ခေါက်လျက် ခေါင်းအုံးလေး

ခေါက်လျက် ခေါင်းအုံးလေး
Published 28 August 2018

Photo း burtchiropractic.com

နှစ်ကာလ အတော်ကြာသည့်တိုင်အောင် ကျွန်တော်နားမလည်နိုင်သော အရာတစ်ခုမှာ ခေါက်လျက် ခေါင်းအုံးလေးတစ်လုံး ဖြစ်ခဲ့သည်။ ထိုခေါင်းအုံးလေးက ကျွန်တော်တို့ မိသားစုတစ်စုလုံး မှေးစက်ပျော်ရာ ခုတင်ကြီးထက်မှာ အချိန်ပြည့်လိုလို ရှိနေခဲ့သည်။ များသောအားဖြင့် မိသားစုဝင်အားလုံး အိပ်ရာမှ နိုးထပြီး ကျန်ရစ်ခဲ့သော ကရော်ကမည် ခေါက်ထားသည့် စောင်အထပ်ထပ်တို့အကြား၌ ရှိနေခဲ့သည်။ ကျွန်တော် ချာတိတ်အရွယ်ခန့်က စူးစမ်းတတ်သည့်စဉ်ကြောင့် ခေါက်လျက် ခေါင်းအုံးလေးကို ကျွန်တော့်ဦးခေါင်း သေးသေးလေးအောက် ထိုးသွင်းကာ အိပ်စက်ဖို့ တစ်ကြိမ်နှစ်ကြိမ် ကြိုးစားကြည့်သေးသည်။ အဆင်မပြေ။ ခေါင်းအုံးခေါက်က ကျွန်တော့်လို ခပ်ပိန်ပိန် ချာတိတ်လေးအတွက် အလွန်မြင့်လွန်းနေသည်။ ကျွန်တော့်ဇက်နှင့် လည်ပင်းက ဤဒဏ်ကို ကြာရှည်မခံနိုင်။ ကျွန်တော့်စူးစမ်းမှုတို့သည် ခေါက်လျက် ခေါင်းအုံးလေးကို မူလပုံမှန် အမြင့်ရောက်အောင် ပြန်ဖြန့်ပြီး အိပ်စက်လိုက်ခြင်းအားဖြင့်သာ အဆုံးသတ်သွားရလေ့ရှိသည်။

စင်စစ် ခေါက်လျက် ခေါင်းအုံးလေး၏ ပိုင်ရှင်မှာ ကျွန်တော့်အဖေဖြစ်သည်။ တစ်နည်းအားဖြင့် ခေါက်လျက် ခေါင်းအုံးလေးသည် ကျွန်တော့်အဖေ၏ခေါင်းအုံးလေးသာ ဖြစ်သည်။ အဖေက အိပ်ပြီဆိုလျှင် ခေါင်းအုံးကို မူလအမြင့်အတိုင်း ဖြန့်မအိပ်ဘဲ အလယ်လောက်ကနေ ခေါင်းအုံးကို ချိုးခေါက်ပြီး သူလိုချင်သည့် အမြင့်ရောက်အောင် ပြုပြင်ပြီးမှ အိပ်စက်လေ့ရှိသည်။ တစ်ခါတစ်ရံ ခေါက်လျက်ခေါင်းအုံးလေးအောက်တွင် အခြားအရွယ်တော် ခေါင်းအုံးတစ်လုံးကိုတောင်မှ ထပ်ခံလိုက်သေးသည်။ အဖေဘာကြောင့် ခေါင်းအုံးကို ခေါက်လျက် ထားအိပ်ရသည်ကို နှစ်ခြိုက်နေမှန်း ကျွန်တော် တွေးကြည့်၍ မရ။ လူကြီးနှင့် ကလေးကွာခြားသည်ဆို ရအောင်ကလည်း အမေကျတော့ ဘယ်တုန်းကမှ ခေါင်းအုံးကို ယခုကဲ့သို့ ခေါက်မအိပ်တတ်။

အဖေက ခွက်ပုန်းလုလင်ဖြစ်သည်။ အရက်ကို အလွန်အကျွံသောက်ခြင်းမျိုး၊ အပေါင်းအသင်းနှင့်အတူ ဆိုင်၌ သွားမော့ခြင်းမျိုး လုပ်ခဲသည်။ အဖေ အရက်သောက်တတ်မှန်း အနီးအနားပတ်ဝန်းကျင်ကပင် သိပ်သိကြသည်မဟုတ်။ ဖြစ်ခေါင့်ဖြစ်ခဲဆိုသော်လည်း အချို့ညနေများ၌ များသွားလျှင် နောက်တစ်နေ့နံနက်မှာ အဖေ့ဇက်ကြောများ တောင့်တင်းကိုက်ခဲနေတတ်သည်။ ယင်းကဲ့သို့ ဖြစ်ပြီဆိုလျှင် အဖေ့ဇက်ကြောများကို အမေနှင့် ကျွန်တော်တစ်ယောက်တစ်လှည့်စီ နှိပ်နယ်ပေးကြရသည်။ အဖေက အရက်ကို အကြောင်းပြသော်လည်း ကျွန်တော်ကတော့ အတွေးခေါင်သူပီပီ အဖေအိပ်စက်နေကျ ခေါက်လျက် ခေါင်းအုံးလေးကို အပြစ်တင်သည်။ ခေါင်းအုံးကို ဤမျှ အမြင့်ကြီး ထားအိပ်မှတော့ တစ်ရက်မဟုတ် တစ်ရက်တော့ ဇက်ကြောတက်နိုင်သည် မဟုတ်လား။

သို့သော် အဖေကတော့ ခေါက်လျက် ခေါင်းအုံးလေးပေါ်မှာ အိပ်စက်မြဲ။ အဖေသည် ခေါက်လျက် ခေါင်းအုံးလေးပေါ် လဲလျောင်းလျက် အိမ်အမိုး မျက်နှာကြက်ကိုငေးကာ တစ်ခုခု တွေးချင်တွေးနေမည်။ ရေဒီယို လှိုင်းသံတရှဲရှဲကြားက BBC ၊ VOA စသည့် သတင်းများကို နားစိုက်ထောင်ချင်ထောင်နေမည်။ ရွှေမန်းတင်မောင် ဇာတ်ထုပ်ဖွင့်ပြီး အပန်းဖြေချင် ဖြေနေမည်။ ရံဖန်ရံခါသူရသော ဇာတ်တေးအလိုက်လေးများ ဝင်လာလျှင်တော့ လိုက်တောင် ဟဲလိုက်ဦးမည်။ အမှန်တော့ ယင်းက ခေါက်လျက်ခေါင်းအုံးလေး တစ်လုံးအပေါ် ကျွန်တော်၏ အပေါ်ယံအမြင်သာ ဖြစ်သည်။ လေးနက်သော အမြင်ဆိုသည်ကလည်း ထိုအပေါ်ယံအမြင်ပေါင်း သောင်းခြောက်ထောင်ထဲမှ တစ်ခုတလေခန့်ကျမှသာ သွားပေါက်မြောက်ခြင်းမျိုး ဖြစ်သည်။ ဤသို့ဖြင့် ကျွန်တော်တို့သည် ကိစ္စအတော်များများကို အပေါ်ယံအမြင်ဖြင့်သာ ဆုံးဖြတ်ချက်များကို မသိလိုက်မသိဘာသာ ချမှတ်နေမိတတ်ကြသည်။ ကျွန်တော့်အတွက် ခေါက်လျက်ခေါင်းအုံးလေး၏ လေးနက်သော အမြင်ကို ရရှိဖို့ ကြာမြင့်စွာ စောင့်စားခဲ့ရသည်။

ကျွန်တော့် လူငယ်ဘ၀ ကာလတစ်ခုလုံး မေ့လျော့ပေါ့ဆခြင်းများအားဖြင့် ခေါက်လျက် ခေါင်းအုံးလေးကို သိမှတ်မှု နည်းပါးခဲ့သည်။ တကယ်ဆိုလျှင် ကျွန်တော်တို့အိမ်၌ အိပ်ရာအစောဆုံးထပြီး လုပ်ငန်းခွင်သွား ရောက်လေ့ရှိသည့် အဖေ့ကြောင့် နံနက်ခင်း နိုးသည်နှင့်တစ်ပြိုင်နက် ခေါက်လျက်ခေါင်းအုံးလေးကို ယင်းအတိုင်း ကျွန်တော်တို့ မြင်ခွင့်ရခဲ့သည့် နှစ်ကာလများပင် မနည်းမနောကြီး ရှိခဲ့သည်။ ခေါက်လျက်ခေါင်းအုံးလေးသည် နံနက်ခင်းကတည်းက ညဘက် အဖေအိပ်ရာမဝင်မီ အချိန်အထိ အနေအထား မပျက်မယွင်းဘဲ ကျွန်တော်တို့မိသားစု ခုတင်ကြီးထက်မှာ ပုံမပျက် တည်ရှိနေခဲ့သည်။ ဤနေရာ၌ တစ်ခု ဖြတ်ပြောစရာရှိလာသည်က ကျွန်တော်တို့ မောင်နှမများ လိုက်မမီသည့် အဖေ၏အမူအကျင့်များ ဖြစ်သည်။ ခေါက်လျက် ခေါင်းအုံးလေးနှင့် သက်ဆိုင်သော အမူအကျင့်နှစ်ခုကို ဖော်ပြချင်သည်။ ပထမတစ်ခုက အမူအကျင့်ကောင်းဖြစ်သည်။ အဖေသည် သူ့ဘဝတစ်လျှောက်လုံး တစ်အိမ်လုံးမှာ အိပ်ရာအစောဆုံးဝင်ပြီး အိပ်ရာ အစောဆုံး ထသူဖြစ်သည်။ နောက်တစ်ခုကတော့ အမူအကျင့်ဆိုး ဖြစ်မည်ထင်သည်။ အဖေသည် အိပ်ရာဝင် အိပ်ရာထ ဘယ်တော့မှ အိပ်ရာကို သန့်ရှင်းရေး လုပ်လေ့လုပ်ထ ရှိသူတစ်ယောက်မဟုတ်ခဲ့။ ကျွန်တော့်အမေဆိုသည်ကလည်း အမြဲတမ်း သားသမီးသုံးဦး၏ ဝေယျာဝစ္စနှင့် ချက်ရေးပြုတ်ရေး လျှော်ရေး ဖွပ်ရေးများဘက်မှာသာ လုံးလုံးလျားလျား တာဝန်သက်ရောက်ပြီး သန့်ရှင်းရေးအတွက်ကျတော့ တော်ရိလျော်ရိလောက်သာ အားထည့်နိုင်တော့သည်။ ကျွန်တော်တို့ မောင်နှမများကျတော့ရော၊ အကြီးဆုံးသား ကျွန်တော်ကစ၍ အကုန်လုံး ဘာသိဘာသာ နေနိုင်သူများချည်း တန်းစီမွေးထုတ်ထားသလား ထင်ရသည်။

ထို့ကြောင့် မိသားစုခုတင်ကြီးထက်၌ ဤခေါက်လျက်ခေါင်းအုံးလေး ပုံမပျက်ဘဲ နှစ်ပေါင်းများစွာ တည်ရှိလာနိုင်ခဲ့သည် ဆိုပါတော့။ ကျွန်တော်တို့မောင်နှမများလည်း အသက်အရွယ်ကြီးရင့်ပြီး အိမ်ထောင်လျက်သားကျကာ သားသမီးများ ပွားစည်းလာခဲ့ကြပြီ။ အဖေနှင့်အမေလည်း အဘိုးနေရာ အဘွားနေရာ ရောက်လာကြပြီ။ ကျွန်တော့်အောက်က ညီတစ်ယောက်က နိုင်ငံရပ်ခြားမှာ အလုပ်သွားလုပ်ရာမှ ပြန်လာပြီး သူ့မိန်းမမိသားစု နေထိုင်ရာ နယ်မြို့တစ်မြို့တွင် စားသောက်ဆိုင်အလုပ် လုပ်ကိုင်နေသည်။ ကျွန်တော့် အငယ်ဆုံး ညီမက နာမည်ကြီး အင်္ဂလိပ်စာသင်ကျောင်းတစ်ခုမှာ လခစားဆရာမတစ်ဦးဖြစ်ကာ ယောကျ်ား၊ သမီးဖြစ်သူတို့နှင့်အတူ ကျွန်တော့်မိဘများနှင့် စုပေါင်း၍ နေထိုင်ကြသည်။ ကျွန်တော်ကတော့ တစ်လမ်းလုံးမှာ အိမ် ၁၀ လုံးပင် မပြည့်နိုင်သေးသော လမ်းတစ်လမ်းထဲတွင် တစ်နိုင်တစ်ပိုင် အိမ်ဆိုင်လေး ဖွင့်လှစ်ထားသည်။ ကျွန်တော့်မိန်းမကတော့ မဂ္ဂဇင်းတိုက်တစ်ခုမှာ အယ်ဒီတာ လုပ်သော်လည်း ဒုတိယကလေး ကိုယ်ဝန်ရှိကတည်းက နားထားသည်မှာ ယခုအချိန်ထိ။

သတ္တုချကြည့်လိုက်လျှင် မောင်နှမအားလုံးထဲတွင် အကြီးဆုံးသား ကျွန်တော်သာလျှင် စီးပွားရေး အခြေမလှဖြစ်နေရသည်။ကျွန်တော့်အသုံးမကျမှုနှင့် ကျွန်တော်သာဖြစ်ကြောင်း ဝန်ခံထားရမည်။ စက်မှုသိပ္ပံကျောင်း သားဘဝကတည်းက ကျွန်တော် ကဗျာများရေးခဲ့သည်။ စာများ ရေးခဲ့သည်။ ခပ်တိုတို ပြောကြပါစို့။ ကျွန်တော် ဈေးကွက်ဝင် စာရေးဆရာတစ်ယောက် ဖြစ်မလာခဲ့။ အဆင့်အတန်းမီ ကဗျာဆရာတစ်ယောက် ဖြစ်မလာခဲ့။ ပြီးတော့ ကျွန်တော်က ဆက်ဆံရေး ညံ့ဖျင်းလွန်းအားကြီးသည်။ စကားကို ဘွင်းဘွင်းပြောပြီး အထက်စီးက နေချင်သည်။ ထို့ကြောင့် ယုံကြည်ချက်များ ခံယူချက်များ အပျော်ဖတ်များ ဇာတ်လမ်းဇာတ်ညွှန်းများ အသာထားဦး။ ကျွန်တော့်မှာ ခင်ရာခင်ကြောင်း အဆက်အသွယ်များမှတစ်ဆင့် ဝင်ငွေရပေါက်ရလမ်းများ မရှိသည်ကလည်း ထူးထွေတည့်အံ့ရာ သော်မဟုတ်။ ကျွန်တော်ဖွင့်သော အိမ်ဆိုင်လေးကလည်း ထင်ထားသကဲ့သို့ စီးပွားဖြစ်ထွန်းမလာသည့်အပြင် ဟိုကသည်က အကူအပံ့များဖြင့် ကျွန်တော့်မှာ ကြွေးလည်ပင်း ခိုက်လာရသည်။ လတ်တလော ကျွန်တော့်အတွက် ဝင်ငွေစစ်စစ်ဆို၍ သတင်းစာတစ်စောင်မှာ စာမူလေး ပြောက်တိပြောက်ကျား ပါလာမှသာ အနံ့ကောက်ရှူရသည်မျိုး ဖြစ်သည်။ ဤသည်ကလည်း တစ်လတစ်လ သုံးပုဒ်လောက် ပုံမှန်ပါလေမှ လစဉ်ပေးချေနေကျ အကြွေးတစ်ခု ဆပ်နိုင်ရုံရှိသည်။ အိပ်ရာပေါ် ကျောခင်းရင်း မျက်နှာကြက်ကို မော့ငေးကာ ဤအကြောင်းအရာများကို မကြာခဏ စဉ်းစားခန်းဝင်မိသည့် အဖြစ်များကနေ ကျွန်တော် လွင့်ပျောက်ချင်လှပြီ။

ဝယ်သူ တစ်ဦးတလေမှ ရောက်မလာသော ဆိုင်လေးထဲ၌ ကျွန်တော် ထိုင်ပြီးငိုင်နေမိပြန်သည်။ ကျွန်တော့်ဖုန်းထဲမှ မာမာအေး၏ ပခန်းစံနတ်ဒိုးက အပြင်မှာ ရွာနေသော မိုးနှင့် သံပြိုင်ဖြစ်နေသည်။ နတ်ဒိုးသီချင်း နားထောင်နေသော်လည်း ကျွန်တော့်စိတ်က ရွှင်ပျမနေဘဲ ရာသီဥတုကဲ့သို့ မှုန်မှိုင်းနေသည်။ ညနေခင်းသည် မိုးထဲရေထဲမှာပင် ကုန်ဆုံးသွားပြန်သည်။ အမှောင်ဓာတ် ဆိုက်ရောက်ပြီး နာရီအနည်းငယ်ကြာပြီးနောက် ထုံးစံအတိုင်းဆိုင်ကို ကျွန်တော်စောစော ပိတ်လိုက်သည်။ ကျွန်တော့်ဆိုင်ကနေ အမေဝယ်ယူမှာကြားထားသော ရောင်းကုန်အနည်းငယ်ကို ကြွပ်ကြွပ်အိတ်တစ်လုံးထဲ ထည့်ကာ နှစ်လမ်းကျော်က ကျွန်တော့်မိဘများအိမ်သို့ သွားပို့ပေးရဦးမည်။ ကျွန်တော်ရောက်တော့ အမေက ကျွန်တော်ပေးသော ကြွပ်ကြွပ်အိတ်ကိုယူပြီး ပစ္စည်းများ စစ်ကြည့်သည်။ ကျွန်တော့်အိမ် ညစာအတွက်ဆိုပြီး ချိုင့်တစ်လုံးထဲ ဟင်းများ ထည့်ပေးနေသဖြင့် ကျွန်တော် အိမ်ရှေ့ပြန်ထွက်စောင့်နေလိုက်သည်။

အိမ်က အခင်းအကျင်း အနည်းငယ် ပြောင်းထားသည်။ ကျွန်တော်တို့ငယ်ငယ်က တစ်မိသားစုလုံး အိပ်သော ခုတင်ကြီးမှာ အိမ်ရှေ့ဘက်ရောက်နေလျက် အဖေတစ်ယောက်တည်း အိပ်ရာဖြစ်နေသည်။ ယခု အဖေက အိမ်ထဲမှာ သူ့မြေးမကို ထိန်းရင်း တီဗွီကြည့်၍နေ၏။ ခုတင်ပေါ်က အဖေခေါင်းအုံးသောနေရာတွင် ခေါက်လျက်ခေါင်းအုံး လေးတစ်လုံးက သစ္စာမပျက် အဆင်သင့်ရှိနေသည်။ ဘာရယ်မဟုတ် အဖေ့အိပ်ရာမှာ ကျွန်တော် ဝင်လှဲကာ ခေါက်လျက်ခေါင်းအုံးလေးပေါ် အုံးစက်လိုက်သည်။ အံ့သြဖွယ်ရာပင်။ခေါက်လျက် ခေါင်းအုံးလေးအမြင့်က ကျွန်တော်နှင့် အံကျဖြစ်နေသည်။ ကျွန်တော့်လည်ပင်းနှင့် ဇက်ပိုးများမှာ မထောင့်တော့၊ ခုမနေတော့။ ခေါင်းအုံးလေး ချုပ်လုပ်ထားသည်ကိုက ကျွန်တော့်ခန္ဓာကိုယ်နှင့် အတိအကျတိုင်းထွာပြီး ချုပ်စပ်ထားသည့်နှယ်။

ကျွန်တော့်ဆိုင်မှ အမေဝယ်ယူကာ ပေးချေလိုက်သော ရောင်းရငွေကို အိပ်ကပ်ထဲထည့်လျက် အမေပေးသော ဟင်းချိုင့်ကို တစ်ဖက်က ဆွဲလျက် တစ်ဖက်ကလည်း ထီးကိုကိုင်လျက် အမေ့အိမ်က ရက်လွန်သတင်းစာ တစ်စောင်ကို ချိုင်းကြားညှပ်လျက် ကျွန်တော်အိမ်ပြန်လာခဲ့သည်။ အိမ်ရောက်တော့ မိန်းမလက်ထဲ ဟင်းချိုင့်ကို ထိုးပေးပြီး ကျွန်တော့် အိပ်ရာဆီ တန်းလျှောက်ဝင်သွားမိသည်။ ဤနေရာမှာတင် ကျွန်တော့်ကို သွေးတောင့်စေသော အရာတစ်ခုကို မြင်လိုက်ရ၏။ ခေါက်လျက်ခေါင်းအုံးလေးတစ်လုံး။ ကရော်ကမည် ခေါက်ထားသော ကျွန်တော့်အိပ်ရာထက်က စောင်ပုံများကြားမှာ ရောက်နေပါ့လား။ ဘယ်အချိန်ကစပြီး ခေါင်းအုံးကို အလယ်က ခေါက်ချိုးပြီး ကျွန်တော် အိပ်တတ်သွားသလဲ မမှတ်မိတော့။ သတင်းစာကို ချကာ ကျွန်တော် အိပ်ရာပေါ် ပစ်လှဲလိုက်သည်။ ခေါက်လျက်ခေါင်းအုံးလေးပေါ် ကျွန်တော့် ဦးခေါင်းကို အလျင်စလို ပစ်တင်လိုက်သည့်အခါ ချက်ချင်း ကျွန်တော့်တွေးခေါ်မှုစနစ်ထဲသို့ ငွေရေးကြေးရေး အကျပ်အတည်းမှ လွတ်ရာလွတ်ကြောင်း အိပ်မက်များ၊ ကျွန်တော့်မိသားစု အနာဂတ်စီမံကိန်းများနှင့် မရေးရသေးသော စာမူများအကြောင်း စီရရီ ဝင်ရောက်လာသည်။ ခေါင်းအုံးဆိုခြင်းမျိုးက အခါများစွာမှာ အိပ်စက်ရန်အတွက် မဟုတ်မှန်း ဤခဏ၌ ကျွန်တော် အတွေးပေါက်သွားသည်။ ဤသည်မှာ ခေါက်လျက်ခေါင်းအုံး လေးတစ်လုံးက နှင်းအပ်သည့် လေးနက်သောအမြင်သာ ဖြစ်လိမ့်မည်။

Most Read

Most Recent