မြန်မာနိုင်ငံ ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ အမျိုးသားကော်မတီကို အဖွဲ့ဝင် ၃၇ ဦးဖြင့် ဖွဲ့စည်းထားပြီး လုပ်ငန်းတာဝန်ရှစ်ရပ် ချမှတ်လုပ်ဆောင်

မြန်မာနိုင်ငံ ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ အမျိုးသားကော်မတီကို အဖွဲ့ဝင် ၃၇ ဦးဖြင့် ဖွဲ့စည်းထားပြီး လုပ်ငန်းတာဝန်ရှစ်ရပ် ချမှတ်လုပ်ဆောင်
Published 27 August 2018

ရန်ကုန်မြို့ရှိ စားသောက်ဆိုင်တစ်ခုတွင် လုပ်ကိုင်နေသော ကလေးအချို့အား တွေ့ရစဉ်

မြန်မာနိုင်ငံ ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ အမျိုးသားကော်မတီကို အဖွဲ့ဝင် ၃၇ ဦးဖြင့် ဖွဲ့စည်းထားပြီးလုပ်ငန်း တာဝန်ရှစ်ရပ် ချမှတ်လုပ်ဆောင်လျက်ရှိကြောင်း အလုပ်သမားညွှန်ကြားရေးဦးစီးဌာန မှ သိရသည်။

အဆိုပါကော်မတီကို ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီ ၅ ရက်က ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ပြည်ထောင်စုအစိုးရအဖွဲ့ ၏ အမိန့်ကြော်ငြာစာအမှတ် ၂၃/၂၀၁၈ ဖြင့် ဒုတိယသမ္မတ(၁)ဦးဆောင်၍ အဖွဲ့ဝင် ၃၇ ဦးဖြင့် ဖွဲ့စည်းခဲ့ပြီး လုပ်ငန်းတာဝန်ရှစ်ရပ် ချမှတ်ခဲ့ကြောင်း၊ အဆိုပါလုပ်ငန်းတာဝန်များမှာ မြန်မာနိုင်ငံ ကလေးအလုပ်သမား ပပျောက်ရေးစီမံကိန်းအတွက် အမျိုးသားအဆင့် လုပ်ငန်းစီမံချက်ကိုအကောင်အထည်ဖော်နိုင်ရန် လိုအပ်သောလုပ်ငန်းကော်မတီများ ဖွဲ့စည်းခြင်း၊ စီမံကိန်းရည်မှန်းချက်များကို ဆောင်ရွက်ရာတွင် အရေးကြီးသောလုပ်ငန်းများအား မူဝါဒချမှတ်ပေးခြင်း၊ အမိန့်ကြော်ငြာစာများ ထုတ်ပြန်ခြင်း၊ ကော်မတီ၏ လုပ်ငန်းဆောင်ရွက်ချက်များကို ပြန်လည်သုံးသပ်ခြင်း၊ လုပ်ငန်းကော်မတီများ၏ ဆောင်ရွက်ချက်များအပေါ် ခြောက်လတစ်ကြိမ် ပြန်လည်သုံးသပ်၍ လိုအပ်သလို လမ်းညွှန်ခြင်း၊ သက်ဆိုင်ရာဝန်ကြီးဌာနများ၊ တိုင်းဒေသကြီး/ပြည်နယ်နှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အစိုးရများအကြား ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ရန် ကြီးကြပ်ခြင်း၊ ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ လုပ်ငန်းစဉ်များအတွက် ပြည်တွင်းပြည်ပမှအဖွဲ့အစည်းများ နှင့် ပူးပေါင်းဆောင်ရွက်ခြင်း၊ ပြည်ပအဖွဲ့အစည်း၊ အလှူရှင်များ၊ ပြည်တွင်းအဖွဲ့အ စည်းများမှ ထည့်ဝင်လှူဒါန်းသည့် ငွေကြေး၊ ပစ္စည်းဥစ္စာနှင့်နည်းပညာများကို ထိန်းသိမ်းခြင်း၊ စီမံခန့် ခွဲခြင်းနှင့် စီမံကိန်းရည်မှန်းချက်များ အကောင်အထည်ဖော် ဆောင်ရွက်မှုကို ပြည်ထောင်စုအစိုးရအဖွဲ့သို့ တစ်နှစ်တစ်ကြိမ် အစီရင်ခံတင်ပြခြင်းတို့ ဖြစ်ကြောင်း သိရသည်။

အလုပ်သမားညွှန်ကြားရေးဦးစီးဌာန၏ ကလေးလုပ်သားစစ်တမ်းတွင်  ကလေးကို အသက်ငါးနှစ်က ၁၇ နှစ် အပိုင်းအခြားရှိသူများကို လေ့လာခြင်းဖြစ်ပြီး ကလေးလုပ်သား သတ်မှတ်ချက်အရ အသက်ငါးနှစ်မှ ၁၇ နှစ် အတွင်း အန္တရာယ်ရှိ လုပ်ငန်းခွင်တွင် တစ်ပတ် အနည်းဆုံး တစ်နာရီအတွက် လုပ်ခ သို့မဟုတ် အကျိုးအမြတ်ရရှိရန် အလုပ်စေခိုင်းခံရသည့်ကလေးများ၊ အသက်ငါးနှစ်မှ ၁၁ နှစ်အတွင်း တစ်ပတ်အနည်းဆုံး တစ်နာရီ လုပ်ခ သို့မဟုတ် အကျိုးအမြတ်ရရှိရန် ခိုင်းစေခံရသည့် ကလေးများ၊ အသက် ၁၂ နှစ်မှ ၁၄ နှစ်အတွင်း လုပ်ခသို့မဟုတ် အကျိုးအမြတ်အတွက် တစ်ပတ် ၂၄ နာရီထက်ပိုပြီး နေ့ဆိုင်း၊ ညဆိုင်းခိုင်းစေခံရသည့် ကလေးများ၊ အသက် ၁၅ နှစ်မှ ၁၇ နှစ်အတွင်း လုပ်ခ သို့မဟုတ် အကျိုးအမြတ်ရရှိရန် တစ်ပတ် ၄၄ နာရီထက်ပိုပြီး အလုပ်ခိုင်းစေခံရသည့်  ကလေးများကို ကလေးလုပ်သားအဖြစ် သတ်မှတ်ထားကြောင်းနှင့် အခြားသောအလုပ်လုပ်နေသည့် ကလေးများကို ကလေးလုပ်သားအဖြစ် မရေတွက်ဘဲ အလုပ်လုပ်နေသည့်ကလေးအဖြစ် သတ်မှတ်ထားကြောင်း သိရသည်။

စစ်တမ်းအရ မြန်မာနိုင်ငံတွင် ကလေးဦးရေအဖြစ် သတ်မှတ်ထားသည့် အသက်ငါး နှစ်မှ ၁၇ နှစ်အကြား လူဦးရေ ၁၂ သန်းခန့်ရှိပြီး အလုပ်လုပ်သည့် ကလေးတိုင်းကို ကလေးလုပ်သားအဖြစ် မသတ်မှတ်ထားကြောင်း၊ ကလေးလုပ်သားဦးရေမှာ ကလေးစုစုပေါင်း၏ ကိုးရာခိုင်နှုန်းရှိပြီး ယင်းတို့အနက် ၅၄ ဒသမ ၈ ရာခိုင်နှုန်းသည်  အန္တရာယ်ရှိသည့် လုပ်ငန်းခွင်တွင် လုပ်ကိုင်နေကြကြောင်းနှင့် သစ်တော၊ လယ်ယာကဏ္ဍများတွင် အများဆုံး လုပ်ကိုင်နေကြကြောင်း သိရသည်။

၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းများအရ မြန်မာနိုင်ငံတွင် အသက် ၁၀ နှစ်မှ ၁၇ နှစ် အကြားရှိ ကလေးသူငယ် (၁ ဒသမ ၅ သန်း)ကျော် (ကလေးသူငယ် စုစုပေါင်း၏ ၂၁ ရာ ခိုင်နှုန်း) သည် အလုပ်လုပ်ကိုင်လျက်ရှိပြီး အလယ်တန်းအဆင့် ကျောင်းနေအရွယ် ကလေးငယ် ထက်ဝက်ကျော်သည် ကျောင်းမှ နုတ်ထွက်လျက်ရှိရာ အများစုမှာ အလုပ်လုပ်ရန် ကျောင်းထွက်ခြင်းဖြစ်ကြောင်း သိရသည်။

အချို့မှာ မိသားစုစီးပွားရေး အခြေအနေအရ လုပ်ငန်းခွင်သို့ တွန်းပို့ခံရသည့်အပြင် အချို့မှာ အန္တရာယ်ရှိသောလုပ်ငန်းခွင်တွင် လုပ်ကိုင်ရန် အတင်းအဓမ္မ စေခိုင်းခံကြရကြောင်း၊ ကလေးအလုပ်သမားစေခိုင်းမှုသည် လုပ်ငန်းခွင်အမျိုးမျိုး၌ ဖြစ်နိုင်ပြီး အထူးသဖြင့် ကျေးလက်နှင့် တရားဝင်မဟုတ်သော စီးပွားရေးလုပ်ငန်းများတွင် တွေ့ရှိရကြောင်း နှင့် စီးပွားရေး တိုးတက်လာမှုနှင့်အတူ ပြည်တွင်းပြည်ပကုန်သွယ်မှုများနှင့် ဝန်ဆောင်မှုများ တိုးတက်ထုတ်လုပ်လာခြင်းတို့သည် ကုန်ထုတ်လုပ်မှုအဆင့်ဆင့်ရှိ လုပ်ငန်းများအတွင်း ကလေးအလုပ်သမားပြဿနာကို  ကိုင်တွယ်ဖြေရှင်းရခြင်းသည် မြန်မာနိုင်ငံအတွက် အရေးကြီးလာသည့် ကိစ္စရပ်တစ်ခု ဖြစ်ကြောင်း သိရသည်။