အချင်းချင်း ဒုက္ခမဖြစ်စေချင်တာ မေတ္တာ

အချင်းချင်း ဒုက္ခမဖြစ်စေချင်တာ မေတ္တာ
Published 25 August 2018

လပြည့်နေ့အခါသမယတွင် ရွှေတိဂုံစေတီတော်သို့ ဘုရားဖူးလာရောက်ကြသူများအား တွေ့ရစဉ် (ဓာတ်ပုံ-ကြည်နိုင်)

ဝါခေါင်လပြည့်နေ့ကို ‘မေတ္တာအခါတော် နေ့’ ဟု ဆိုကြ၏။ ဘုရားမြတ်စွာ မေတ္တသုတ်ကို ဟောကြားတော်မူသော နေ့ဖြစ်သောကြောင့် ဟူ၏။

မေတ္တာသည် လူမျိုးတိုင်းနှင့် မစိမ်းသော၊ နားရည်ဝနေသော အသုံးအနှုန်းဖြစ်၏။ ဘုရားမြတ်စွာသည် မေတ္တာကို ဒေသနာတော်ပေါင်းများစွာ တန်ဆာဆင်ဟောကြားတော်မူခဲ့ပါသည်။ မြန်မာတို့သည် မေတ္တာဟူသော ပါဠိကိုပင် တိုက်ရိုက်ပြောဆိုသုံးနှုန်းနေကြ၍ မြန်မာဝေါဟာရသဖွယ် တွင်ကျယ်လျက်ရှိ ၏။

မိဘတို့သည် သားသမီးတို့ကို ချစ်ကြ၏။ ထို့ကြောင့် သားသမီးတို့ကို ဒုက္ခမရောက်စေချင်၊ ကြီးပွားစေချင်ကြ၏။

မေတ္တာသည် အများသတ္တဝါတိုင်းကို ချစ်တတ်သောသဘောဖြစ်၍ အများသတ္တဝါကို ဒုက္ခမရောက်စေချင်၊ ကြီးပွားတိုးတက်စေချင်၏။ ထို့ကြောင့် “သုခိတာ ဟောထ- အများသတ္တဝါ ချမ်းသာကြပါစေ။ ဒုက္ခာ မုဉ္စထ-ဆင်းရဲအပေါင်းမှလည်း လွတ်မြောက်နိုင်ကြပါစေ” ဟု မေတ္တာပို့ခြင်း ဖြစ်ပါသည်။

မေတ္တသုတ်တွင် မေတ္တာပို့ရမည့်၊ မေတ္တာပွားရမည့်၊ မေတ္တာထားကြရမည့်သူတို့ကို ‘သဗ္ဗသတ္တာ၊ သဗ္ဗလောကသ္မိံ ’ဟု မိန့်ဆိုတော်မူသောကြောင့် မည်သည့်ပုဂ္ဂိုလ်၊ မည့်သည့် သတ္တဝါ၊ မည်သည့်လူမျိုး၊ မည်သည့်ဘာသာဝင်၊ မည်သည့်နိုင်ငံသား၊ မည်သည့်အသား အရောင်စသဖြင့် မခွဲခြားဘဲ သတ္တဝါအားလုံး၊ လောကသားအားလုံးကို မေတ္တာပို့ကြရမှာ၊ မေတ္တာပွားကြရမှာ၊ မေတ္တာထားကြရမှာ ဖြစ်ပါသည်။

သတ္တဝါအားလုံး၊ လောကသားအားလုံးကို စိတ်ညွှတ်လျက် ‘သုခိနော-ကိုယ်ချမ်းသာကြပါစေ။ ခေမိနော-ဘေးရန်ခပ်သိမ်း အေးငြိမ်းပြီး စိတ်ချမ်းသာကြပါစေ၊သုခိတတ္တာ-နှလုံးစိတ်ဝမ်းရွှင်လန်းကြပါစေ’ ဟု ပို့မေတ္တာ ကိုလည်းကောင်း၊ လူအချင်းချင်း မလှည့်စားခြင်း၊ လူအချင်းချင်း အထင်မသေးခြင်း၊ ဘယ်အရပ်ဒေသရှိ မည်သည့်ပုဂ္ဂိုလ်ကိုမဆို မိမိ၏အပြု၊ အပြောတို့ဖြင့် ချုပ်ချယ်စော်ကား နှိပ်ကွပ်မှုကို မပြု၊ မပြောခြင်း၊ ဒေါသဖြင့် ထိပါးပုတ်ခတ် နှိပ်စက် ရက်စက်ခြင်းကို မပြုခြင်း၊ အချင်းချင်း ဒုက္ခမရောက်စေလိုခြင်း၊ ဒုက္ခမပေးလိုခြင်း ထားမေတ္တာကိုလည်းကောင်း မိခင်သည် မိမိဝမ်းနှင့် လွယ်မွေးခဲ့ရသောသားကို မိမိအသက်ကိုပင်စွန့်လျက် သားထံကျရောက်မည့် ဒုက္ခကို ဖယ်ရှားပေးသကဲ့သို့ သတ္တဝါအားလုံးတို့အပေါ်၌ မေတ္တာနှင့်ယှဉ်သောစိတ်ကို ထပ်ခါတလဲလဲပွားရမည့် ပွားမေတ္တာကိုလည်းကောင်း မေတ္တသုတ်တွင် ပြဆိုပါသည်။

ထိုသို့ မေတ္တာပို့၊ မေတ္တာပွား၊ မေတ္တာထားရာတွင် သတ္တဝါ အကန့်အသတ်မဲ့၊ နေရာဒေသအကန့်အသတ်မဲ့ ချစ်သူမုန်းသူ မခွဲခြား တစ်သားထည်း ပို့ရ၊ ပွားရ၊ ထားကြရပါမည်။ မေတ္တာသည် အနှိုင်းမဲ့ နယ်စည်းမခြားသော တရားဖြစ်၏။

လောကသားတို့ သူရောကိုယ်ပါ မေတ္တာဖြင့် နေထိုင်ကြခြင်းကြောင့် လူရောနတ်ပါ ချစ်ခင်မြတ်နိုးပြီး စိတ်ချလုံခြုံသော၊ အေးချမ်းသော ဘဝတို့ကိုရကြမှာ ဖြစ်ပါသည်။

မေတ္တာသည် သွားရပ်ထိုင်လျောင်း လေးပါးဣရိယာဖြင့် လူသားတို့ သန္တာန်အမြဲရှိနေရမည့်တရား ဖြစ်ပါသည်။ ထိုသို့ ‘မေတ္တာဖြင့် နေထိုင်ကြခြင်းကို မြင့်မြတ်သူတို့နေခြင်း’ ဟု ဗုဒ္ဓက ချီးမွမ်းတော်မူပါသည်။

မိမိနိုင်ငံတွင် ထူပြောနေသော ရာဇဝတ်မှုများ၊ အဂတိလိုက်စားမှုများ၊ အမုန်းစကား ဖြန့်ချိနေသော ဖေ့စ်ဘွတ်ပေါ်မှ အရေးအသားများ၊ တရားမဲ့စွာ ပြုမူခြင်းများ၊ စစ်၏အနိဋ္ဌာရုံများစသည်တို့ကို ထောက်ရှု၍ မေတ္တာသည် အပြောလွယ်သလောက် သတ္တဝါတိုင်းအပေါ် ထားဖို့ကားမလွယ်ကူလှသည်ကို သိရ၏။

‘နိုင်ငံနှင့် လူမျိုးအပေါ် အလွန်ချစ်ပါတယ်၊ မေတ္တာထားပါတယ်’ ဟု ပြောဆိုကြသူများပင် နိုင်ငံနှင့်လူမျိုးကို ဒုက္ခပေးခဲ့ကြရုံမျှမက လက်နက်မဲ့ တိုင်းသားပြည်သူတွေကို ပစ်သတ်၊ ညှဉ်းဆဲနှိပ်စက်ခဲ့ကြသည်တို့ကို မြန်မာ့သမိုင်း၊ ကမ္ဘာ့သမိုင်းမှာရှိခဲ့၏။ မေတ္တာပျက်ယွင်းသူတို့၏ လုပ်ရပ်တို့ကြောင့် တိုင်းသူပြည်သူတို့ အတိဒုက္ခရောက်ခဲ့ကြရ၊ စိတ်နှလုံး ညှိုးနွမ်းခဲ့ကြရ၊ ကိုယ်ဆင်းရဲ စိတ်ဆင်းရဲဖြစ်ခဲ့ကြရ၊ ဥစ္စာဓနတွေ ဆုံးရှုံးခဲ့ကြရ၊ အသက်ခန္ခာတွေ ပေးဆပ်ခဲ့ကြ၏။ အဓိကအကြောင်းရင်းကား မေတ္တာမထားနိုင်သူ၊ မေတ္တာပျက်ယွင်းခဲ့သူတို့ကြောင့်သာ ဖြစ်ပါသည်။

နန်းရပ်ထီးဖြူ လုယူမည့်သူ၊ ကိုယ်ကျိုးစီးပွားကို နှောင့်ယှက်မည့်သူ၊ ကိုယ့်ထက်သာသွားသူ၊ ကိုယ့်ထက်လူချစ် လူခင်ပေါများသူ၊ ထင်ပေါ်ကျော်ကြားသူ စသည်ကို ကိုယ့်အတ္တနှင့်ယှဉ်တွေးပြီး စိတ်သဘောထား မကြီးနိုင်ကြသဖြင့် မေတ္တာထားရန် ခဲယဉ်းနေကြခြင်း ဖြစ်ပါသည်။

“ကောင်းကွက်ကိုရှာ မေတ္တာ” ဟူသည် နှင့်အညီ အခြားသူများ၏ကောင်းကွက်ကိုသာ ရှာဖွေကြည့်ရှုလျက် မေတ္တာစိတ်ကို တိမ်းညွှတ်စေပြီး ကိုယ့်သန္တာန်မှာ မေတ္တာကိန်းတောင်၊ ရှင်သန်အောင် စိုက်ပျိုးကြရမှာ ဖြစ်ပါသည်။

ကိုယ့်ကျိုးကိုယ့်စီးပွားသာ ကြည့်နေသေးသမျှ ကိုယ့်သန္တာန်သို့ မေတ္တာရောက်လာနိုင်ဦးမည်မဟုတ်၊ မေတ္တာနှင့် ဝေးနေဦးမှာ။

ဒီ့အတွက် ကိုယ်တိုင် ငြိမ်းချမ်းခြင်းကို မခံစားရဘဲ ပူလောင်နေသည်ကို သတိပြုစေချင်ပါသည်။

မေတ္တာသည် မျိုးမတူ ဇာတ်ခြားသတ္တဝါအများကို ပေါင်းစည်းပေးသော ညီညွတ်ရေးတရား၊ ငြိမ်းချမ်းရေးတရားဖြစ်၍ မေတ္တာထားသူအချင်းချင်း ကိုယ်လည်းဝမ်းသာသူလည်း ရွှင်ပြုံး နှလုံးစိတ်ဝမ်းကို အမှန်ငြိမ်းအေးစေနိုင်ပါသည်။ လူသားတို့၏ ပူပင်သောကတို့ကို ငြိမ်းအေးစေသည်မှာ လူသားအချင်းချင်း မေတ္တာထားနိုင်ကြပါမှဖြစ်မည်။

“မေတ္တာနှလုံး ကိုယ်စီသုံး ရွှင်ပြုံးနိုင်ကြစေ” ဆိုသည်နှင့်အညီ နှလုံးစိတ်ဝမ်းငြိမ်းချမ်းကြစေဖို့၊ စိတ်ချလက်ချ  အပူအပင်ကင်းဝေးဖို့ဆိုလျှင် အလိုအပ်ဆုံးအရာကား အချင်းချင်း မေတ္တာထားခြင်းမှတစ်ပါး အခြားတရား မရှိပါ။ ငြိမ်းချမ်းဖို့၊ အတူယှဉ်တွဲနေထိုင်ကြဖို့ဆိုလျှင် သူရောကိုယ်ပါ အချင်းချင်း မေတ္တာထားနိုင်ကြပါမှ ဖြစ်မည်။ မေတ္တာ၏ အခြေခံပရိကမ်တို့တွင် ဥဇု+သူဟုဇု-စဉ်းလဲခြင်းကင်း ဖြောင့်မတ်ခြင်းရှိကြမည်ကို အစပျိုးပြီး ယုတ်မာမှုကို ကိုယ်ရောနှုတ်နှင့်ပါ မပြု,မပြောရ-ဟု အဆုံးသတ်အခိုင်အမာ မိန့်ဆိုထားပါသည်။

ကြီးကျယ်မြင့်မြတ်သူများကဲ့သို့ အနန္တစကြဝဠာ အနန္တသတ္တဝါများအပေါ် မေတ္တာမထားနိုင်သော် ကိုယ့်နိုင်ငံ၊ ကိုယ့်လူမျိုး၊ ကိုယ့်ဝန်းကျင်ရှိ အခြားသူများ၏ ကောင်းကျိုးကို မေတ္တာထားပြီး ဆောင်ရွက်နိုင်လျှင်ပင် အလွန်ကျေးဇူးများလှပါပြီ။ လူသားအကျိုးကို ကိုယ်နိုင်ရာဖြင့် ကာယကံမြောက် ဆောင်ရွက်ပေးနိုင်ကြရပါမည်။

မဟာကပိဇာတ်

အားလုံးသိကြသည့် ဘုရားအလောင်းမျောက်ဖြစ်စဉ်က ဇာတ်တော်ပါ။ နွယ်ကြိုးခါးချည်လျက် သရက်ပင်၏အကိုင်းကို အားပြုကိုင်ထားသည့် ပန်းချီပုံကိုငယ်စဉ်က ဖတ်စာအုပ်မှာ တွေ့ခဲ့ဖူးကြပေမည်။ ဘုရားအလောင်းသည် တစ်ဘဝ၌ မျောက်မျိုးတွင် ဖြစ်ခဲ့ဖူး၏။ ကံအရှိန်အားကောင်းသောကြောင့် တိရစ္ဆာန်ပင်ဖြစ်ဦးတော့ ခေါင်းဆောင်ဖြစ်ရ၏။

ဂင်္ဂါမြစ်၏ အထက်ကမ်းတွင် အခက်အရွက်တို့ဖြင့် အုံ့မှိုင်းလျက် သရက်ပင်ကြီးတစ်ပင်ရှိ၏။ ထိုသရက်ပင်၏အသီးသည် အလွန်အရသာရှိလှ၍ ဘုရားအလောင်းမျောက်နှင့် မျောက်အုပ်ကြီးက လာရောက်စားသောက် လေ့ရှိကြ၏။

ဘုရားအလောင်းသည် သရက်သီးတို့သည် မြေပေါ်၌လည်းကောင်း၊ သရက်ပင်အရင်း၌လည်းကောင်း၊ ဂင်္ဂါမြစ်၌လည်းကောင်း ကြွကျသည်ကိုတွေ့မြင်၍ “ဂင်္ဂါမြစ်ထဲသို့  ကြွေကျတဲ့သရက်သီးတို့ကို အကြောင်းပြုပြီး မိမိမျောက်အုပ်ဘေး သင့်နိုင်သည်” ကို စဉ်းစားမိ၍ ဂင်္ဂါမြစ်ပေါ် ကိုင်းညွတ်နေသော အကိုင်းမှ သရက်သီးတို့ကို ဖူးချိန်နုချိန်မှစ၍ ဖျက်ဆီးစေခြင်းဖြင့် လုံးဝအသီးမသီးအောင် ဆောင်ရွက်စေ၏။

သရက်ပင်သည် မစိုက်ပျိုးရဘဲ သူ့အလိုလိုပေါက်၊ သူ့အလိုလိုသီး၍ သယံဇာတဖြစ်၏။ ယနေ့ ပြောဆိုနေကြသည့် သယံဇာတ ကျိန်စာသည် တစ်ချိန်၌ မျောက်များထံသို့ ဆိုက်ဆိုက်မြိုက်မြိုက် ရောက်လာခဲ့၏။

ခါချဉ်ထုပ်အတွင်း သီးနေသည့်သရက်သီးကို မျောက်တို့မမြင်မိ၍ မှည့်ချိန်တွင် ကြွေကျပြီး ဂင်္ဂါမြစ်အောက်ပိုင်း မျောပါသွား၍ ရေကစားနေသော ရှင်ဘုရင်၏ပိုက်၌ ငြိတော့၏။ သရက်သီးအရသာကို စွဲမက်လှ၍ မင်းနှင့်အတူ မင်းပရိသတ်တို့ သရက်ပင်ကိုသိမ်းပိုက်ရန် ဂင်္ဂါမြစ်အထက်သို့ ဆန်တက်ပြီး သရက်ပင်ရင်း၌ စခန်းချစားသောက်လျက် သရက်ပင်ကို သိမ်းပိုက်ကြပါသည်။

လူတို့အိပ်ချိန် သန်းခေါင်ယံ၌အခါ တိုင်းလိုထင်ကာ မျောက်အုပ်ကြီး သရက်ပင်သို့ ရောက်လာကြပြီး သရက်သီးစားကြ၏။ ထိုအခါ မင်း၏စစ်သည်တော်တို့က “မနက် ဖြန်မိုးလင်းရင် သရက်သီးချိုချိုနဲ့ မျောက်သားဟင်း စားကြရတော့မယ်” ဟု တွေးလျက် ပစ်သတ်ရန် အရန်သင့်လေးမြားတို့ဖြင့် ချိန်လျက် မျောက်များမပြေးနိုင်အောင် ဝိုင်းထားလိုက်ကြ၏။ ယနေ့ခေတ် သယံဇာတကို ဘယ်သူပိုင်၊ ဘယ်ဝါပိုင်ဆိုကာ အပိုင်စီးသည့် သဘောမျိုးနှယ်ပါ။

နောက်လိုက်မျောက်တို့ ကြောက်ရွံ့ပြီး ဆောက်တည်ရာမရ ဖြစ်နေကြ၍ ဘုရားအလောင်း မျောက်ခေါင်းဆောင်က ဂင်္ဂါမြစ်တစ် ဖက်ကမ်းသို့ နွယ်ကြိုးဖြင့် အသက်စွန့်ကယ်ထုတ်ခြင်းဖြစ်သည်ကို သိပြီးကြပြီးဖြစ်၏။ ဆန့်ကျင်ဖက် မျောက်တစ်ကောင်က ကောက်ကျစ်စွာဖြင့် ခုန်ချလို့ နှလုံးပြုတ်မတတ်ခံရသတဲ့။ အားလုံးဒုက္ခရောက်နေချိန်မှာ ဒုက္ခထပ်ပေးသူကတော့ နယ်ပယ်တိုင်းမှာ ရှိနေတတ်၏။

ထိုအခြင်းအရာကိုမြင်ပြီး တွဲလောင်းဖြစ်နေသော မျောက်ခေါင်းဆောင်ကို ရှင်ဘုရင်က ဖြုတ်ချဆေးကုသပေးပါသည်။ မိမိအသက်စွန့်ပြီး ထိုသို့ ဘာကြောင့်ဆောင်ရွက်ရပါသနည်းဟု မေးသော်...

“မိမိသည် ခေါင်းဆောင်ဖြစ်၍ နောက်လိုက်တို့ကို သောကကင်းစေဖို့၊ ဘေးကင်းစေဖို့ ဆောင်ရွက်ပေးရခြင်းမှာ မိမိတာဝန် ဖြစ်ပါတယ်။ အရှင်မင်းကြီးလည်း မိမိကို သာဓကပြုပြီး တိုင်းသားပြည်သူတို့ကို ကြံညှစ်သလိုမျိုး မညှဉ်းဆဲပါနဲ့၊ အဂတိတရား လေးပါးမလိုက်စားဘဲ၊ သင်္ဂဟဝတ္ထုလေးပါး၊ မင်းကျင့်တရား ၁၀ ပါး၌တည်ပြီး မိမိအသက်ပင် စွန့်ရစေဦးတော့ တိုင်းသားပြည်သူတို့ ဘေးကင်းလုံခြုံစွာနဲ့ နွေရာသီမှာ အိမ်တံခါးတွေဖွင့် သားငယ် သမီးငယ်တို့ကို ရင်ခွင်မှာထား ကခုန်သီဆို လေနုအေးဖြင့် အေးမြစေလျက် ကိုယ့်စီးပွားနဲ့ ကိုယ်စိတ်အေးချမ်းစွာ သုံးဆောင်ခံစားပြီး နှလုံးစိတ်ဝမ်းငြိမ်းချမ်းအောင် မေတ္တာဖြင့် အုပ်ချုပ်ပါ” ဟု ပြောဆိုပြီး ကွယ်လွန်သွားပါသည်။

အချင်းချင်း ဒုက္ခမပေးဘဲ၊ ချမ်းသာစေချင်တာ မေတ္တာဆိုတာကို မေတ္တာအခါတော်နေ့မှာ သိစေချင်တာပါ။

Most Read

Most Recent