ပဲဈေးကွက်အသစ် ဘာဖြစ်လာမလဲ

ပဲဈေးကွက်အသစ် ဘာဖြစ်လာမလဲ
Published 10 September 2018

ရန်ကုန်တိုင်းဒေသကြီး သန်လျင်မြို့နယ်အတွင်းရှိ ပဲလုပ်ကွက်တစ်ခုကို တွေ့ရစဉ် (ဓာတ်ပုံ-ကြည်နိုင်)

မြန်မာနိုင်ငံသည် အာရှတွင် ပဲအများဆုံး တင်ပို့သည့်နိုင်ငံဖြစ်ပြီး ကမ္ဘာပေါ်တွင်  ကနေဒါနိုင်ငံပြီးနောက် ပဲအများဆုံးတင်ပို့သည့် နိုင်ငံဖြစ်သည်။

မြန်မာနိုင်ငံ၏ ပဲမျိုးစုံစိုက်ပျိုးထုတ်လုပ်နိုင်မှုသည် အရှေ့တောင်အာရှနိုင်ငံများ အနေဖြင့် ဦးဆောင်နိုင်ငံတစ်ခုဖြစ်ကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာ အောင်သူက ဆိုသည်။

မြန်မာနိုင်ငံတွင် စိုက်ပျိုးထုတ်လုပ်သည့် ပဲမျိုးစုံအနက် မတ်ပဲ၊ ပဲတီစိမ်း၊ ပဲစင်းငုံတို့သည် နှစ်စဉ်တန်ချိန် တစ်သန်းမှ ၁ ဒသမ ၅ သန်းအထိ ပြည်ပသို့တင်ပို့လျက်ရှိသည်။ မတ်ပဲကို အိန္ဒိယဈေးကွက်တစ်ခုတည်းသို့ အားထားတင်ပို့နေရသည်။

အဆိုပါပဲသုံးမျိုး နှစ်စဉ်ပြည်ပတင်ပို့မှုက ဒေါ်လာတစ်ဘီလျံကျော်ရရှိကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာသန်းမြင့်က ပြောကြားသည်။

မတ်ပဲကို အိန္ဒိယဈေးကွက်တစ်ခုတည်းကိုသာ အားထားတင်ပို့နေရသည့်အတွက် အိန္ဒိယဘက်မှ ပဲတင်သွင်းခွင့် ကန့်သတ်လိုက်သည့်အခါ ပြည်တွင်းပဲဈေး ဆက်တိုက်ကျဆင်းခဲ့သည်။ ယင်းအခြေအနေကို ဖြေရှင်းနိုင်ရန် မတ်ပဲအစား အခြားသီးနှံများ ပြောင်းလဲစိုက်ပျိုးနိုင်ရေး ဆောင်ရွက်နေသည်။

သို့သော် တောင်သူတွက်ခြေကိုက်သည့် အကျိုးအမြတ်ရနိုင်မည့်သီးနှံများ ရွေးချယ်စိုက်ပျိုးနိုင်ရန်မှာ အခက်အခဲများ ရှိနေသည်။

အိန္ဒိယနိုင်ငံကလည်း ပြည်တွင်းပဲဈေးနှုန်း တည်ငြိမ်ရေးနှင့် ပြည်တွင်းဖူလုံရေးအတွက် အဓိကထား စီမံချက်ချဆောင်ရွက်နေသည့်အတွက် ရေရှည်တွင် မတ်ပဲနှင့် ပဲစင်းငုံနှစ်မျိုးစလုံးကို တန်ချိန်အမြောက်အမြား စိုက်ပျိုးထုတ်လုပ်တင်ပို့ရန် အခြေအနေမပေးတော့သည့်အတွက် ပဲဈေးကွက်အသစ်ရှာရန် စဉ်းစားဆုံးဖြတ်ရမည့် အချိန်ရောက်ပြီ ဖြစ်သည်။

 

အိန္ဒိယရဲ့ ပဲ Quota

အိန္ဒိယနိုင်ငံက ၂၀၁၈-၂၀၁၉ စိုက်ပျိုး ရာသီအတွက် Quota သတ်မှတ်ချက်ကို ၂၀၁၈ ခုနှစ် မေ ၄ ရက်တွင်တစ်ကြိမ်၊ မေ ၁၁ ရက်တွင်တစ်ကြိမ် ကြေညာခဲ့သည်။ အရေအတွက်အားဖြင့် မတ်ပဲတန်ချိန် ၁ ဒသမ ၅ သိန်း၊ ပဲစင်းငုံတန်ချိန် နှစ်သိန်းနှင့် ပဲတီစိမ်း တန်ချိန် ၁ ဒသမ ၅သိန်းသာ တင်သွင်းရန် သတ်မှတ်ခဲ့သည်။

ထူးခြားချက်အနေဖြင့် ပဲ Quota နောက်ဆုံးတင်သွင်းရမည့်ကာလကို သြဂုတ်လကုန်အထိသာ သတ်မှတ်ထားခဲ့သည်။ အိန္ဒိယနိုင်ငံ၏ ယခုနှစ်အတွက် ပဲဝယ်ယူမည့် ကိုတာ (Quota ) သတ်မှတ်ချက်ကို သြဂုတ်လအထိသာ ဝယ်ယူမည်ဟု သတ်မှတ်ခဲ့သည့်အတွက် မိမိပဲမရောင်းလိုက်ရမည်ကိုစိုးရိမ်ပြီး အလုအယက် ရောင်းချခြင်းမျိုး ဖြစ်ပေါ်လာကာ ပြည်တွင်း၌ ပဲဈေးထပ်မံ ကျဆင်းလာခဲ့သည်။

 

ပဲစိုက်ဧက

မြန်မာနိုင်ငံတွင် ပဲမျိုးစုံသီးနှံစိုက်ပျိုး ထုတ်လုပ်မှုသည် စုစုပေါင်းစိုက်ပျိုးသီးနှံ ထုတ်လုပ်မှု၏၂၁ ရာခိုင်နှုန်းခန့် စိုက်ပျိုးလျက်ရှိသည်။

၂၀၁၇-၂၀၁၈ ခုနှစ် မိုးရာသီတွင် စိုက်ဧကပေါင်း ၃ ဒသမ ၈၉ သန်းနှင့် ဆောင်းရာသီတွင် ဧက ၇ ဒသမ ၀၇ သန်းဖြင့် စုစုပေါင်းပဲမျိုးစုံ စိုက်ဧရိယာ ဧက ၁၀ ဒသမ ၉၆ သန်းကို စိုက်ပျိုးထုတ်လုပ်နိုင်ခဲ့ကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူက ပြောကြားသည်။

“ထွက်ရှိချက်က တင်းသန်းပေါင်း ၁၇၇ တင်းသန်းခန့် ထွက်ရှိခဲ့ပါတယ်။ မိုး၊ ဆောင်းသီးနှံ စုစုပေါင်းစိုက်ဧရိယာဧကရဲ့ ၂၁ ရာခိုင်နှုန်းခန့်ဟာ ပဲမျိုးစုံစိုက်ပျိုးတဲ့ ဧရိယာများ ဖြစ်ပါတယ်။ ယခုအနေနဲ့ကတော့ မိုးကြိုနဲ့ မိုးပဲမျိုးစုံ စိုက်ပျိုးထုတ်လုပ်နိုင်မှုအနေအထားကတော့ စိုက်ဧက ၂ ဒသမ ၀၉ သန်းကို စိုက်ပျိုးပြီးဖြစ်တယ်လို့ စာရင်းတွေအရ သိရပါတယ်” ဟု ဒေါက်တာအောင်သူက ဆိုသည်။

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှရရှိသော စာရင်းများအရ မတ်ပဲစိုက်ဧက၂ ဒသမ ၇၆ သန်းနှင့် ပဲစင်းငုံစိုက်ဧက ၁ ဒသမ ၅၉ သန်းရှိပြီး နှစ်မျိုးပေါင်း စိုက်ဧက ၄ ဒသမ ၂၆ သန်းရှိသည့်အတွက် တစ်နိုင်ငံလုံး ပဲမျိုးစုံစိုက်ဧက ၁၁ ဒသမ ၄၅ သန်း၏ ၃၇ ရာခိုင်နှုန်းရှိနေကြောင်း သိရသည်။

ပြည်ပပဲတင်ပို့မှုအခြေအနေမှာ မတ်ပဲတန်ချိန် ၅၂၇၉၆၅၊ ပဲစင်းငုံတန်ချိန် ၂၂၅၄၉၂  နှစ်မျိုးပေါင်းတန်ချိန် ၇၅၃၄၅၇ ဖြစ်သည့်အတွက် တစ်နှစ်လုံး ပဲမျိုးစုံတင်ပို့မှုစုစုပေါင်း တန်ချိန် ၁၃၁၇၉၆၇ ၏ ၅၇ ဒသမ ၁၇ ရာခိုင်နှုန်း ရှိသည်။

“ဒီပဲနှစ်မျိုးနေရာတွေမှာ အစားထိုးသီးနှံစိုက်ဖို့ စီစဉ်ရာမှာတော့ အင်တိုက်အားတိုက် ဘက်ပေါင်းစုံက ဝိုင်းဝန်းတွက်ချက် စဉ်းစားဆောင်ရွက်ဖို့ အရေးကြီးပါတယ်။ ဈေးကွက်ရရှိပြီး တိုးချဲ့နိုင်မယ့်သီးနှံတွေထဲက  စိုက်ပျိုးမယ့်ဒေသနဲ့ သင့်လျော်ပြီး တောင်သူတွေအတွက် အကျိုးအမြတ်အရနိုင်ဆုံး၊ တွက်ခြေအကိုက်ဆုံးသီးနှံကို ရွေးချယ်နိုင်ရပါမယ်။ ဒီကိစ္စက ပြောရလွယ်သလောက် လက်တွေ့လုပ်ဖို့ အကောင်အထည်ဖော်ရာမှာ အင်မတန်ခက်ခဲ သိမ်မွေ့လွန်းပါတယ်” ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးတိုးအောင်မြင့်က ပြောကြားသည်။

မတ်ပဲတစ်တန် ဈေးနှုန်းပြောင်းလဲမှုအခြေအနေ

မတ်ပဲတစ်တန်ဈေးနှုန်း ပြောင်းလဲမှုနှင့်ပတ်သက်ပြီး စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အမြဲတမ်း အတွင်းဝန် ဦးတိုးအောင်မြင့်၏ တင်ပြချက်များမှ ကောက်နုတ်ဖော်ပြရလျှင် မတ်ပဲတစ်တန်လျှင် ၂၀၁၃-၂၀၁၄ ခုနှစ်တွင် အနည်းဆုံး ကျပ်ငါးသိန်းနီးပါးဖြစ်ပြီး အများဆုံးကျပ် ခြောက်သိန်းသာရှိသည့်အတွက် ဈေးနှုန်းပြောင်းလဲမှုမှာ ရာခိုင်နှုန်း၂၀ ခန့်သာရှိပြီး ပြောင်းလဲမှုသိပ်မရှိဘဲ တည်ငြိမ်ခဲ့သည်။

၂၀၁၄-၂၀၁၅ ခုနှစ်တွင် ၂၀၁၄ ခုနှစ် ဧပြီတွင် ကျပ် ၆၅၉၀၀၀ အနည်းဆုံးဖြစ်ပြီး ၂၀၁၅ မတ်လတွင် ကျပ် ၈၉၅၀၀၀ ဖြစ်သည့်အတွက် တစ်နှစ်အတွင်း ဈေးနှုန်းပြောင်းလဲမှုမှာ ၃၆ ရာခိုင်နှုန်းခန့်အထိ ဈေးနှုန်းပြောင်းလဲမှု မြင့်တက်လာသည်။

၂၀၁၅-၂၀၁၆ ခုနှစ်အတွက် ဧပြီတွင် အနိမ့်ဆုံးဈေး ကျပ် ၉၈၀၀၀၀ ရှိရာမှ ၂၀၁၅ ခုနှစ် ဒီဇင်ဘာတွင် ကျပ် ၂၃၀၀၀၀၀ အထိ မြင့်တက်သွားသည့်အတွက် ဈေးနှုန်းပြောင်းလဲမှုမှာ ၁၃၄ ရာခိုင်နှုန်းအထိ မြင့်တက်ခဲ့သည်။

အဆိုပါနှစ်တွင် မြန်မာနိုင်ငံက ပဲစိုက်ပျိုးသူများရော ရောင်းဝယ်သူများပါ အကျိုးအမြတ်ရရှိခဲ့ပြီး အိန္ဒိယဘက်တွင်မူ ပြည်တွင်းပဲဈေးမြင့်တက်မှုကြောင့် အခက်အခဲနှင့် ရင်ဆိုင်ခဲ့ရကြောင်း သိရသည်။

အိန္ဒိယအစိုးရကလည်း ပဲဈေးနှုန်းကို ထိန်းချုပ်နိုင်ရေး နည်းလမ်းမျိုးစုံစီစဉ်ခဲ့ပြီး မြန်မာနိုင်ငံနှင့် အာဖရိကတိုက်မှ ပဲစိုက်သည့် နိုင်ငံများနှင့် G to G  စနစ်ဖြင့် စာချုပ်ချုပ်ဆိုရေးစနစ် တည်ထောင်ရေးကြိုးစားလာခဲ့ကြောင်း သိရသည်။

၂၀၁၆-၂၀၁၇ ခုနှစ်တွင် မြန်မာနိုင်ငံ၌  မတ်ပဲဈေးနှုန်းသည် စက်တင်ဘာခန့်မှစပြီး တဖြည်းဖြည်း ပြန်လည်ကျဆင်းခဲ့သည်။  ၂၀၁၆ ခုနှစ် ဇူလိုင်တွင် တစ်တန်ကျပ် ၁၈၀၀၀၀၀ ရှိရာမှ ၂၀၁၇ ခုနှစ် ဖေဖော်ဝါရီ တွင် ကျပ် ၉၅၈၀၀၀ အထိ ကျဆင်းကာ ဈေးနှုန်းပြောင်းလဲမှု ၄၇ ရာခိုင်နှုန်း ကျဆင်းသွားသည်။

၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင် ၂၀၁၇ ခုနှစ် ဧပြီတွင် အမြင့်ဆုံးကျပ် ၁၀၇၉၀၀၀ မှ၂၀၁၇ ခုနှစ် ဒီဇင်ဘာတွင် အနိမ့်ဆုံး ကျပ် ၄၇၆၀၀၀ အထိကျဆင်းကာ ဈေးနှုန်းပြောင်းလဲ မှု ၅၆ ရာခိုင်နှုန်းအထိ ကျဆင်းသွားခဲ့သည်။

၂၀၁၈ ခုနှစ် ဧပြီလဆန်းတွင် အိန္ဒိယနိုင်ငံက ပဲ Quota ပြန်လည်သတ်မှတ်ခြင်း မပြုသည့်အတွက် ဧပြီတွင် ကျပ် ၄၅၆၀၀၀၊ မေတွင် ကျပ် ၃၈၂၀၀၀ အထိ ကျဆင်းခဲ့ပြီး မေ ၄ ရက်တွင် အိန္ဒိယနိုင်ငံ၏ ပဲတင်သွင်းခွင့် Quota ကို မတ်ပဲ၊ ပဲတီစိမ်းတန်ချိန် သုံးသိန်းတင်သွင်းရန် ကြေညာလိုက်သည့်အတွက် မတ်ပဲဈေး အနည်းငယ်ပြန်တက်လာရာ ၂၀၁၈ ခုနှစ် ဇွန်လလယ်တွင် ပဲဈေး ငါးသိန်းကျော်အထိ ပြန်တက်လာခဲ့သည်။

၂၀၁၈ ခုနှစ် စက်တင်ဘာ ၇ ရက်တွင် မတ်ပဲ FAQ  ကျပ်၄၅၅၅၀၀၊ မတ်ပဲ SQ ကျပ် ၆၂၃၀၀၀ အထိ ဈေးရှိခဲ့သည်။

ဘဏ္ဍာနှစ်ကြားကာလ နှစ်လခွဲအတွင်း ပြည်ပသို့ ပဲမျိုးစုံတန်ချိန် ၂၆၀၀၀၀ ကျော်သာ တင်ပို့နိုင်ပြီး ယခင်ကာလတူနှင့်နှိုင်းယှဉ်ပါက ထက်ဝက်ခန့် အထိ လျော့ကျခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန လက်ထောက်အတွင်းဝန် ဦးခင်မောင်လွင်က ပြောကြားသည်။

ယခုဘဏ္ဍာနှစ်ကြားကာလ ၂၀၁၈ ခုနှစ် ဧပြီ ၁ ရက်မှ ဇွန် ၁၅ ရက်အထိ ပြည်ပသို့ ပဲမျိုးစုံတန်ချိန် ၂၆၆၂၃၄ တန်တင်ပို့ထားမှုမှ အမေရိကန်ဒေါ်လာ ၁၆၄ ဒသမ ၅၃၀ သန်းရရှိထားကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။

 

သီးနှံများ၏ ဈေးကောင်းရရှိမှုအပေါ် စိုးရိမ်နေတဲ့ တောင်သူတွေ

မတ်ပဲအစား အခြားသီးနှံများ ပြောင်းလဲစိုက်ပျိုးရာတွင် အဆိုပါသီးနှံများ၏ ဈေးကွက်အလားအလာနှင့် ပြည်ပတင်ပို့နိုင်မှုအပေါ် တိကျရှင်းလင်းစွာ ပြောကြားပေးစေလိုကြောင်းနှင့် သီးနှံများ၏ ဈေးကောင်းရရှိမှုအပေါ် ပဲစိုက်တောင်သူများက  စိုးရိမ်လျက်ရှိသည်။

“အိန္ဒိယနိုင်ငံက ပဲဝယ်ယူမှုကန့်သတ်လိုက်တဲ့အတွက် အဲဒီအချိန်ကစပြီး ပဲဈေးကွက်အခက်အခဲနဲ့ ကြုံတွေ့ခဲ့ရပါတယ်။ ၂၀၁၇-၂၀၁၈ မတ်ပဲစိုက်ရာသီမှာ မြန်မာ့စိုက်ပျိုးရေးလုပ်ငန်းကနေ ကျွန်တော်တို့ တောင်သူများကို မတ်ပဲစိုက်ဧကကို ထက်ဝက်လျှော့ပြီး စိုက်ပျိုးဖို့  ပညာပေးလမ်းညွှန်ခဲ့ပေမယ့် ကျွန်တော်တို့ တောင်သူများအနေနဲ့ မျိုးအခက်အခဲကတစ်ကြောင်း၊ ပြောင်းလဲစိုက်ပျိုးတဲ့သီးနှံရဲ့ ဈေးကွက်အခြေအနေကို  မယုံတာကြောင့်ကတစ်ကြောင်း၊ စိုက်တဲ့သီးနှံက ဈေးကောင်းရမှရပါ့မလား၊ ဝယ်မယ့်သူရှိမှ ရှိပါ့မလားဆိုတာက တစ်ကြောင်းဆိုတဲ့ အတွေးတွေကြောင့် မတ်ပဲကို ကျွန်တော်တို့ ဆက်ပြီးစိုက်ခဲ့ပါတယ်” ဟု ပဲခူးတိုင်းဒေသကြီး နတ္တလင်းမြို့နယ်မှ ပဲစိုက်တောင်သူ ဦးအေးလွင်က ပြောကြားသည်။

အမှန်တကယ် သီးနှံပြောင်းလဲစိုက်ပျိုးရာတွင် တောင်သူများ ပြောင်းလဲစိုက်ပျိုးသည့် သီးနှံများ၏ ဈေးကွက်ရရှိမှုအပေါ်  စိုးရိမ်စရာများရှိခဲ့ကြောင်း၊ ပြောင်းလဲစိုက်ပျိုးမည့်သီးနှံများ၏ ပြည်ပဈေးကွက် အလားအလာနှင့် တင်ပို့ရောင်းချမည့်ပမာဏကို တောင်သူများကို ရှင်းလင်းစွာပြောကြားပေးစေလိုကြောင်း၊ ဝယ်လိုအားနှင့် ရောင်းလိုအားကိုညှိပြီး စိုက်ပျိုးသည့်စနစ်ကို အကောင်အထည်ဖော်စေချင်ကြောင်း ပဲစိုက်တောင်သူများက ဆိုသည်။

“မတ်ပဲဈေးမကောင်းတဲ့အတွက် ကျွန်တော်တို့တောင်သူတွေဟာ သွင်းအားစုတွေ ကိုလျှော့ပြီး သွင်းလိုက်တဲ့အတွက် ယခင်က တင်း၂၀၊၂၅ တင်းထွက်တဲ့နေရာကနေ တစ်ဧကကို ၁၈ တင်းပဲ ထွက်ရှိပါတော့တယ်။ အဲဒီထွက်ရှိတဲ့နေရာမှာလည်း ကုန်ကျစရိတ်က တစ်ဧကကို ၁၇၀၀၀၀ လောက် ကုန်ပါတယ်။ ရောင်းရတော့ ၁၃၀၀၀ ဈေးနဲ့ ရောင်းရတော့ စိုက်ပျိုးစရိတ်နဲ့ ရောင်းရငွေကအတူ တူလောက်ဖြစ်နေတော့ ကျွန်တော်တို့ တောင်သူတွေအတွက် မတ်ပဲစိုက်ရတာ မကိုက်တော့ဘူး ဖြစ်နေတယ်” ဟု ဦးအေးလွင်က ဆက်လက်ပြောကြားသည်။ မကွေးတိုင်းဒေသကြီးမှ ပဲစိုက်တောင်သူ ဦးဖြိုးဝေကမူ သီးနှံများပြောင်းလဲ စိုက်ပျိုးနိုင်ရန်အတွက် ရေရရှိမှုအပေါ်လည်း ကူညီလုပ်ဆောင်ပေးရန်နှင့် ဧရာဝတီတိုင်းဒေသကြီးမှ ပဲစိုက်တောင်သူ ဦးမြင့်သိန်းဦးက ဧရာဝတီတိုင်းဒေသကြီးတွင် မတ်ပဲအစား စပါးနှင့် အစေ့ထုတ်ပြောင်း စသည်တို့ကို ပြောင်းလဲစိုက်ပျိုးရန် ပြင်ဆင်နေကြောင်း သိရသည်။

ဈေးကွက်ဝင် စိုက်ပျိုးရေးထုတ်ကုန်များ ပြောင်းလဲထုတ်လုပ်ရေး၊ ပိုမိုထုတ်လုပ်ရေး ရည်မှန်းချက်များကို ကာလတို၊ ကာလလတ်၊ ကာလရှည်စီမံကိန်းများဖြင့် ဆောင်ရွက်ကြစေလိုကြောင်း ဒုတိယသမ္မတဦးဟင်နရီဗန်ထီးယူက ပြောကြားထားသည်။

“ကာလတိုအနေနဲ့ လက်ရှိဖြစ်ပေါ်နေတဲ့ ပိုလျှံပဲရောင်းချရေးကိစ္စများ၊ ဈေးကွက်ဝင်သီးနှံများ စိုက်ပျိုးထုတ်လုပ်နိုင်ရေးကိစ္စများကိုေ တာင်သူများကိုအသိပေးခြင်း ကိစ္စများကို ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်ကြစေလိုပါတယ်” ဟု ၎င်းက ဆိုသည်။

ကာလလတ်အနေဖြင့် ပြောင်းလဲစိုက်ပျိုးထုတ်လုပ်ရရှိသည့် သီးနှံများအတွက် တောင်သူများကို မျိုးစေ့နှင့် စိုက်ပျိုးရေးနည်းပညာ၊ ရိတ်သိမ်းချိန်လွန်နည်းပညာများ ကူညီထောက်ပံ့ခြင်း၊ ဈေးကွက်ရရှိနိုင်ရေး စီမံဆောင်ရွက်ခြင်း၊ တောင်သူများ သီးနှံပေါ်ချိန် နိုင်ငံခြားငွေကြေးတည်ငြိမ်ရေး စီမံဆောင်ရွက်ခြင်းတို့ကို စီစဉ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

“ကာလရှည်အနေဖြင့် တောင်သူလယ်သမား အများပြည်သူအပါအဝင် နိုင်ငံတစ် ဝန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် စိုက်ပျိုးရေး ကဏ္ဍအတွက် National Agriculture Master Plan တစ်ခုတည်ဆောက်စေလိုပါတယ်” ဟု ဒုတိယသမ္မတဦးဟင်နရီဗန်ထီးယူက ဆိုသည်။

မည်သို့ပင်ဆိုစေကာမူ မြန်မာနိုင်ငံသည် စိုက်ပျိုးရေးနိုင်ငံဖြစ်ပြီး လယ်ယာကဏ္ဍတွင် ဆန်စပါးနှင့် ပဲမျိုးစုံမှာ အဓိက စိုက်ပျိုးထုတ်လုပ်သည့် သီးနှံများဖြစ်သည်။ ဆန်စပါးသည် ပြည်တွင်း၌ အဓိကကျသည့် စားနပ်ရိက္ခာဖြစ်သည့်အတွက် ပြည်တွင်းဖူ လုံရေးကိုအဓိကထားပြီး ပိုလျှံသည်ကို ပြည်ပတင်ပို့သည်။

ပဲသည်လည်း အဓိကစိုက်ပျိုးသီးနှံပင်ဖြစ်ရာ ဈေးကွက်တစ်ခုတည်း အလွန်အမင်း မှီခိုအားထား တင်ပို့နေရခြင်းမှာ ယင်းဈေးကွက်အပေါ်မူတည်ကာ ပြည်တွင်းဈေးကွက် အတက်အကျ ဖြစ်ပေါ်နေသည်။

အစဉ်အဆက် ပဲစိုက်ပျိုးထုတ်လုပ်လာသည့် ပဲစိုက်တောင်သူများ၏ အနာဂတ်အတွက် ပဲအစား အခြားသီးနှံပြောင်းလဲစိုက်ပျိုး သင့်ပြီလား။ အကယ်၍ ပြောင်းလဲစိုက်ပျိုးရမည်ဆိုပါကလည်း ယင်းသီးနှံများ၏ ဈေးကောင်းရရှိမှုနှင့် ဈေးကွက်အလားအလားအပေါ် အစိုးရအနေဖြင့် တာဝန်ယူတာဝန်ခံကာ ပူးပေါင်းဆောင်ရွက်ရမည် ဖြစ်သည်။

ယင်းကဲ့သို့ ဆောင်ရွက်နိုင်ရန်အတွက် မြန်မာနိုင်ငံအနေဖြင့် နိုင်ငံတကာဈေးကွက် ဝေစုကို ရေရှည်ရရှိရန်အတွက် စားနပ်ရိက္ခာ ဘေးကင်းလုံခြုံစိတ်ချရသည့် Food Safety လုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်နိုင်ရန်အတွက် ကုန်သည်စက်မှုအသင်းချုပ်နှင့် IFC( International Finance Corporation) တို့ စက်တင်ဘာ ၄ ရက်က နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးခဲ့သည်။

အစိုးရနှင့် သက်ဆိုင်ရာအသင်းအဖွဲ့များ ပူးပေါင်းကာ နိုင်ငံတကာဈေးကွက်ဝေစု  ပိုမိုရရှိရေး ဆောင်ရွက်ရမည်ဖြစ်သကဲ့သို့ တောင်သူများဘက်မှလည်း စနစ်တကျ စိုက်ပျိုးရေးနည်းစနစ်များအတိုင်း စိုက်ပျိုးမှသာလျှင် ရရှိထားသည့်ဈေးကွက်များ ရေရှည်တည်တံ့မည် ဖြစ်သည်။

“အဓိကတော့ ကျွန်တော်တို့ တိုင်းပြည်ရဲ့ ပို့ကုန်ဖွံ့ဖြိုးတိုးတက်ရေးအတွက်ပေါ့။ ပို့ကုန်လုပ်ငန်း ဒီထက်ပိုပြီး အောင်မြင်ဖို့အတွက် နိုင်ငံတကာဈေးကွက်ဝေစုတွေကို တစ်ခါ၊ တစ်နှစ်တစ်ရာသီလောက်ပဲရတာ မျိုးမဟုတ်ဘဲ စဉ်ဆက်မပျက် ဈေးကွက်ဝေစုကို ထိန်းထားဖို့ ကျွန်တော်တို့ တိုင်းပြည်ကပို့တဲ့ ပို့ကုန်တွေဟာ အရည်အသွေးနဲ့ အရသာကောင်းတယ်။ မမြင်ရတဲ့ ဓာတုဓာတ်ကြွင်းတွေအပါအဝင် လူသားတွေ စားသောက်တဲ့ စားသောက်ကုန်တွေဟာ လုံခြုံစိတ်ချရတယ်ဆိုတဲ့ အာမခံချက်ကို ရေရှည်ပေးနိုင်ဖို့ ကျွန်တော်တို့ ဆောင်ရွက်ရခြင်း ဖြစ်ပါတယ်” ဟု မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် အထွေထွေအတွင်းရေးမှူး ဦးရဲမင်းအောင်က သုံးသပ်ပြောကြားသည်။

Most Read

Most Recent