တံစိုးလက်ဆောင်ရယူပြီး အောင်ရဲထွေးအမှုကို ရုပ်သိမ်းခွင့်ချမှတ်ခဲ့သည့် ရန်ကုန်တိုင်းအစိုးရအဖွဲ့ဝင် တိုင်းဥပဒေချုပ် ဦးဟန်ထူးအပါအဝင် ခြောက်ဦးအား တိုင်းတရားလွှတ်တော်တွင် ဆက်လက်တရားစွဲဆိုမည်

တံစိုးလက်ဆောင်ရယူပြီး အောင်ရဲထွေးအမှုကို ရုပ်သိမ်းခွင့်ချမှတ်ခဲ့သည့် ရန်ကုန်တိုင်းအစိုးရအဖွဲ့ဝင် တိုင်းဥပဒေချုပ် ဦးဟန်ထူးအပါအဝင် ခြောက်ဦးအား တိုင်းတရားလွှတ်တော်တွင် ဆက်လက်တရားစွဲဆိုမည်
Published 15 September 2018

သြဂုတ် ၄ ရက်က မြန်မာ့အလင်းသတင်းစာတွင် ရေးသားထားသည့် ဆွေညီ၏ ‘မဆိုင်တာကို ဆိုင်သယောင်ဆွဲထည့်သည့် အရှုပ်ထုပ်ကို ဖြေပြခြင်း’ ဆောင်းပါးကို တွေ့ရစဉ်

တံစိုးလက်ဆောင်ရယူပြီး အောင်ရဲထွေးအမှုကို ရုပ်သိမ်းခွင့်ချမှတ်ခဲ့သည့် ရန်ကုန်တိုင်းအစိုးရအဖွဲ့ဝင် တိုင်းဥပဒေချုပ် ဦးဟန်ထူးအပါအဝင် ခြောက်ဦးအား တိုင်းတရားလွှတ်တော်တွင် ဆက်လက်တရားစွဲဆိုမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်အဖွဲ့ဝင် ဦးကျော်စိုးက ပြောကြားသည်။

“စစ်ဆေးပေါ်ပေါက်ချက်အရ ထုတ်ပြန်ထားတဲ့အတိုင်းပဲပေါ့။ အမှုဖွင့်ထားတယ်။ အဲဒီကမှတစ်ဆင့် တရားစွဲဆိုတာတွေ လုပ်သွားမယ်။ တရားစွဲတင်ဖို့ကိစ္စတွေ လုပ်မှာပေါ့။ အောင်ရဲထွေး သေဆုံးမှုမှာ စုံစမ်းစစ်ဆေးတဲ့အချိန်မှာ ပေါ်ပေါက်တာဖြစ်တဲ့အတွက်ကြောင့် အမှုဖွင့်တာ။ ပြီးတာနဲ့ တရားစွဲဆိုမယ်။ သူတို့ကိုလည်း ဖမ်းပြီးထိန်းသိမ်းပြီးသွားပြီ။ တရားစွဲဖို့ ရန်ကုန်တိုင်းတရားလွှတ်တော်မှာ ဆက်လုပ်သွားမှာ” ဟု ဦးကျော်စိုးက ပြောကြားသည်။

ဇူလိုင် ၃၁ ရက် နံနက် ၁၀ နာရီတွင် နိုင်ငံတော်သမ္မတဦးဝင်းမြင့်က သမ္မတအိမ်တော်တွင် ပြည်ထောင်စုတရားသူကြီးချုပ်၊ ပြည်ထောင်စုရှေ့နေချုပ်နှင့် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌတို့အား နိုင်ငံတော်သမ္မတက ခေါ်ယူတွေ့ဆုံခဲ့ပြီး အောင်ရဲထွေးအမှု ရုပ်သိမ်းခြင်း၏ နောက်ခံအကြောင်းရင်းများ၊ အခြားဆက်နွှယ်ပတ်သက်မှုများနှင့် စပ်လျဉ်း၍ တိတိကျကျစိစစ်ပြီး ဥပဒေနှင့်အညီ မှန်မှန်ကန်ကန်ဆောင်ရွက်ရန် လမ်းညွှန်မှာကြားခဲ့သည်။

ယင်းသို့ မှာကြားအပြီးတွင် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်က ကျော်စောသတင်းအဖြစ် သတ်မှတ်ပြီး စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းကာ စစ်ဆေးရာမှ တံစိုးလက်ဆောင်ရယူမှုများ ပေါ်ပေါက်လာခဲ့ခြင်း ဖြစ်သည်။

စက်တင်ဘာ ၁၃ ရက်တွင် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်က အောင်ရဲထွေးအမှုနှင့်ပတ်သက်သည့် ထုတ်ပြန်ချက်တွင် ရန်ကုန်တိုင်းအစိုးရအဖွဲ့ဝင် တိုင်းဥပဒေချုပ် ဦးဟန်ထူး၊ ရန်ကုန်အရှေ့ပိုင်းခရိုင် ဥပဒေရုံးမှ ဒုတိယခရိုင်ဥပဒေအရာရှိ ဒေါ်သစ်သစ်ခင်၊ ရန်ကုန်အရှေ့ပိုင်းခရိုင် ဥပဒေအရာရှိ ဦးကိုကိုလေး၊ ရန်ကုန်တိုင်းဒေသကြီး ဥပဒေအရာရှိ ဦးသိန်းဇော်၊ ရန်ကုန်အရှေ့ပိုင်းခရိုင်တရားရုံးမှ ဒုတိယခရိုင် တရားသူကြီး ဦးအောင်ကြည်နှင့် ရဲအုပ်ချစ်ကိုကိုတို့အား အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေပုဒ်မများဖြင့် သုဝဏ္ဏနယ်မြေရဲစခန်းတွင် အမှုဖွင့်ခဲ့ခြင်းဖြစ်သည်။

ယင်းဖြစ်စဉ်တွင် ရန်ကုန်တိုင်းဒေသကြီး ဥပဒေအရာရှိ ဦးဟန်ထူးမှာ ကျပ်သိန်း ၁၅၀၊ ဘလူးလေဘယ်လ်တစ်လုံး၊ အင်္ကျီတစ်ထည်၊ ခရိုင်ဥပဒေအရာရှိ ဦးကိုကိုလေးမှ ကျပ်သိန်း ၁၃၀၊ ဂိုးလေဘယ်လ်တစ်လုံး၊ ဒုခရိုင်ဥပဒေအရာရှိ ဒေါ်သစ်သစ်ခင်မှာ ကျပ်သိန်း ၃၀၊ ပါတိတ်လုံခြည်တစ်ထည်၊ ရန်ကုန်အရှေ့ပိုင်းခရိုင် တရားရုံးမှ ဒုတိယခရိုင်တရားသူကြီး ဦးအောင်ကြည်မှ ကျပ်သိန်း ၃၀၀၊ ရဲအုပ် ချစ်ကိုကိုမှ ကျပ်သိန်း ၃၀၊ ရန်ကုန်တိုင်းဒေသကြီး ဥပဒေအရာရှိ ဦးသိန်းဇော်မှ ကျပ်သိန်း ၅၀ ရယူခဲ့သည်။

တံစိုးလက်ဆောင်ရယူခဲ့သည့် ရန်ကုန်တိုင်းအစိုးရအဖွဲ့ဝင် ဥပဒေအရာရှိချုပ် ဦးဟန်ထူးမှာ စက်တင်ဘာ ၁၃ ရက်က ပြုလုပ်ခဲ့သည့် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်အစည်းအဝေးနှင့် လူကုန်ကူးမှုတား ဆီးတိုက်ဖျက်ရေးအခမ်းအနားများသို့ တက်ရောက်အပြီး ရန်ကုန်တိုင်းအစိုးရ အဖွဲ့အစည်းအဝေးမစမီတွင် ဖမ်းဆီးခံရခြင်းဖြစ်သည်။

စက်တင်ဘာ ၁၃ ရက်တွင် ကော်မရှင်က ထုတ်ပြန်ကြေညာခြင်းမပြုမီ ဖမ်းဆီးခံရခြင်းဖြစ်ပြီး မွန်းလွဲ ၃ နာရီခန့်တွင် ၎င်းတို့အား သင်္ဃန်းကျွန်းမြို့နယ်တရားရုံးတွင် ရုံးထုတ်ရမန်ရယူခဲ့သည်။ ၎င်းတို့အား စက်တင်ဘာ ၂၇ ရက်တွင် ထပ်မံရုံးထုတ်မည်ဖြစ်ကြောင်း၊ အမှုနှင့် ပတ်သက်သည့် ဖြစ်စဉ်များကို စစ်ဆေးမည်ဖြစ်ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

လက်ရှိတွင် ဖမ်းဆီးခံထားရသည့် တိုင်းဥပဒေအရာရှိချုပ် ဦးဟန်ထူးအပါအဝင် ခြောက်ဦးအား မြို့နယ်ရဲစခန်း သုံးခုတွင် ချုပ်နှောင်ထားကြောင်း သတင်းများထွက်ပေါ်လျက်ရှိသော်လည်း The Daily Eleven က အတည်ပြုနိုင်ခြင်း မရှိသေးပေ။

လူမှုကွန်ရက်စာမျက်နှာ Facebook တွင် ဟာသဗီဒီယိုကလစ်များ တင်ခြင်းကြောင့် ပရိသတ်အားပေးမှု ရရှိလာသည့် သရုပ်ဆောင် အောင်ရဲထွေးမှာ နှစ်သစ်ကူးညတွင် သုဝဏ္ဏမြို့နယ်ရှိ The One Entertainment သို့ ၎င်း၏ရည်းစားနှင့်အတူ သွားရောက်လည်ပတ်ရာမှ လူတစ်စုက ရိုက်နှက်ခဲ့သဖြင့် သေဆုံးခဲ့သည်။

အုပ်စုဖွဲ့ ရိုက်နှက်ခဲ့သူများအား ရဲတပ်ဖွဲ့က စုံစမ်းရာ ရိုက်နှက်မှုဖြစ်ပွားအပြီး တစ်ရက်အကြာ ဇန်နဝါရီ ၃ ရက်တွင် သန်းထွဋ်အောင် (ခ) သားကြီးဆိုသူအား ၎င်း၏ဖခင်က ရဲစခန်းသို့ လာရောက်အပ်နှံခဲ့သည်။

သရုပ်ဆောင်အောင်ရဲထွေးအား အုပ်စုဖွဲ့ရိုက်နှက်ခဲ့ကြောင်း သန်းထွဋ်အောင် (ခ) သားကြီးက ဝန်ခံခဲ့ပြီး အုပ်စုဖွဲ့ရိုက်နှက်ရာတွင် ၎င်းနှင့်အတူ ပါဝင်သည့် လှည်းတန်းနေ ပြည့်ဖြိုးအောင် (ခ) အောင်လေးနှင့် သင်္ဃန်းကျွန်းမြို့နယ်နေ ကျော်ဇောဟန် (ခ) ကျော်ဇောတို့လည်း ပါဝင်သည်ဟု ထွက်ဆိုခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ခဲ့သည်။

သို့သော် အမှုအား စစ်ဆေးနေသည့် ရုံးချိန်းသုံးချိန်းအပြီးတွင် တရားလိုက အမှုပြန်လည်ရုပ်သိမ်းသည်ဟုဆိုကာ ကျူးလွန်သူများအား ပြန်လွှတ်ပေးသဖြင့် အများပြည်သူက လူမှုကွန်ရက်စာမျက်နှာတွင်သာမက ပြင်ပတွင်လည်း ဝေဖန်မှုများစွာ မြင့်တက်ခဲ့သည်။

အဆိုပါအမှုနှင့်ပတ်သက်ပြီး စိတ်ဝင်စားဖွယ် အချက်တစ်ချက်မှာ ပြန်ကြားရေးဝန်ကြီးဌာနပိုင် မြန်မာ့အလင်းနှင့် ကြေးမုံသတင်းစာများ၌ ဇူလိုင် ၂၇ ရက်တွင် ဥပဒေ ဆောင်းပါးတစ်ပုဒ်နှင့် ပြည်သူ့ကဏ္ဍဆိုသည်တို့ ပါဝင်လာခြင်းဖြစ်သည်။

အောင်ရဲထွေး၏အမှုအား ဇူလိုင် ၂၅ ရက်တွင် အမိန့်ချခဲ့ခြင်းဖြစ်ပြီး ပြည်သူများအကြား ကျယ်ကျယ်ပြန့်ပြန့် သိရှိလာသည်မှာ ဇူလိုင် ၂၇ ရက်မှသာဖြစ်ပြီး ယင်းနေ့တွင်ပင် အဆိုပါရေးသားချက်များကို အစိုးရ သတင်းစာနှစ်စောင်တွင် ဖော်ပြလာခဲ့ခြင်း ဖြစ်သည်။

ယင်းသို့ အစိုးရပိုင် ပြန်ကြားရေးဝန်ကြီးဌာန၏ သတင်းစာများတွင် အမှုနှင့်ဆက်စပ်သည့် ဆောင်းပါးနှင့် ပြည်သူ့ကဏ္ဍများတွင် တရားခံအား ကာကွယ်သည့်သဘော ရေးသားဖော်ပြခဲ့ခြင်းကြောင့် အဆိုပါအမှု၏ နောက်ကွယ်မှ ပါဝင်ပတ်သက်သူများ၏ သြဇာကြီးထွားမှုမှာ မေးခွန်းထုတ်စရာဖြစ်လာကြောင်း လူမှုကွန်ရက်တွင်  ဝေဖန်ခဲ့ကြသည်ကို တွေ့ရသည်။

ထိုသို့ အစိုးရပိုင်သတင်းစာနှစ်စောင်တွင် ယင်းကဲ့သို့ဆောင်းပါးများ ထည့်သွင်းဖော်ပြနိုင်ရန် ရန်ကုန်တိုင်းဒေသကြီးဥပဒေချုပ် ဦးဟန်ထူးမှာ တာဝန်နှင့် အခွင့်အရေး မရှိသူဖြစ်သည်ဟု သုံးသပ်ကြပြီး ယင်းသို့ လုပ်ဆောင်ရန် နောက်ကွယ်မှ စေခိုင်းညွှန်ကြားနိုင်သူ၏ သြဇာနှင့် အရှိန်အဝါမှာ မေးခွန်းထုတ်စရာဖြစ်ကာ ၎င်းတို့အား စုံစမ်းစစ်ဆေးပေးရန် လူမှုကွန်ရက်စာမျက်နှာများတွင် အများပြည်သူက တောင်းဆိုခဲ့ကြောင်း သိရသည်။

ဦးဟန်ထူးမှာ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့တွင် အစိုးရအဖွဲ့ အင်္ဂါစဉ်အရ နံပါတ် ၁၁ နေရာတွင် ရှိသည်။

ထို့ပြင် ပြည်ထောင်စုရှေ့နေချုပ် နည်းဥပဒေများပုဒ်မ ၁၂၄ အရ သက်ဆိုင်ရာတိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့က အမှုရုပ်သိမ်းခြင်း ပြုသင့်သည်ဟု သဘော ရရှိ၍ သဘောထားမှတ်ချက်၊ ကျိုးကြောင်းဖော်ပြချက်များနှင့်အတူ သက်ဆိုင်ရာတိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဥပဒေချုပ်ရုံးသို့ အကြောင်းကြားလျှင် သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဥပဒေချုပ်သည် သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့၏ သဘောထားမှတ်ချက်နှင့် ကျိုးကြောင်းဖော်ပြချက်များအရ အမှုရုပ်သိမ်းခြင်း ပြုသင့်သည်ဟု တွေ့ရှိပါက အမှုရုပ်သိမ်းခြင်းပြုရန် သက်ဆိုင်ရာ ဥပဒေရုံးသို့ ညွှန်ကြားရမည်ဟု ပြဋ္ဌာန်းထားသည်ကို တွေ့ရှိရသည်။

ဖွဲ့စည်းပုံအခြေခံဥပဒေ ၂၆၆ (စ) (၁) အရ တိုင်းဒေသကြီးဥပဒေချုပ်သည် သက်ဆိုင်ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်မှတစ်ဆင့် နိုင်ငံတော်သမ္မတအား တာဝန်ခံရမည်ဟု ပြဋ္ဌာန်းထားပြီး အခြေခံဥပဒေအရ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်မှတစ်ဆင့်သာ သမ္မတက တာဝန်ခံရမည်ဖြစ်သည့်အပြင် ၂၆၆ (စ) (၂) အရ ပြည်ထောင်စုရှေ့နေချုပ်နှင့် တိုင်းဒေသကြီး ဝန်ကြီးချုပ်အား တာဝန်ခံရမည်ဟု ပြဋ္ဌာန်းထားသည်။

အောင်ရဲထွေးအမှုမှာ နိုင်ငံတစ်ဝန်းတွင် လူအများ စိတ်ဝင်စားခဲ့သည့်အမှုဖြစ်ပြီး ယင်းအမှုတွင် ကျူးလွန်သူများကို ပြန်လွှတ်ပေးခြင်းကြောင့် နိုင်ငံတော်သမ္မတကိုယ်တိုင် ဝင်ရောက်ထိန်းကျောင်းခဲ့ရသည့် အမှုတစ်ခုဖြစ်သည်။

သို့ဖြစ်ရာ ယင်းအမှုနှင့်ပတ်သက်၍ လက်ရှိအချိန်တွင် ရန်ကုန်တိုင်းဥပဒေချုပ် ဦးဟန်ထူးအပါအဝင် ခြောက်ဦးအား ဖမ်းဆီးအရေးယူသကဲ့သို့ပင် ဆက်စပ်ပတ်သက်နိုင်မှု ရှိသည်ဟု အတိအကျယူဆရန် မဖြစ်နိုင်သော်လည်း လူအများကြားတွင် ပြင်းပြင်းထန်ထန် ဝေဖန်ခြင်းခံခဲ့ရသော အစိုးရသတင်းစာပါ ဆောင်းပါးဖော်ပြချက်များ၏ နောက်ကွယ်မှ အကြောင်းအရာများနှင့်အတူ လာဘ်ပေးသူ၊ လာဘ်ယူသူသာမက အဂတိနှင့်ပတ်သက်၍ နောက်ကွယ်မှ ဆက်စပ်နိုင်သော အကြောင်းအရာများကိုပါ ကျယ်ကျယ်ပြန့်ပြန့် စစ်ဆေးကာ အများပြည်သူသို့ စုံစမ်းဖော်ထုတ်ချပြရန် လိုအပ်မည်ဖြစ်ကြောင်း ဝေဖန်သုံးသပ်မှုများလည်း ရှိနေသည်။

Most Recent