<

စားသုံးသူတွေကြားမှာ စိုးရိမ်စရာဖြစ်နေတဲ့ ဖော်မလင်အန္တရာယ်

အစားအသောက် လက်လီလက်ကားရောင်းချသည့် ဈေးကြီးများအား အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဌာနက ရှောင်တခင် စစ်ဆေးနေစဉ် (ဓာတ်ပုံ-ကြည်နိုင်)

ဖော်မလင်ဆိုတာ အရောင်အဆင်းမရှိ အနံ့ပြင်းတဲ့ ဓာတုပစ္စည်းတစ်မျိုးဖြစ်ပြီး ဖော်မယ်ဒီဟိုက်၊ မက်သနောနဲ့ ရေတို့ စုပေါင်းပါဝင်ထားတဲ့ အရောအနှောတစ်ခု ဖြစ်ပါတယ်။ ဖော်မလင်အရည်မှာ ဖော်မယ်ဒီဟိုက် ၃၇ ရာခိုင်နှုန်းအထိ ပါဝင်ဖွဲ့စည်းထားတယ်လို့ သိရတယ်။

ဖော်မလင်ကို အဓိကအနေနဲ့ လူသေတွေကို ကြာရှည်ခံအောင် စိမ်တဲ့နေရာမှာ အသုံးပြုပြီးတော့ ပိုးသတ်ရာမှာလည်း သုံးပါတယ်။ ဒါတွေအပြင် ကြမ်းခင်းတွေ အ၀တ်အစားတွေ သိုလှောင်ရုံတွေ လိုနေရာတွေရဲ့ သန့်ရှင်းရေးလုပ်တဲ့အခါမှာလည်း အသုံးပြုကြပါတယ်။ ပိုးမွှားတွေကို နှိမ်နင်းတဲ့နေရာမှာလည်း အသုံးပြုသလို ပိုးချည်၊ ဆိုးဆေး၊ မှန်နဲ့ ဖောက်ခွဲရေးပစ္စည်းတွေ ပြုလုပ်တဲ့အခါမှာလည်း အသုံးပြုနိုင်ပါတယ်။ အချို့က အလှကုန်ပစ္စည်းတွေ တာရှည်ခံအောင်လုပ်တဲ့နေရာမှာလည်း အသုံးပြုတတ်ကြပါသေးတယ်။ ဒီလို ဘက်စုံနီးပါးအသုံးဝင်လှတဲ့ ဖော်မလင်ကို ဒီနေ့ခေတ်မှာ အစားအစာတွေတာ ရှည်ခံအောင်လည်း အသုံးပြုလာပါတယ်။

 

ဖော်မလင်ကို တာရှည်ခံပစ္စည်းအဖြစ် ဘယ်လိုအစားအစာတွေမှာ သုံးသလဲ

ဖော်မလင်ကို ပုပ်သိုးလွယ်တဲ့ အသား၊ ငါး၊ ပင်လယ်စာတွေအပြင် ဟင်းသီးဟင်းရွက်တွေ၊ အသီးအနှံတွေမှာလည်း အသုံးပြုကြသလို တိုဟူး၊ ပဲပြား၊ ပဲသွေး၊ မုန့်ဟင်းခါး ဖတ်ကဲ့သို့ စားသောက်ကုန်ပစ္စည်းတွေ၊ ၀က်အူချောင်း၊ ၀က်သားပြားကဲ့သို့ တိရစ္ဆာန်ထွက်ပစ္စည်းတွေမှာလည်း ထည့်သွင်းအသုံးပြုကြပါတယ်။ ဒီနေ့ခေတ်မှာ အစားအစာတွေကို တာရှည်ခံအောင် အမြင်လှအောင် ပုံစံမျိုးစုံ၊ နည်းမျိုးစုံနဲ့ ပြုပြင်ရောင်းချမှုတွေ ရှိလာတယ်။ သို့ပေမဲ့ ဖော်မလင်ဆိုတာ အစားအသောက်တွေမှာသုံးစွဲဖို့ ခွင့်ပြုထားတဲ့ ဓာတုပစ္စည်းဖြစ်သော်ငြားလည်း ဘက်စုံနီးပါး အသုံးဝင်လှတဲ့ဖော်မလင်ကို အစားအသောက်အများစုမှာ တွင်တွင်ကျယ်ကျယ်ကို သုံးလာကြပါတယ်။ ဈေးနှုန်းချိုသာပြီး လူစားသုံးမှုများလှတဲ့ ပဲပြား၊ အမဲသွေး၊ မုန့် ဖတ်ကဲ့သို့ အစားအစာမျိုးတွေအပြင် နို့နဲ့ နို့ထွက်ပစ္စည်းတွေမှာလည်း ဖော်မလင်ကို တလွဲအသုံးပြုနေတာတွေလည်း ရှိပါတယ်။

“ပဲပြား၊ ပဲသွေး၊ မုန့်ဖတ်တွေမှာ ဖော်မလင်တွေပါလို့ စစ်ဆေးဖျက်ဆီးတာတွေ ဆက်တိုက်လုပ်ခဲ့လို့ ပြီးခဲ့တဲ့လပိုင်းလောက်က ပဲသွေးတွေ ဈေးထဲမှာတောင် မရောင်းကြတော့ဘူး။ အမှန်က ပဲသွေးတို့၊ မုန့်ဖတ်တို့ဆိုတာက အထားခံတဲ့ စားကုန်တွေမဟုတ်တော့ ရောင်းတဲ့သူတွေက  တွက်ခြေကိုက်အောင် ဖော်မလင်စိမ်တယ်ပေါ့။ ဖော်မလင်က အခုမှထည့်တာတော့ မဟုတ်ဘူးထင်တယ်။ ဘာလို့လဲဆိုတော့ အရင်ခေတ်က ချက်နို့ဆီတွေကြာကြာ အထားခံအောင် ဖော်မလင်တွေထည့်တယ်ဆိုပြီး သတင်းတွေ ထွက်ခဲ့တာပဲ။ လူသေအလောင်းတွေ မပုပ်အောင် ဖော်မလင်ထိုးတယ်ဆိုတာ လူတိုင်းသိနေတော့လည်း ဖော်မလင်ကိုကြောက်တာ မဆန်းတော့မဆန်းဘူးလေ” ဟု တောင်ဥက္ကလာပမြို့နယ်နေ အိမ်ရှင်မဒေါ်ပြုံးပြုံးက ပြောပါတယ်။

ဖော်မလင်ကို လူသေအလောင်းတွေ ခွဲစိတ်ဖြတ်တောက် ထုတ်ထားတဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းနဲ့ ကလီစာတွေကိုမပျက်စီးအောင် ဖော်မလင်ရည်ထဲမှာ စိမ်ပြီးအသုံး ပြုတဲ့ပုံစံအတိုင်း အဲဒီအာနိသင်ကို အသုံးချပြီး အစားအသောက်အဖြစ် သုံးဆောင်မယ့် ပစ္စည်းတွေကို မပုပ်သိုး၊ မပျက်စီးအောင်၊ တာရှည်ခံအောင် ဖော်မလင်သုံးတာတွေကို တွေ့လာရခြင်း ဖြစ်ပါတယ်။ အစားအစာတွေထဲကို ဖော်မလင်ထည့်တာနဲ့ ပတ်သက်လို့ နိုင်ငံတော်တော်များများက ခွင့်မပြုပေမယ့် ဖောက်ဖျက်မှုတွေကတော့ ရှိနေဆဲပါပဲ။

“အခု ပဲပြားတို့၊ မုန့်ဖတ်တို့မှာ ဖော်မလင်သုံးတယ်လို့ သိပ်မကြားတော့ဘူး။ ဒါပေမဲ့ သားစိမ်းငါး စိမ်းတွေ၊ ၀က်အူချောင်းလို တိရစ္ဆာန်ထွက်အစားအစာတွေမှာတော့ သုံးတယ်လို့ ကြားသေးတယ်။ ပဲပြားတို့၊ မုန့်ဖတ်တို့ အမဲသွေးတို့ကို စီမံချက်တွေနဲ့စစ်ပြီးတဲ့နောက်ပိုင်း အသံသိပ်မကြားတော့ပါဘူး။ ပဲသွေးဆို စားချင်ရင်တောင် မနည်းရှာဝယ်ရတာ။ ဒီလို စစ်ဆေးမှုတွေ လုပ်တာကိုကြိုက်တယ်။ အခုဆို စိတ်ချလက်ချ စားသုံးလို့ရပြီလေ” ဟု လသာမြို့နယ်နေ အိမ်ရှင်မဒေါ်မြင့်မြင့်ဦးက ပြောပါတယ်။

 

ဖော်မလင်ကြောင့်ဖြစ်တဲ့  နောက်ဆက်တွဲ ကျန်းမာရေးဆိုးကျိုး

ဖော်မလင်က အရည်အသွင်၊ အစိုင်အခဲအသွင်သာမက ဓာတ်ငွေ့အသွင်လည်း ဆောင်တာမို့ လူ့ခန္ဓာကိုယ်ထဲကို အသက်ရှူလမ်းကြောင်းကနေတစ်ဆင့်လည်း ၀င်နိုင်ပါတယ်။   အရည်၊ အစိုင်အခဲအသွင်ဆောင်တဲ့ အဆိပ်တွေကတော့ ခန္ဓာကိုယ်ထဲကို ပါးစပ်နဲ့ အစာလမ်းကြောင်းကနေ ၀င်ပါတယ်။ ဖော်မလင်က အရည်အဖြစ်လည်းရှိပြီး ဖော်မယ်ဒီဟိုက်ဆိုတဲ့ ဓာတ်ငွေ့အဖြစ်လည်းရှိတာကြောင့် ခန္ဓာကိုယ်ထဲကို နှာခေါင်း၊ ပါးစပ်၊ အရေပြားစတဲ့ လမ်းကြောင်းအမျိုးမျိုးကနေ ၀င်နိုင်ပါတယ်။

ဖော်မယ်ဒီဟိုက်အငွေ့ကို ရှူမိရင် နှာခေါင်း၊ လည်ချောင်း၊ အသက်ရှူလေပြွန်တွေနဲ့ အဆုတ်ကို ဒုက္ခပေးနိုင်ပါတယ်။ အသက်ရှူလေပြွန်များ ရောင်ခြင်း၊ အဆုတ်ရောင်ခြင်းတို့ကြောင့် ရင်ကျပ်ခြင်း၊ အသက်ရှူရခက်ခြင်း၊ မောခြင်းများကိုလည်း ခံစားရနိုင်တယ်လို့ သိရပါတယ်။ ဖော်မလင်ကို စားမိရင် အစာအိမ်၊ အူသိမ်စတဲ့ အစာလမ်းကြောင်းတစ်လျှောက်  ဒုက္ခပေးနိုင်ပါတယ်။ အစာအိမ်ရောင်ခြင်း၊ အူသိမ်ရောင်ခြင်းတို့ကြောင့် ဗိုက်နာခြင်း၊ အော့အန်ခြင်း၊ ၀မ်းပျက်ခြင်းစတဲ့ ဝေဒနာတွေကိုလည်း ဖြစ်စေနိုင်တယ်လို့ ကျန်းမာရေးပညာရှင်တွေက ဆိုထားပါတယ်။

ဖော်မလင်က အရေပြားကနေ၀င်ရင်လည်း အရေပြားကို ဒုက္ခပေးနိုင်သလို အရေပြားရောင်ရမ်းတာမျိုးလည်း ဖြစ်တတ်ပါတယ်။ ဖော်မလင်ဟာ ခန္ဓာကိုယ်ထဲမှာရှိနေစဉ် အသည်းစတဲ့ ကလီစာတွေကို ဒုက္ခပေးသလို ဆီးထဲကနေ ခန္ဓာကိုယ်ရဲ့အပြင်ကို ပြန်ထွက်ရင်လည်း ကျောက်ကပ်ကို ဒုက္ခပေးနိုင်ပါတယ်။

“ဖော်မလင်က ၀ ဒသမ ၀၅ ပီပီအမ်ရှိတာနဲ့ အနံ့ရတယ်။ ၀ ဒသမ ၃ ပီပီအမ်ထက်ကျော်ရင် မျက်စိ၊ နှာခေါင်းနဲ့ လည်ချောင်းကို သက်ရောက်မှုရှိပါတယ်။ ဖော်မလင်ထိတွေ့ ကိုင်တွယ်ခြင်းကြောင့် အရေပြား အလာဂျီလည်း ဖြစ်နိုင်သလို ကိုယ်ဝန်ဆောင်တွေမှာဆို ကိုယ်ဝန်ပျက်တာမျိုးအထိ ဖြစ်နိုင်ပါတယ်။ အသီးအနှံတွေ၊ နို့နဲ့နို့ထွက်ပစ္စည်းတွေနဲ့ တချို့စားသောက်ကုန်တွေမှာ ဖော်မလင်ကို အထားခံအောင် သုံးကြတာများပါတယ်” လို့ အထွေထွေရောဂါကုဆရာဝန်ကြီး ဒေါက်တာစည်သူက ပြောပြပါတယ်။

အချုပ်ဆိုရရင် ဖော်မလင်ပါတဲ့ အစားအသောက်တွေကို ရေရှည်စားသုံးမိရင် ကျောက်ကပ်၊ အသည်း၊ အစာအိမ်၊ အဆုတ်ပျက်စီးခြင်း၊ ကင်ဆာရောဂါဖြစ်ပွားခြင်း၊ အသည်းခြောက်ခြင်း၊ အသည်းကင်ဆာ၊ သွေးအားနည်းခြင်း၊ သွေးကင်ဆာတို့ ဖြစ်နိုင်ပြီး အထူးသဖြင့် ကိုယ်ဝန်ဆောင်နဲ့ မွေးကင်းစကလေးတွေမှာ ဆိုးဆိုးရွားရွားထိ ခိုက်နိုင်တယ်လို့ ကျန်းမာရေးပညာရှင်တွေက ဆိုထားပါတယ်။

 

အစားအသောက်တွေမှာ ဖော်မလင် ပါ မပါ ဘယ်လိုသိနိုင်သလဲ   

ငါးဆိုရင် ဖော်မလင်ပါတဲ့အခါ အသားက ရော်ဘာလို မာတောင့်တောင့်ဖြစ်နေပြီး အကြေးခွံက မာနေတတ်ပါတယ်။ များသောအားဖြင့် ငါးညှီနံ့မရတတ်ပါဘူး။ ယင်မနားပါဘူး။ ပင်လယ်စာတွေဆိုရင်လည်း မာပြီးဖြူနေမယ်။ အနံ့မရှိဘူး။ ကင်းမွန်ဆိုရင် လိုအပ်တာထက် ပိုမာနေတတ်ပါတယ်။ အစားအသောက်တွေဖြစ်တဲ့ ပဲပြား၊ အမဲသွေးလိုဆိုရင် ပျော့မနေဘဲ မာမာတင်းတင်း ဖြစ်နေမှာဖြစ်ပြီး အချိန်ကြာကြာထားပေမယ့် ပျက်စီးသွားတာမျိုးမရှိပါဘူး။ မုန့်ဖတ်တွေမှာဆို ပျော့ပျောင်းမနေဘဲ ရေနွေးထဲထည့်ရင် ဆေးနံ့ရနေတတ်ပါတယ်။

ဖော်မလင်နဲ့ပတ်သက်ပြီး ကာကွယ်နိုင်မယ့် နည်းလမ်းတွေကို  အထွေထွေရောဂါကုဆရာဝန်ကြီး ဒေါက်တာစည်သူက “ဖော်မလင်ပါနိုင်တယ်လို့ယူဆတဲ့ အစားအသောက်တွေ စားသုံးခြင်းကို ရှောင်ကြဉ်သင့်ပါတယ်။ ဖော်မယ်ဒီဟိုက်က ရေမှာပျော်ဝင်ပြီး အပူပေးရင် အငွေ့ပြန် ပျောက်ကွယ်နိုင်တာကြောင့် အသီးတွေကို မစားခင် တစ်နာရီလောက် ရေစိမ်ထားသင့်ပါတယ်။ အသီးအရွက်တွေကို မချက်ပြုတ်ခင် ဆားရေနဲ့ ၁၀ မိနစ်လောက် စိမ်ပြီးမှချက်ပါ။ အသား၊ ငါးနဲ့ ပင်လယ်စာတွေဆိုရင်တော့ ဆားရည်ထဲမှာ စိမ်ပြီးထားရင် ဖော်မလင်ကို ရာနှုန်းပြည့်နီးပါး ဖယ်ရှားနိုင်ပါတယ်” လို့ ဆိုပါတယ်။

 

FDA က တိုင်းအဆင့်စီမံချက်နဲ့ ဆောင်ရွက်ခဲ့တဲ့ ဖော်မလင်တိုက်ဖျက်ရေး

၂၀၁၆ ခုနှစ်က ရန်ကုန်တိုင်းဒေသကြီး မြို့နယ်သုံးမြို့နယ်က ဈေးသုံးဈေးမှာ ရောင်းချတဲ့ ပဲပြားနဲ့ မုန့်ဖတ်တွေမှာ ဖော်မလင်တွေ ပါနေတယ်လို့ စစ်ဆေးတွေ့ရှိခဲ့တယ်။ စစ်ဆေးတွေ့ရှိခဲ့တဲ့ ဈေးတွေက သန်လျင်မြို့မဈေး၊ တာမွေမေတ္တာညွန့်ဈေးနဲ့ အင်းစိန်မြို့သစ်ဈေးတို့မှာ စစ်ဆေးတွေ့ရှိခဲ့တာဖြစ်တယ်လို့ အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးဌာနက ထုတ်ပြန်ကြေညာခဲ့ပြီးနောက် ဖော်မလင်စစ်ဆေးရေး အစီအစဉ်တွေကို စတင်ခဲ့ပါတယ်။

အဲဒီအချိန်က ဖော်မလင်ပါဝင်တယ်လို့ စစ်ဆေးတွေ့ရှိခဲ့တဲ့ ပဲပြား၊ မုန့်ဖတ်ထုတ်လုပ်ရောင်းချတဲ့ လုပ်ငန်းရှင်တွေကို ခေါ်ယူတွေ့ဆုံပြီး အရေးယူမှုတွေ လုပ်ဆောင်ခဲ့သလို ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာရှိတဲ့ ဈေးတွေအားလုံးမှာ တိုင်းအဆင့်စီမံချက် နဲ့ ဖော်မလင်စစ်ဆေး အရေးယူမှုတွေကို ဆက်တိုက်လုပ်ဆောင်ခဲ့ပါတယ်။

“ဖော်မလင်က အစားအသောက်မှာ သုံးခွင့်ကိုမရှိတဲ့ ပစ္စည်းဖြစ်တယ်။ သုံးခွင့်ရှိတဲ့ တာရှည်ခံပစ္စည်းတွေက ကမ္ဘာ့ကျန်းမာရေးအဖွဲ့နဲ့ ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့တို့ ပူးပေါင်းဖွဲ့စည်းထားတဲ့ အစားအသောက် ကော်မရှင်က စိစစ်ချက်၊ သုတေသနပြုချက်နဲ့ သုံးစွဲရမယ့် ပမာဏ၊ သုံးစွဲရမယ့်အမျိုးအစား၊ သုံးစွဲရမယ့် အစားအသောက်တွေကို သတ်မှတ်ထားတာမျိုးဆိုရင် သုံးခွင့်ရှိပါတယ်။ ဥပမာ- အသားချောင်း၊ အသားခြောက်လုပ်တဲ့နေရာမှာ အသုံးပြုတဲ့ယမ်းစိမ်းကဲ့သို့သော အစားအသောက် တာရှည်ခံပစ္စည်းတွေဆို အသုံးပြုတဲ့ပမာဏနဲ့ သုံးစွဲရမယ့် အစားအသောက်ကို သတ်မှတ်ပေးထားတယ်။ ဒီလို သတ်မှတ်ပေးထားခြင်းမရှိတဲ့ ပစ္စည်းတွေကို အစားအသောက်မှာ သုံးစွဲခွင့် မရှိဘူး” လို့ မြန်မာနိုင်ငံ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ မြန်မာနိုင်ငံအစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနစတဲ့ ဌာနဆိုင်ရာတွေ ပူးပေါင်းပြီး အစားအသောက်တွေမှာ ဖော်မလင်ကင်းစင်ရေးအတွက် ထုတ်လုပ်ရောင်းချသူတွေကို ခေါ်ယူ အသိပညာပေးမှုတွေ ပြုလုပ်ခဲ့သလို ဖော်မလင်အစားထိုး ခွင့်ပြုဓာတုပစ္စည်းတွေနဲ့ အစားထိုးအသုံးပြုနိုင်တဲ့ နည်းစနစ်တွေကိုလည်း အစားအသောက်နှင့် ဆေးဝါးကွပ်ကဲ ရေးဦးစီးဌာန၊ မြို့တော်စည်ပင်သာယာရေး ကော်မတီ၊ အစာအာဟာရဆိုင်ရာသိပ္ပံနှင့် နည်းပညာအသင်းတို့ ပူးပေါင်းပြီး ထုတ်လုပ်ရောင်းချတဲ့ လုပ်ငန်းရှင်တွေကို သင်တန်းတွေ ပေးခဲ့ပါတယ်။

အစားအသောက်သုံးခွင့်မပြု ဓာတုပစ္စည်းတွေဖြစ်တဲ့ Boric Acid (Borax) ၊ Sodium Hydrosulphite ၊ Salicylic Acid ၊ Formalin တွေကို အစားအသောက်တွေမှာ အသုံးပြုတာကို တရားဝင်တားမြစ်ထားပေမယ့် ထည့်သွင်းအသုံးပြုမှုတွေကတော့ ရှိနေဆဲပါပဲ။ အစားအသောက်တွေမှာ ထည့်သွင်းအသုံးပြုခွင့်မပြုတဲ့ ဓာတုပစ္စည်းတွေရှိသလို အသုံးပြုလို့ရတဲ့ ဓာတုပစ္စည်းတွေလည်း ရှိပါတယ်။  ဒါတွေက Benzoic Acid ၊ Benzoyl Peroxide ၊ Sorbic Acid ကို ဖော်မလင် အစားအစားအစာတွေမှာ ခွင့်ပြုပမာဏနဲ့ ထည့်သွင်းအသုံးပြုနိုင်တယ်လို့ FDA အစားအသောက်ဌာနခွဲက သိရပါတယ်။

ပဲပြားနဲ့ မုန့်ဖတ်တွေမှာ ဖော်မလင်သုံးစွဲမှုမရှိစေရေး တိုင်းဒေသကြီးအဆင့် စီမံချက် လုပ်ဆောင်ပြီးနောက်မှာတော့ အဲဒီစားသောက်ကုန်တွေမှာ ဖော်မလင်ပါဝင်နှုန်းက သိသိသာသာ ကျဆင်းခဲ့ပါတယ်။ ဈေးတွေကို ရှောင်တခင် စစ်ဆေးတိုင်း မတွေ့သလောက်ဖြစ်သွားခဲ့ပေမယ့်  ထိုစဉ်က အမဲသွေးရောင်းတဲ့ လက်လီဆိုင်တွေကို စစ်ဆေးလိုက်တိုင်း ဖော်မလင်ထည့်တာကို တွေ့နေရဆဲပါပဲ။ ဒါကြောင့် ဈေးကြီးတွေမှာရှိတဲ့ ပဲသွေး၊ ပဲပြားလက်ကားဆိုင်တွေကို FDA က  ရွေ့လျားဓာတ်ခွဲယာဉ်တွေနဲ့ ရှောင်တခင်စစ်ဆေးခဲ့ပြီး ဖော်မလင်ပါတဲ့ ပဲသွေးနမူနာ ထောင်ချီကို သိမ်းဆည်းဖျက်ဆီး အရေးယူတာတွေလည်း FDA ကလုပ်ဆောင်ခဲ့ပါတယ်။

၂၀၁၈ ခုနှစ် နှစ်ဆန်းပိုင်းက ပဲပြား၊ မုန့်ဖတ်တွေ တာရှည်ခံစေရေးအတွက် အသုံးပြုနိုင်တဲ့ ဖော်မလင်အစားထိုး ဖော်မြူလာတွေကို FDA က စမ်းသပ်ဖော်ထုတ်ခဲ့ပြီး ထုတ်လုပ်သူလုပ်ငန်းရှင်တွေကို မျှဝေခဲ့ပါတယ်။ FDA အနေနဲ့ အသုံးပြုနိုင်မယ့် ဖော်မြူလာတွေကို ၁၂ မျိုးအထိဖော်စပ်ပြီး ထိုအထဲကမှ ဘေးအန္တရာယ်အကင်းဆုံး ဖော်မြူလာသုံးမျိုးကို ဖြန့်ဝေခဲ့တာ ဖြစ်ပါတယ်။ ဒီဖော်မြူလာသုံးမျိုးကတော့ ပိုတက်ဆီယမ် ဆောဘိတ်နဲ့ ပြုလုပ်တဲ့ဖော်မြူလာတစ်ခု၊  ဆိုဒီယမ်ဘန်ဇိုအိတ်နဲ့ ပိုတက်ဆီယမ်ဆော် ဘိတ်ပါဝင်တဲ့ ဖော်မြူလာတစ်ခုနဲ့ ဆိုဒီယမ်ဘန်ဇိုအိတ်ပါဝင်တဲ့ ဖော်မြူလာတွေဖြစ်တယ်လို့ သိရပါတယ်။ အဲဒီဖော်မြူလာတွေက တာရှည်ခံတဲ့နေရာမှာလည်း ဖော်မလင် အသုံးပြုမှုနဲ့ တူညီတဲ့အတွက် အသုံးပြုဖို့ သင့်တော်တယ်လို့ FDA က ဆိုပါတယ်။

“ဖော်မလင်နဲ့ပတ်သက်လို့ စစ်ဆေးမှုတွေကို ၂၀၁၆၊ ၂၀၁၇ မှာ ဆက်တိုက်လုပ်ခဲ့တဲ့အတွက် အခုဒီနှစ်မှာဆို နမူနာ ၁၀ ခုယူ စစ်ရင် ၁၀ ခုစလုံးက လုံးဝဖော်မလင် မရှိတော့ဘူး။ ထုတ်လုပ်သူလုပ်ငန်းရှင်တွေကို ဖော်မလင်အစား သုံးလို့ရမယ့် ဖော်မြူလာ နည်းလမ်းတွေကိုလည်း ပြောပြပေးထားတဲ့အတွက် ဖော်မလင်ကို မသုံးကြတော့တာပေါ့။ အဲဒီနောက်ပိုင်း ပဲပြား၊ မုန့်ဖတ်၊ အမဲသွေးတွေမှာ ဖော်မလင်တွေ့တာ သုညရာခိုင်နှုန်း ဖြစ်သွားတယ်။ မပါတာတော့ ၁၀၀ ရာခိုင်နှုန်းနီးပါးပဲ။ တစ်လကို ပုံမှန် ဈေးလေးဈေးကနေ ရှစ်ဈေးလောက်စစ်တဲ့အခါ လုံးဝကိုမတွေ့တော့ပါဘူး။ ဒါက ရန်ကုန်တိုင်း အနေနဲ့ပြောတာပါ” လို့ မြန်မာနိုင်ငံအစား အသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ ရန်ကုန်ရုံးခွဲမှ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာမင်းဝံက ဖော်မလင်စစ်ဆေးမှု အတွေ့အကြုံတွေကို ပြန်လည်ပြောပြပါတယ်။

ပြည်ပနိုင်ငံတွေမှာ Noodle Fish ဆိုတဲ့ ငါးကို ဖော်မလင် အသုံးပြုထားတတ်ပါတယ်။ အလားတူ ပဲပုပ်၊ ပဲကြာဆံစတဲ့ အစားအစာတွေမှာလည်း ဖော်မလင်ထည့်တာမျိုးတွေရှိပြီး ကြက်ခြေထောက်တွေမှာလည်း ဖော်မလင်သုံးတယ်လို့ သိရပါတယ်။ ဖော်မလင်ဟာရေမှာအလွယ်တကူ  ပျော်ဝင်တဲ့အတွက် အစာကို ရေနဲ့ ဆေးလိုက်ရင် ဖော်မလင်တော်တော်များများဟာ ရေထဲပါသွားနိုင်ပါတယ်။

ဖော်မလင်ကို အစားအသောက်တွေထဲ လုံးဝမထည့်ဖို့ အစားအသောက်ရောင်းချတဲ့ သူတွေကို အသိပေးထားပေမယ့် အချို့ကတော့ တွင်တွင်ကျယ်ကျယ် သုံးစွဲနေဆဲဖြစ်တဲ့အတွက် နိုင်ငံတကာမှာလည်း ရှောင် တခင်စစ်ဆေးမှုတွေကို လုပ်ဆောင်ကြတယ်လို့ သိရပါတယ်။

အမျိုးသားအစားအသောက်ဥပဒေမှာ စားသုံးသူကို အဆိပ်သင့်စေနိုင်သော၊ ဘေးဥပဒ် အန္တရာယ်ဖြစ်စေနိုင်သော သို့မဟုတ် ကျန်းမာရေးကို ထိခိုက်စေနိုင်သော အစားအသောက်များ၊ အစားအသောက်၏ သဘာဝ၊ ဒြပ်ဝတ္ထု သို့မဟုတ် အရည်အသွေးကိုထိခိုက်စေပြီး ဘေးဥပဒ်အန္တရာယ်ဖြစ်စေရန် အရာဝတ္ထုတစ်ခုလုံးကိုဖြစ်စေ၊ တစ်စိတ်တစ်ပိုင်းကိုဖြစ်စေ အစားထိုးထားသော သို့မဟုတ် ရောစပ်ထားသော အစားအသောက်၊ အစားအသောက် ထပ်ဖြည့်ပစ္စည်းကို သတ်မှတ်ချက်ထက် ပိုမိုအသုံးပြုထားသော အစားအသောက်၊ သက်ဆိုင်ရာက သတ်မှတ်ထားသည့် စိုက်ပျိုးရေးဆိုင်ရာ ဓာတ်ပစ္စည်းအများဆုံး ပါနိုင်ခွင့်ရှိသော ပမာဏထက် ပိုမိုပါရှိသော အစားအသောက်၊ သက်ဆိုင်ရာက တားမြစ်ထားသည့် ပစ္စည်းဖြစ်စေ၊ ခွင့်မပြုသည့် ပစ္စည်းဖြစ်စေ ပါရှိသော အစားအသောက်၊ ပုပ်သိုးသော၊ ပျက်စီးသော သို့မဟုတ် လူတို့စားသုံးရန် မသင့်လျော်သော ပစ္စည်းပါရှိသည့် အစားအသောက်၊ စံမညီအစားအသောက်၊ အစားအသောက်တွင် မပါဝင်သည့် ဂုဏ်သတ္တိကို အမှတ်တံဆိပ်ပေါ်တွင် လွဲမှားဖော်ပြထားသော အစားအသောက်၊ လိုင်စင်ထုတ်ပေးပိုင်ခွင့်ရှိသော သက်ဆိုင်ရာအစိုးရဌာန သို့မဟုတ် အဖွဲ့အစည်းက သတ်မှတ်သည့် ဖော်ပြရမည့် အချက်အလက်များမပါရှိသော အစားအသောက်များကို ထုတ်လုပ်ခြင်း၊ ပြည်တွင်းသို့ တင်သွင်းခြင်း၊ ပြည်ပသို့တင်ပို့ခြင်း၊ သိုလှောင်ခြင်း၊ ဖြန့်ဖြူးခြင်း သို့မဟုတ် ရောင်းချခြင်းမပြုရန် တားမြစ်ထားပြီး ဥပဒေအရ အစားအသောက်နဲ့ သက်ဆိုင်တဲ့ပြစ်မှုဖြစ်လျှင် ထိုသူကို ထောင်ဒဏ်သုံးနှစ်အထိ ချမှတ်နိုင်တယ်လို့ ဥပဒေမှာ ပြဋ္ဌာန်းထားပါတယ်။

 

August 26, 2018














Copy Protected by Chetan's WP-Copyprotect.