မြားတွေ

မြားတွေ
Published 5 September 2018

Photo: Identifont

ပြုံးကြည့်တယ်။ ရင်ထဲက လှမလာဘူး။သိပ်ပျော်နေကြတဲ့ လောကဆိုတော့ ကျုပ်အမြင်တွေ တင်သွင်းလို့ ရမှာမဟုတ်ဘူး။ ‘မမြတ်သော တရား’ လည်း ကိုယ်တွေ့ကြုံခဲ့ပြီးပြီမို့လား။ လမ်းပေါ်မှာ တွေးတယ်။ နေထိုင်လို့ ကောင်းရုံပါပဲ။ စိတ်ကူးထားတာက ကိုယ့်ကိုယ်ကိုယ် မနှိပ်စက်ချင်တော့ဘူး။ ဘာတွေ ဖြစ်နေပါတယ်ဆိုတာလည်းတော့ အမည်မဖော်ပြတတ်ဘူး။ တိတ်တိတ်ဆိတ်ဆိတ်လေး နေချင်တယ်။ ဖြစ်ထွန်းလာတဲ့ ကဗျာစတွေကို စေ့ငုချင်တယ်။ လှုံ့ဆော်မယ့်အရာတွေကို မျှားချင်တယ်။ အလှူခံတွေကို မုန်းတယ်။ဗီဇထဲမှာ ပွတ်သီးပွတ်သပ်ပါလာတာပဲ။ ကျောရိုးမဲ့သွားတဲ့သတ္တဝါလို ရယ်နိုင်ဦးမလား။ မိမိ ဘာသာဆင်ခြင်ပြီး နေရတယ်။’မြတ်သောနံနက်ခင်း’တွေလည်း ရှိမယ်။

ဟိုတစ်နေ့ကရာဇဝင်ပါ။ ကိုယ့်ကိုယ်ကိုယ် ဗဟိုပြုပြီး တွေးတယ်။ အင်္ကျီက ကြယ်စေ့ ပါမလာဘူး။ လူမြင်ကွင်းကို သွားရမှာ။လူကြီးလူကောင်းတွေနဲ့ တွေ့ရမှာ။ ကြယ်သီးတစ်လုံးကြောင့် အဲဒီအင်္ကျီကို ကောက်လဲလိုက်ပါတယ်။ မသပ်ရပ်ဘူးးဆိုတာက ဖုံးဖိလို့ ရပါတယ်။ ဒါပေသိ စိတ်က မလုံမလဲ ဖြစ်မိမှာ အမှန်ပါပဲ။ သူ့ရှေ့မှာ ရှိနေတဲ့ မိုက်ခရိုဖုန်းက ထွက်လာတဲ့ စကားတွေနဲ့ အချင်းမများချင်တော့ဘူး။ ခင်ဗျားကြီး မာယာများလိုက်တာလို့တော့ မမြည်တမ်းချင်တော့ဘူး။ သူ့မှာ သူကြီးထွားဖို့ သူ့စိတ်ကူးစိတ်သန်းတွေ ရှိပြီးသားပါ။

ဇာတ်လမ်းတွေအများစုမှာ သိပ်ကိုပြည့်စုံနေကြတာပါပဲ။ အများစု ဖတ်ချင်နေတဲ့ စကားစုတွေ ရေးတာလည်း မဟုတ်ပါဘူး။ လူဖြစ်လာလို့ ကျွန်တော် တွေးသွားတယ်ဆိုတာ ပြရုံပါပဲ။ သိပ်ဂရုစိုက်လွန်းတဲ့ပန်းတွေကလည်း မွှေးစရာလိုပါဘူး။ ကမ္ဘာကြီးပါ။ လူ သားဆန်မှုတွေပါ။ ဘယ်လောက်ထိ အမှတ်တရ ရှိနေကြမလဲဆိုတော့ ကျုပ်ဘဝမှာ ဘာမှ ထူးမြတ်မှုတွေ လုပ်ရိုးမရှိခဲ့ဘူး။ လာတယ်။ ပြန်တယ်။ နာမတချို့တလေတွေတော့ ရွတ် မိလိမ့်မယ်။ သံယောဇဉ်မှာ ဘဝပါတယ်။

ဘုရားဟောထားတယ်ဆိုပြီးတော့လည်း ကော်ပီ၊ ပေ့စ် မလုပ်ချင်တော့ဘူး။ ခေတ်သုံး ဝေါဟာရကို လေ့လာရေးဆင်းရတယ်။ အချင်းများနေလို့လည်း ကိုယ်မှ မပိုင်စိုးတာ။ကိုယ့်အကြောင်းတွေ မရှယ်မိတော့ဘူး၊ ဒီ ထက်လူသားဆန်ဖို့ အကုန်လုံးကို ချစ်ပြနေဖို့ မလိုအပ်တော့ဘူး။ ရိုးသားမိပါတယ်။ ချစ်ဖို့ထက် ဒုက္ခမပေးမိဖို့ ပိုကြိုးစားနေရပါတယ်။

လူ့စိတ်အခြေခံကို မသိဘဲနဲ့တော့ လူတွေ နိုင်ငံရေး မလုပ်သင့်။ လူသားမှာ အခြေခံလိုအပ်ချက်တွေရှိတယ်။ လူဆိုတာ မက်မောကြတယ်။ မျှော်လင့်ချက်မရှိရင် သေဆုံးတာနဲ့ ဘာထူးလာမှာမို့လဲ။ အားလုံး ဝိုင်းမြှောက်ပေးလိုက်ပါပြီ။ ကျေနပ်နေတယ်လား။ အရွေ့က ခင်ဗျားတို့တတွေအတွက်ပဲဖြစ်မှာ။ ခေတ်ကာလကို ဖွဲ့ဖို့က ရဲရဲဝံ့ဝံ့ ပြောရဲတာကလည်း ကဗျာဆရာတွေပဲရှိတယ်။ အစိုးရဆီပဲ မျှော်နေကြတာပဲလို့တော့ မဆိုအပ်။ ကျုပ်က ဖားနေတဲ့သူတွေထက် ရိုးသားပါတယ်။ ပြည်သူကို မျှော်လင့်ချက်ပေးသင့်တယ်။

တကယ့်တကယ်တော့ မိုးလင်းကနေ မိုးချုပ်ထိပဲ။ တွေးနေရတာ။ ဒါပေသိ အရွေ့ဆိုတာဖြစ်မလာဘူး။ စိတ်ကူးတွေရဲ့ အကျဉ်းသားဆိုလား။ သာယာပါတယ်ဆိုတဲ့ ဝန်းကျင်လေးကလည်း စိတ်ထဲ နောက်ကျိနေတော့တာ။ အရင်းနှီးဆုံးလူတွေကိုတော့ ပြောပြဖြစ်တယ်။ သူတို့ နားလည်ကြတာတော့ မ ဟုတ်ဘူး။ ကိုယ်လည်း ဘယ်မှတော့ သွားဖြစ်တာမဟုတ်ဘူး။ ထိုင်လိုက် တွေးလိုက်  ကယောင်ချောက်ချားဖြစ်လိုက်။ ဖတ်လက်စ စာအုပ်တွေကိုလွှတ်ချပစ်လိုက်။ ပတ်ဝန်းကျင်ကို အဆက်ဖြတ်သလို ခံစားလာရတယ်။ ရူးတော့ ရူးမသွားလောက်ပါဘူး။

ကိုယ့်အပြစ်နဲ့ကိုယ် ခံရမယ့်နေ့တွေလည်း ရှိနေပြန်ပါတယ်။ သိပ်ကို ရိုင်းစိုင်းလွန်းသူတွေကို မဝေဖန်မိဖို့လည်း လိုတယ်။သူတို့ လောက,က သိပ်ကို ကြောက်ရွံ့ဖွယ်ရာပဲ။ လောကနဲ့ချီပြီး မပြောဖြစ်ဖို့ မပတ်သက်ဖြစ်ဖို့ တော့ကြိုးစားနေပါတယ်။ အသက်ရှူမှုတွေ ကျပ်လွန်းလာရင် ဝေးဝေးပြေးရမှာပဲ။နှလုံးမသာယာစေတဲ့သူတွေနဲ့ ကြုံဆုံရမှာ အလိုလို  ဝမ်းနည်းနေတတ်ပြီပဲ။ ကိုယ့်အမှားတွေအတွက် ဆင်ခြင်ဖို့ ပိုသတိထားမိဖို့လို လာတာပေါ့။ ရပါတယ်။ မုန့်လုံးကို စက္ကူကပ်ပါတယ်။ အချစ်ရေ မုန့်လုံးကို စက္ကူကပ်တာတွေ လျှော့ပါ။ အမြင့်ဆုံးခံနိုင်ရည်ပဲ ဆုတောင်းပါတဲ့။ ဖွတ်ကျားတွေနဲ့ ဆက်ဆံဖို့တော့ ငါ့သတ္တိတွေ သိပ်ရန်လိုနေတာ။ အချစ် နဲ့ပတ်သက်ရင် ကိုယ်က အသက်မပြည့်ဘူး။ တစ်ကိုယ်လုံး ဝါးမျိုထားသလို မိုးရေတွေက တစ်မိုးလုံး ဝါးမျိုထားပြီးပြီ။ ခြေတွေ လက်တွေလည်း မသယ်ချင်တော့ဘူး။ချိုကျတစ်ခွက်ကို မှာလိုက်တယ်။ ကိုယ့်စကားကို ကြားကြဟန်မတူပါဘူး။ ညက သန်းခေါင်ယံကျော်လာပြီ။ အနီးအနားဝန်းကျင်မှာလည်း မိုးရေထဲက ဝါကျင့်ကျင့်မီးရောင်တွေ။ ကိုယ့်အခန်းမှာဆိုရင် ခုတင်ပေါ်မှာ အတင်းထိုးအိပ်မိမှာ။ မိုးလင်းဖို့က နာရီတော်တော်များများ လိုသေးတယ်။ လင်းပေါက်ဖွင့်ထားတဲ့ ဆိုင်လေးထဲမှာပဲ မိုးလင်းရတော့မယ်ထင်ပါ့။ မနက်ဖြန်လေး ကြည်ကြည်လင်လင်နိုးထဖို့ ငါ တစ်မှေးတော့ရအောင် မှေးရမှာပဲ။ မြို့ကြီးပြကြီးဆိုတာ ပိုက်ဆံမရှိရင် အသိမရှိရင် တောကြီးမျက်မည်းကြီးပါပဲ။ ရဲတွေ ကင်းလှည့်လာနေကြပြီ။

မြို့တော်က မွန်းမွန်းကျပ်ကျပ်ပဲ။ နိုးလာတယ်။ ဘက်ထရီမပြည့်တဲ့ မျက်လုံးတွေလို YBS ကို စောင့်တယ်။ ကားအဝါကြီးတွေက အစီအရီ ကိုယ့်ရှေ့ လာရပ်တယ်။ ကိုယ်လည်း ကိုယ်သိတဲ့စာသားတွေကို ရွတ်တယ်။ မိုးနဲ့ အသားမကျလှတဲ့အဖြစ်က ကိုယ့်မှာ ထီးပါမလာခဲ့ဘူး။ လိုရာခရီး သွားရဦးမှာ။ မိုးမျှော်တိုက်ကြီးတွေ အစီအရီ မိုးထားတဲ့ မြို့တော်ကြီးမှာ ငါ ဘယ်ဆီ ရွေ့နေတာလဲ။ ငါကရော ဘယ်ဆီသွားနေတာလဲ။ သူတို့ကို ငါလည်း မသိပါဘူး။ သူတို့ကလည်း ငါ့ကို မသိကြဘူး။ တစ်လောကလုံးမှာရှိတဲ့ စာအုပ်တွေ ဖတ်နိုင်ဖို့လည်း မလွယ်ပါဘူး။ စာအုပ်တွေ ဖတ်ပြီးတော့လည်း ကျွတ်တန်းဝင်ဖို့က ပိုလို့တောင် မသေချာဘူး။ မြို့တော်ကြီးကို ရောက်ရှိလာတာဟာ ပြန်လည်ထွက်ခွာသွားဖို့ပါပဲ။ အစက်ကလေးတစ်စက် အစိတ်အပိုင်းလေး တစ်ခုအနေနဲ့ ရှိနေဖို့ လူအုပ်ကြီးထဲမှာ တိုးဝှေ့နေရတဲ့ လူတစ်ယောက်ပါလားလို့ တွေးနေမိတယ်။ အလိုအလျောက် ရေးသားထားတဲ့ လမ်းညွှန်ဆိုင်းဘုတ်တွေရှိတဲ့ နယ်နိမိတ်တွေရှိတယ်။ မနာလိုလို့ ပစ်ချမိတဲ့ စိတ်ကူး တွေကလည်း အများသားကလား။ ဒီဇင်ဘာက စရေရရင် ဇန်နဝါရီက ဒုတိယဆုပဲရမှာပါ။ပုံမှန်မီးမလာတဲ့ မြို့လေးကို အထင်ကြီးမိခဲ့တာ ကိုယ့်ရဲ့ဖွံ့ဖြိုးရေး နောက်ကျမှုတွေပါပဲ။ ခေတ်မီအောင် အင်တာနက်ထဲရှိသမျှ ဒေါင်းချနေလို့ မရဘူး။ စာအုပ်တစ်အုပ်ဖတ်နေတိုင်း အထင်ကြီးဖို့ မကောင်းပါဘူး။ စာအုပ်တစ်အုပ်ကို ဇိမ်ဇိမ်ရှိရှိ ဖတ်နိုင်ဖို့  လူသား သိက္ခာတရားတွေ ပြည့်စုံနေဖို့လိုတယ် မဟုတ်လား။ ခုဘဝက ကျွတ်တန်းမဝင်နိုင် တော့တာ ငါ့ ကိုယ်ငါတော့ သိသာနေသလိုပါပဲ။

မြန်မာပြည်မှာ စိတ်ဆင်းရဲစရာတစ်ခုက ပညာရပ်ဆိုင်ရာ ကမ္ဘာနဲ့ အဆင့်မီ ဖတ်ချင်ရင် ဘယ်မှ ဝယ်မရပြန်ဘူး။ မြှောက်ပင့်ပြီး တက်ကျမ်းတွေက ငွေရှာဖို့ သိပ်လွယ်လွန်းတယ်။ စာအုပ်အဟောင်းဆိုင်ရောက်တော့ ရှားပါး စာအုပ်တွေ ဖတ်ချင်တယ်။ သုတေသနနဲ့ ပတ်သက်ပြီး ကိုယ်လေ့လာချင်တဲ့စာအုပ်တွေက ရန်ကုန်မြို့ကြီးဆီမှာ ပေါပေါများများ ရှိမနေဘူး။ ဒါလည်း အပြစ်မဟုတ်ဘူး။ နှစ်ဆယ့်ငါးနှစ်က ကိုယ့် ဘာသာ ပိတ်ထားခဲ့တာ။ နောက်နှစ်အစိတ်က သူများတွေ ပိတ်ဆို့ထားတာခံရတာ။ မျိုးဆက်တွေ သေဆုံးရင်း သေဆုံးပဲပေါ့။ ကြာပါပြီ။

ရွေ့နေတယ်။ အိပ်မပျော်တဲ့ညတွေမှာဆို သိပ်သိသာတယ်။ခန္ဓာကိုယ်တစ်ခုရခဲ့တယ်။ ဒါကို ဖောက်ခွဲပစ်နိုင်တဲ့ လောကီတွေက များလှမဟုတ်လား။အဝေးပြေးကားကြီးကတော့ တအိအိပဲ။ အရင်ထက်စာရင် ပိုချော မွေ့လာသလိုပဲ။ ခေတ်ကိုး။ ရွေးချယ်ခွင့်ရရင်တော့ မြန်မာဇာတ်လမ်းတွေ မကြည့်ဖြစ်ဘူး။ ဒါပေမဲ့ မြန်မာပြည်မှာ လူဖြစ်ခွင့်လည်း ရွေးချယ်ခဲ့တာတော့မဟုတ်ဘူး။ ဖြစ်နေကျပဲဟာ။  ပဋ္ဌာန်းတရား ဖွင့်တော့ ကိုယ် နားလည်တာတော့မဟုတ်ဘူး။ ချမ်းချမ်းမြေ့မြေ့ အိပ်ပျော်သွားမိ။ နိုးလာတော့ ချမ်းမြေ့နေမိတာ။ ဘာနဲ့မှတူတာ မဟုတ်ဘူး။

အခန်းကျဉ်းလေးတစ်ခုမှာ နေထိုင်ပါတယ်။ ကျွန်တော် ပိုင်တာလည်း မဟုတ်ပါဘူး။ အချိန်တန်ရင် ကိုယ်လည်း ရွေ့ရမယ်လေ။ လူတွေပဲ နေထိုင်သွားကြဖို့ များမှာပါ။ ဒါပေသိ ကျုပ်ရှိမှန်းသိအောင် ခြောက်လှန့်နေလို့ မဖြစ်ဘူး။ တိတိကျကျပြောချင်တာက တိတ်တိတ်ဆိတ်ဆိတ်ကလေး ထွက်သွားချင်တာပဲ။ နှုတ်ဆက်ချင်တဲ့သူတွေတချို့ကိုတော့ လက်ချိုးရေထားတယ်။ သင်္ခါရတဲ့။ ဒီတရားပဲ အကြိမ်ကြိမ် နားရည်ဝချင်မိတယ်။ မကျွတ်မလွတ်ခင် အထိပေါ့။

သူရဲကောင်းလားဆို ကြောက်တတ်တယ်။ အမှန်တရားနဲ့တွေ့ရင် သူရဲဘောကြောင်ကြတာချည်းပဲ။ ဖြစ်ရိုးဖြစ်စဉ် ဇာတ်လမ်းအရ သရုပ်ဆောင် သိပ်ကောင်းလိုက်တာပါပဲ။ သူ မသိအောင် ပြုံးပြရုံပဲတတ်နိုင်တယ်။ အစွဲအလမ်းတွေက အများသား။ ဒီဇင်ဘာနဲ့ ဝေးရရုံပါပဲ။ လေယာဉ်ပျံတွေ ကျွမ်းထိုးပြတာလောက်က မအံ့သြတော့ပါ။ ကျန်းမာရေးကောင်းရင် ရယ်နေမိလိမ့်မယ်။ ငါကွယ်လွန်ရမှာကို နင်လည်း ပြဋ္ဌာန်းလို့ရမှာ မဟုတ်ဘူး။

မြန်မာပြည်ကြီး စီးပွားရေးကျနေတယ်ဆိုတာက ကိုယ်တို့ဝင်ငွေနဲ့ လက်လှမ်းမမီတဲ့ အရာတွေ များလာတယ်။ ရှိစေတော့။ ရွှေတိဂုံကို ဝအောင် ဖူးပစ်ခဲ့ပါတယ်။ အပြာရောင်တိမ်တွေ မြင်ရပြီဆိုရင် နင်လားလို့ အောက်မေ့မိနေတာပါပဲ။ ငါ့ကိုယ်ငါတော့ အငွေ့တွေတလူလူပေါ့လို့ အောက်မေ့မိနေတုန်းမှာ ရေးမိသွားတယ်။ ဝေဒနာတွေက နင် ဖန်တီးခဲ့တာပါ။ ဒါပေမဲ့ ယုံကြည်ရာဘုရားကို ရည်စူးလိုက်ရတာပဲ။

Most Read

Most Recent