အကြားအလပ်မရှိ စောင့်ကြည့်ရမည့် မဲဆန္ဒနယ်များ

အကြားအလပ်မရှိ စောင့်ကြည့်ရမည့် မဲဆန္ဒနယ်များ
Published 15 September 2018

ရသေ့တောင်မြို့နယ် မူစဲကျွန်း ဇီးကိုင်းကျေးရွာသို့ မဲဆွယ်စည်းရုံးရေးဟောပြောရန် စက်တင်ဘာ ၄ ရက်က သွားရောက်ခဲ့သည့် ရခိုင်အမျိုးသားပါတီဝင်များအား တွေ့ရစဉ် (ဓာတ်ပုံ-ANP)

ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးတွင် လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲသည် အဓိကမဏ္ဍိုင်တစ်ခုဖြစ်သည်။ ပြည်သူလူထုသည် ရွေးကောက်ပွဲများအပေါ် စိတ်ဝင်စားမှုမြင့်မားပြီး အစိုးရများနှင့် လွှတ်တော်များကို တည့်မတ်၊ ထိန်းကျောင်းနိုင်မှသာ ဒီမိုကရေစီစနစ်သည် အခြေခိုင်မည်ဖြစ်သည်။ ပြည်သူလူထုက ရွေးကောက်ပွဲများအပေါ် ယုံကြည်မှု၊ စိတ်ဝင်စားမှု လျော့ကျလာမည်ဆိုလျှင် ဒီမိုကရေစီသည် ယိုင်နဲ့မည်ဖြစ်သည်။ လာမည့် ကြားဖြတ်ရွေးကောက်ပွဲတွင် ပြည်သူလူထု၏ ယုံကြည်မှု၊ စိတ်ဝင်စားမှုနှင့် ဆက်စပ်လျက် အကြားအလပ်မရှိ စောင့်ကြည့်ရမည့် မဲဆန္ဒနယ်များကို သုံးသပ် တင်ပြအပ်ပါသည်။

၂၀၁၈ ခုနှစ် မေလ ၈ ရက်နေ့တွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် လွှတ်တော်ကိုယ်စားလှယ်နေရာ လစ်လပ်နေသည့် မဲဆန္ဒနယ် ၁၃ နေရာအတွက် ကြားဖြတ်ရွေးကောက်ပွဲများကို ၁၃၈၀ ပြည့်နှစ် သီတင်းကျွတ်လပြည့်ကျော် ၁၀ ရက် (၂၀၁၈ ခုနှစ် နိုဝင်ဘာလ ၃ ရက်) စနေနေ့၌ ကျင်းပမည်ဖြစ်ကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။ နိုဝင်ဘာ ကြားဖြတ်ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်းများ အမည်စာရင်းများကို သြဂုတ် ၆ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။ နိုင်ငံရေးပါတီ ၂၄ ပါတီမှ ကိုယ်စားလှယ်လောင်း ၆၂ ဦးနှင့် တစ်သီးပုဂ္ဂလ ခုနစ်ဦး စုစုပေါင်းကိုယ်စားလှယ်လောင်း ၆၉ ဦး ယှဉ်ပြိုင် အရွေးချယ်ခံမည်ဖြစ်သည်။ ရန်ကုန်တိုင်းဒေသကြီး ဆိပ်ကမ်းမြို့နယ် တိုင်းဒေသကြီး လွှတ်တော်မဲဆန္ဒနယ် (၂) တွင် ကိုယ်စားလှယ်လောင်းကိုးဦး ဝင်ရောက် ယှဉ်ပြိုင်မည်ဖြစ်သဖြင့် ကိုယ်စားလှယ်လောင်း အများဆုံးမဲဆန္ဒနယ်ဟု သတ်မှတ်နိုင်သည်။ ချင်းပြည်နယ် မတူပီမြို့နယ် ပြည်နယ်လွှတ်တော်မဲဆန္ဒနယ် (၁) တွင် ကိုယ်စားလှယ်လောင်း နှစ်ဦးသာ ယှဉ်ပြိုင်မည်ဖြစ်သဖြင့် ကိုယ်စားလှယ်လောင်း အနည်းဆုံး မဲဆန္ဒနယ်ဟု ဆိုနိုင်သည်။ လွှတ်တော်ကိုယ်စားလှယ်လောင်းများတွင် အမျိုးသမီးကိုယ်စားလှယ်လောင်း ခြောက်ဦး ပါဝင်ပြီး အမျိုးသမီးပါဝင်မှု ကိုးရာခိုင်နှုန်းနီးပါး ရှိသည်။ အာဏာရအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (ဒီချုပ်) ၏ ကိုယ်စားလှယ်လောင်း ၁၃ ဦးအနက် အမျိုးသမီး ကိုယ်စားလှယ်လောင်း တစ်ဦးသာ ပါဝင်သည်။

ကြားဖြတ်ရွေးကောက်ပွဲကျင်းပမည့် လစ်လပ်မဲဆန္ဒနယ် ၁၃ နေရာအနက် မဲဆန္ဒနယ် ခုနစ်နေရာသည် တိုင်းဒေသကြီးများတွင် လည်းကောင်း၊ မဲဆန္ဒနယ်ခြောက်နေရာသည် ပြည်နယ်များတွင်လည်းကောင်း တည်ရှိသည်။ ယေဘုယျအားဖြင့် အာဏာရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည် တိုင်းဒေသကြီး မဲဆန္ဒနယ်အများစုတွင် အနိုင်ရရှိနိုင်ခြေမြင့်မားပြီး လူမျိုးစုအခြေပြု တိုင်းရင်းသားပါတီများသည် ပြည်နယ်မဲဆန္ဒနယ်အများစုတွင် အနိုင်ရရှိနိုင်ခြေ မြင့်မားမည်ဖြစ်သည်။ အာဏာရ ဒီချုပ်ပါတီနှင့် တိုင်းရင်းသားပါတီများအကြား ယှဉ်ပြိုင်မှု အကြိတ်အနယ် ဖြစ်နိုင်ခြေရှိပြီး မဲဆန္ဒနယ်အချို့တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (ဒီချုပ်) နှင့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ပြည်ခိုင်ဖြိုး) တို့အကြား အကြိတ်အနယ် ယှဉ်ပြိုင်ရနိုင်ခြေ ရှိသည်။

ဒီချုပ်ပါတီနှင့် ချင်းဒီမိုကရေစီအဖွဲ့ချုပ်တို့ ထိပ်တိုက်ယှဉ်ပြိုင်မည့် ချင်းပြည်နယ် မတူပီမြို့နယ်၊ ပြည်နယ်လွှတ်တော်မဲဆန္ဒနယ် (၁) သည် အကြားအလပ်မရှိ စောင့်ကြည့်ရမည့် မဲဆန္ဒနယ်တစ်ခုဖြစ်သည်။ နိုဝင်ဘာ ကြားဖြတ်ရွေးကောက်ပွဲတွင် ဒီချုပ်ပါတီနှင့် တိုင်းရင်းသားပါတီ၏ ကိုယ်စားလှယ်လောင်းနှစ်ဦး စီးချင်းထိုးယှဉ်ပြိုင်မည့် စိတ်လှုပ်ရှားဖွယ်ကောင်းသည့် မဲဆန္ဒနယ်ဖြစ်သည်။ ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲတွင် ဒီချုပ်သည် ခိုင်လုံမဲ ၁၂,၅၂၄ အနက် ၅,၅၄၂ မဲဖြင့် အနိုင်ရရှိခဲ့သည်။ ပြည်ခိုင်ဖြိုးက ၃,၄၆၈ မဲရရှိခဲ့ပြီး ချင်းအမျိုးသားဒီမိုကရက်တစ်ပါတီနှင့် ချင်းဒီမိုကရေစီအဖွဲ့ချုပ်ပါတီတို့က ၃,၅၁၄ မဲ ရရှိခဲ့သည်။ လာမည့်ကြားဖြတ်ရွေးကောက်ပွဲတွင် ပြည်ခိုင်ဖြိုးပါတီက လက်ရှောင်ခဲ့ပြီး ချင်းနှစ်ပါတီအနက် တစ်ပါတီတည်း ဝင်ပြိုင်မည်ဖြစ်သည်။ သို့ဖြစ်၍ မတူပီမြို့နယ် ပြည်နယ်လွှတ်တော်မဲဆန္ဒနယ် (၁) တွင် အကြိတ်အနယ် ယှဉ်ပြိုင်ရဖွယ်ရှိပြီး ချင်းဒီမိုကရေစီအဖွဲ့ချုပ်ပါတီက အသာစီးရနိုင်ခြေများသည်ဟု သုံးသပ်နိုင်သည်။

အကြားအလပ်မရှိ စောင့်ကြည့်ရမည့် ဒုတိယမဲဆန္ဒနယ်သည် ကိုယ်စားလှယ်လောင်းခြောက်ဦး ဝင်ပြိုင်မည့် ကချင်ပြည်နယ် အမျိုးသားလွှတ်တော်မဲဆန္ဒနယ် (၂) ဖြစ်ပြီး ကချင်ပြည်နယ်တွင် ဒီချုပ်ပါတီ၏ နိုင်ငံရေးအင်အားနှင့် ပတ်သက်၍ စောင့်ကြည့်၊ အကဲဖြတ်နိုင်မည့် မဲဆန္ဒနယ်ဖြစ်သည်။ ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲတွင် ယင်းမဲဆန္ဒနယ်မြေ၌ ကိုယ်စားလှယ်လောင်း ၁၀ ဦး ဝင်ပြိုင်ခဲ့ပြီး ဒီချုပ်ကိုယ်စားလှယ်က ခိုင်လုံမဲ ၁၀၆,၈၇၈ အနက် ၄၉,၈၈၂ မဲဖြင့် အပြတ်အသတ် အနိုင်ရခဲ့သည်။ ကချင်ဒီမိုကရက် တစ်ပါတီ၊ ကချင်ပြည်နယ်ဒီမိုကရေစီပါတီ၊ ကချင်အမျိုးသားများ ဒီမိုကရေစီကွန်ဂရက်ပါတီနှင့် စည်းလုံးညီညွတ်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ကချင်ပြည်နယ်တို့၏ ကိုယ်စားလှယ်လောင်း လေးဦးသည် ၃၂,၉၂၉ မဲ ရရှိခဲ့သည်။ အဆိုပါ ကချင်ပါတီ လေးပါတီသည် တစ်ပါတီတည်းအဖြစ် ပေါင်းစည်းရန် သဘောတူညီချက် ရရှိထားပြီး လာမည့်ကြားဖြတ်ရွေးကောက်ပွဲတွင် ကချင်ဒီမိုကရက်တစ်ပါတီ ကိုယ်စားလှယ်လောင်းတစ်ဦးသာ ယှဉ်ပြိုင်မည်ဖြစ်ရာ စိတ်ဝင်စားဖွယ်၊ စောင့်ကြည့်ရမည့် မဲဆန္ဒနယ်ပင်ဖြစ်သည်။ အာဏာရဒီချုပ်ပါတီနှင့် ကချင်ဒီမိုကရက်တစ်ပါတီအကြား စီးချင်းထိုး ယှဉ်ပြိုင်ရဖွယ်ရှိနေပြီး ကချင်ဒီမိုကရက်တစ်ပါတီ အနေဖြင့် အလားအလာ ကောင်းနိုင်ခြေရှိသည်ဟု သုံးသပ်နိုင်သည်။

မန္တလေးတိုင်းဒေသကြီးလွှတ်တော် ရှမ်းတိုင်းရင်းသားကိုယ်စားလှယ် မဲဆန္ဒနယ်သည် အကြားအလပ်မရှိ၊ စောင့်ကြည့်ရမည့် တတိယမြောက် မဲဆန္ဒနယ်ဖြစ်သည်။ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (ကျားခေါင်းပါတီ)၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ (ကျားဖြူပါတီ)၊ ဒီချုပ်ပါတီ၊ ပြည်ခိုင်ဖြိုးပါတီနှင့် တစ်သီးပုဂ္ဂလကိုယ်စားလှယ်လောင်းတို့ ဝင်ရောက် ယှဉ်ပြိုင်မည်ဖြစ်သော်လည်း အာဏာရဒီချုပ်ပါတီနှင့် ကျားခေါင်းပါတီတို့အကြား အကြိတ်အနယ် ယှဉ်ပြိုင်ရဖွယ်ရှိသည်။ ၂၀၁၅ ခုနှစ် အထွေထွေ ရွေးကောက်ပွဲတွင် ခိုင်လုံမဲ စုစုပေါင်း ၂၂,၇၉၂ မဲအနက် ဒီချုပ်ပါတီက ၁၀၅၀၇ မဲရရှိပြီး အနိုင်ရခဲ့သည်။ ကျားခေါင်းပါတီက ၆,၂၆၈ မဲသာ ရရှိခဲ့သည်။ မဲပေးသူ ၅၉ ဒသမ ၈၄ ရာခိုင်နှုန်းက နည်းလွန်းသည်ဟု သုံးသပ်နိုင်သည်။ ဒီချုပ်ပါတီနှင့် ကျားခေါင်းပါတီအကြား သူနိုင်ကိုယ်နိုင် အပြိုင်ကြဲရမည့် မဲဆန္ဒနယ်တစ်ခုဟု ဆိုနိုင်သည်။

အကြားအလပ်မရှိ စောင့်ကြည့်ရမည့် စတုတ္ထမြောက် မဲဆန္ဒနယ်သည် ချင်းပြည်နယ် ကန်ပက်လက်မြို့နယ် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်ဖြစ်ပြီး ကိုယ်စားလှယ်လောင်းလေးဦး ဝင်ရောက် ယှဉ်ပြိုင်မည်ဖြစ်သည်။ ချင်းအမျိုးသား ဒီမိုကရက်တစ်ပါတီနှင့် ချင်းတိုးတက်ရေးပါတီအကြား မဲကွဲနိုင်ခြေရှိသဖြင့် အာဏာရဒီချုပ်ပါတီနှင့် ပြည်ခိုင်ဖြိုးပါတီတို့အကြား အကြိတ်အနယ် စီးချင်းထိုးယှဉ်ပြိုင်ရမည့် အလားအလာ ရှိနေသည်။ ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲ ကန်ပက်လက်မြို့နယ် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်တွင် ဒီချုပ်ပါတီ ပြည်ခိုင်ဖြိုးပါတီ ချင်းအမျိုးသား ဒီမိုကရက်တစ်ပါတီနှင့် ချင်းဒီမိုကရေစီအဖွဲ့ချုပ်ပါတီတို့ ဝင်ရောက် ယှဉ်ပြိုင်ခဲ့ပြီး ဒီချုပ်ပါတီသည် ပြည်ခိုင်ဖြိုးပါတီကို ၄၉ မဲ အသာဖြင့် အနိုင်ရရှိခဲ့သည်။ ချင်းပါတီနှစ်ခု၏ မဲစုစုပေါင်းသည် ဒီချုပ်နှင့် ပြည်ခိုင်ဖြိုးထက် ၁၀၀၀ ကျော် လျော့နည်းခဲ့သည်။ လာမည့်ကြားဖြတ်ရွေးကောက်ပွဲတွင် ပြည်ခိုင်ဖြိုးပါတီသည် နှာတစ်ဖျားသာသယောင် ရှိနေသော်လည်း ရှုံးကြွေးပြန်ဆပ်နိုင်ခြေရှိ၊ မရှိ နိုဝင်ဘာလဆန်းတွင် အဖြေထွက်မည်ဖြစ်သည်။

ရခိုင်အမျိုးသားပါတီ၊ ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ၊ ဒီချုပ်ပါတီနှင့် တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်လောင်းတို့ ဝင်ရောက်ယှဉ်ပြိုင်မည့် ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် ပြည်နယ်လွှတ်တော်မဲဆန္ဒနယ် (၂) တွင် အာဏာရဒီချုပ်ပါတီသည် အနိုင်ရရှိနိုင်ခြေ နည်းပါးလင့်ကစား ရခိုင်တိုင်းရင်းသားနှစ်ပါတီနှင့် တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်လောင်းအကြား ယှဉ်ပြိုင်မှု အကြိတ်အနယ်ဖြစ်နိုင်သဖြင့် အကြားအလပ်မရှိ စောင့်ကြည့်သင့်သည့် မဲဆန္ဒနယ်တစ်ခုဟု သတ်မှတ်နိုင်သည်။ တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်လောင်းသည် ရခိုင်အမျိုးသားပါတီဥက္ကဋ္ဌဟောင်းဖြစ်ပြီး ရခိုင်ပြည်နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာအေးမောင်၏သားဖြစ်သည်။ ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲတွင် ရခိုင်အမျိုးသားပါတီသည် ခိုင်လုံမဲ ၂၈,၇၆၇ အနက် ၁၇,၈၅၆ မဲဖြင့် အနိုင်ရရှိခဲ့ပြီး ဒီချုပ်ပါတီသည် ၆၅၆ မဲသာ ရရှိခဲ့သည်။ ရခိုင်အမျိုးသားပါတီနှင့် ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်တို့၏ ယှဉ်ပြိုင်မှုများအကြားတွင် တစ်သီးပုဂ္ဂလကိုယ်စားလှယ်လောင်းသည် ကော်ကောင် ဖြစ်သွားကောင်းဖြစ်သွားနိုင်ဖွယ် ရှိသည်ဟုလည်း သုံးသပ်နိုင်သည်။

ရှမ်းပြည်နယ် လဲချားမြို့နယ် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်တွင် ဒီချုပ်ပါတီ၊ ကျားခေါင်းပါတီ၊ ကျားဖြူပါတီ ကိုယ်စားလှယ်လောင်း သုံးဦး ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ပြီး ကျားခေါင်းပါတီနှင့် ကျားဖြူပါတီတို့သာ အကြိတ်အနယ် ယှဉ်ပြိုင်ရဖွယ်ရှိသည်။ ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲ လဲချားမြို့နယ် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်တွင် ဒီချုပ်ပါတီ၊ ပြည်ခိုင်ဖြိုးပါတီ၊ ကျားခေါင်းပါတီ၊ ကျားဖြူပါတီတို့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်။ ခိုင်လုံမဲ ၁၆,၇၇၅ မဲအနက် ကျားခေါင်းပါတီက ၁၃,၀၅၁ မဲ၊ ကျားဖြူပါတီက ၁,၁၀၆ မဲ၊ ပြည်ခိုင်ဖြိုးပါတီက ၁,၇၄၆ မဲနှင့် ဒီချုပ်ပါတီက ၈၇၂ မဲ ရရှိခဲ့သည်။ နိုဝင်ဘာ ကြားဖြတ်ရွေးကောက်ပွဲ၊ လဲချားမဲဆန္ဒနယ်တွင် ကျားခေါင်းပါတီက ပြန်အနိုင်ရရှိရန် အလားအလာ ကောင်းလွန်းသည်ဟု သုံးသပ်နိုင်လင့်ကစား အကြားအလပ်မရှိ စောင့်ကြည့်ရဦးမည်မှာ မလွဲဧကန်ဖြစ်သည်။

အကြားအလပ်မရှိ စောင့်ကြည့်သင့်သော နောက်ဆုံးပိတ်မဲဆန္ဒနယ်တစ်ခုမှာ စစ်ကိုင်းတိုင်းဒေသကြီး တမူးမြို့နယ် တိုင်းဒေသကြီး လွှတ်တော် မဲဆန္ဒနယ် (၂) ဖြစ်သည်။ အာဏာရဒီချုပ်ပါတီနှင့် ပြည်ခိုင်ဖြိုးပါတီတို့အကြား အကြိတ်အနယ် စီးချင်းထိုး ယှဉ်ပြိုင်ရနိုင်ဖွယ်ရှိသည့် မဲဆန္ဒနယ်တစ်ခုဖြစ်သည်။ နိုဝင်ဘာကြားဖြတ်ရွေးကောက်ပွဲတွင် ဒီချုပ်ပါတီ၊ ပြည်ခိုင်ဖြိုးပါတီ၊ ချင်းဒီမိုကရေစီအဖွဲ့ချုပ်နှင့် ဇိုတိုင်းရင်းသားဒေသ ဖွံ့ဖြိုးရေးပါတီတို့ ယှဉ်ပြိုင်ကြမည်ဖြစ်သည်။ ၂၀၁၅ ခုနှစ် အထွေထွေ ရွေးကောက်ပွဲရလဒ်အရ ကြည့်မည်ဆိုလျှင် ခိုင်လုံမဲ ၂၁,၆၂၅ မဲအနက် ဒီချုပ်ပါတီသည် ၈,၇၂၀ မဲဖြင့် အနိုင်ရရှိခဲ့ပြီး ပြည်ခိုင်ဖြိုးက ၈,၄၆၈ မဲဖြင့် ကပ်လိုက်ခဲ့သည်။ ဒီချုပ်နှင့် ပြည်ခိုင်ဖြိုးအကြား မဲကွာခြားချက်သည် ၂၅၂ မဲသာ ရှိခဲ့သည်။ ချင်းဒီမိုကရေစီအဖွဲ့ချုပ်နှင့် ဇိုတိုင်းရင်းသားဒေသ ဖွံ့ဖြိုးရေးပါတီတို့ အနေဖြင့် ဖောက်ထွက်အနိုင်ရရှိနိုင်ခြေနည်းသည်။ စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် တမူးမဲဆန္ဒနယ် (၂) သည် စိတ်လှုပ်ရှားဖွယ်ရာကို ဆောင်ကြဉ်းလာကောင်းလာလိမ့်မည်။ မဲပေးသူရာခိုင်နှုန်း သိသိသာသာ ကျဆင်းမည်ဆိုလျှင် ဒီချုပ်ပါတီ အနေဖြင့် အခက်တွေ့နိုင်ပြီး ပြည်ခိုင်ဖြိုးပါတီက ခြေလှမ်းတစ်လှမ်း သာသွားနိုင်ခြေရှိသည်။

အချုပ်အားဖြင့်ဆိုသော် အာဏာရအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည် လာမည့်ကြားဖြတ်ရွေးကောက်ပွဲတွင် ရာနှုန်းပြည့်အနိုင်ရရှိရန် မျှော်မှန်းသည်ဆိုလျှင် လေထဲတိုက် အိမ်ဆောက်ရာရောက်နိုင်သည်။ ဒီချုပ်ပါတီသည် အနိမ့်ဆုံး လစ်လပ်မဲဆန္ဒနယ်၏ထက်ဝက်ကို အနိုင်ရရှိရန် ရည်မှန်းချက်ထားသည်ဆိုလျှင် ပိုမိုအဓိပ္ပာယ်ရှိမည်ဖြစ်သည်။ အကြားအလပ်မရှိ စောင့်ကြည့်ရမည့် မဲဆန္ဒနယ် ခုနစ်နယ်တွင် အာဏာရဒီချုပ်ပါတီ အနေဖြင့် အကြိတ်အနယ် အားကုန်ရုန်းယှဉ်ပြိုင်ပြီး အောင်ပွဲတစ်စိတ်တစ်ပိုင်း ရရှိကောင်း ရရှိနိုင်သော်လည်း အတပ်ပြောရန် ခဲယဉ်းဦးမည်ဖြစ်သည်။ ၂၀၂၀ ပြည့်နှစ် အထွေထွေ ရွေးကောက်ပွဲအတွက် နိုင်ငံရေးခြေစမ်းပွဲဟု ဆိုနိုင်သည့် ၂၀၁၈ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲသည် အာဏာရပါတီ အပါအဝင် နိုင်ငံရေးပါတီများအတွက် သင်ခန်းစာကောင်းများ၊ အတွေ့အကြုံကောင်းများ၊ အတွေးသစ်များကိုလည်း ချန်ထားရစ်ခဲ့မည်မှာ မြေကြီးလက်ခတ်မလွဲပင်ဖြစ်ပါကြောင်း သုံးသပ် တင်ပြလိုက်ရပါသည်။

Most Read

Most Recent