ညကို ကိုက်ဖဲ့ခြင်း

ညကို ကိုက်ဖဲ့ခြင်း
Published 28 August 2018

အခန်းထဲက အမှောင်ကို ဘယ်လို ခပ်ထုတ်ပစ်ရမလဲ။ တစ်စုံတစ်ယောက်က စိုက်ကြည့်ခံနေရသလို ချောက်ချားမှုက စိတ်ကို အစိုပြန်စေတယ်။ ဝင်သက် ထွက်သက်ကို နာရီလက်တံပေါ် ပစ်တင်ထားရတယ်။ မျက်လုံးကို မှိတ်ထားလည်း မြင်ကွင်းက ပျောက်မသွားဘူး။ ထွက်ခွာသွားသူရဲ့ ကျောပြင်ဟာ ဘာအစွန်းအထင်းမှ ရှိမနေဘူး။ “ရှင့်ကို မုန်းတယ်” အသံဟာ အမှောင်နံရံမှာ စိုက်ဝင်ပြီး ဆတ်ဆတ်ခါနေတယ်။ တစ်ခြမ်းထဲရှိတဲ့ လကို အုန်းလက်တွေက အမဲဖျက်သလို ခွဲစိတ်ထိုးဆွလို့။ ကိုယ့်အသက်ကို ရေငင်သလို ဆွဲယူနေရတာလည်း ချွေးတဒီးဒီး ကျလို့။ လေဟာ ညရဲ့နံရံနဲ့ တိုက်မိပြီး အမှောင်မှာ ပြိုကျသွားတယ်။ ဆေးလိပ်ကို မရပ်မနား ဖွာရှိုက်တော့ မီးခိုးက လူကို ပြန်မျိုသွားတယ်။
တစ်ခန်းလုံး ရှုပ်ပွနေတာပဲ။ အမြဲတမ်း အသုံးပြုနေတဲ့ မတ်တတ်ပန်ကာရဲ့ သံဆန်ခါမှာ ပင့်ကူမျှင်တွေ တက်နေသေးတယ်။ ဘယ်ဘက်ကိုဖြစ်ဖြစ်၊ ဒါမှမဟုတ် ညာဘက်ကိုပဲ ဖြစ်ဖြစ် စောင်းအိပ်တဲ့ အခါမျိုးမှာ နောက်ကျော ဘယ်ဘက် လက်ပြင်ကြော အောက်က အောင့်အောင့်နေတယ်။ ဒါပေမဲ့လည်း စိတ်က အဲဒီခံစားမှုအပေါ်မှာ မရှိပါဘူး။ ရထားတဲ့ ဒဏ်ရာက စိတ်ရဲ့ အလွှာပါးပေါ်မှာ ဖြစ်တယ်။ သွေးမထွက်ဘူး၊ ဒဏ်ရာ ပုံသဏ္ဌာန် မရှိဘူး။ ဒါပေမဲ့ နာကျင်မှုကတော့ သတိရတိုင်း တဆစ်ဆစ် ကိုက်ခဲနေတော့တာပဲ။

ဘဝက ဘယ်အသက်အရွယ်မှာ စရတာတဲ့လဲ ။ အသက် ၄၀ လား၊ အသက် ၆၀ လား။ ဘယ်လိုပဲဖြစ်ဖြစ် ရှင်သန်ခြင်းကတော့ စခဲ့ပြီးပါပြီ။ စခဲ့ပြီဆိုတော့ အဆုံးကို မရောက်မချင်း သွားတော့နေရဦးမှာပဲ။ သွားတော့ သွားနေမိတာပဲ၊ ဒါပေမဲ့ ဘယ်ကိုမှ မရောက်ဘူး။ ဖြစ်လည်း ဖြစ်နေတယ်။ ရှိလည်း ရှိနေတယ်။ ဒါကိုပဲ ရေသေအိုင်လို့ ခေါ်မလား။

■ ရေသေအိုင်

ဒီထက်လည်း ပိုမြန်လို့ မရ၊ ဒီထက်လည်း ပိုနှေးလို့ မရ
ထိုးရပ်ပစ်လိုက်လို့လည်း မဖြစ်၊ ရထားတဲ့အတိုင်း အသက်ဆက်လို့
တစ်ရက်တစ်ရက် မရိုးရလေတဲ့ ထူးဆန်းဖွယ်ရာ
မနက်ခင်းထဲမှာ ဘာရှိသလဲ လက်ဖက်ရည်ခွက်ထဲကို မြဲကြည့်
နေ့လယ်ခင်းဆီ ကိုယ်လွှတ်တင်ခဲ့တဲ့အတိုင်း
နေရောင်ခြည်ဟာ ညနေခင်းထဲ ပျော့ဖတ်နွမ်းအိလို့
ပြတင်းပေါက်က ငေးကြည့်နေရတာပဲ အလုပ်ကြီးအကိုင်ကြီးတစ်ခုလို
ဓာတ်ကြိုးတန်းပေါ်က ခိုတွေလို ခိုနားနေရတဲ့ ငြီးငွေ့မှု
သစ်ရွက်တွေဟာ ဒီလိုပဲ ကြွေပြီး ဆွေးမြည့် ပျောက်ကွယ်သွားမှာလား
ဒီအကြောင်းအရာပဲ အပြန်ပြန်အထပ် ထပ်စဉ်းစားနေမိတယ်
ငါ ဘယ်တော့များ အသစ်တစ်ဖန် ပေါက်ရောက်ရပါ့မလဲ
ပင့်ကူမျှင်တွေ ငြိတွယ်နေတဲ့ အတွေးဟာ အမှောင်နံရံထဲမှာ
ပန်းခင်းတွေထဲမှာပဲ လိပ်ပြာတွေ ပျော်တာ အလှတရားကြောင့် မဟုတ်ဘူး
အတောင်ပံဟာ ချစ်ခြင်းတရားနဲ့ ငြိစွန်း စုတ်ပြဲခဲ့လေတယ်။
အချစ်ဆိုတာ ခလုတ်ဖွင့်တိုင်း ပွင့်ကျလာတတ်တဲ့ အလင်းရောင်မျိုး မဟုတ်ဘူးတဲ့။

ကြယ်ကြွေတာ မြင်လိုက်ရတယ်။ အပြောင်းအလဲ မြန်လွန်းသလား။ စိုးရိမ်မှုဟာ လစ်တာနဲ့ ဝင်လာတာပဲ။ မဟုတ်သေးဘူး။ မနက်ဖြန် ချိန်းထားတာ ရှိသေးတာပဲ။ ပျက်လို့ မဖြစ်ဘူး။ ယုံကြည်မှုမရှိရင် ဆက်ဆံလို့မရဘူး။ သံသယဟာ နံရံကို ကုတ်ခြစ်လို့ နေတယ်။ ကြောင့်ကြမှုကင်းအောင် သိစိတ်ကို မေ့ထားလည်း ခဏပဲ။ ခန္ဓာကိုယ်ရဲ့ နာကျင်မှုနဲ့အတူ ပြန်ကပ်လာတယ်။ အဲဒီလို သိနေတာကို ကိုယ့်ဟာကိုယ် မကျေနပ်ဘူး ဖြစ်နေတယ်။ စိတ်ကို တစ်ခုခု အလုပ်ပေးမှ ဖြစ်မယ်။ ထွက်တယ် ဝင်တယ်။ ပိန်တယ် ဖောင်းတယ်။ ဝင်တယ် ထွက်တယ်။ အကြွေးပေးစရာ တစ်သောင်းခွဲ ဘယ်လိုလုပ်ရမလဲ။ စားစရိတ်၊ နေစရိတ်၊ အိမ်လခ၊ ရှင်သန်မှုက ထိတ်လန့်စရာ ကောင်းလာတယ်။ ငါဟာ အပိုသက်သက် ဖြစ်နေပြီလား။
ဘာကို ကြောက်နေတာလဲ။ မျက်စိတစ်ဆုံး မော့ကြည့်နေရတဲ့ တိုက်မြင့်မြင့်ကြီးတွေကို ကြောက်နေတာလား။ မြင်ရကြားရတွေကတော့ ကိုယ်ကလွဲရင် အဆင်ပြေနေတယ်လို့ ထင်ရတာချည်းပဲ။ သူတို့ကို အားကျနေရုံနဲ့ မပြီးဘူး။ အာရုံကို လွှဲစမ်း၊ အမြင်တွေကို ပြောင်းစမ်းလို့ ကိုယ့်ဟာကိုယ် သတိပေးပြီး အောက်ကို ငုံ့ကြည့်ရတယ်။ အဲဒီလို ကြည့်လိုက်တော့ အိမ်ရှေ့ ဘိလပ်မြေ အုတ်ရိုက်နေတဲ့ မိသားစုလေးဆီ ရောက်သွားတယ်။ သူတို့မိသားစုမှာ လေးနှစ်အရွယ် ကလေး တစ်ယောက်နဲ့ ၁၀ နှစ်ကျော်ကျော် ကလေးတစ်ယောက် ရှိတယ်။ ကျောင်းနေတာ မတွေ့ရဘူး။ အကြီးကလေးက ဘိလပ်မြေနဲ့ သဲနဲ့ ရောမွှေလို့။ အငယ်ကလေးက သဲပုံပေါ်မှာ ဆော့လို့။ ကိုယ့်အဖို့တော့ ဒီမြင်ကွင်းဟာ အားတက်စရာပါပဲ။

ဒီလိုသာ စိတ်ကို လွှတ်ထားလိုက်ရင် မိုးလင်းသွားတော့မှာပဲ။ သွားနေတဲ့စိတ်ရဲ့ နောက်ကို သတိလေးနဲ့ လိုက်လိုက်ကပ်ပြီး ငြိမ်အောင် ကြိုးစားရတယ်။ ပြေးနေတဲ့စိတ်ကို မိတာနဲ့ ဝင်တယ် ထွက်တယ်။ ဝင်တယ် ထွက်တယ်လို့ သတိနဲ့ မှတ်ရတယ်။ အဲဒီလို လွတ်လွတ်သွားတဲ့ စိတ်ကို ပြန်ချုပ်ကြည့်လည်း ခဏပါပဲ။ ဆရာဝန်က ပြောတယ်။ အိပ်ရေး အပျက်မခံပါနဲ့။ ဖြစ်နိုင်ရင် အားဆေး ပုံမှန် သောက်သင့်တယ်။ အသားအရေတွေ ပြောင်းလာတယ်။ ခြောက်ခန်း ဝါကျင်လာတယ်။ ပုဇွန်တောင်ကို သွားရဦးမယ်။ ကိုဖုန်းလည်း မပေါ်လာတာကြာပြီ။ ဒုက္ခပဲ။ နှစ်ချက်ထိုးပြီ ထင်တယ်။ မဖြစ်သေးဘူး။ တစ်မျိုးပြောင်း မှတ်ကြည့်မယ်။ တစ်၊ နှစ်၊ သုံး၊ လေး၊ ငါး၊ ခြောက်၊ သူတို့လို ငါဘာလို့ မဖြစ်ရမှာလဲ။ ဖြစ်အောင် လုပ်မယ်။ တစ်ခုခုတော့ ဖြစ်ရမယ်။ ပြင်လို့မရတဲ့ အမှားမှားခဲ့ပေပြီ။ အဲဒီအမှားကို ရင်မဆိုင်ရဲဘူး။ ဒီကရှေ့ ကောင်းအောင် နေတော့မယ်။ ကုသိုလ်ကောင်းမှု တစ်ခုခုတော့ တတ်စွမ်းသလောက်လေး လုပ်မှပါ။ ကျွတ်ကျွတ်ကျွတ်ကျွတ် အမှောင်ထဲက နံရံဆီက အိမ်မြှောင် တစ်ကောင်ရဲ့ စုတ်ထိုးသံ ကြားရတယ်။ သိစိတ်က အိမ်မြှောင်စုတ်ထိုးသံနဲ့ တိုးတိုက်မိတယ်။ အမှောင်ကိုမြင်မှ ဒါဟာ ညပါလားလို့ သတိရတယ်။ သေချာပေါက် ညဆိုရင် အိပ်ဖို့ပဲ။ အိပ်မပျော်သူ တစ်ယောက်၏ ညတာသည် ရှည်လျား၏တဲ့။ ဘယ်လောက်အထိ ရှည်သွားတာလဲ။ အိပ်ပျော်ဖို့ ကြိုးစားနေတာကိုက အိပ်မပျော်ဖို့အကြောင်း ဖြစ်နေတယ်ဆိုတာ သတိမထားမိဘူး။ အိပ်ပျော်ဖို့ နည်းလမ်းတွေ သိသလောက် လိုက်စဉ်းစားတယ်။

စိတ်ကို အလုပ်ပေးမှ ဖြစ်မယ်။ စိတ်ဟာ တစ်ခုခုကို လုပ်ရင်းနဲ့ ညောင်းညာသွားတဲ့အခါ တဖြည်းဖြည်းနဲ့ ငိုက်မြည်းသွားမှာပဲ။ ဟုတ်ပြီ၊ တစ်ချက်ခုတ် နှစ်ချက်ပြတ်ပဲ။ ကုသိုလ်လည်းရ အိပ်ရေးလည်းဝ။ ဂုဏ်တော်ပွားမယ်။ ဟုတ်တယ်။ အရဟံ၊ အရဟံ၊ အရဟံ၊ အရဟံ…မြို့မှာ လူဖြစ်ခဲ့ရင် ဘယ်လောက်ကောင်းမလဲ။ ကိုယ်သာမြို့မှာ လူဖြစ်ခဲ့ရင် အခုလို အခြေအနေမျိုး ဖြစ်မှာမဟုတ်ဘူး။ အဖေသာ သက်ရှိထင်ရှားရှိရင် ဘယ်လောက်ကောင်းမလဲ။ ဆင်းရဲခြင်းဟာ မွေးရာပါ နာတာရှည်ရောဂါပဲ။ ချစ်သူ မရှိတာလည်း စိတ်ကျရောဂါ ဝေဒနာတစ်ခုပဲ။ နည်းနည်းလေး သတိလွတ်လိုက်တာနဲ့ ဒီအတွေးတွေက ဝင်လာတာပဲ။

ဟော၊ ၃ နာရီ ထိုးပြီထင်တယ်။ အိပ်ပျော်အောင် ဘယ်လိုလုပ်ရမလဲ။ ကဲ၊ အိပ်မရလည်း နေကွာ။ သရဏဂုံပွားမယ်။ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ။ ဓမ္မံ သရဏံ ဂစ္ဆာမိ။ သံဃံ သရဏံ ဂစ္ဆာမိ။ စိတ်ရဲ့ ဖြစ်တည်မှုကို သိစိတ်က ပြန်သိနေတာ အခက်ဆုံးပဲ။ မနက် စောစော ထရမယ်။ မင်္ဂလာဆောင် သွားစရာ ရှိသေးတာပဲ။ ဘာလက်ဖွဲ့ရပါ့။ အင်း၊ ဒီကောင်ကြီးတောင် မစွံဘူးလိုလိုနဲ့ စွံသွားပြီ။ ကမ္ဘာရဲ့တစ်ခြမ်းမှာတော့ ဒီအချိန်ဟာ အလုပ်လုပ်ကောင်းနေတဲ့ အချိန်ပေါ့။ သူငယ်ချင်း အရင်းကြီးတွေ တစ်ယောက်နဲ့ တစ်ယောက် နိုင်ငံခြားသွားကြပြီ။ တစ်ယောက်နဲ့ တစ်ယောက် အခြေအနေတွေ၊ ဘဝတွေလည်း ခြားကုန်ကြပြီ။ မတူတော့ဘူး။ ကိုယ်သာပဲ စလက်စ ဘဝတစ်ဝက်နဲ့ စမ်းတဝါးဝါး ဖြစ်နေတုန်းပဲ။

ပန်းတွေ ပွင့်ကုန်ကြပြီလား မသိ။ ဝတ်မှုန်တွေရဲ့ ခြေသံတွေကို ကြားနေရသလိုပဲ။ ခြံထောင့်က စပယ်ရုံလေးဆီ စိတ်ရောက်သွားတော့ ပွင့်ချပ်တွေရဲ့ ရုန်းထသံကို အတိုင်းသား ကြားရပြန်သည်။ ရနံ့က ခန်းစည်းစကို တဒိုင်းဒိုင်းဆောင့်လို့။ မဖြစ်သေးဘူး။ ပြန်မှတ်မယ်။ ဝင်တယ် ထွက်တယ်။ ထွက်တယ်၊ မရဘူး နောက်တစ်မျိုး ပြောင်းမှတ်။ တစ်၊ နှစ်၊ သုံး၊ လေး၊ ငါး။ မရသေးဘူး။ စိတ်က လတ်ဆတ်နေတုန်းပဲ။ နောက်တစ်မျိုး အရဟံ၊ အရဟံ၊ အရဟံ။ ဘောလုံးသမား တစ်ယောက်ရဲ့ ပြောင်းရွှေ့ကြေးဟာ ပေါင်သန်း ၈၀ ဆိုပါလား။ ဘုရား ဘုရား။ ကိုယ့်အဖို့မှာတော့ ငွေကို ကောင်းကင်ပေါ် တက်မရှာရတာပဲ ကျေးဇူးတင်စရာ။ အခုတစ်လော ရင်ဘတ်ထဲက အောင့်အောင့်နေတယ်။ ဆေးလိပ်ကို လျှော့သောက်မှ ဖြစ်မယ်။ နေ့လယ်က သူငယ်ချင်းတစ်ယောက်နဲ့ တွေ့တော့ မနက်ဖြန် စောစောလာခဲ့ဗျာ။ ခင်ဗျားအတွက် အကျိုးမယုတ်စေရပါဘူးတဲ့။ ဒါဟာ စောင့်နေတဲ့ အခွင့်အရေးပဲ၊ ဘဝတစ်ခု ပြောင်းဖို့ အစတစ်ခုလည်း ဖြစ်သွားနိုင်တယ်။ ဟုတ်တယ် သူ့ကို သွားတွေ့ရမယ်။ ဒီအခွင့်အရေး လွတ်သွားလို့ မဖြစ်ဘူး။ ဒါဟာ အသက်ရှူချောင်မယ့်ကိစ္စပဲ။ ဒီကိစ္စ အဆင်ပြေရင် လမ်းပွင့်ပြီ။ ၅ နာရီ ထိုးပြီလား မသိ။ ၅ နာရီခွဲရင် ထသွားမှပဲ။ ပြီးတော့…။ မျက်ခွံတွေ လေးလံလာတယ်။ ရောင်နီလာတော့မယ် ထင်တယ်။ မျက်ခွံက တဖြည်းဖြည်း အိကျလာတယ်။ နောက် လုံး၀ မှောင်ကျသွားတယ်။ နောက်ဆုံးတော့ အိပ်စက်ခြင်းဟာ နောက်ကျခြင်းများစွာနဲ့ ရောက်ရှိလာတယ်။ နံနက်ခင်းရဲ့ နေရောင်ခြည်ဟာ ပြတင်းပေါက်ကနေ မျက်ခွံမို့မို့ပေါ် ထိုးကျနေတော့တယ်။

Most Read

Most Recent