းအမြစ်တွေက တိုင်းပြည်ရဲ့ အလုပ်အကိုင်ရှားပါးမှုနဲ့ လုပ်အားခနည်းပါးခြင်း၊ စီးပွားရေးကျပ်တည်းမှုတွေကြောင့် အိမ်နီးချင်း ထိုင်းနိုင်ငံအပါဝင် အာရှနိုင်ငံတွေမှာ အလုပ်သမားတွေအဖြစ် သွားရောက်လုပ်ကိုင်နေကြရပါတယ်။

ပြီးခဲ့သည့် သြဂုတ်လအတွင်း ပြည်ပနိုင်ငံတွေကို တရားဝင်ထွက်ခွာ အလုပ်လုပ်ကိုင်သူ၂၄၁၅၇ဦး ရှိခဲ့ပြီး  မလေးရှားနိုင်ငံကို ၃၃၁၀၊ စင်ကာပူနိုင်ငံကို  ၆၈ ဦး၊ ကိုရီးယားနိုင်ငံကို ၄၉၉ ဦး၊ ထိုင်းနိုင်ငံကို ၁၉၇၂၁ ဦး၊ ဂျပန်နိုင်ငံကို ၅၄၅ ဦး၊ ယူအေအီးနိုင်ငံကို လေးဦး၊ ကာတာနိုင်ငံကို သုံးဦးနှင့်ဂျော်ဒန်နိုင်ငံကို ခုနစ်ဦးရှိတယ်လို့အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။ ဒါ့အပြင် ၂၀၁၈ ခုနှစ် ဇန်နဝါရီကနေ သြဂုတ်လအထိ ရှစ်လအတွင်း မြန်မာနိုင်ငံကနေ  ပြည်ပကိုတရားဝင် သွားရောက်အလုပ်လုပ် ကိုင်သူ ၁၄၀၀၀၀ ကျော်ရှိခဲ့ပါတယ်။

နိုင်ငံခြားတိုင်း ပြည်တွေရဲ့ စိုက်ပျိုးရေး၊ ဆောက်လုပ်ရေး၊ ကုန်ထုတ်လုပ်မှုလုပ်ငန်းတွေမှာ မြန်မာအလုပ်သမားတွေ တရားဝင် သွားရောက်လုပ်ကိုင်တာက ပြဿနာမဟုတ်ပေမဲ့ အခွင့်အရေးချိုးဖောက်ခံရမှုနဲ့  လုပ်ခလစာ ခေါင်းပုံဖြတ်ခံရမှု ရာခိုင်နှုန်းများတဲ့ တရားမဝင်အိမ်အကူ ပို့ဆောင်တာတွေက ပြဿနာတစ်ခု ဖြစ်ပါတယ်။ ကာယကံရှင် အနေနဲ့ နစ်နာဆုံးရှုံးမှုတွေရှိပေမဲ့ ပို့ဆောင်ပေးတဲ့ ပွဲစားတွေအနေနဲ့ကတော့ အကျိုးဆောင်ခအပြည့်အ၀ ရယူကြတာ ဖြစ်ပါတယ်။ ပြဿနာတစ်စုံတစ်ခု ဖြစ်လာခဲ့မယ်ဆိုရင် လည်း တာဝန်ယူတာဝန်ခံ ဖြေရှင်းပေးမှုက မရှိသလောက်နည်းပါးတဲ့အတွက် တရားမဝင် အိမ်အကူပို့ဆောင်ပေးနေတဲ့ ပွဲစားတွေ အန္တရာယ်က သတိပြုဖို့ လိုအပ်လာနေပါပြီ။

 

Most Read

Most Recent