အတွေးထဲက အနာဂတ်

အတွေးထဲက အနာဂတ်
Published 6 September 2018

မွန်ပြည်နယ် သထုံမြို့နယ် ဒူးရင်းဆိပ်ကျေးရွာ ဒုံသမိတံတားအနီး၌ သြဂုတ်၂၈ ရက်ညက ငါးပိများထည့်ထားသည့် ရေခဲပုံးအတွင်း သိုဝှက်ထည့်လာသည့် စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိစဉ်

ကိုယ့်ဘဝရဲ့ အနာဂတ်ဆိုတာကို မတွေးတောမိဘဲ ဆယ်စုနှစ်တစ်ခုလောက် အဆိုးသံသရာထဲမှာ အတွေးမှားကာ ခြေလှမ်းမှား နစ်မွန်းပြီး သာယာမိခဲ့သူတွေ ရှိခဲ့ကြမယ်ဆိုရင် အဲဒီအထဲမှာ ကျွန်တော် ထိပ်ဆုံးက ဖြစ်နေမယ် ထင်ပါတယ်။ ကိုယ့်ရဲ့ မှားနေတဲ့ အတွေးအခေါ်တွေ၊ ခြေလှမ်းတွေအပေါ်မှာလည်း သာယာနေတဲ့စိတ်တွေကို မထိန်းချုပ်နိုင်ခဲ့တာကြောင့် အရက်သေစာ၊ လောင်းကစားနဲ့ ကာရာအိုကေ၊ မာဆတ်အပြင် မကောင်းတဲ့ ဇိမ်ခန်းတွေဘက် အချိန်တွေ ဖြုန်းခဲ့မိပါတယ်။ အရွယ်ကောင်းစဉ်အခါက အချိန်ရှိခိုက် ရှာဖွေသင့်တဲ့ စီးပွားရေးတွေ၊ လေ့လာသင့်တဲ့ အသိပညာ၊ အတတ်ပညာရပ်တွေ အလေးအနက် မထားမိခဲ့တာကြောင့်လည်း ဘဝမှာ ထင်သလောက် မတိုးတက်ခဲ့ဘဲ စီးပွားရေးရော ပညာရေးဘက်မှာပါ အောင်မြင်မှုတွေနဲ့ ဝေးကွာခဲ့တာ ဖြစ်ပါတယ်။

ထင်သလို ဖြစ်မလာတဲ့ဘဝကို ဖြတ်လမ်းကနေ ကြီးပွားလိုတဲ့စိတ်ကြောင့် လောင်းကစားနွံနစ်ပြီး ဘဝရဲ့ အဆိုးဆုံးအနေအထား တစ်ခုကို ဖြတ်သန်းခဲ့ရပါတယ်။ မကောင်းမှုဟာ အတွဲလိုက် လာတတ်တယ်ဆိုတဲ့ စကားလိုပဲ နေ့စဉ် အသောက်အစားဖက်လာတဲ့အပြင် ငွေကို ငွေလို့မမြင်၊ လက်ရှိ လည်ပတ်နေတဲ့အလုပ်နဲ့ နေ့စဉ်ရရှိနေတဲ့ ပုံမှန်ဝင်ငွေအပေါ် အလေးအနက် မထားတော့ဘဲ မိသားစုအပေါ် တာဝန်ပျက်ကွက်မှုတွေ ဖြစ်ခဲ့မိပါတယ်။ အသောက်အစား၊ အပျော်အပါးနဲ့ လောင်းကစား ဝဲဂယက်ကနေ ရုန်းမထွက်နိုင်တဲ့ အဖြစ်တွေဟာ အနာဂတ်ကို မတွေးရဲတဲ့ အနေအထားမျိုးအထိ ကြုံကြိုက်ခဲ့ရပါတယ်။

မကောင်းတဲ့ပတ်ဝန်းကျင် အဆိုးသံသရာထဲမှာ နစ်မွန်းလာတဲ့ လုပ်ရပ်နဲ့ အတွေးတွေဟာ နောက်ဆုံး ဆောက်တည်ရာမရဘဲ မနက်ဖြန်ဆိုတာကို ရင်ဆိုင်ဖို့ ကြောက်ရွံ့လာတဲ့အထိ ဖြစ်ခဲ့ရပါတယ်။ အရွယ်လွန် အိပ်မက်ဆိုသလိုပဲ မပြီးပြတ်သေးတဲ့ ပညာရေး၊ အကြွေးနွံနစ်နေတဲ့ စီးပွားရေးတွေအပြင် အနာဂတ်ကို ရည်မှန်းချက် ကြီးကြီးမားမား မထားခဲ့ဘဲ လတ်တလော သာယာမှုတွေအပေါ်လောက်သာ ကျေနပ်ခဲ့မိတဲ့ ခပ်တိမ်တိမ် အတွေးတွေနဲ့ ခြေလှမ်းလုပ်ရပ်တွေဟာ အနာဂတ်ကောင်းတွေ ဖန်တီးတည်ဆောက်နိုင်တဲ့ လူရွယ်တစ်ယောက်ရဲ့ဘဝကို ဝါးမျိုခဲ့ပါတယ်။

အနာဂတ်ကို မေ့လျော့ပြီး လတ်တလော သာယာနေတဲ့ အတွေးခြေလှမ်းတွေအပေါ် အမြင်မှန်ရပြီး ကောင်းမွန်တဲ့ လူမှုဘ၀ ပတ်ဝန်းကျင်ဘက် ခြေဦးပြန်လှည့်နိုင်ခဲ့တဲ့ စာရေးသူဟာ ကောင်းမွန်တဲ့ လူမှုဘဝတစ်ခုကို တည်ဆောက်နိုင်ခဲ့ပါတယ်။ မကောင်းတဲ့ ပတ်ဝန်းကျင်ဘက်မှာ နစ်မွန်းပြီး မကောင်းမှန်းသိလျက်နဲ့ ရှေ့ဆက်ပြီး အတွေးမှားကာ သာယာနေသူတွေအနေနဲ့လည်း သူတို့ဘဝရဲ့ အနာဂတ်ဘယ်လို တည်ဆောက်ရမလဲဆိုတာ အမြင်မှန်ရသွားကြရင် ကောင်းသော လူမှုဘဝကို ပြန်လည် တည်ဆောက်နိုင်ကြမှာ ဖြစ်ပါတယ်။

ယနေ့ မိမိတို့ထားရှိတဲ့ ယုံကြည်ချက် ရည်ရွယ်ချက်၊ ရည်မှန်းချက် အတွေးတွေနဲ့ လုပ်ရပ်တွေဟာ အနာဂတ် ဘဝတွေအပေါ်မှာ အများအကျိုးသက်ရောက်နေမှာ ဖြစ်ပါတယ်။ မကောင်းတဲ့ ပတ်ဝန်းကျင်မှာ သာယာကာ ကျင်လည်နေကြပြီး မိမိတို့ရဲ့ ဘဝအနာဂတ်အပေါ် မေ့လျော့ကာ လမ်းမှားရောက်နေကြတဲ့ လူငယ်လူရွယ်အများစုဟာ အနာဂတ်တွေ ပျောက်ဆုံးနေကြတာ အရှိတရားများပဲ ဖြစ်ပါတယ်။

ယနေ့မျက်မှောက်ခေတ် အနေအထားတွေအရ မကောင်းတဲ့ ပတ်ဝန်းကျင်အပေါ် စိတ်ဝင်စားမှုများနေတဲ့ အခြေအနေကြောင့် ဆယ်ကျော်သက်အရွယ်တွေမှာ မိမိဘဝရဲ့ အနာဂတ်ကို ပျက်စီးစေမယ့် မူးယစ်ဆေးဝါးနဲ့ ပတ်သက်ပြီး အပေါင်းအသင်းမှားပြီး ခြေလှမ်းမမှားဖို့ မိမိတို့ရည်မှန်းချက်ထားတဲ့ ဦးတည်ချက် ရည်ရွယ်ချက်တွေမပျောက်ဖို့ ခဏတာ သာယာမှုတွေအပေါ် အတုမြင်အတတ်သင် မလုပ်မိဖို့ အတွေးအခေါ်တွေမှားပြီး မကောင်းတဲ့ ပတ်ဝန်းကျင်ဘက် လမ်းမှားမရောက်အောင် ယခုထက်ပိုပြီး ပညာပေးမှုတွေ ပြုလုပ်ပေးသင့်ပါတယ်။

အဆိုးနဲ့အကောင်း မဝေခွဲနိုင်သေးတဲ့ လူငယ်သဘာဝအရ ဘယ်အရာမဆို စမ်းသပ်ချင်တဲ့ အတွေးတွေကြောင့် အပေါင်းအသင်းမှားပြီး လမ်းမှားမရောက်အောင် မိဘတွေက ကြပ်ကြပ်မတ်မတ် သတိထား ကိုင်တွယ်တတ်ဖို့ လိုပါတယ်။ ငယ်စဉ်ကတည်းက မကောင်းတဲ့ ပတ်ဝန်းကျင်ဘက် အပေါင်းအသင်းနဲ့ အတွေးအခေါ်မှားပြီး လမ်းမှားရောက်နေတာကို အချိန်မီမတားဆီးနိုင်ရင် မသေချာ မရေရာတဲ့ အနာဂတ်နဲ့ ရင်ဆိုင်ကြုံတွေ့ရမှာ ဖြစ်ပါတယ်။ မိဘတွေက အတွေးအခေါ်ကောင်းတွေနဲ့အတူ တည့်မတ်ထိန်းကျောင်းပေးနိုင်ရင် သားသမီးတွေ လမ်းမှန်ပေါ်မှာ လျှောက်လှမ်းနိုင်ပြီး သူတို့ရဲ့ အနာဂတ် တောက်ပနေမှာ ဖြစ်ပါတယ်။

အမှန်တကယ်တော့ မိမိတို့နိုင်ငံရဲ့ ပညာရေးစနစ် အခြေခံမကောင်းခဲ့မှု၊ စီးပွားရေး အဘက်ဘက်က ချွတ်ခြုံကျနေမှု၊ နိုင်ငံရေးစနစ် မတည်ငြိမ်မှု၊ မျှော်လင့်ချက်ထားနိုင်တဲ့ အလုပ်အကိုင် အခွင့်အလမ်း မည်မည်ရရ မရှိမှုတွေကြောင့် လူငယ်အများစုဟာ အနာဂတ်တွေပျောက်ဆုံးကာ မူးယစ်ဆေးဝါး၊ လောင်းကစားနဲ့ KTV၊ မာဆတ် အပျော်အပါးတွေနဲ့ အချိန်တွေကုန်ဆုံးပြီး ဘ၀ နစ်မွန်းနေကြရတာ ဖြစ်ပါတယ်။ လတ်တလော ခဏတာသာယာမှုတွေအပေါ် မက်မောခုံမင်နေမှုတွေ ယှဉ်ပြိုင်မှု၊ ပြိုင်ဆိုင်မှု၊ အလုပ်အကိုင် အခွင့်အလမ်းတွေ မရှိမှုတွေနဲ့အတူ မျှော်လင့်ချက်မဲ့နေတဲ့ အနေအထားတွေဟာ လူငယ်အများစုရဲ့ အတွေးအခေါ်နဲ့ အနာဂတ်ကို ပျက်သုဉ်းနေစေတဲ့ အကြောင်းတရားတွေ ဖြစ်ပါတယ်။

တကယ်တမ်းကျတော့ မျှော်လင့်ချက်မဲ့ပြီး အတွေးအခေါ်မှားကာ လမ်းမှားရောက်နေတဲ့ လူငယ်တွေ၊ အနာဂတ်ပျောက်နေတဲ့ လူငယ်တွေ၊ အလုပ်အကိုင် အခွင့်အလမ်းမဲ့ပြီး မကောင်းတဲ့ပတ်ဝန်းကျင်မှာ သာယာနေတဲ့ လူငယ်တွေရဲ့ အနာဂတ်အတွက် မှန်ကန်တဲ့လမ်းကို ဦးတည် လျှောက်လှမ်းနိုင်အောင် ပြုပြင်ထိန်းကျောင်းပေးကာ ပတ်ဝန်းကျင်ကောင်းတွေ ဖန်တီးပေးသွားဖို့ အထူးလိုအပ်နေတဲ့ အချိန်အခါ ဖြစ်ပါတယ်။ ယနေ့ လူငယ်တွေရဲ့ မှန်ကန်တဲ့ အတွေးအခေါ်နဲ့ အသိပညာ၊ အတတ်ပညာတွေဟာ နိုင်ငံအနာဂတ် တိုးတက်မြင့်မားရေးအပေါ် များစွာအကျိုးသက်ရောက်နေမှာ ဖြစ်ပါတယ်။

ယနေ့ ခေတ်မီဖွံ့ဖြိုးတိုးတက်နေတဲ့ နိုင်ငံတိုင်းရဲ့ ပြည်သူတွေ အထူးသဖြင့် လူငယ် လူရွယ်တွေဟာ အလုပ်အကိုင် အခွင့်အလမ်း များစွာနဲ့အတူ ရည်ရွယ်ချက်၊ ရည်မှန်းချက် အတွေးတွေ ကိုယ်စီထားကာ နေ့စဉ်အချိန်နဲ့ အမျှ လှုပ်ရှားကြိုးစားနေကြတာ ဖြစ်ပါတယ်။ အနာဂတ်အတွက် အပျော်အပါး အာရုံမများဘဲ မိမိဘဝအောင်မြင်ရေးကိုသာ အာရုံစူးစိုက်ကာ မှန်ကန်တဲ့ယုံကြည်မှုတွေနဲ့ လျှောက်လှမ်းနေကြတာ ဖြစ်ပါတယ်။ ယှဉ်ပြိုင်မှု၊ ပြိုင်ဆိုင်မှုတွေနဲ့အတူ အနာဂတ်ဘဝကို အကောင်အထည်ဖော်နိုင်မယ့် မျှော်လင့်ချက် ယုံကြည်မှုတွေဟာ သူတို့နိုင်ငံ၊ သူတို့လူမျိုး၊ သူတို့အနာဂတ် ဖွံ့ဖြိုးတိုးတက်နေစေတာ ဖြစ်ပါတယ်။

နေ့စဉ် လှမ်းနေတဲ့ ခြေလှမ်းတွေဟာ မျှော်လင့်ချက် ကိုယ်စီထားနိုင်တဲ့ အတွေးတွေနဲ့အတူ ရည်ရွယ်ချက်တွေ၊ ဦးတည်ချက်တွေ ရှိနေတဲ့ ခြေလှမ်းတွေဖြစ်ဖို့ လိုပါတယ်။ မိမိတို့ နေ့စဉ် လျှောက်လှမ်းနေတဲ့ ခြေလှမ်းတွေဟာ ဦးတည်ချက်ရှိရဲ့လား၊ ရည်ရွယ်ချက်တွေ၊ ရည်မှန်းချက်တွေ၊ ဘဝအတွက် အနာဂတ်အတွက် အကျိုးရှိမယ့် ခြေလှမ်းမျိုးတွေ ဟုတ်ရဲ့လားလို့ တွေးတောဆင်ခြင်ပြီး လျှောက်လှမ်းနိုင်သူတွေရဲ့ အနာဂတ်ဟာ တိုးတက်ရှင်သန် အောင်မြင်နေမှာ ဖြစ်ပါတယ်။

ထို့အတူပါပဲ နေ့စဉ်လှမ်းနေကြတဲ့ ခြေလှမ်းတွေရဲ့ ဦးတည်ချက်၊ ရည်ရွယ်ချက် အတွေးအခေါ်တွေအပေါ်မူတည်ပြီး လူတစ်ဦးချင်းစီရဲ့ အနာဂတ်တွေဟာ ပြောင်းလဲနေမှာ ဖြစ်ပါတယ်။ ဦးတည်ချက်၊ ရည်ရွယ်ချက်၊ ရည်မှန်းချက်များထားကာ ဇွဲရှိရှိနဲ့ ဘဝကို လျှောက်လှမ်းပြီး ကြိုးစားအကောင်အထည် ဖော်နေသူတွေအတွက် သူတို့ရဲ့အနာဂတ်မှာ အောင်မြင်မှုတွေ၊ တိုးတက်ကြီးပွားချမ်းသာမှုတွေ၊ အေးချမ်းသာယာမှုတွေ ရရှိနေမှာ ဖြစ်ပါတယ်။

လောကမှာ မဖြစ်နိုင်တဲ့အရာ ဘာမှမရှိပါဘူး။ ရည်မှန်းချက်၊ ရည်ရွယ်ချက် ယုံကြည်ချက်တွေရှိကြဖို့ပဲ လိုပါတယ်။ ဧဝရတ်တောင်ကြီး ဘယ်လောက်ပဲမြင့်မြင့် ခြေလှမ်းပေါင်း အခက်အခဲပေါင်းများစွာ ဇွဲရှိရှိနဲ့ ဦးတည်ချက်ထားကာ ကျော်ဖြတ်တက်လှမ်းနိုင်သူတွေရဲ့ ခြေလှမ်းတွေအောက်၊ ခြေဖဝါးတွေအောက် ရောက်သွားခဲ့တာ နမူနာတွေပဲ ဖြစ်ပါတယ်။ အောင်မြင်မှုရဖို့၊ ဇွဲရှိဖို့ အရေးကြီးပါတယ်။ ကမ္ဘာကျော်သိပ္ပံပညာရှင်ကြီး သောမတ် (စ်) အယ်ဒီဆင်ဟာ မီးလုံးထဲမှာ ထည့်ရမယ့် သင့်လျော်တဲ့မီးစာကိုရဖို့ အကြိမ် တစ်သောင်းကျော် စမ်းသပ်ပြီးမှ ရခဲ့တာပါ။ ဘယ်လိုအခက်အခဲဖြစ်ပါစေ ဇွဲရှိရှိနဲ့ ကြိုးစားသွားရင် အနာဂတ်မှာ အောင်မြင်မှုတွေ ရရှိနိုင်တယ်ဆိုတာကို သူရဲ့အတွေးအခေါ် ယုံကြည်ချက် မြင့်မားမှုတွေက ပြသခဲ့တာ ဖြစ်ပါတယ်။

မည်သို့ပင်ဆိုစေကာမူ မိမိတို့ရည်ရွယ်ချက်နဲ့ အတွေးအခေါ် ယုံကြည်ချက်တွေဟာ မိမိတို့အနာဂတ်ဘဝရဲ့ အဆိုးနဲ့အကောင်း ဘဝအတိမ်အနက်နဲ့အတူ အောင်မြင်ခြင်း၊ ကျရှုံးခြင်း၊ ဆင်းရဲခြင်း၊ ချမ်းသာခြင်းဆိုတာကို ပိုင်းခြားဆုံးဖြတ်ပေးသွားမှာ ဖြစ်ပါတယ်။ သို့ဖြစ်၍လည်း အခြေအနေနဲ့ အချိန်အခါ ဆိုတာတွေကို စောင့်မျှော်မနေကြဘဲ မှန်ကန်တဲ့ အတွေးအခေါ် ယုံကြည်ချက်တွေနဲ့အတူ အသိပညာ၊ အတတ်ပညာတွေကို အချိန်ရှိခိုက် ဆည်းပူးလေ့လာကာ ကိုယ့်ရည်မှန်းချက် အနာဂတ်ကို လက်တွေ့အကောင်အထည် ဖော်နိုင်သူတွေဖြစ်ဖို့ ကြိုးစားသင့်ပါကြောင်း ရေးသားလိုက်ရပါတယ်။

Most Read

Most Recent