လိပ်ကျွန်းလူသတ်မှုမှ သေဒဏ်ကျ မြန်မာနိုင်ငံသား ဇော်လင်းနှင့် ဝင်းဇော်ထွန်းတို့၏နောက်ဆုံး မျှော်လင့်ချက်

လိပ်ကျွန်းလူသတ်မှုမှ သေဒဏ်ကျ မြန်မာနိုင်ငံသား ဇော်လင်းနှင့် ဝင်းဇော်ထွန်းတို့၏နောက်ဆုံး မျှော်လင့်ချက်
Published 30 August 2017

ကမ္ဘာကျော် လိပ်ကျွန်းလူသတ်မှု သေဒဏ်ကျ တရားခံနှစ်ဦးဖြစ်သည့် ဇော်လင်းနှင့် ဝင်းဇော်ထွန်းတို့၏ နောက်ဆုံး အယူခံကို အမြင့်ဆုံး တရားရုံးသို့ သြဂုတ် ၂၁ ရက် နံနက်ပိုင်းက တင်သွင်းခဲ့သည်။ အယူခံတရားရုံး၏ ပယ်ချခြင်းခံခဲ့ရသည့် အယူခံအတွက် အမြင့် ဆုံးတရားရုံးသို့ နောက်ဆုံးအယူခံတင်သွင်းရန်အတွက် ဥပဒေပိုင်းဆိုင်ရာ လျှောက်လဲချက်များကို ကျွမ်းကျင်သည့် ထိုင်း၊ မြန်မာ ဥပဒေပညာရှင်များဖြင့် ငါးလခန့်မျှ ပြင်ဆင်ခဲ့ရပြီးနောက် သြဂုတ် ၂၁ ရက် နံနက်ပိုင်းက အယူခံကို တင်သွင်းခဲ့ခြင်းဖြစ်သည်။

၂၀၁၄ ခုနှစ် စက်တင်ဘာ ၁၅ ရက်က ဖြစ်ပွားခဲ့သည့် ဗြိတိန်နိုင်ငံသားနှစ်ဦး အသတ်ခံရမှုတွင် မြန်မာနိုင်ငံသားနှစ်ဦးဖြစ်သူ ဇော်လင်းနှင့် ဝင်းဇော်ထွန်းတို့ကို ပြစ်မှုထင်ရှားခြင်း မရှိသော်လည်း လူသတ်မှု၊ မုဒိမ်းမှု၊ လုယက်မှု အပါအဝင် စွဲချက်အမှု ခုနစ်ခုဖြင့် ကော့စမွီခရိုင် တရားရုံးက ၂၀၁၅ ခုနှစ် ဒီဇင်ဘာ ၂၄ ရက်က သေဒဏ်ချမှတ်ခဲ့သည်။ ယင်းသို့ သေဒဏ်ချ မှတ်ခံရမှုနှင့်ပတ်သက်ပြီး အယူခံတရားရုံးသို့ အယူခံတင်ခဲ့ရာတွင် အယူခံ တရားရုံးက ၂၀၁၆ ခုနှစ် မေ ၂၃ ရက်က လက်ခံခဲ့ကာ ၂၀၁၇ ခုနှစ် မတ် ၁ ရက်က မူလပြစ်ဒဏ် သေဒဏ်အမိန့်ကိုသာ ထပ်မံ အတည်ပြုခဲ့သဖြင့် အမြင့်ဆုံး တရားလွှတ်တော်ချုပ်သို့ အယူခံတက်ရောက်ပြီး သေဒဏ်ပြစ်ဒဏ်မှ လွတ်မြောက်ရန် ကြိုးပမ်းခဲ့ခြင်းဖြစ်သည်။ ကမ္ဘာသိ ကျော်ကြားခဲ့ပြီး ဝိဝါဒ ကွဲပြားခဲ့သည့် အဆိုပါ လိပ်ကျွန်းလူသတ်မှုဖြစ်စဉ်မှာ နိုင်ငံတကာ အသိုင်းအဝိုင်းနှင့် မြန်မာလူထုအကြားတွင် ဟိုးလေးတကျော်ကျော် ဖြစ်ခဲ့သည်။ ထိုအမှု အသွားအလာမှာ  တရားခံမပေါ်မီ ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးနေစဉ် အတွင်း၌ပင် ရှုပ်ထွေးပြီး ထိုင်းရဲတပ်ဖွဲ့၏ဆောင်ရွက်ပုံကို နိုင်ငံတကာက သံသယရှိခဲ့ကြသလို မြန်မာနိုင်ငံသားများကလည်း ရွှေ့ပြောင်းမြန်မာလုပ်သားနှစ်ဦးမှ ဗြိတိန်ခရီးသွားနှစ်ဦးကို သတ်ဖြတ်သည်ကို အယုံအကြည် မရှိကြောင်း ဝေဖန်ပြောဆိုခဲ့ကြသည်။ သို့သော် ခိုင်လုံမှုမရှိသည့် ဒီအင်န်အေ သက်သေများဖြင့် ဇော်လင်းနှင့် ဝင်းဇော်ထွန်း တို့ကို ကော့စမွီခရိုင်တရားရုံးက ၂၀၁၅ ခုနှစ် ဒီဇင်ဘာ ၂၄ ရက်က သေဒဏ်အမိန့် ချမှတ်ခဲ့သည်။

ထိုအမှုဖြစ်စဉ်မှာ ရှုပ်ထွေးနေသည်ကို တွေ့ရသည်။ ထိုင်းနိုင်ငံတောင်ပိုင်းရှိ လိပ်ကျွန်းတွင် စက်တင်ဘာ ၁၅ ရက်က အသတ်ခံထားရသည့် ဗြိတိန်နိုင်ငံသားများဖြစ်သည့် ဒေးဗစ်မီလာနှင့် ဟန်နာဝှစ်သာရစ်ချ်တို့၏ အလောင်းကိုတွေ့ရှိခဲ့ပြီး အသတ်ခံရသည့် အကြောင်းရင်းနှင့် လူသတ်သမားကို စုံစမ်းနေဆဲဖြစ်ကြောင်း ထိုင်းရဲတပ်ဖွဲ့က ထုတ်ပြန်ခဲ့သည်။ ထို့နောက် အဆိုပါလူသတ်မှုနှင့်ပတ်သက်ပြီး မြန်မာရွှေ့ပြောင်းလုပ်သားသုံးဦးကို စက်တင်ဘာ ၁၆ ရက်က ထိုင်းရဲတပ်ဖွဲ့က စစ်ဆေးမေးမြန်းခဲ့ပြီး လူသတ်မှုနှင့် ဆက်နွှယ်မှု မရှိသဖြင့် ယင်းနေ့တွင်ပင် ပြန်လည်လွှတ်ပေးခဲ့သည်။ ထို့နောက် စက်တင်ဘာ ၂၁ ရက် နှောင်းပိုင်းအထိ လိပ်ကျွန်းပေါ်တွင် အလုပ်လုပ်ကိုင်နေသည့် အလုပ်သမား ၂၀၀ ကျော်ကို ဒီအင်န်အေ စစ်ဆေးခဲ့ပြီး ကိုက်ညီမှု မရှိသဖြင့် ပြန်လွှတ်ပေးခဲ့သည်။ ဒီအင်န်အေ စစ်ဆေးခဲ့သည့် လုပ်သားအများစုမှာ မြန်မာလုပ်သားများဖြစ်သည်။ အောက်တိုဘာ ၂ ရက်တွင် မြန်မာအလုပ်သမား တစ်ဦးက လူသတ်မှု ကျူးလွန်ခဲ့ကြောင်း ဝန်ခံခဲ့သည်ဟု ထိုင်း ဒုတိယရဲချုပ်က ပြောကြားသည်။ ထိုင်းရဲတပ်ဖွဲ့က ဒီအင်န်အေ စစ်ဆေးမှုအဖြေကို စောင့်ဆိုင်းနေစဉ်အတွင်း ဖမ်းဆီးထားသည့် မြန်မာလုပ်သား သုံးဦးအနက် ဝင်းဇော်ထွန်းမှာ ဝန်ခံခဲ့ကြောင်း၊ ၎င်းမှာ ဗြိတိန်နိုင်ငံသားနှင့် နိုင်ငံသူတို့ ချစ်ရည်လူးနေသည်ကို တွေ့ခဲ့သဖြင့် စိတ်မထိန်းနိုင်ဘဲ သတ်ဖြတ်ခဲ့သည်ဟု ဝန်ခံခဲ့သည်ဟု ထိုင်းဒုရဲချုပ်က ပြောကြားသည်။ အောက်တိုဘာ ၃ ရက်တွင် ရွှေ့ပြောင်းမြန်မာ လုပ်သားနှစ်ဦးဖြစ်သည့် ဇော်လင်းနှင့်ဝင်းဇော်ထွန်းတို့ကို လူသတ်မှု၊ မုဒိမ်းမှုတို့ဖြင့် အမှုဖွင့်ခဲ့ပြီး အခင်းဖြစ်ရာကျွန်းတွင် သရုပ်ပြခိုင်းခဲ့သည်။ ထိုလုပ်သားနှစ်ဦးမှာ ၎င်းတို့အနေဖြင့် ပြစ်မှုကျူးလွန်ကြောင်း ဝန်ခံခဲ့ပြီးနောက် မကြာမီပင် မြန်မာလုပ်သားနှစ်ဦး၏ ဒီအင်န်အေနှင့် ဟန်နာဝှစ်သာရစ်ချ်၏ ကိုယ်ပေါ်မှရသည့် ဒီအင်န်အေမှာ ကိုက်ညီမှု ရှိသည်ဟု ထိုင်းရဲတပ်ဖွဲ့က အံ့အားသင့်ဖွယ် ထုတ်ပြန်ခဲ့သည်။ ထိုအချက်ကိုပင် နိုင်ငံတကာ အသိုင်း အဝိုင်းနှင့် မြန်မာအသိုင်းအဝိုင်းက လက်သင့်မခံနိုင်ဘဲ ဝိုင်းဝန်းဝေဖန် ထောက်ပြခဲ့ကြသည့်အတွက် ထိုင်းရဲတပ်ဖွဲ့အနေဖြင့် အကျပ်ရိုက်ခဲ့ရသည်။

ထို့နောက် ရွှေ့ပြောင်းမြန်မာ လုပ်သား နှစ်ဦးဖြစ်သည့် ဇော်လင်းနှင့် ဝင်းဇော်ထွန်းတို့ကို တရားစွဲဆို တင်ပို့နိုင်ရန် ထိုင်းရဲတပ်ဖွဲ့က ကြိုးပမ်းခဲ့သော်လည်း အထောက်အထား ပြည့်စုံလုံလောက်မှု မရှိသည့်အတွက် တရားစွဲတင်ပို့ရန် ကြန့်ကြာခဲ့ရသည်။ ၂၀၁၄ ခုနှစ် အောက်တိုဘာ ၈ ရက်တွင် ထိုင်းဥပဒေအရာရှိက လူသတ်မှုအမှုတွဲအား သက်သေ အထောက်ထား အချက်အလက် ပြည့်စုံမှု မရှိသည့်အတွက် တရားရုံးသို့ တရားစွဲဆိုတင်ပို့ရန် ဆိုင်းငံ့လိုက်ပြီး အမှုတွဲကို ထိုင်းရဲတပ်ဖွဲ့သို့ ပြန်လည်ပေးအပ်ခဲ့သည်။ ထိုအတော အတွင်း စွပ်စွဲခံထားရသည့် ဇော်လင်းနှင့် ဝင်းဇော်ထွန်းတို့ကို ချုပ်ရက် ရမန်ကို ခြောက်ကြိမ်မြောက်အထိ ယူခဲ့ရသည်။ ထိုင်းနိုင်ငံဥပဒေတွင် ရမန်ခုနစ်ကြိမ် (ချုပ်ရက် ၈၄ ရက်) အတွင်း တရားစွဲဆိုနိုင်ခြင်း မရှိပါက စွပ်စွဲဖမ်းဆီး ခံထားရသူအား အမှုမှ တရားရှင်လွှတ်ပေးရမည် ဖြစ်သည့်အတွက် ထိုင်းရဲတပ်ဖွဲ့အနေဖြင့် တရားစွဲဆို တင်ပို့နိုင်ရန် အပြင်းအထန် လုံးပမ်းခဲ့ရပြီးနောက် ခုနစ်ကြိမ်မြောက် ရမန်မရယူမီ ဒီဇင်ဘာ ၄ ရက်တွင် ကော့စမွီခရိုင် တရားရုံးတွင် လူသတ်မှု၊ မုဒိမ်းမှု အပါဝင် စုစုပေါင်း ပုဒ်မခုနစ်ခုဖြင့် ထိုင်းအစိုးရ ဥပဒေအရာရှိက စတင်တရားစွဲဆို ခဲ့သည်။ ယင်းအမှုတွင် ထိုင်းနိုင်ငံ၏ နာမည်ကြီး မှုခင်းဆရာဝန်ဖြစ်သည့် ဒေါက်တာဖွန်တစ်မှ ဒီအင်န်အေ သက်သေခံချက်များမှာ ကွဲလွဲမှုများ ရှိနေသည့်အတွက် တရားခံများဘက်မှ သက်သေလာ ရောက်ထွက်ဆိုခဲ့သည်။ တရားရုံးတွင် တစ်နှစ်ကျော်ကြာ အမှုတွဲကိုစစ်ဆေးပြီးသည့်နောက်တွင် ၂၀၁၅ ခုနှစ် ဒီဇင်ဘာ ၂၄ ရက်က ဇော်လင်းနှင့် ဝင်းဇော်ထွန်းတို့ကို သေဒဏ်အမိန့်  ချမှတ်ခဲ့သည်။

မျက်မြင်သက်သေ မရှိသည့် လူသတ်မှုတွင် ကွဲပြားသည့် ဒီအင်န်အေ စစ်ချက်များ၏ အဖြေတစ်ခုကိုသာ အားကိုးပြီး ချမှတ်ခဲ့သည့် ထိုသေဒဏ်အမိန့်မှာ မျှတမှု မရှိသည့်အတွက် တရားခံများဘက်မှ ဆောင်ရွက်ပေးသည့် ရှေ့နေများက သေဒဏ်အမိန့်မှ လျှော့ပေါ့ပေး ရန်အတွက် အယူခံတရားရုံးကို တက်ရောက်ခဲ့သည်။ ၂၀၁၇ခုနှစ် မတ် ၁ ရက်က မူလပြစ်ဒဏ် သေဒဏ်အမိန့်ကိုသာ အယူခံတရားရုံးက ထပ်မံအတည်ပြုခဲ့သဖြင့် အဆင့်မြင့်ဆုံး တရားလွှတ်တော်ချုပ်သို့ ထပ်မံ အယူခံတက်ရောက်ရန် ပြင်ဆင်ခဲ့ပြီး တင်သွင်းမည့် အယူခံ လျှောက်လဲချက်ကို ကျွမ်းကျင်ပိုင်နိုင်သည့် ဥပဒေပညာရှင်များက ထပ်တလဲလဲ  ထောင့်စေ့အောင် ငါးလကြာမျှ ပြင်ဆင်ခဲ့ကာ ၂၀၁၇ ခုနှစ် သြဂုတ် ၂၁ ရက်က တင်သွင်းလိုက်ခြင်း ဖြစ်သည်။

ထိုသို့ တင်သွင်းလိုက်သည့် အယူခံ လျှောက်လဲချက်မှာ  ဇော်လင်းနှင့် ဝင်းဇော်ထွန်းတို့အတွက် နောက်ဆုံးမျှော်လင့်ချက် တစ်ခုလည်းဖြစ်သည်။

မြန်မာပြည်ရှိ တိုင်းရင်းသားပြည်သူလူထုများ၊ နိုင်ငံရပ်ခြားရှိ မြန်မာနိုင်ငံသားများ အပါအဝင် ထိုင်းရောက်မြန်မာများ အနေဖြင့် ဇော်လင်းနှင့် ဝင်းဇော်ထွန်းတို့၏ နောက်ဆုံး ကံကြမ္မာမှာ မည်သို့ဖြစ်လာမည်ကို စိတ်ဝင်တစား စောင့်ကြည့်နေသလို နိုင်ငံတကာ အသိုင်းအဝိုင်းကလည်း စိတ်ဝင်တစား စောင့်ကြည့်နေသည်မှာ အထင်အရှားပင်ဖြစ်သည်။ ယခု တင်သွင်းခဲ့သည့်အယူခံမှာ အနည်းဆုံး ခြောက်လမှ တစ်နှစ်ခန့် ကြာမြင့်နိုင်ဖွယ်ရှိကြောင်း မြန်မာသံရုံးအထူးအဖွဲ့မှ ဦးအောင်မျိုးသန့်က ပြောကြားထားသည်။           “သြဂုတ် ၁၇ ရက်မှာ ထောင်ထဲက ဇော်လင်းနဲ့ ဝင်းဇော်ထွန်းတို့ကို အယူခံ အချက်အလက်တွေကို သွားပြီးရှင်းပြခဲ့ကြပါတယ်။ အမိန့်ချမှတ်ဖို့ကတော့ ခြောက်လကနေ တစ်နှစ်အထိ ကြာမြင့်နိုင်ပါတယ်”ဟု ၎င်းက ဆိုသည်။

ထိုင်းတရားလွှတ်တော်ချုပ်မှ ချမှတ်မည့် အမိန့်သည် ဇော်လင်းနှင့် ဝင်းဇော်ထွန်းတို့အတွက် နောက်ဆုံးမျှော်လင့်ချက်ဖြစ်သည်။ သေဒဏ်မှ လွတ်ငြိမ်းခွင့်ရမည်လား သို့မဟုတ် သေဒဏ်ပြစ်ဒဏ်သာ ကျခံရမည်လား ဆိုသည်ကတော့။

 

Most Read

Most Recent